Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Friday, September 28, 2018

ဆဲကြပါစေ

.   
 
                   ဆဲကြပါစေ
.             💬💬💬💬💬

🔹️ ဆဲကြပါစေ ...
      ဓာတ်တိုင်ခြေရင်း ၊ သွေးအိုင်တွင်းမှ
      သက်ကင်းလဲလျောင်း ၊ မင့်အလောင်းကို
      ငဲ့စောင်းတစ်မူ ၊ အရေးတယူ ဖြင့်
      သူတို့ ကြည့်မှာ  မဟုတ်ပေ ။

🔹️ ဆဲကြပါစေ ...
      သူတို့တစ်တွေအတွက်
      နေပူပြင်းပြ ၊ မိုးလေကျလည်း
      နေ့ည အခင်း ၊ လျှပ်စစ်လင်းဖို့
      မင်းကြိုးပမ်းရာ ၊ စေတနာကို
      ဘယ်မှာ သူတို့  မသိနိုင် ။

🔹️ ဆဲကြပါစေ ...
      ဆဲပါလေတော့
      သေကံ ရှင်ကံ ၊ ဓာတ်ကြိုးမှန်လျှင်
      အန္တရာယ်ရှိ ၊ မင်းတို့သိလျှက်
      မိမိရပ်ရွာ ၊ ထိန်လင်းသာအောင်
      အခါခါအောက်ကြို့ ၊ ထမ်းဆောင်လို့လည်း
      သူတို့ အကောင်း  မပြောပေ ။

🔹️ ဆဲကြပါစေ ...
      နာတာရှည်သနစ် ၊ ခေတ်အဆက်ဆက်
      အပျက်ပျက်ကို
      ဆက်ခံခဲ့ရ ၊ သည်ကာလ၏
      ကျဆင်း ပုံရိပ်
      ဝိပ္ပတ္တိခေတ် ၊ ဝန်ထမ်းဖြစ်သည့်
      စနစ်၏ သားကောင်  မင်းတို့တစ်တွေ ။

🔹️ ဆဲကြပါစေ ...
      သာယာမှုကင်း ၊ မင်းမိသားစု
      နွမ်းပါးမှုနဲ့
      လူ့ဂုဏ်သိက္ခာ ၊ သိမ်ငယ်စွာဖြင့်
      အနာဂတ်လမ်း ၊ စမ်းတဝါးဝါး
      ဝမ်းခါး မလှ ၊ မင့်ဘဝ ကို
      ဆဲကြသူတို့  မသိနိုင်ပေ ။

🔹️ ဆဲကြပါစေ ...
      လက်ညှိုးတွေထိုး 
      သည်မိုး သည်လှေ ၊ သည်လူတွေနဲ့
      သည်မြေ ဝန်းဝိုင်း ၊ မင်းကျောခိုင်းလို့
      ဆဲတိုင်း မနာ ၊ ခွင့်လွှတ်ပါလည်း
      မင်း ဈာပန ၊ စာနာကြသည့်
      သောကကြေကွဲ ၊ လူတွေထဲမှာ
      ဆဲဆိုသူတို့  မပါချေ ။
      ပေးဆပ်တာက  မင်းတို့တစ်တွေ ။
      ဆဲလိုသူတို့  ဆဲပါစေ ။      ။

                      နွေကိုတူး(ပခုက္ကူ)

[ဤကဗျာဖြင့် (၁၈.၉.၂၀၁၈) ရက်နေ့ညတွင်
 တာဝန်ထမ်းဆောင်ရင်း ကွယ်လွန်ခဲ့ရသည့်
 တောင်-ဒဂုံ လျှပ်စစ်မန်နေဂျာရုံးမှ
 လျှပ်စစ်လိုင်းလုပ်သား
 မောင်ထွေးမင်းအောင်သူမျိုး(ခ)ဇာနည်
 အသက်(၂၅)နှစ် အား
 ဂုဏ်ပြုမှတ်တမ်းတင် အပ်ပါသည်]

Tuesday, August 28, 2018

မှတ်သားဖွယ်

ဆောင်သင့်တဲ့မှတ်သားဖွယ်ရာ

ခွေးတစ်ကောင်
ကိုက်တတ်မှန်းသိနေရ
သတိထား ရှောင်လိုက်ပါ
ဒါမှ အန္တရာယ်ကင်းမယ်

လူတစ်ယောက်
စိတ်ဓာတ်မကောင်းမှန်း သိနေရင်
သတိထား ရှောင်လိုက်ပါ
ဒါမှ အန္တရာယ်ကင်းမယ်

Friday, July 15, 2016

၆၉ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အွန်လိုင်း ကဗျာပြပွဲ








သင်ခန်းစာ
@@@@
 လိုချင်တာက
 ရယူပိုင်ဆိုင်ခြင်းတွေနဲ့တူညီ
ယာယီမဟုတ်ရမယ့်ဌာနီ
အာဇာနည်တွေကို မလိုချင်တော့ဘူး
အာဇာနည်တွေကို မလိုချင်တော့ဘူး
 ဒါ တစ်ကယ့်ကွယ့် အာဇာနည်တွေကို
မလိုချင်တော့ပါ။
အချိန်တန်ရင်
ဝဿန္တအနီထဲကရုပ်ကြွ
ပြက္ဒဒိန်ထဲက ထွက်လာရခဲ့ပေမယ့်
အပြင်မှာ
မခံစားနိုင်တော့ဘူးတစ်ကယ်
မိုးစက်တွေရယ်
၆၉ ကြီမ်မြောက်တိုင်
ငါတို့တစ်တွေ
ရင်ကွဲမှိုင်ရပြန်မှာလားကွဲ့။
ပဲပြုတ်နဲ့နံပြားတောင် ရရင်မှစားချင်တယ်ဆိုပေမယ့်လည်း
 ရရင်ရ မရရင်ချမယ်ဆိုတဲ့စကားက
ကိုယ့်အတ္တအတွက်ကိုမှ မဟုတ်ပါရဲ့
ဒါနဲ့တောင်
အားလုံးလွတ်မြောက်သွားရင်ဖြင့်
ခြံကလေးစိုက်စားချင်တယ်တဲ့ဗျာ
စာလေးရေးပြီး အတွေးအဖွေးသားနဲ့
အင်အားဖြည့်နေလိုက်ချင်တယ်တဲ့လေ။
အချိန်တွေပြောင်းလဲခဲ့ရပါပြီ
သင်ခန်းစာကောင်းကောင်းကိုပဲ
ယူလိုက်ကြပါ
အနာဂတ်ရဲ့အသစ်အသစ်တွေကို
အတ္တဖွဲ့တင်း ထောင့်ကျဉ်းရဲ့ကျွန်
လှောင်အိမ်ခံပရဝဏ်ကျွန်းထဲမှာ
မငတ်မွန်းရပါစေတော့နဲ့
အားလုံးရဲ့သော့ချက်ကို
ဖွင့်လှစ်ချင်နေပါပြီ။

