Saturday, January 16, 2016

ပုရွက်ဆိတ် ပုံပြင် . . .

ပုရွက်ဆိတ်ပုံပြင် ......
@@@@@@@@@@

ပုံပြင်လို့ ပြောလိုက်ရင် လူတိုင်းသိကြတာပဲ မဟုတ်လား။ ငယ်ငယ်က မိဘဘိုးဘွားတွေ ပြောပြလို့ နားထောင်ခဲ့ရတဲ့ အိပ်ယာဝင်ပုံပြင်တွေ နည်းနည်းအရွယ်ရလာတော့ ကျောင်းက ဆရာ/မတွေပြောပြတဲ့ ပုံပြင်တွေ အသက်အရွယ်ရလာတော့ တွေးစရာတွေပါတဲ့ တွေးပြီးမှ ပြုံးရ ရယ်ရတဲ့ ပုံပြင်လေးတွေ နောက်အတွေးတွေ တသီကြီးပေးတဲ့ ပုံပြင်တွေ နည်းမှ မနည်းတာ။ ဆိုလိုချင်တာက ပုံပြင်ဆိုတာ ကျနော်တို့လူကြီးလူငယ်မရွေး အားလုံးနဲ့ ရင်းနှီးတဲ့ အရာ ... အားလုံးကလည်း နှစ်သက်တဲ့ နှစ်ခြိုက်တဲ့ အရာဆိုတာပါပဲ။ ကျနော်ဒီလို နိဒါန်းချီပြီး ရေးနေရတာကလည်း ပုံပြင်တစ်ပုဒ်အကြောင်း ပြောပြရေးပြချင်လို့ပါ။ ဒီပုံပြင်လေးကတော့ ကျနော်တို့မော်လူးကို စာပေဟောပြောပွဲလာရောက်ခဲ့တဲ့ နိုင်ငံကျော် ဟာသလူရွှင်တော် သရုပ်ဆောင် ဒါရိုက်တာ ဦးမေတ္တာပြောပြခဲ့တဲ့ ပုံပြင်လေးပါ။ စာပေဟောပြောပွဲ စင်မြင့်ပေါ်မှာ ပြောပြခဲ့တာမဟုတ်ပဲ . . . စာပေဟောပြောပွဲအပြီး လက်ဘက်ရည်ဝိုင်းမှာ ပြောပြခဲ့တဲ့ ပုံပြင်လေးဖြစ်သလို ပုံပြင်လေးပြီးတော့ တွေးစရာလေးတွေ သင်ခန်းစာယူစရာလေးတွေပါလို့ ပြန်လည်ဖောက်သည်ချရေးပြရခြင်းပါ။
"ကျနော်ခင်ဗျားတို့ကို ပုံပြင်လေးတစ်ပုဒ်ပြောပြချင်တယ်ဗျ။ ခင်ဗျားတို့ ကြားဘူးပြီးသားပုံပြင်လေးတစ်ပုဒ် ဖြစ်ရင်လည်း ဖြစ်နေမှာပါ ... ပုံပြင်လေးအဆုံးမှာ ပုံပြင်ရဲ့ ရည်ရွယ်ချက်က ဘာလဲ... ပုံပြင်က ဘာကိုရည်ရွယ်သလဲ .. ဘာကိုပြောချင်သလဲဆိုတာလေးကို ကျနော့်ကို တစ်ချက်တော့ ပြန်ဆွေးနွေးပေး...."လို့ အစချီပြီး ပုံပြင်လေးကို စပြောပြပါတယ်။
