Friday, July 3, 2015

ဝါဆိုသင်္ကန်းဖြစ်ပေါ်လာပုံနှင့် ဆက်ကပ်ခြင်းအကျိုး

ဝါဆိုသင်္ကန်းဖြစ်ပေါ်လာပုံနှင့် ဆက်ကပ်ခြင်းအကျိုး
****************************** ၀ါဆိုသင်္ကန်းကပ်ခြင်းဆိုတဲ့အလှူဒါနသည် ၀ိသာခါကျောင်းအမကြီး ကျေးဇူးကြောင့် ဖြစ်ပေါ်လာခဲ့တာဖြစ်သည်။ ထိုအလှူကို လှူသူတိုင်းက ၀ိသာခါ ကျောင်းအမကြီးကို အားကျ အမှတ်ရကြပါလိမ့်မည်။ ၀ိသာခါကျောင်းအမကြီးသည် ထုံစံအတိုင်း သူဆောက်လုပ် လှူဒါန်းထားသော ပုဗ္ဗာရုံကျောင်းကို တစ်နေ့နှစ်ကြိမ် အနည်းဆုံး ရောက်သည်။ ကျောင်းသွားရင်လည်း လက်ဗလာချည်း သွားလေ့သွားထ မရှိ၊ မနက်ပိုင်းသွားရင် မနက်အတွက် ရဟန်းသာမဏေများဘုန်းပေးနိုင်တဲ့ အစားအစာများ၊ ညနေပိုင်းသွားရင်လဲ ညနေပိုင်းအတွက်အဖျော်ရည်များ ယူဆောင်သွားလေ့ရှိသည်။စာထဲမှာတော့ ကျောင်းအမကြီးလာရင် ကိုရင်ငယ်လေးတွေက ကျောင်းအမကြီး လက်ထဲဘာပါလဲဆိုတာ ကြည့်ကြသတဲ့။ ထိုအဖြစ်ကိုသိသော အနာထပိဏ်၊ ၀ိသာခါတို့သည် ကျောင်းသွားတိုင်း လက်ဗလာ မသွားဟု ဆိုသည်။ ယခု အကြိမ် ၀ိသာခါကျောင်းသွားတဲ့အချိန်က ၀ါဆိုလဖြစ်သည်။ ကျောင်းရောက်တော့ဘုရားနဲ့တွေ့ တရားစကားများ နာယူပြီး နောက်နေ့မနက်အတွက် ဘုရားအမှူးရှိသံဃာများ အိမ်ကို ဆွမ်းစားကြွဖို့ ပင့်ဖိတ်ခဲ့သည်။ နောက်တစ်နေ့မနက် မိုးလင်းချိန် ကျွန်းကြီးလေးကျွန်းလုံး မိုးအကြီးအကျယ် ရွာသွန်းချလေတော့သည်။ဘုရားခွင့်ပြုချက်အရ ရဟန်းတော်တွေ သင်္ကန်း(ရေစနုပ်)မပါဘဲ ရေချိုးနေချိန်ဝိသာခါ၏ တပည့်မ တစ်ယောက် ဆွမ်းစားချိန်ရောက်၍ ကျောင်းကို ရဟန်းတွေလာပင့်တော့ "ရဟန်းတစ်ပါးမှ မတွေ့ဘူး အ၀တ်မပါ တက္ကဒွန်းတွေပဲ တွေ့ခဲ့တယ်"ဆိုပြီး ပြန်လာလေ၏။ ၀ိသာခါသည် အသိလိမ္မာရှိသူဖြစ်သည်ဖြစ်ရာကား မိုးရွာတုန်း အ၀တ်မပါဘဲ ရေချိုးနေကြသော ရဟန်းတွေပဲဖြစ်မည်ဟု သိသဖြင့် နောက်တစ်ကြိမ် ကျောင်းသို့ သွားပင့်ခိုင်းပြန်သည်။ ထိုအချိန်မှာတော့ ရဟန်းတော်များ သင်္ကန်းများယူဆောင်ပြီး မိမိတို့အသကအသက နေရာမှာ သွားပြီး ရေချိုးပြီး စိုရွှဲနေသော ခန္ဓာကို ခြောက်သွေ့အောင်လုပ်နေရသည်။ ကျောင်းမှာ ဘယ်ရဟန်းကိုမှ မတွေ့ရဘဲ ပြန်သွားပြန်သည်။ ၀ိသာခါသည် ဒီအခြင်းအရာကိုလည်း သိသည်။ နောက်တစ်ကြိမ်ကျောင်းသို့လွှတ်ပြန်သည်။ ထိုအချိန်မှာတော့ ဆွမ်းစားကြွချိန်တန်ပြီးဖြစ်၍ မြတ်စွာဘုရားက ရဟန်းတော်အားလုံးသင်္ကန်းများ ပြင်ဆင်ပြီး စုရုံးခိုင်းသည်။ ဘုရားရှင်၏ တန်ခိုးဖြင့် ၀ိသာခါအိမ်ပေါက် ရောက်သွားသည့် အခါဝိသာခါ အံ့ကြရပြန်သည်။ စောစောလေးကမှ မိုးအကြီးအကျယ် ရွာထားသဖြင့် လမ်းတစ်လျှောက်လုံးသည် ခါးလောက် မြုပ်နိုင်လောက် အောင် ရေတွေဖြင့် လွှမ်းနေသည်။ သို့သော်လည်း ဘုရားရှင်နှင့် ရဟန်းသံဃာအားလုံး သင်္ကန်းများ ရေမစိုသည့်အပြင် ခြေမျက်စိလေးကိုတောင်မှ ရေစိုထားတာ မတွေ့ရချေ။ ဘုရားနှင့်ရဟန်းသံဃာများ ဆွမ်းကပ်ပြီး ကျောင်းအမကြီးသည် အရှင်ဘုရားအား တပည့်တော် ဆုလာဘ် ၈ မျိုး သနားချီးမြောက်တော် မူပါဘုရားဟု လျှောက်ထားလေသည်။ အပ်စပ်သောဆုဆိုတောင်းစေ ဟု ဘုရားခွင့်ပြုတော်မူသောကြောင့် အောက်ပါဆို ဆု ၈ မျိုးကိုတောင်းသည်။ ဘုရားလည်း ခွင့်ပြုသည်။ (၁)အသက်ထက်ဆုံး ရဟန်းတော်များအား ၀ါဆိုသင်္ကန်းလှူခွင့်ပြုရန် (၂)ကျောင်းသို့ ရောက်လာကြသော အာဂန္တု ဧည့်သည်ရဟန်းတော်များအား ဆွမ်းဟင်းများ လှူခွင့်ပြုရန် (၃)ခရီးသွား ရဟန်းတော်များအား ဆွမ်းဟင်းများ လှူခွင့်ပြုရန် (၄)မနာမကျန်းဖြစ်နေသော ရဟန်းကို ပြုစုလုပ်ကျွေးနေသော ပုဂ္ဂိုလ်အား ဆွမ်းဟင်းများ လှူခွင့်ပြုရန် (၅)မနာမကျန်းသော ရဟန်းအား ဆွမ်းဟင်းများ လှူရန် (၆)မနာမကျန်းဖြစ်သော ရဟန်းအား ဆေးပစ္စည်းများ လှူရန် (၇)အမြဲမပြတ် ဆန်ပြုတ် (ယာဂု)ဆွမ်းလှူရန် (၈)ရဟန်းမ (ဘိက္ခုနီမ)တို့အား ရေသနုပ်လှူရန် တို့ဖြစ်သည်။ သင်္ကန်းလှူရခြင်းကြောင့် သေချာတဲ့ အကျိုးကတော့ ရဟန်းတော်များ သင်္ကန်းအတွက် မပူရ မပင်ပန်းရခြင်းဖြစ်သည့်အတွက် ရဟန်းအလုပ် ချမ်းချမ်းသာသာ လုပ်နိုင်သည်။ ထိုသင်္ကန်းက ထိုအသုံးပြုသော ရဟန်းအား အရှက်ကိုလည်း ကာကွယ်မည်။ အချမ်း အပူလေ နေစတဲ့ ရာသီဥတုဒဏ်ကိုလည်း ဆောင့်ရှောက်မည်။ မှည့်, ခြင်, ယင်, ပိုးမွှားစသော အန္တရာယ်မှလည်း ကာကွယ်စောင့်ရှောက်သဖြင့် ရဟန်းအလုပ်ကို ချမ်းချမ်းသာသာ လုပ်ခွင့်ရမည်။ လှူတဲ့သူမှာ တန်ပြန်အနေနဲ့ ထိုအကျိုးများရရှိမည်။ သင်္ကန်းလှူခြင်းကြောင့် အသားရေလှပခြင်း၊ ကျန်းမာခြင်း စတဲ့ကုသိုလ်၏ အကျိုးများအပြင် အချိန်အခါအလျောက် လှူခွင့်ရသည့်အတွက် ကာလဒါနဖြစ်သည်၊ ထိုအကျိုးကတော့ လိုတရ ပဲဖြစ်သည်။ အမျိုသမီးများ သင်္ကန်းလှူခြင်းကြောင့် ၀ိသာခါကျောင်းအမကြီး ပိုင်ဆိုင်သည့် စိန်ရွှေရတနာပေါင်းစုံစီခြယ်ထားသည့် ကိုးကုဋေတန် မဟာလတာ မြတ်တံဆာကြီးကိုလဲ ပိုင်ဆိုင်ဦးမည်။ နောက်ဆုံး အာသဝေါကင်းကွာ ရဟန္တာမကြီးဖြစ်မည်။ အမျိုးသားများအတွက်တော့ ဧဟိဘိက္ခုနဲ့ ရဟန္တာ ဖြစ်ခွင့်ရမည်။ ဘုရားလက်ထက်က ပဉ္စ၀ဂ္ဂီတို့ ယသအမျိုးကောင်းသားတို့သည် ရှေးက သင်္ကန်းပရိက္ခရာလှူဒါန်းခဲ့ခြင်းကြောင့် ဘုရားနဲ့တွေ့တော့ သိမ်တွေ ကမ္မ၀ါတွေ ရွတ်ဖတ်ပေးစရာမလိုဘဲ သင်္ကန်းသပိတ် ရှာစရာ မလိုဘဲ ဘုရားကဧဟိ ဘိက္ခ ငါ့ရှင် ရဟန်း လာခဲ့ လို့ ခေါ်လိုက်ရုံနဲ့ အလိုအလျောက် ၀ါတော် ၆၀ ရ မထေရ်ကြီးကဲ့ သပ္ပါယ်တင့်တယ်စွာ ဖူးမျှော်ရသည်။ ဘာဟိယဒါရုစိယ အမျိုးသားသည် ဘုရားနဲ့တွေ့လို့ တရားနာလိုက် ရခြင်းကြောင့် ရဟန္တာဖြစ်သွားပါလျက် သင်္ကန်းပရိက္ခရာ မရှိလို့ ရဟန်းမဖြစ်လိုက်ရ။ ဘုရားကလဲ သူ့ရဲ့အတိတ်က သင်္ကန်းလှူခဲ့တဲ့ ဒါန မရှိခဲ့တော့ ဧဟိ ဘိက္ခုခေါ်ခွင့်မရ၍ လမ်းမှာပဲ နွားမခွေ့သတ်လို့သေရသည်။ ရဟန္တာဖြစ်လျှင် လူဝတ်ကြောင်ဘ၀နဲ့ ရပ်တည်ခွင့်မရ၊ ရဟန်းပြုရင် ပြု မပြုလျှင်တော့ ပရိနိဗ္ဗာန်ပြုရသည်။ ဘာဟိယဒါရုစိယ အမျိုးသားကတော့ ရှေးက၀ဋ်ကြွေးကြောင့် ထိုနေရာမှာပဲ ဘီလူးမ ဟန်ဆောင်သော နွားမခွေ့အသတ်ခံရသည်။ သင်္ကန်းမလှူခဲ့ခြင်းကြောင့် အလွယ်တကူ ရဟန်းဖြစ်ခွင့်မရလိုက်။ ဤသို့အားဖြင့် အလွယ်တကူ ရဟန်းဖြစ်ခွင့် ရဟန္တာဖြစ်ခွင့်များ ရလိုပါလျှင် သင်္ကန်းလှူကြပါလေ--
(သီတဂူစတား )
မေတ္တာဖြင့်မျှဝေသူ
ရွှေညာသား(နတ်စဉ်ကန်)

သေခြင်း လေးမျိုးအကြောင်း သိကောင်းစရာ

သေခြင်း လေးမျိုးအကြောင်း သိကောင်းစရာ
********************************
သုံးဆယ့်တစ်ဘုံအတွင်းရှိ သတ္တ၀ါဟူသမျှတို့သည် မိမိတို့ပိုင်ဆိုင်သော ဥစ္စာပစ္စည်းများ၊ ချစ်သောသားမယား၊ သားသမီး၊ ဆွေမျိုးမိတ်ဆွေများ၊ ရရှိထားသော ရာထူးဂုဏ်သိမ်များကို စွန့်ခွာကာ သေမင်းခေါ်ရာသို့ မသေချင်ဘဲလည်းသေမြဲဓမ္မတာအရ သေပွဲဝင်ကြရမည် ဖြစ်ပါသည်။
ထိုသို့ သတ္တ၀ါအားလုံး သေဆုံးကြရာဝယ် အောက်ပါ သေခြင်းလေးမျိုး တစ်မျိုးမျိုးဖြင့် သေပွဲဝင်ကြရသည်မှာလည်း ဓမ္မတာသဘောပင် ဖြစ်ပါသည်။
သေခြင်းလေးမျိုးဟူသည်....