ထက်လင်းနီ (၆ ဇူလိုင် ၂၀၁၆)
*************

”နဝရတ်ကိုးပါးကိုလွမ်းတဲ့ကဗျာ”
@@@@@@@@@@@

 ပဋိပဋာအစွန်းလွတ်ခဲ့တော့
ချွေတယ် ကြွေတယ် ဝေတယ်။
အနေမှန်ခဲ့သူတို့ရဲ့ အသေခံ
ရာဇဝင်ရယ်
ဂန္တဝင်ဆန်သော
 ကိုယ်ကျင့်တရားကနုတ်ပန်းလေးကို
 ဦးညွှတ်မယ်။
နှလုံးသားငှက်ငယ်ခြေစုံရပ်လို့
ဥသြလေးရဲ့အလွမ်းဇာတ်မှာ
မိုးစက်ပွင့်တွေ ဖွေးကနဲဖွေးကနဲ
သွေးစက်တို့က ရဲကနဲ ရဲကနဲ
မျက်ရည်စက်တို့ စွေ့ကနဲကြွေဆဲ။
ဘယ်သူပြောခဲ့သလဲကွယ်
မေးချင်တယ်
တရားကိုနတ်စောင့်ပါတယ်
အခုတော့
ဘုရားတောင် အဖျက်အမှောင့်နဲ့ကွယ်။
 မဇ္ဈိမ ကို မစ္ဆရိယက
 ဥပေက္ခာပြုကြောင်း မှာ
 သူရဲကောင်းတွေသာ ကြွေရရှာတယ်။
မစ္ဆရိယကို မေတ္တာမပျက်ကြောင်း
Lily ပန်းတွေသက်သေရှိတယ်။
ကြာပန်းကလေး ဖွေးဖွေးပွင့်ဖို့
ကြာရိုးကလေး နက်နက်ငုပ်မှု
 အထ္တုပ္ပတ္တိမှာ
 ကြာရိုးကလေးကိုသာ
ကျွန်တော်ဦးညွှတ်လွမ်းပါတယ်။

ကိုကွေကာ
***********

``ဇူလိုင်လ ရောက်ပြီမို့´´
@@@@@@@@@@

မမေ့နိုင်စရာ အဖြစ်ကယ်ကြုံ
ဝမ်းနည်းစရာ သမိုင်းမှာကွာ
မဆုတ်မနစ်ဇွဲ ကြိုးစားစဲပါ
 လူထုကြည်ညို သခင်အောင်ဆန်းမှာ
 နယ့်ချဲ့လက်ပါး လူရမ်းကားကြောင့်
မျက်ရည်ဖြိုင်ဖြိုး ဇူလိုင်ဆယ့်ကိုး
ယနေ့ပြန်တွေး ရင်နာစရာအရေး
ကာလ၀ါဆို အုံမှိုင်းကပြိုမလို
 မိုးဒေ၀ါငြိုးတယ်
 ပုန်းညက်ကပွင့်ညီ မာလာကသင်းထုံ
ရဟန်းတော်များ ၀ါဆိုကြမယ်ဆို
ရောက်ပါပေါ့ ဇူလိုင်လအခါကို။

ခင်ခ
*************

*ဇူလှိုင်ရဲ့မျက်နှာစာ*
@@@@@@@@@
 ခေတ်အဆက်ဆက်
သယ်ဆောင်လာခဲ့.....ရာဇဝင်
ပုဂ္ဂိုလ်ရေးဗန်းပြပြီး
အမှောင်ထဲ ဆွဲသွင်းတာတောင်
လက်မခံခဲ့တဲ့သမိုင်း
ပန်းကိုးပွင့်ရဲ့အမည်နာမကိုတော့
အများပိုင်နမ်စားအဖြစ်
ဗိမာန်တည်ကိုးကွယ်ခဲ့ကြတယ်။။