" ဟိုးရှေးရှေးတုန်းက တောတစ်ခုထဲမှာ ပုရွက်ဆိတ်မလေး တစ်ကောင် ရှိသဗျ။ ပုရွက်ဆိတ်မလေးဟာ အသက် ၉ နှစ်အရွယ်ရောက်လာတော့ သူရဲ့ ဖူးစာဖက်ကို တောအထပ်ထပ် တောင်အသွယ်သွယ်ကို ဖြတ်ပြီး လိုက်ရှာပါသတဲ့။ ဒီလိုတောအထပ်ထပ် တောင်အသွယ်သွယ်ကို ဖြတ်ပြီး ဖူးစာဖက်ကို လိုက်ရှာတဲ့ ပုရွက်ဆိတ်မလေးဟာ သူ့ဖူးစာဖက်ကို ရှာမတွေ့နိုင်ဖြစ်ပြီး စိတ်ဓာတ်တွေကျ စိတ်တွေပျက်ပြီး .. လာရာလမ်းအတိုင်း ပြန်လာခဲ့တာပေါ့။ သူဖြတ်သန်းခဲ့ရတဲ့ တောတွေတောင်တွေကို ပြန်လည်ဖြတ်သန်းရင်း ပုရွက်ဆိတ်မလေးဟာ သူ့ကိုယ်သူ မသယ်ချင်လောက်အောင် မသယ်နိုင်လောက်အောင် ပင်ပန်းနွမ်းနယ်ဖြစ်နေတော့တာ ... ဒီလိုဖြစ်နေချိန်မှာ ပုရွက်ဆိတ်မလေးရဲ့ ကိုယ်ပေါ်ကို ရေမှုန်ရေမွှားလေးတွေ တဖွဲဖွဲကျလာတယ်။ အင်မတန်ပင်ပန်းနွမ်းနယ်နေတဲ့ ပုရွက်ဆိတ်မလေးဟာ သူ့ကိုယ်ပေါ်ကို ကျလာတဲ့ ရေမှုန်ရေမွှားလေးတွေကြောင့် ပင်ပန်းနွမ်းနယ်မှုတွေပျောက်ပြီး လန်းဆန်းလာတာပေါ့။ သူ့ကိုယ်ပေါ်ကိုကျလာတဲ့ ရေမှုန်ရေမွှားလေးဟာ ဘယ်ကကျလာသလဲလို့ အပေါ်ကိုမော့ကြည့်မိတဲ့အခါ အသက် ၄ နှစ်လောက်ရှိတဲ့ ဆင်ပေါက်လေးတစ်ကောင်က သူ့ရဲ့နှာမောင်းထဲကနေ ရေတွေကို ရေမှုန်ရေမွှားလေးတွေဖြစ်အောင် ဖန်တီးပြီး ပုရွက်ဆိတ်မလေးရဲ့ ကိုယ်ပေါ်ကို ပက်ဖြန်းပေးနေတာကို မြင်ရသတဲ့။ ဆင်ပေါက်လေးဟာ ပုရွက်ဆိတ်မလေးကို သူ့နှာမောင်လေးနဲ့ ညင်သာစွာ သယ်ယူပြီး ပုရွက်ဆိတ်မလေးရဲ့ နေထိုင်ရာဒေသအရောက် လိုက်ပို့ပေးတာပေါ့။ လမ်းခရီးမှာပဲ ပုရွက်ဆိတ်မလေးနဲ့ ဆင်ပေါက်လေးတို့ဟာ တစ်ဦးအပေါ် တစ်ဦး မေတ္တာမျှ ချစ်ကျွမ်းဝင်သွားကြတယ်။ ပုရွက်ဆိတ်မလေးနေထိုင်ရာဒေသကိုရောက်တော့ သူတို့နှစ်ဦး လက်ထပ်ကြမယ်လို့ တစ်တောလုံးကို ကြေငြာမောင်းခတ်လိုက်တာပေါ့။ ဒီလိုနဲ့ ပုရွက်ဆိတ်မလေးနဲ့ ဆင်ပေါက်လေး မင်္ဂလာဆောင်မဲ့နေ့မှာ ဆင်ပေါက်လေးဟာ ရုတ်တရက် ကွယ်လွန်သွားပါသတဲ့။ ဒီအဖြစ်အပျက်လေးကို ကြုံတွေ့လိုက်ရတဲ့ ပုရွက်ဆိတ်မလေးဟာ ဝမ်းနည်းစွာနဲ့ မြည်တမ်းရေရွတ်လိုက်မိတဲ့စကားလေးက "အားကိုးရတော့မယ်ဆိုပြီး တစ်ဘဝလုံးပုံအပ်မယ်လို့ကြံစည်ရည်ရွယ်မိတာ . . . အခုတော့ သူကို့မြုပ်ဖို့ ကျင်းအနက်ကြီး တူးရမှာပဲ အဖတ်တင်တယ်" တဲ့ ...........။