အသက်တမ်းကုန်၍ သေရခြင်း၊
ကံအစွမ်းကုန်၍ သေရခြင်း၊
အသက်တမ်း၊ ကံအစွမ်း နှစ်ပါးစလုံးကုန်၍ သေရခြင်း၊
ဥပစ္ဆေဒကခေါ် ကြားကံတစ်ပါးပါးက သတ်ဖြတ်၍ သေရခြင်းတို့ဖြစ်ပါသည်။
ယင်းသေခြင်းလေးမျိုးကို ဥပမာအားဖြင့်နှိုင်းစာဆိုရသည်ဆိုသော်.....
ဆီမီးငြိမ်းရာ၌....
ဆီကုန်ခန်းခြင်း၊
မီးစာကုန်ခန်းခြင်း၊
ဆီနှင့် မီးစာ နှစ်မျိုးကုန်ခန်းခြင်း၊
ဆီနှင့် မီးစာ ရှိပါသော်လည်း လေပြင်းတိုက်ခတ်ခြင်း (သို့မဟုတ်) တမင်ငြှိမ်းသတ်ခြင်း
ဟူသောအကြောင်းလေးမျိုးရှိသကဲ့သို့ပင် ဖြစ်ပါသည်။
၁။ အသက်တမ်းကုန်၍ သေရခြင်း
ထိုထို ဘုံဘ၀တို့၌ သတ်မှတ်ထားအပ်သော အသက်တမ်းများရှိကြပါသည်။ ဤလူ့ဘ၀၀ယ်တက်ကပ်ကာလ၌ တဖြည်းဖြည်းတက်၍ အသေင်္ချေယျတိုင်အောင် အသက်တမ်းရှိ၍ ဆုတ်ကပ်ကာလ၀ယ် တဖြည်းဖြည်း ဆုတ်ကာ (၁၀) နှစ် သက်တမ်းတိုင်အောင် သက်တမ်းရှိလေသည်။
ဂေါတမဘုရားရှင်ပွင့်သောအခါ၌ သက်တမ်းသည် (၁၀၀) ရှိသည်။ယခုကာလ၀ယ် (၇၅) နှစ်သာ ရှိသည်ဟု ဆိုပါသည်။ သင့်လျော်၍ ကံပါလာကြသူတို့သည် သတ်မှတ်ထားအပ်သော အသက်တမ်းကို မလွန်ကြပါ။
ယင်းသတ်မှတ်ထားသော သကတမ်းကာလ၌ သေဆုံးခြင်းကို အသက်တမ်းကုန်၍ သေခြင်းဟု ခေါ်ပါသည်။
မီးစာ ရှိသေးသော်လည်း ဆီကုန်၍ မီးငြိမ်းသည်နှင့် ဥပမာတူပါသည်။
၂။ ကံအစွမ်းကုန်၍ သေရခြင်း
ဘ၀တစ်ခုကို စီမံလိုက်သောကံသည် ပဋိသန္ဓေတည်ပြုသည့်အချိန်မှစ၍ မိမိ၏သတ္တိ မကုန်သေးသမျှ ဘ၀မပြတ်အောင်၊ မသေအောင် အစဉ်တစိုက်အမြဲဖန်တီးလျက်ရှိပါသည်။ ထိုမူလစီမံလိုက်သော ကံ၏အစွမ်းကို အားပေးကူညီသော အခြားကံများကလည်း ရှိနေသေးပါသည်။ ထိုမူလစီမံလိုက်သော ကံနှင့်အားပေးကူညီကြသော ကံတို့၏ အစွမ်းသတ္တိကုန်လျှင် အသက်တမ်း မကုန်သေးသော်လည်း ဧကန်မုချ သေရတော့မည်။
ဥပမာ- သက်တမ်းက (၇၅) နှစ်သက်တမ်းရှိသော်လည်း ထိုဘ၀၌ နေရမည့်ကံက (၅၀)သာပါလျှင် အသက် (၅၀)၌ သေရမည်ဖြစ်သည်။