မိုးခါး
***********
" သားစဉ်မြေးဆက် တစ်မိနစ်မျက်ရည် "
@@@@@@@@@@@@@@@@@
မှိုင်းညို့ညို့ ဆိုင်းအုံ့လို့ ဝေ
ဒီအချိန်ရောက်ရင် ဒီလိုပဲလား
ဖြိုးဖြိုးဖျောက်ဖျောက်
 မိုးစက်မိုးပေါက်တို့
လေနှင်ရာအလွမ်းသင့်သလို
ငေးလို့ ရီလို့......
Correction Ink သုံးထားတာတောင်
ပြောင်းလဲမသွားကြတဲ့
ဖျတ်ဖျတ်လူး မျက်နှာတွေ
တနွယ်ငင်တဇဉ်ပါပြီ
ရောယောင်နေတဲ့
အုတ်အရောရောကျောက်အရောရောတွေ
ဒီလိုပဲလား ဒီအချိန်ဆို ဒီလိုပဲလား
ပန်းခွေတွေ.......... ပန်းခွေတွေ
ပန်းခွေတွေ.................
 နွမ်းနယ်နေတဲ့မျက်နှာတွေနဲ့
လန်းဆတ်နေတဲ့ ပန်းခွေတွေ
ဇူလိုင်မိုးလည်း စိမ့်စိမ့်စွေ
ဝတ်ကျေတန်းကျေ ဝမ်းနည်းကြသလို
ဝဋ်နာကံနာလိုလည်း
လွမ်းဆွတ်ခဲ့ကြတယ်
မျက်ဝန်းတဝိုက်မှာပူနွေးစိုစွတ်စေခဲ့တာ
မိုးစက်မိုးပေါက်တို့မှ ဟုတ်ပါလေစ.....
အရင်နှစ်တွေတုန်းကလည်း
ဒီလိုပါပဲလား
ကြည့်စမ်းပ အလွမ်းတေ
ွ ခွေနေကြတာ ဘဝတွေလည်း ခွေနေကြတယ်
အတွေးတွေနဲ့ ခွေနေကြတယ်
မျက်ရည်တွေရော ခွေနေကြတယ်
တစ်နှစ်တစ်ခါ ခွေနေကြတာ
 လန်းလန်းဆန်းဆန်း ပန်းခွေတွေနဲ့
မားမားမတ် ကျောက်တိုင်ရှေ့........။ ။

မောင်ရင်စစ်
Thu 9:57am
**************

အလံတစ်ဝက်ချ
@@@@@@

ဂျူလိုင်.. အသိမဲ့ရက်စွဲတစ်ခု
 ရင်ဘတ်တွေထဲကလျှံကျလာတဲ့နတ§ထိ။
အရောင်မဲ့ကောင်းကင်၊ သတိမဲ့လူ၊
 ခံစားမှုမဲ့ နှလုံးသား၊
နှမြောတသမှုအတိပြီးသော နေ့စွဲ၊
ဆူပွက်လုမတတ် နှလုံးသွေးများ၊
နာကျင်ခံခက်လွန်းတဲ့ဒေါသ...
အားလုံးရဲ့ဆုံမှတ်က .....
ပြောစရာစကားမရှိ၊ ငိုစရာမျက်ရည်မရှိ၊
အားတင်းစရာသတိမရှိ..
ကျောက်ရုပ်အတိပြီးသော ဇူလိုင်၁၉.. ။
ရပ်.. ရောက်ရာအရပ်မှာရပ်၊
ညွှတ်... ဦးခေါင်းကိုညွှတ်..
လေးစားမှုအတိနဲ့ဦးညွှတ်။
ချ... အလံတစ်ဝက်ချ..
ဝမ်းနည်းခြင်းအထိမ်းအမှတ်ဖြစ်
သတိတရ အလံတစ်ဝက်ချ။
ဆွဲ...ဥသြသံရှည်နဲ့
လွမ်းဆွတ်စွာအော်ညည်းရင်း
 ဥသြသံပြိုင်ဆွဲ။
၁၀နာရီ၃၇မိနစ်၄၇စက္ကန့်..
 ငါတို့သူရဲကောင်းတွေရဲ့ ဇီဝိန်ကို
အဆုံးမဲ့ခြွေယူခဲ့တဲ့ အချိန်နတ်ဆိုး
မိုးတွေကြွေတုန်းမှာကျခဲ့တဲ့လွမ်းမျက်ရည်
ဒီမိုးတွေကြွေချိန်တိုင်း
ဒီသမိုင်းရိုင်းရိုင်းကို အမှတ်ရနေပါ့မယ်
အဖေ။.....။

သန်းဇော်ထက်
၁၄.၇.၂၀၁၆
***************

◄ တည်စေ ►
@@@@@@@

စိတ်ချသွားပါ
နေအစင်းစင်းက
ကမ္ဘာတစ်ခုလုံး မလင်းနိုင်သော်လည်း
အရာအားလုံးကိုထိုးခွင်း
 သွေးနဲ့တည်ဆောက်ခဲ့တဲ့ အလင်းက
ကျနော်တို့အတွက် မနက်ခင်းကို
ပြခဲ့ပါပြီ။
စိတ်ချသွားပါ
သံချပ်ကာဝတ်ရုံ
 ခြုံလို့မလုံသော်လည်း
ကျည်အထပ်ထပ် ချဉ်းနင်းဝင်ခ
နံ့သာရောင်တိုက်ပုံ အရိပ်က
ကျနော်တို့အတွက်
လုံခြုံနွေးထွေးလှပါပြီ။
စိတ်ချသွားပါ
ကိုယ့်ထိုင်ခုံတစ်လုံးစာမြဲဖို့
ပြည်သူ့လည်မြို
သံငုတ်နဲ့ရိုက်
(ကိုယ်ကျိုးအတွက်) အားစိုက်ခဲ့သူမှ
မဟုတ်ဘဲ
တမလွန်မှာ ၀င်းရှင်းလင်းပ
လိပ်ပြာလှလှ ပျံနိုင်မှာပါ။
စိတ်ချသွားပါ
ကျွေးခဲ့တဲ့ထမင်း
ပေးခဲ့တဲ့အရိပ်အောက် လမ်းမပျောက်စေရဘူး … လို့
ရပ်
 ငြိမ်
ဥသြသံရှည်ဆွဲ
အလံတော် တိုင်တစ်ဝက်လျှောချ
ဥက္ခောင်းကိုညွှတ်
သည်မြေအထွတ်ကို
သက်သေအရာထား
ကျနော်တို့ ကတိစကားပါးတယ်
 ကြားနိုင်ပါစေ။