ကဲ .... ခင်ဗျားတို့ ဒီပုံပြင်လေးကနေ ဘာတွေရလိုက်သလဲ ဖြေကြပေတော့ဆိုပြီး ဆရာ မေတ္တာက သူ့ပုံပြင်လေးအဆုံးသတ်လိုက်ပါတယ်။ ပုံပြင်လေးကို ကျနော်အထက်မှာ ရေးပြခဲ့တာကို စာရှု့သူတွေလည်း ဖတ်ပြီးပြီဆိုတော့ ဘယ်လိုအတွေးတွေ ဘာတွေရလိုက်ပါသလဲ ...... ကျနော်ရလိုက်တဲ့ အတွေးတွေကို ဆက်ရေးပြမယ်။ လွတ်လပ်စွာ သဘောထားကွဲလွဲကြပေါ့။
ပုံပြင်လေးရဲ့ အဆုံးသတ်မှာ ရေရွတ်လိုက်တဲ့ စကားလေးက ကျနော့်ရင်ကို ထိပါတယ်။
ဟုတ်ပါတယ် ...။ ကျနော်တို့ ဘဝမှာ အင်အားကြီးလို့ (အကောင်ကြီးလို့) အားကိုးရမယ်ထင်ပြီး အားကိုးမိပြီး ယုံကြည်လိုက်မိလို့ ..... ကိုယ့်ဘက်က ဆုံးရှုံးသွားရတာ နစ်နာသွားရတာတွေ ကြုံဘူးကြမှာပေါ့။ ဆိုကြပါစို့ ... အခုအချိန်မှာ ခေတ်စားနေတဲ့ လိမ်နည်းတစ်ခုပေါ့ .... ဖုန်းဆက်လာပြီး ... " ကံစမ်းမဲ့ သိန်းငါးရာပေါက်နေပါတယ် ... အဲ့ဒီသိန်းငါးရာကို လွဲပေးဖို့ ငွေလွဲခလိုနေလို့ အရင်ဆုံး ၁၅ သိန်းလောက် အရင်လွဲပေးခဲ့ပါလား" ပြောလာတယ်ဆိုကြပါစို့။ ကျနော်တို့ ဘဝတွေမှာ သိန်းငါးရာဆိုတဲ့ငွေဟာ မက်လောက်တဲ့ ပမာဏ ဘဝကို ပြောင်းလဲသွားစေနိုင်တဲ့ ပမာဏဖြစ်နေတော့ အရင်ဆုံးလွဲပေးလိုက်ရမဲ့ ဆယ့်ငါးသိန်းကို ယုံကြည်စွာ လွဲပေးလိုက်တယ်ပေါ့။ ဟိုက သိန်းငါးရာက ရောက်မလာဘူး အလိမ်ခံလိုက်ရပြီဆိုရင် ကျနော်တို့ ဘယ်လိုဖြစ်မလဲ .... သိန်းငါရာမရတဲ့အပြင် ဆယ့်ငါးသိန်းကို ချေးလို့ ငှားလို့ ပေးလိုက်ရတာဆိုရင် ??? "ပုံပြင်လေးရဲ့ အဆုံးသတ်က ပြောထားတဲ့ အားကိုးရတော့မယ်ဆိုပြီး တစ်ဘဝလုံးပုံအပ်မယ်လို့ ကြံစည်ရည်ရွယ်မိတာ... အခုတော့ သူ့ကိုမြုပ်ဖို့ ကျင်းအနက်ကြီးတူးရမှာပဲ အဖတ်တင်တယ်" ဆိုတာမျိုး မဖြစ်သွားဘူးလား။ ပုံပြင်ထဲမှာက ကျင်းအနက်ကြီးတူးတာပဲ ပြောထားပေမဲ့ တူးပြီး ဒီအတိုင်းပစ်ထားလိုက်လို့မရဘူးလေ.... ပြန်ဖို့ရမယ် မဟုတ်လား။
ပုံပြင်လေးကပေးတဲ့ အတွေးကတော့ အားကိုးရလိမ့်မယ်လို့ထင်မှတ်ထားပေမဲ့ ကိုယ့်ဘက်ပဲပေးဆပ်လိုက်ရတာမျိုးတွေ လောကမှာ ဘဝမှာ အများကြီးကြုံတွေကြရတတ်ပါတယ်။ တချို့ကျတော့ သက်သက်သာသာ တချို့ကျတော့ တသက်စာ တွင်းနက်ကြီးတွေ တူးကြရ ... ပြန်ဖို့ကြရနဲ့ အချိန်တွေအများကြီး ကုန်သွားခဲ့ကြရတာပေါ့။ ဒါက မြင်သာမဲ့နည်းကို ရေးပြလိုက်တာပါ။ ကျနော်တို့တွေရဲ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးတွေမှာ ဒီလိုဖြစ်ရပ်မျိုးတွေ များစွာ များစွာ ကြုံတွေ့နေကြရတာ အမှန်ပါ။
နောက်ထပ်ရလိုက်တဲ့ အတွေးလေးကတော့ လောကမှာ အင်အားကြီးတိုင်း ယုံကြည်အားကိုးလို့ မရဘူးဆိုတာပါပဲ။ မိတ်ဆွေစစ် မိတ်ဆွေမှန်ကို ရှာဖွေတတ်မှာသာ ကျင်းအနက်ကြီးတူးရဖို့ရတဲ့ ဘေးမှ ကင်းဝေးကြမယ်မဟုတ်လား။ ဒီလိုပဲ မိမိအပေါ်ကို ယုံကြည်အားကိုးလာကြတဲ့ လူတွေကို ကျင်းအနက်ကြီးတွေ တူးရဖို့ရတာမျိုးမဖြစ်အောင် မိတ်ဆွေစစ် မိတ်ဆွေမှန်ဖြစ်ဖို့ ကြိုးစားကြသင့်တယ်မဟုတ်လား။ ဒါက ပုံပြင်လေးကို ကြားရပြီး... ကျနော်ဆန့်ထွက်တွေးမိတဲ့ အတွေးလေးသာ ဖြစ်ပါတယ် . . . စာရှု့သူများလည်း လွတ်လပ်စွာတွေးတော့ပြီး လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ကြပါတယ် ခင်ဗျား ......။

ပုရွက်ဆိတ် ပုံပြင်အား ပြောပြခဲ့သည့် ဆရာ ဦးမေတ္တာအား ကျေးဇူးအထူး တင်ရှိပါသည်။

ပျော်ရွှင် ချမ်းမြေ့ကြပါစေ ....
k.t.w.l