>>မတ်လ (၉) ရက်နေ့ နေကြတ်မည်။<<<
လာမယ့် ၂၀၁၆ ခုနှစ် မတ်လ (၉) ရက် (တပို့တွဲ လကွယ်နေ)့ မှာတော့ နေအပြည့်အဝကြတ်ခြင်း ဖြစ်စဉ်ကို မြန်မာနိုင်ငံမှ မြင်တွေ့ရမှာဖြစ်ပါတယ်။ နေကြတ်ခြင်းဟာ လကွယ်နေ့မှာ ဖြစ်ပေါ်တတ်ပြီး လကြတ်ခြင်းကတော့ လပြည့်နေ့မှာ ဖြစ်ပေါ်ပါတယ်..။
နေ ကြတ်တယ်ဆိုတာကတော့ နေ နဲ့ ကမ္ဘာကြားကို လ ကရောက်ရှိသွားပြီး လရဲ့အရိပ်ဟာ ကမ္ဘာပေါ်ကို ကျရောက်ခြင်းဖြစ်ပါတယ်။ ကမ္ဘာပေါ်က ကြည့်လျှင်တော့ နေကို လက ဖုံးကွယ်သွားပြီး နေ့ဘက်မှာ ရုတ်တရက် မှောင်မိုက်သွားမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှ အများဆုံး ၅၄% နေကြတ်ခြင်းကိုသာ မြင်တွေ့ရပါမယ်။ ၁၀၀% ကို အင်ဒိုနီးရှားနိုင်ငံမှာ အများဆုံး မြင်တွေ့ရပါလိမ့်မယ်..။ (မြေပုံကိုကြည့်ပါ။)
မြင်ရမယ့်အချိန်ကတော့ နံနက်ခင်း နေထွက်ခါစ အချိန်ဖြစ်ပါတယ်။ တနင်္သာရီ ဒေသမှာ ပိုပြီး မြင်နိုင်ပါတယ်။ ရန်ကုန်မြို့မှ မြင်တွေ့ရမယ့် ခန့်မှန်းအချိန်ကိုတော့.. အောက်မှာ ဖော်ပြထားပါတယ်။ MMT = Myanmar Time
06:49 MMT – 26%
06:59 MMT – 31%
07:09 MMT – 30%
07:19 MMT – 25%
07:29 MMT – 17%
07:39 MMT – 9%
07:49 MMT – 2%
နေကြတ်ချိန်မှာ နေမင်း နဲ့ လမင်း တည်ရှိနေမယ့် ကြယ်တာရာကတော့ Aquarius လို့ခေါ်တဲ့ ကုမ်ရာသီ ကြယ်တာရာပဲ ဖြစ်ပါတယ်။
နေကြတ်ခြင်းကို မျက်စိဖြင့် တိုက်ရိုက်မကြည့်ရန် သတိပေးလိုပါတယ်။ ကြည့်မယ်ဆိုလျှင်တော့ မျက်စိကို နေကာကွယ်တဲ့ မျက်မှန်မျိုးဖြင့် သေချာစွာ ကာကွယ်ပြီးမှသာ ကြည့်သင့်ပါတယ်။ တယ်လီစကုတ်နှင့် သွယ်ဝိုက် ကြည့်ရှုနည်းကိုလည်း ဖော်ပြပေးသွားပါမယ်။
အနာဂတ်လူငယ်များအတွက်..
သန့်ဦး (အာကာသနှင့် စကြဝဠာ)