ကိုကြည်နိုင်
*************

သမိုင်း တစ်ဆယ့်ကိုး
@@@@@@@@@@

မင်း နင်းထားတဲ့ ` မြေ ´က ပြောတယ်၊
 မင်း ရှူ သွင်းတဲ့ ` လေ ´က ပြောတယ်၊
 မင်း ပြောတဲ့ ဘာသာစကားက ပြောတယ်၊
 မင်း သင်နေတဲ့ ကမ္ဘာကြီးထဲက
 မြေတစ်ကွက်စာက ပြောတယ်၊
နောက်ဆုံးမှာ
 ` မြန်မာ ´ ဆိုတဲ့ အမည်နာမက
အသံကုန် အော်ဟစ်လိုက်တယ် ...
`` သူတို့ ` ရှိ ´သွားခဲ့လို့ ငါတို့ ရှိလာခဲ့တာ ´´ တဲ့ ။

WaThan 79
************---

ဒါတို့ မြေ ဒါတို့ပြေ
@@@@@@@

ဒါတို့မြေ
ဒါတို့ပြေ(ပြည်)
လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်
နှလုံးသားထဲကပွင့်ထွက်လာတဲ့
လွမ်းဆွတ်အောက်မေ့ ခြင်းရဲ့အသံ
ကိုယ့်မြေပေါ်ကိုယ်ရပ်
ကိုယ့်လေကိုယ်ရှူသွင်း
ဒါလွတ်လပ်ခြင်းပဲ
သူတို့ရဲ့အသက်တွေရင်း
ဒီမြေကိုကျုပ်တို့အတွက်ဝကွက်အပ်ခဲ့
အသီးအပွင့်တွေစားသုံးရင်း
ဒီလိုနေ့ရက်ကကျေးဇူးတော်နေ့ပဲ
သူတို့အသက်နဲ့ပေးခဲ့တဲ့လွတ်လပ်ခြင်း အတွက်
၁၀နာရီ၄၅ သြဥသံကြားမယ်
ခြေစုံရပ်ဦးညွတ်စို့
စွန်ဝံ့သူတွေအတွက်မမေ့လျော့ခြင်းအသံတွေ
ဘ၀ဂ်ညံလိမ့်မယ်
 ရဲရဲဝံ၀ံဖွင့်ဆိုလိုက်
ဒါတို့ပြေ(ပြည်)
ဒါတို့မြေ

မိုးမြင့်သီဟ
********

Sunday, January 3, 2016

ကဗျာပြပွဲအတွက် ပေးပို့ထားသည့် ဆယ်ပုဒ်မြောက် ကဗျာ

၆၈ နှစ်ပြည့်
@@@@@@
လွတ်လပ်ရေးကို မျှော်တွေးခဲ့ကြ ….
လွတ်လပ်ရေးကို တောင်းဆိုခဲ့ကြ …
လွတ်လပ်ရေးရအောင် တိုက်ယူခဲ့ကြ …
ဂန္ဒီ၊ ဟိုဆေးရီဇာ၊ ဆွန်ယက်ဆင်
ဟိုချီမင်း … အာရှရဲ့ အလင်းတန်းတွေထဲမှာမှ
ငါတို့ရဲ့ အောင်ဆန်းဆိုတဲ့ အလင်းတန်းက ပိုတောက်ပ
မြန်မာပြည်ကို လွတ်လပ်ရေးစင်မြင့်ပေါ်တင်ပေးခဲ့
အဖိုးအောင်ဆန်းရေ …..
မြန်မာပြည်ရဲ့ လွတ်လပ်ရေးဟာ
၂၀၁၆ ရဲ့ ဇန်နဝါရီ ၄ ရက်ဆို
၆၈ နှစ် တင်းတင်းပြည့်ခဲ့ပေါ့ …..။
သက်နှင်း(ပဲခူး)

ကဗျာပြပွဲအတွက် နဝမမြောက် ပေးပို့ထားသည့် ကဗျာ

တို့ပြေ တို့မြေ
@@@@@@
"တရားမျှတလွတ်လပ်ခြင်းနဲ့ မသွေ
တို့ပြေ …
တို့မြေ …
များလူခပ်သိမ်း ငြိမ်းချမ်းစေဖို့
ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့မြေ …."
ကလေးဘဝက ဆိုခဲ့ကြရပေါ့ ….
တရားမျှတခြင်း လွတ်လပ်ခြင်းတွေနဲ့
မသွေဖည်တဲ့
ငါတို့ရဲ့ ပြေ(ပြည်)
ငါတို့ရဲ့ မြေ
တိုင်းပြည်ကြီး ငြိမ်းချမ်း
တိုင်းရင်းသားတွေ ငြိမ်းချမ်း
ငြိမ်းချမ်း ….
အေးဆေးငြိမ်းချမ်း …………
………………………………
................................
သေနတ်သံတွေ မကြားရဘူး
စစ်ဘေးရှောင် စခန်းတွေမရှိဘူး
သယံဇာတကျိန်စာတွေ မသင့်ဘူး။
ခွင့်တူညီမျှခြင်း
သမ္မတကြီးလည်း ပြည်သူ
ပြည်သူတွေကလည်း ပြည်သူ
ဘယ်သူမှ အခွင့်အရေးပိုမယူကြတဲ့မြေ ….
ချစ်စရာ ဘယ်လောက်ကောင်းလိုက်လေသလဲ
လွတ်လပ်ပါစေ မြန်မာပြေ(ပြည်)….
ငြိမ်းချမ်းပါစေ မြန်မာပြေ(ပြည်)….
ခွင့်တူညီမျှပါစေ မြန်မာပြေ(ပြည်)…..။
၆၈ နှစ်မြောက် လွတ်လပ်ရေးနေ့အား ဂုဏ်ပြုလျှက်
ခရေဖြူ (1.1.2016)
8:00 pm

