မော်လူးတွင် တတိယအကြိမ် တန်ဖိုးနည်း GSM ဆင်းကတ်များ မဲစနစ်ဖြင့် ရောင်းချပေး
မော်လူး ၊ အောက်တိုဘာ ၁
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မော်လူးတွင် တတိယအကြိမ်အဖြစ် တန်ဖိုးနည်း GSM ဆင်းမ်ကတ်များကို မဲစနစ်ဖြင့် ပြည်သူများအား ရောင်းချပေးခြင်းကို အောက်တိုဘာ ၁ ရက် နံနက် ၉ နာရီအချိန်က မော်လူး ၊ ဒဏ္ခိဏာရာမ ဘုရားကြီးကျောင်းတိုက် ဓမ္မရုံတွင် ပွင့်လင်းမြင်သာမှုရှိစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ယခု တတိယအကြိမ်အဖြစ် တန်ဖိုးနည်း GSM ဖုန်း ဆင်းမ်းကတ် ၂၀၀ ကို မော်လူးဒေသမှ ခွဲတမ်းအဖြစ်ရရှိခဲ့ကြောင်း၊ ၄င်းအနက်မှ ဒေသခံဝန်ထမ်းများအား ၆၅ နှုတ်ယူပြီး၊ ကျန်ရှိသည့် ၁၃၅ ကတ်ကို ဒေသခံပြည်သူများသို့ ရောင်းချပေးခဲ့ခြင်းဖြစ်သည်။ ဒေသခံဝန်ထမ်းများအတွက် ခွဲဝေပေးခဲ့သည့် ဖုန်းဆင်မ်းကတ် ၆၅ ကတ်အနက်မှ ကသာခရိုင်မှ ဝန်ထမ်းများအတွက် ၁၀ ကတ် နှုတ်ယူသွားခဲ့ကြောင်း၊ ယခင် ဒုတိယအကြိမ်ကလည်း မော်လူးဒေသအတွက် ခွဲတမ်းအဖြစ်ရရှိသည့် ဖုန်းဆင်းမ်ကတ် ၃၀၀ အနက်မှ ၁၈ ကတ်ကို ခရိုင်နှင့် မြို့နယ် ဝန်ထမ်းများအတွက် နှုတ်ယူသွားခဲ့သေးကြောင်း သိရသည်။ မဲစနစ်ဖြင့် ရောင်းချပေးသည့် ဖုန်းဆင်မ်းကတ်များကို မဲပေါက်သူများသည် မော်လူးဒေသ အုပ်စုအုပ်ချုပ်ရေးမှူး၊ ဖုန်းကော်မတီ နှင့် မြန်မာ့ဆက်သွယ်ရေး တာဝန်ခံများမှထံမှ ထောက်ခံချက်လက်မှတ်ရယူပြီး အောက်တိုဘာလ ၂ ရက်နေ့တွင် ဖုန်းဆင်းမ်ကတ်များကို တန်ဖိုးငွေ ၁၅၀၀ ကျပ်နှင့် အတူ မော်လူး မြန်မာ့ဆက်သွယ်ရေးရုံးတွင် ထုတ်ယူနိုင်ကြောင်း သတင်းရရှိသည်။
K.M.S
မော်လူး ပညာ့အလင်း ခေတ်မီ စာကြည့်တိုက်ကြီး ပြန်လည်ဖွင့်လှစ်ပြီ
မော်လူး ၊ အောက်တိုဘာ ၁
@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မော်လူးဒေသရှိ ပညာ့အလင်း ခေတ်မီ ကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်ကြီးကို ခရိုင် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဋ္ဌာန၏ လမ်းညွှန်မှုဖြင့် မော်လူးအုပ်စု အုပ်ချုပ်ရေးမှူး ဦးဝင်းစိန်မှ ဦးဆောင်ပြီး အောက်တိုဘာ ၁ ရက်နေ့ ညနေ လေးနာရီ အချိန်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာကြည့်တိုက်ဖွင့်ပွဲ အခမ်းအနားသို့ မော်လူးအုပ်စု အုပ်ချုပ်ရေးမှူး ဦးဝင်းစိန်၊ ဒေသဖွံ့ဖြိုးရေး ကော်မတီဝင်များ၊ စာကြည့်တိုက်မှူးနှင့် ဒေသခံစာပေချစ်မြတ်နိုးသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ ဒေသခံ စာပေချစ်မြတ်နိုးသူများသည် ပညာ့အလင်း ခေတ်မီစာကြည့်တိုက်တွင် ရာသက်ပန် အသင်းဝင်ဖြစ်လိုပါ အသင်းဝင်ကြေး ၁၀၀၀ ကျပ်၊ နှစ်စဉ်ကြေး ၅၀၀ ကျပ် ပေးဆောင်ပြီးလျှင်၊ အခမဲ့ ၅ ရက် စာအုပ်စာစောင်များ ငှားခွင့်ပြုမည်ဖြစ်ကြောင်း၊ ရက်လွန်ခဲ့ပါက ၅၀ ကျပ် ပေးဆောင်ရမည်ဖြစ်ကြောင်း၊ အသင်းဝင်ကတ်များ၊ စားအုပ်ငှားရမ်းခွင့်ကတ်များကို ထုတ်ဝေပေးမည်ဖြစ်ကြောင်း၊ စာကြည့်တိုက်ကြီးတွင် သုတ ရသ အစရှိသည့် စာအုပ်စာစောင် ၄၀၀၀ ခန့်ရှိကြောင်း၊ စာအုပ်စာစောင်များကို လှူဒါန်းလိုသူများလည်း လာရောက်လှူဒါန်းနိုင်ကြောင်း၊ စာကြည့်တိုက်ကြီးကို တနင်္လာနေ့မှ သောကြာနေ့အထိ ညနေ ၄ နာရီမှ ညနေ ၇ နာရီအထိ ဖွင့်လှစ်မည်ဖြစ်ကြောင်း၊ စာပေမြတ်နိုးသူများ စာအုပ်စာပေများကို လာရောက်ဖတ်ရှု့လေ့လာနိုင်သကဲ့သို့ စာအုပ်များကိုလည်း လာရောက်ငှားရမ်းနိုင်ကြောင်းများကို စာကြည့်တိုက်မှူးအဖြစ် တာဝန်ယူထားသည့် ဦးအာကာမြင့်မှ ပြောကြားသည်။
K.M.S