ဆီမကုန်သေးသော်လည်း မီးစာကုန်လျှင် ဧကန်မီးငြိမ်းရသကဲ့သို့ ဖြစ်ပါသည်။
၃။ အသက်တမ်း၊ ကံအစွမ်းနှစ်မျိုးကုန်၍ သေရခြင်း
အချို့သော သတ္တ၀ါတို့အား အသက်တမ်းလည်းကုန်၊ ကံ၏အစွမ်းလည်းကုန်၍ သေကြရသည်။ ဥပမာ - အသက်တမ်း (၇၅) နှစ်ရှိသော အမျိုး၌ ဖြစ်နေသောသူသည် ကံကလည်း (၇၅) နှစ်နေရမည့် အစွမ်းပါလာသော် (၇၅) နှစ်တွင် သေရမည်။
ဆီလည်းကုန်၊ မီးစာလည်းကုန်သောကြောင့် မီးငြိမ်းနေသည့်သဘောနှင့် တူပါသည်။
ဤဆိုအပ်ခဲ့သော သေခြင်းအကြောင်း သုံးပါးတွင် တစ်ပါးပါးကြောင့် သေခြင်းကို သေချိန်ကျ၍ သေရခြင်း (ကာလမရဏ) ဟုခေါ်သည်။
၎။ ဥပစ္ဆေဒကခေါ်ကပ်၍ သတ်ဖြတ်တတ်သောကံကြောင့် သေရခြင်း
အချို့ သတ္တ၀ါတို့အား အသက်တမ်းလည်းရှိ၊ ကံအစွမ်းလည်း ရှိနေပါလျက် ရှေးရှေးဘ၀တို့၌ ပြုအပ်သော ကပ်၍သတ်ဖြတ်တတ်သော ဥပစ္ဆေဒကံကြောင့်လည်းကောင်း အနာရောဂါဆိုးတို့နှင့် တွေ့ကြုံသေရခြင်း၊
မြေပြို၍ သေရခြင်း၊ မိုးကြိုးကျ၍ သေရခြင်း၊
သေနတ်ဗုံးဆန်မှန်၍ သေရခြင်း၊
သူတစ်ပါးက ဓား လှံ လက်နက်ဖြင့် ထိုးသတ်၍ သေရခြင်း၊
ရေနစ်သေရခြင်း စသည်များလည်း ကံတစ်ပါးက သတ်မှတ်၍ သေရခြင်းမည်ပါသည်။
မီးစာဆီ နှစ်မျိုး မကုန်သေးသော်လည်း လေပြင်းတိုက်ခတ်မှု၊ တမင်ငြှိမ်းသတ်မှုကြောင့် မီးငြိမ်းခြင်းမျိုးနှင့်တူပါသည်။
ဤဥပစ္ဆေဒကကံတစ်ခုခုကြောင့်သေရခြင်းကိုအချိန်
မကျသေးဘဲ သေရခြင်း (အကာလမရဏ) ဟုခေါ်ပါသည်။
သေချိန်မကျဘဲ သေရသူများ
သတ္တ၀ါတို့၏သန္တာန်ဝယ် ရှေးရှေးက ပြုခဲ့သော မကောင်းမှုလေးများ ကိုယ်စိကိုယ်ငှ အများအပြား ပါရှိတတ်ပါသည်။
ထိုကံများသည် မိမိ တို့ချည်းသက်သက် သေကြေအောင် မတတ်နိုင်သော်လည်း အဆင်ခြင် အမြော်အမြင်မရှိ၍ အစားမတတ်၊ အသွားမတတ်၊ အနေမတတ်သူများကို ဘေးဥပါဒ်ရောက်အောင် ထိုဘေးဖြင့် သေကြေပျက်စီးအောင်ကား တတ်နိုင်ကြပါသည်။