ကဗျာပြပွဲအတွက် ပေးပို့လာသည့် အဋ္ဌမမြောက် ကဗျာပါ


လွတ်လပ် ဇန်နဝါရီ
@@@@@@@@@
နှင်းမှုန်ကြဲပက် ဇန်နဝါရီ ၄ရက်ရဲ့
နံနက် လေးနာရီ မိနစ် ၂၀
လွတ်လပ်ခဲ့ပေါ့
မြန်မာပြည် …..။
လွတ်လပ်ပြီဟေ့လို့
ကြွေးကြော် ပြည်သူတွေပျော်ရွှင်ကြပုံများ
အံ့သြဘနန်းဖြစ်လိမ့်မယ် ….
လွတ်လပ်မှုအထိမ်းအမှတ် အားကစားပွဲတွေကျင်းပ
လူငယ်ထုရဲ့ စိတ်ထဲ နှလုံးသားထဲကို
အားကစားစိတ်ဓာတ်နဲ့အတူ
လွတ်လပ်ရေး အသိပညာတွေ
ရိုက်သွင်း
လွတ်လပ်ခြင်းတို့ အရှည်တည်စေရမည် …..။
ချို ( သူရောင်း)

လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကဗျာပြပွဲသို့ ပေးပို့လာသည့် သတ္တမမြောက် ကဗျာ

လွတ်လပ်ရေး
@@@@@@
သာကီမျိုးဟေ့ ၊ တို့ဗမာ
ကြွေးကြော်ကာလေ
နေထိုင်လာခဲ့ ….။
ကျူးကျော်လာသူ ကုလားဖြူတွေကို
ဝါးရင်းတုတ်ကိုင် နှိပ်နင်းခဲ့ပေါ့ …။
ကုန်းဘောင်ခေတ်ရဲ့ ရာဇဝင်
သီပေါဘုရင်ကြောင့်
မှေးမှိန်ခဲ့ပေါ့ …..။
သူ့ကျွန်အဖြစ် နွံ့နစ်မခံ
တွန်းလှန်တော်လှန် တိုက်ခိုက်ခဲ့ကြ
ဗမာသွေးတို့ ရဲရဲနီ
သိုးဆောင်းသားတို့ တုန်လှုပ်ခဲ့ရ ။
မြန်မာပြည်ရဲ့ ခေါင်းဆောင်ဟာ
နတ်မောက်မြို့က ပေါ်ထွက်လာ
အမည်သညာ အောင်ဆန်းပါတဲ့ . . .။
ပြည်သူ့ဆန္ဒ ဦးရွက်ကာ
အသက်ပေးကာ ယူဆောင်ပေးခဲ့ …
လွတ်လပ်ရေး …ဟေ့….
လွတ်လပ်ရေး ……
မြန်မာပြည်ရဲ့ လွတ်လပ်ရေး . . .။
ကိုဥာဏ် (ဟဲနု) 

Monday, December 28, 2015

လွတ်လပ်ရေးနေ့ ကဗျာပြပွဲအတွက် ပေးပို့လာသည့် ဆဋ္ဌမမြောက် ကဗျာ



လွတ်လပ်ရေးးး ´ သို့ ....
@@@@@@@@@@@
* ဧည့်သည် က သခင်ဖြစ် ...
အိမ်ရှင် က ကျွန် ဖြစ် တဲ့ ဇာတ် ...
ခင်ဗျားးး တို့ ကြည့်ခဲ့ ဖူး လား ???
* အဲ့ဒီ အချိန်က ကမ္ဘာ့ဇာတ်ခုံပေါ်မှာ ...
ရေပန်းစားးးး လူကြိုက်များ ခဲ့တာက
ဘာတဲ့ .....
ကိုလိုနီ ဆိုလားးး နယ်ချဲ့ ဆိုလားးးးး
.........
...................
ကမ္ဘာကြီး ခမျာ သွေးတွေကို စွန်းလို့ .... ။
* ကြီးကျယ် တောင့်တင်းသော အင်ပါယာ ...
လောဘ ရမ္မက်ဇော နဲ့
မဟာ ဂုဏ်သိက္ခာတွေကြားးးးးးးး
အမှန်တစ်ကယ် နစ်နာရတာက
အသိမကြွယ် ... အင်အားငယ်လှ သူတွေလေ ။
* လိုရာပုံသွင်း ဂုတ်တက်နင်းပြီးးးး
ငါတို့ တွေဆီက .....
အနှစ်ဆိုတာတွေကြီးးးးး
သယ်ထုတ်သွားကြမယ် ထင်ပါရဲ့ ... ။
* အားမသန်လို့ မာန်လျှော့ခဲ့ရပေမဲ့ ...
အမှန်တော့ .....
နှစ်တစ်ရာ ကျော်ကျော်
ကော့ နေအောင်ခံစားခဲ့ ကြရမယ်ဆိုတာ
အဘိုးအဘေးးးး တို့ ကို
ကိုယ်ချင်းစာ ... ကိုယ်ချင်းစာ ...
............
ငါတို့ အားလုံးသည် မြန်မာ ( ဗမာ ... ) ။
* ထီး ၊ နန်း ၊ ကြဌာန်း ပျောက်လို့ ....
ုကုလား အဖြူ ၊ ကုလား အမဲ တို့
ရောက်လာလိုက်တာ ....
ခုချိန်ထိ ဆိုးမွေတွေ ကျန်တုန်းးးး
ကျန် နေတုန်းးးး ။
* ဆွေရင်း မျိုးရင်း တွေကို သွေးခွဲလို့ ....
ပြည်မ နဲ့ တောင်တန်းးးးးး
သပ်လျှို လို့ ထမ်းခိုင်းခဲ့တာလည်းးးး
သင်းးး တို့ရဲ့ ဗျူဟာ ....
ယုတ်မာမှု တွေပါ ..... ။
* သူတို့ .... သူတို့ တွေ .......
ဂုတ်သွေးစုပ် ခြေရှုပ်ခဲ့ သမျှ .....
အဘိုး အဘေး တို့ .....
တုပ်တုပ်မလှုပ် ခဲ့ကြတာမဟုတ်
အားချင်းမမျှ အရာရာကွာခြားခြင်းက
သူတို့ ....
အသက် ခန္ဓာ တွေ စတေးးးးး
ဆုံးရှူံးမှုတွေပဲ ပေးခဲ့ရတယ် လေ ။
* နောက်ဆုံးးးးးးး
........
.................
ပညာ ဥာဏ်သုံးးးး သံမဏိ နှလုံး နဲ့ ...
အောင်ဆန်းးးး တစ်ခေတ်
သုံးကျိတ် ခေတ် ရောက်မှ
သင်းးးး တို့တွေ ....
ဖရိုဖရဲ အလဲလဲ အကွဲကွဲ နဲ့
ဖျာလိပ် ဆွဲခဲ့ကြရတယ်ပေါ့ ။
ဒါကြောင့် .....
ခေတ် အဆက်ဆက် ....
နှစ် အထက်ထက် က .....
နှလုံးသွေး လက်ရုံးချွေး တွေ ထုတ်လို့
လွတ်လပ်ဖို့ ....
အသက်ကို ဖက်နဲ့ထုပ်
ကြိုးကုပ်ခဲ့သူတွေအတွက် ....
ဒီနေ့ ....
ဒီကဗျာ နဲ့ ...
` လွတ်လပ်ရေးနေ့ ´ ဆိုတာကို
ရွှေပိန်းးးးး ချလိုက် ပါတယ် ။
လူးငယ်
28 .12 . 2015
( ၆၈ နှစ်ပြည့် လွတ်လပ်ရေးနေ့ ကို
ဂုဏ်ပြု ကြိုဆိုသော အားဖြင့် ..... 

