အရာမ်တွင်းနှင့် ထီးဖိနပ် (အပိုင်း ၁)
“မေးစရာလေး တစ်ခုရှိသေးတယ် ဘုရား”
“ဘာများရှိသေးတာလဲ၊ ဆိုစမ်းပါဦး”
“ယနေ့ မြန်မာနိုင်ငံတော် တချို့အရပ်မှာ များသောအားဖြင့် မြို့ကြီးပြကြီးတွေမှာပေါ့ဘုရား၊ ကျောင်းကန်ဘုရားဝင်းအတွင်း အချို့သောလူများဟာ ဖိနပ်စီး, ထီးဆောင်း သွားလာလှုပ်ရှားနေကြပါတယ်၊ ဒါဟာ ကျမ်းဂန်သဘောနှင့် ဘယ်လိုဆိုထားတယ်ဆိုတာ သိချင်ပါတယ် ဘုရား”
“ကျောင်းအရာမ်, ဘုရားအရာမ်အတွင်း ဖိနပ်စီးခြင်း, ထီးဆောင်းခြင်း, ယာဉ်စီးခြင်းတို့ကို ရှေးအခါကစပြီး လူယဉ်ကျေးများ မပြုလုပ်ခဲ့ကြဘူး၊ ဒီလို မပြုလုပ်ခဲ့ခြင်းဟာ အမှန်တော့ ဘုရားရှင်ရဲ့ ပညတ်တော်ကြောင့် မဟုတ်ဘူး၊ စောင့်ထိန်းခဲ့ကြတဲ့ ဓမ္မတာသဘောမျိုးဖြစ်တယ်၊ မဟာနိပါတ် နာရဒဇာတ်တော်မှာ ကြည့်လျှင် မိထိလာပြည့်ရှင့် အင်္ဂတိမင်းကြီးဟာ တန်ဆောင်မုန်းလပြည့်နေ့ ညဥ့်ဦးယံမှာ ကြယ်ပေါင်းခတဲ့ လမင်းရဲ့ အသရေကိုမြင်တော့ စိတ်နှလုံးကြည်ရွှင်လာတဲ့အတွက် ဒီလိုသာယာတဲ့နေ့အချိန်မှာ ဘာများပြုလုပ်ရန်သင့်ပါ့မလဲလို့ ပညာရှိအမတ်ကြီးသုံးယောက်တို့ကို တိုင်ပင်တော်မူတယ်”။
“အမတ်သုံးယောက်အနက် စစ်သူကြီးဖြစ်တဲ့ အလာတအမတ်က စစ်တိုက်ရလျှင် ကောင်းမယ်လို့ အကြံပေးတယ်၊ သုနာမအမတ်က ကာမဂုဏ်ခံစားရလျှင် ကောင်းမယ်လို့ အကြံပေးတယ်၊ ဝိဇယအမတ်က ပညာရှိထံ ချဉ်းကပ် ဆွေးနွေးရလျှင် ကောင်းမယ်လို့ အကြံပေးတယ်၊ ဒီအကြံသုံးမျိုးအနက် နောက်ဆုံးအကြံကို သဘောကျပြီး မိဂဒါဝုန်တောမှာ အဝတ်မဝတ်သော ပညာရှိလို့အများက သမုတ်ထားကြတဲ့ ကဿပတက္ကတွန်းထံကို တရားဆွေးနွေးရအောင်ရယ်လို့ အခြွေအရံပရိသတ်နှင့်တကွ ရထားစီးပြီး သွားကြတယ်၊ တက္ကတွန်းနေရာ ဥယျာဉ်အနီးရောက်တော့ ယာဉ်ကဆင်းတယ်၊ ခြေလျင်ဖြင့်သာ တက္ကတွန်းထံကို ချဉ်းကပ်ကြတယ်လို့ ပြဆိုထားတယ်၊ ဒီပြဆိုချက်ကို ထောက်လျှင် ရိုသေလေးစားအပ်တဲ့ ပုဂ္ဂိုလ်များထံ ချဉ်းကပ်တဲ့အခါ ယာဉ်မှ ဆင်းခြင်း, ဖိနပ်ချွတ်ခြင်း, ထီးရုပ်ခြင်းဆိုတာတွေဟာ ဗုဒ္ဓပညတ်ထားတဲ့ ဗုဒ္ဓယဉ်ကျေးမှုမဟုတ်ဘူး၊ ကမ္ဘာဦးကရှိတဲ့ ရှေးဟောင်းယဉ်ကျေးမှုလို့ မှတ်သင့်တာပေါ့ကွယ်”