ရှေးရှေးက သူတစ်ပါးကို အငတ်ထားခဲ့ဖူးခြင်း၊ မြွေနှင့်တိုက်ခြင်း၊ အဆိပ်ခတ်သတ်ခြင်း၊ တုတ်,ဓား စသည်ဖြင့်ရိုက်သတ်ခြင်း၊ ရေနှစ်သတ်ခြင်း စသည်ဖြင့် သူတစ်ပါးသေအောင် တစ်နည်းနည်းဖြင့် ပြုခဲ့သော သူသည် ထိုကံများ အခွင့်ရသော ဘ၀ဝယ် ထမင်းငတ်၍ သေတတ်၊ ရေငတ်၍ သေတတ်၊ မြွေကိုက်၍သေတတ်၊ အဆိပ်မိ၍ သေတတ်၊ လက်နက်ဖြင့်သေတတ်၊ ရေနစ်၍ သေတတ်၊ မီးလောင်၍ သေတတ်ကြလေသည်။
သူတစ်ပါးကို တစ်နည်းနည်းဖြင့် နှိပ်စက်သတ်ဖြတ်ခဲ့ဖူးသူသည် ယခုဘ၀၌ လေနာခြင်း၊သလိပ်ရောဂါရှိခြင်း၊ ပန်းနာရှိခြင်း၊ နူနာရီခြင်း၊ မကျန်းမမာရှိခြင်း စသည်ဖြင့် ညှိုးနွမ်းပင်ပန်းစွာ အသက်ရှည်နေရသည့်ပြင် ထိုရောဂါများဖြင့်ပင် သေရတတ်သည်။
ဤသို့ စသည်ဖြင့် ရှေးကံကလေးများသည် ဆင်ခြင်စဉ်းစား သတိထားတတ်သူတို့၌ နှိပ်စက်ခွင့်၊ သတ်ဖြတ်ခွင့်မရသော်လည်း မစဉ်းစား မဆင်မခြင် ရှိသူတို့ကား မကျမ်းမာအောင် သေကြေအောင်နှိပ်စက်တတ်လေသည်။
ထို့ကြောင့်....
အသက်ဥာဏ်စောင့်၊ ဥစ္စာကံစောင့်။
အသွားမတော် တစ်မုဟုတ်၊
အစားမတော် တစ်လုတ်။
ကျားရဲရာ ကြမ္မာမရိုးသာ။
ကံယုံပြီး ဆူးပုံ မနင်းရာ။
ဟူ၍ ရှေးလူကြီးသူမများက ဆိုဆုံးမထားခဲ့ခြင်း ဖြစ်ပါသည်။
ထိုစကားများ၏ ဆိုလိုရင်းသည် လူတိုင်းမှာပင် မကောင်းကျိုးပေးရန် အကုသိုလ်များ ရှေးဘ၀များစွာက တစ်မျိုးနှစ်မျိုး စသည် ပြုမိခဲ့ကြသဖြင့် ကိုယ်စီကိုယ်ငှ ရှိကြသည်။
ထိုကံများသည် အလွန်သတ္တိမထက်လျှင် သူတို့ဘာသာ အကျိုးပေးခွင့်သာအောင် မတတ်နိုင်ကြပါ။အစဉ်းစား အဆင်ခြင် မရှိသူများ၌သာ အသွားအလာ၊ အစားအသောက်၊ အနေအထိုင် မတတ်သည့်အတွက် ထိုကံများ အကျိုးပေးခွင့်ရကြပါသည်။
သို့ဖြစ်၍ အသက်ရှည်စွာ အနာကင်းမှုကို ဂရုစိုက်ခြင်း မရှိလျှင် ဥပစ္ဆေဒကကံ အခွင့်သာ၍ သက်တမ်းမစေ့ခင်က ကံအစွမ်း မကုန်သေးခင်သေရမည်မှာ မုချဖြစ်ပါသည်။
(အရှင်ဃောသိတ၏ ဗုဒ္ဓအလိုကျသေနည်းမှတဆင့်တင်ပြသည်)
(credit to ကိုယ့်စိတ်ကိုယ်စစ် ဝိပဿ နာရိပ်သာ)
မှတဆင့်တင်ပြပါသည်ခင်ဗျာ