Saturday, December 26, 2015

လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကဗျာပြပွဲသို့ ပေးပို့လာသည့် ပဉ္စမမြောက်ကဗျာ

လွတ်လပ်ရေး
@@@@@@@
မြန်မာ အစ
တကောင်းကတဲ့ ....
သာကီနွယ်မျိုးတို့ ဂုဏ်မရိုးခဲ့ပါဘု ....
ကုန်းဘောင်ထိုခေတ်မှာဖြင့်
ကျူးကျော်စစ် သုံးကြိမ်ပြုကာ
မျက်နှာဖြူ အင်္ဂလိပ်မျိုးတို့က
တို့ပြည်ကို သိမ်းကာပိုက်လို့ ....
ထီးနန်းလည်းပျောက် ကျွန်ဘဝရောက်ခဲ့ရပေ။

တို့မြန်ပြည်တစ်လွှားဆီက
ချင်း၊ ကချင်၊ ကရင်နဲ့ ကယား စတဲ့
တိုင်းရင်းသားအပေါင်းကလည်း
သူ့ကျွန်အဖြစ် နွံ့နစ်မခံပါဘုဆိုပြီး
ရရလက်နက်ကို စွဲကိုင်
မြန်မာတို့ သမိုင်း မရိုင်းရအောင်
တော်လှန်ခဲ့ကြသပေါ့ ။

ထိုမှတဖန်
မြန်ပြည်အတွက် ပေးဆပ်ခဲ့သူရဲကောင်းဇာနည်
သခင်အောင်ဆန်းနဲ့တစ်ကွ အပေါင်းအပါတွေ
ကျေးဇူးကြောင့် ...
၁၉၄၈ ခုနှစ်ရဲ့ ဇန်နဝါရီ ၄ ရက်ရဲ့
နံနက် ၄ နာရီ ၂၀ မိနစ်မှာ
လွတ်လပ်ပြီတဲ့ ....
လွတ်လပ်ပြီ ....
တို့မြန်ပြည် တစ်ခွင်လုံး
ပျော်မဆုံးဆုံး တပြုံးပြုံး ....။

ညောင်ပင်သာသားလေး မောင်ပေါက်

Wednesday, December 23, 2015

လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကဗျာ ပြပွဲအတွက် စတုတ္ထမြောက် ပေးပို့လာသည့် ကဗျာ

သို့ .... ဇန်နဝါရီ
@@@@@@@@
အာဏာရှင်တွေက
သူကျူးလို့ ကိုယ်ကျော်
ကျူးကျော်စစ်တွေအကြောင်းပြု
နယ်မြေသစ်ချဲ့ထွင်မှုဆိုဆို
ကမ္ဘာကြီးရဲ့ နာဖျားမှုအစမှာပဲ
ကံဆိုးသွားတဲ့ နိုင်ငံတွေ . . .
ကျွန်ပြုခံခဲ့ကြရ ....။

လည်သူ စားစတမ်းခေတ်ကြီးမှာ
ဘရူးရင် ဘုရင်ရူးတွေက
ဟင်္သာကိုးသောင်းဇာတ်ကိုခင်း
ဇာတ်တူသားတွေစားလို့
သာကီနွယ်ဖွားတို့
ဟို ... အနောက်က မျက်နှာဖြူများကို
ဘုရားထူးရလေပြီပေါ့ . . . .။

သခင်အားရ ကျွန်ပါးဝဆိုတဲ့
စကားပုံအောက်မှာ
ဖိနှိပ်ရုံတင်အားမရ ချုပ်ခြယ်မှုပါပေါင်းထည့်
တုံးအောက်ကဖားတွေဘဝ
ပြားလည်း ဖား
ဖားလည်း ပြား
ငနင်းပြားတွေရဲ့ဘဝ
ခြုံဖို့ ချွတ်စရာမရှိ
ချွတ်ခြုံကျခဲ့ရ ......။

လစ်လပ်သွားမှ လွတ်လပ်မှုကို တမ်းတ
၁၉၂၀ ကျောင်းသားသပိတ်ကြီးကစလို့
ဥာဏ်အလင်းပွင့်
တော်လှန်ခြင်း ဂီတသံတွေရုန်းကြွ
မျိုးချစ်စိတ်ဓာတ်တို့ နိုးထခဲ့ကြလေပြီ .......။

ကျွန်သက်ရှည် ပညာရေးတွေအလိုမရှိ ...
ကျွန်သက်ရှည် အုပ်ချုပ်ရေးတွေအလိုမရှိ ....
ဖိနှိပ်မှုတွေကို တွန်းလှန်ပါ ....
ချုပ်ခြယ်မှုတွေကို တော်လှန်ပါ .....
တရားမျှတခြင်းတွေအတွက်
လှံလှံခြင်း ဓါးဓါးခြင်း
သေနတ် သေနတ်ခြင်း
တောင်းယူလို့မရတဲ့ လွတ်လပ်ခြင်းကို
တိုက်ယူဖို့ ကြိုးစားခဲ့ကြ ....။

ဒီမြေ၊ ဒီရေ၊ ဒီလေ ....
တိုပြေ ၊ တို့မြေ .....
လွတ်လပ်မှုတရားတွေအတွက်
တရားမမျှတမှုများစွာအောက်မှာ
ကျပျောက်ခဲ့ရတဲ့ အသက်တွေ
ပေးဆပ်ခဲ့ရတဲ့ ဘဝတွေ
အို ..... မရေမတွက်နိုင်အောင်ပါပဲ .....။

ဇန်နဝါရီ ၄ ရဲ့ လွတ်လပ်ခြင်းတရားအောက်မှာ
ငါတို့ မျိုးဆက်သစ်တွေ ရေရွတ်ရမှာက
" တရားမျှတ လွတ်လပ်ခြင်းနဲ့ မသွေ ....
ဒို့ပြေ .... ဒို့မြေ ...........................။

ဒီပံ ( လေးတန်မြေ)

Sunday, December 20, 2015

လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကဗျာပြပွဲအတွက် တတိယမြောက် ပေးပို့လာတဲ့ ကဗျာ

အဓွန့်ရှည်စေသော်ဝ် . . .
@@@@@@@@@@@

ကိုယ့်ထီး ကိုယ့်နန်း
ကိုယ့်ကြငှန်းကို
ဝင်ရောက်ဖြိုဖျက်
သိမ်းပိုက်ပစ်လိုက်ပြီး
နေမဝင်အင်ပါယာရဲ့
ကိုလိုနီအဖြစ် သွပ်သွင်း
လွတ်လပ်ခြင်းတွေ ပျက်သုဉ်းသွားခဲ့ . . .။

မတရားမှုတွေကို ဖြိုခွင်း
လွတ်လပ်ခြင်း အလင်းတစ်စအတွက်
အသက် ၊ သွေး ၊ ချွေးပေါင်းများစွာ
ပေးဆပ်ပစ်ခဲ့ကြရ . . .
သမိုင်းစာမျက်နှာမှာ
ရရာလက်နက်စွဲကိုင်တော်လှန်ခြင်းလို့
ရေးခြစ်ပစ်ခဲ့ . . . .။

ထလော့ ....
နိုးထကြလော့ . . .
သခင်မျိုးဟေ့ . . .
တို့တစ်ထွေ . . .
ဗမာပြည်သည် တို့ပြည်လို့
ကြွေးကြော်ခဲ့ခြင်းကိုက
အမျိုးသားစိတ်ဓာတ် ပြန်လည်နိုးထလာခြင်းတဲ့ . . .။

ဟော . . .
အင်္ဂလိပ်အခက်
ဗမာ့အချက်တဲ့ . . .
ထွက်ရပ်ဂိုဏ်းက စလိုက်တာ
ဘီအိုင်အေက
အင်္ဂလိပ်တွေကို မောင်းထုတ်ပစ်ခဲ့ပေါ့ ....။

ကျားထက်ဆိုးတဲ့ ရှင်ကြီးတွေကိုလည်း
ဘီဒီအေက တိုက်ထုတ်
ပင်လုံဆိုတဲ့ ရှမ်းနယ်မြေမှာ
တောင်တန်းမြေပြန့်
စည်းလုံးခြင်းတွေ ပြသနိုင်ခဲ့ပေါ့ . . . .။

၁၉၄၈ ခုနှစ် ဇန်နဝါရီလရဲ့
နံနက် လေးနာရီ နှစ်ဆယ်မိနစ်
ယူနီယံဂျက်အလံဖြုတ်ချ ....
နိုင်ငံတော်အလံကို လွှင့်တင်
ငါတို့ လွတ်လပ်ခြင်းတွေ ....
ကမ္ဘာသိခဲ့ပြီ . . . .။

အဲ့ဒီ လွတ်လပ်ခြင်းတွေက အစပြု
ငါတို့ . . .
ပြည်သူအားလုံးအတွက်
တိုင်းရင်းသားအားလုံးအတွက်
တန်းတူညီမျှဝါဒဖြူစင်ခြင်းတွေ
ယူဆောင်ပေးစေ . . .
ငြိမ်းချမ်းခြင်းတွေ ယူဆောင်ပေးစေ . . .
၆၈ နှစ်မှသည် . . .
နှစ်ပေါင်းများစွာ တည်တံ့စေသော်ဝ် . . . ။
A,yan (20.12.15)

Saturday, December 19, 2015

လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကဗျာပြပွဲအတွက် ဒုတိယမြောက်ပေးပို့လာသည့် ကဗျာပါ

ဇန်နဝါရီ
@@@@@@@
နှင်းစက်တွေကိုအံတု
လွတ်လပ်ရေးပွဲတော်ကိုအကြောင်းပြု၍
အားကစားနှင့် ဖျော်ဖြေပွဲများ
ကျင်းပကြသည်
လ ဇန်နဝါရီ။
ရှေ့ဆက်၍လည်း အနာဂတ်သစ်တွက်
စိတ်ဓါတ်အသစ်
ခွန်အားသစ်ဖြင့်
ရှေ့ဆက်ကြမည်။
ဇန်နဝါရီ နှစ်အစမှသည်
နှစ်ပေါင်းထောင်ချီ။
ဆီးနှင်းတပေါက်ပေါက်
မိုးနှင်းတဖြောက်ဖြောက်
အေးစက်စက်လေတွေကြားက
မိနစ် နှစ်ဆယ်နှင့်
လေးနာရီ။(4:20AM)

Naychi Nway Nwayု

Friday, December 18, 2015

အဲ ဒီ နေ့ . . . ( လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကဗျာပြပွဲ ပထမဆုံး ကဗျာ


အဲ ဒီ​ နေ့
@@@@

ဆီရာလီယွန်​နိုင်​ငံတွင်​ အီဘိုလာဗိုင်းရပ်​စ်​ ကင်းစင်​ပြီ ။
ငါတို့​ကောင်းကျိုးလုပ်​​ပေးရင်​ ငါတို့မိတ်​​ဆွေ
ငါတို့ချုပ်​ကိုင်​ထားတာ​တွေ ဘာလို့​ဖြေ​လျှော့ရတာလဲ
ငါတို့အမိန့်​​တွေကို ဘာလို့ဆန့်​ကျင်​တာလဲ
ပြည်​သူ​တွေဆီမှာ အာဏာရှိတယ်​ဆိုတာ ငါတို့ မယုံဘူး ။

ငါတို့က ဘာလို့ ပွင့်​ပွင့်​လင်းလင်း​ပြောရမှာလဲ
ငါတို့က ဘာလို့ထင်​သာမြင်​သာ​နေရမှာလဲ
ငါတို့က ဘာအ​ကြောင်းကိုသိရမှာလဲ
ငါတို့က ငါတို့အကျိုးကိုသိ​နေတာပဲ
ပြောင်းချိန်​တန်​ပြီ ​ပြောတဲ့လူ​တွေကို ငါတို့မုန်းတယ်​ ။

ငါတို့ပိုင်​ဆိုင်​တာ​တွေ ဘာလို့ပြရမှာလဲ
ငါတို့က ဘာလို့အခွန်​​ဆောင်​ရမှာလဲ
ငါတို့ သိမ်းယူခဲ့တာ​တွေ ပြန်​​ပေးရပြီ
အဲဒီလိုလုပ်​တဲ့ ဒီမိုက​ရေစီနဲ့ လူ​တွေကိုမုန်းတယ်​ ။

ငါတို့က အတိတ်​ကံ​ကြောင့်​ ​ကောင်း​နေတာ
လူအများက အတိတ်​ကံ​ကြောင့်​ ဆင်းရဲ​နေတာ
ငါတို့ကြမ်းချင်​တိုင်း ကြမ်းလို့မရတာ
ငါတို့လုပ်​ချင်​တိုင်း လုပ်​လို့မရတာ
ငါတို့​နေချင်​တိုင်း ​နေလို့မရတာ
အဲဒါ​ကြောင့်​ အဲဒီလူ​တွေကို ငါတို့မုန်းတယ်​ ။

အပြုတ်​ထင်​လို့ အထင်​ပြုတ်​ရင်​ အထုပ်​ပြင်​​တော့ အပြင်​ထုတ်​မယ်​ ။
ထု ခံ မှ ခံ ထု
ပြည်​သူလူထုက ​ပြောပါတယ်
ကဲ . . . သင်​တို့ သွားသင့်​ရာ သွားကြ​ပေ​တော့
အာဏာရှင်​​တွေကို အလိုမရှိပြီ ... ။

ငြိမ်းစိုးဦး
( 11 ; 11 ; 2015 )

Tuesday, December 8, 2015

facebook မှာ ရင်ဖွင့်တဲ့ မော်လူးဒေသသားရဲ့ ကဗျာလေး ပါ

Ko Mg  fb  မှ



မူးရစ်တဝေဝေ မော်လူးမြေမှ
ရွှေလေးတန်သား သူငယ်ချင်းများရယ်
အလင်းရောင်မှာ ပုလင်းထောင်တာ မတွေ့ရတော့ပါလားကွာ
အမှောင်ထုမှာ လူစုပြီး တီးတိုးစကားပြော
အမှောင်တောမှာပဲ ပျော်နေတော့မှာလား
ဟိုအရင်ကဆို ဝိုင်ချိုချိုမှာအတူသောက်
စ,နှောက်ခြင်းတွေ ဗွေမယူတန်းပေါ့
ခုတော့ လမ်းမှာတွေ့ မေ့သလိုလို
ဘယ်လဲမေးတော့ ဟိုလိုလို
ဆိုင်းပုဒ်ကလေး ရေးလိုက်မယ်
မီးသတိ ပြုပါ ကိုကို ။ ။

Sunday, September 27, 2015

ချစ်ဦးမေ . . .



ချစ်ဦးမေ

အချစ်မယွင်း
သစ္စာခင်းလျက်
ချစ်ဦးမေ့ကို
မုန်းရစ်လေဘူး
ချစ်ဦးမေရေ။
ကာလတာရှည်
အညာပြည်မှ
တာမာဖြူပွင့်လေတိုင်း
မောင့်မှာမူမျက်ရည်ဝိုင်း၍
လွမ်းရက်ဆက်နှင့်
နွမ်းလျက်ကယ်ပျော်မရွှင်
မောင့်ကိုမြင်လျှင်
ချစ်ဦးမေသည်
မုန်းရစ်လေဘူး
အချစ်ဦးဟု
ဆိုလေမည်လား။
တမ်းတမိသည်။
မှန်းဆမိသည်။
ချစ်ဦးမေရေ။

နေခြည်နွေးနွေး