မော်လူး ဒေသမှ အွန်လိုင်း သုံစွဲသူများကို မော်လူးရွာသားများအဖွဲ့မှ လှိုက်လှဲစွာ ကြိုဆိုပါတယ်ဗျာ... မော်လူးဒေသ နှင့် ပတ်သက်ပြီး သိမှတ်ဖွယ်ရာများ ရှိပါက mawluuvillagers@gmail.com သို့ ပို့ပေးကြပါ..
Thursday, January 22, 2015
Wednesday, January 21, 2015
Tuesday, January 20, 2015
ဖုန်ကုန်း ဆရာတော်၏ ဆံတော်များ လုံးပြီး ဆံပွားများဖြစ်ပေါ်နေ
ဘဝနတ်ထံ ပျံလွန်တော်မူသည့် ဖုန်ကုန်းတောင် မင်္ဂလာကျောင်းတိုက် ဆရာတော်
> ဘဒ္ဒန္တ ဝိသုဒ္ဓမထေရ်၏ ဆံတော်များမှ ဆံလုံး ဆံတော်ပွားများ
> ဖြစ်ပေါ်လျှက်ရှိ
> မော်လူး၊ ဇန်နဝါရီ ၂၀
> @@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
> စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊ ဖုန်ကုန်းတောင်
> မင်္ဂလာကျောင်းတိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တ ဝိသုဒ္ဓ မထေရ်သည် ဇန်နဝါရီ ၁၈
> ရက်နေ့တွင် ဘဝနတ်ထံသို့ ပျံလွန်တော်မူခဲ့ပြီး ဆရာတော်၏ ဆံချထားသည့်
> ဆံတော်များမှာ လုံးပြီး ဆံတော်ပွားများ ဖြစ်ပေါ်လျှက်ရှိကြောင်းကို
> ဇန်နဝါရီ ၂၀ ရက်နေ့က တွေ့ရှိရသည်။
>
> ဆရာတော်လောင်းလျာကို ကချင်ပြည်နယ်၊ ချီဗွေမြို့၊ တမူကျေးရွာတွင် ၁၂၉၈
> ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၃ ရက် ဗုဒ္ဓဟူးနေ့တွင် အဖ ဦးလဆန်းနော်၊ အမိ
> ဒေါ်ယိန်းလုံတို့မှ ဖွားမြင်သော ဒုတိယမြောက်သားဖြစ်သည်။ ကချင်မျိုးနွယ်
> လာချိတ်တိုင်းရင်းသားဖြစ်ပြီး မဂေါင်မူလတန်းကျောင်းတွင်
> ပညာသင်ကြားခဲ့ပြီး အသက်(၁၆)နှစ်မှ (၂၆)နှစ်အရွယ်ထိ ကိုးနှစ်ကျော်
> ဆယ်နှစ်နီးပါး တိုင်းပြည်၏ ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ခဲ့ပြီး၊
> အသက် ၂၂ နှစ်အရွယ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊
> မော်တိတ်ကျေးရွာသူနှင့် အိမ်ထောင်ကျကာ သားလေးဦး သမီးတစ်ယောက်
> ထွန်းကားခဲ့သည်။ ခရစ်ယာန်ဘာသာမှ ဗုဒ္ဓဘာသာသို့ကူးပြောင်းကာ အသက် ၃၀
> အရွယ်တွင် ဒုလ္လဘ ရဟန်းပြုလျှက် သတိပဋ္ဌာန် ဝိပဿနာတရားများကို
> ကြိုးစားအားထုတ်လျှက် တစ်ဖန် ၁၃၄၇ ခုနှစ်တွင် ဝန်းသိုမြို့ ခန္တီးရိပ်သာ
> ဆရာတော်၏ ပစ္စယ ဓမ္မ ထောက်ပံ့မှုဖြင့် သာသနာဘောင်တွင် ပျံလွန်တော်မူသည့်အထိ
> ဝိပဿနာ တရားတို့ကို ကိုယ်တိုင်ကြိုးစားအားထုတ်ခြင်း၊ တကည့် ဒါယိကာ
> ဒါယကာမတို့အားလည်း တရားစခန်းများဖွင့်လှစ်ကာ ဝိပဿနာတရားများကို
> ပွားများအားထုတ်ခွင့်ရစေနိုင်ရန် ဟောပြောပြသနည်းလမ်းပေးခြင်းများကို
> စဉ်ဆက်မပြတ် ဟောပြောပြသတော်မူခဲ့သည်။ ဆရာတော်သည် သက်တော် ၇၉နှစ်
> သိက္ခာတော် ၃၀ပြည့် ၁၃၇၆ ခုနှစ် ပြာသိုလပြည့်ကျော် ၁၄ ရက်(၂၀၁၅ ခုနှစ်
> ဇန်နဝါရီ ၁၈ ရက်) နေ့လည် ၂ နာရီ ၂၀ မိနစ်တွင် ကချင်ပြည်နယ်
> မိုးညှင်းမြို့နယ် မြို့သစ်ကလေးကျေးရွာ ဥတ္တရာသီရိကျောင်းတွင်
> ဘဝနတ်ထံပျံလွန်တော်မူခဲ့သည်။ ကြွင်းကျန်ရစ်သော ရုပ်ကလာပ်အား ဆရာတော်၏ မိန့်မှာချက်အရ ၁၃၇၆ ခုနှစ် တပို့တွဲလဆန်း ၂ ရက်(၂၀၁၅ ခုနှစ် ဇန်နဝါရီ
> ၂၁ရက်) နေ့လည် ၂ နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊
> အင်းတော်မြို့နယ်၊ ဖုန်ကုန်းတောင် သီရိမင်္ဂလာကျောင်းတိုက်တွင်
> မီးသဂြိုဟ်ပြီး ဂူသွင်းပူဇော်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
မော်လူးတွင် ဈေးရောင်းပွဲတော်ကျင်းပ
> မော်လူးတွင် မြင့်သော်တာထွန်း ကုမ္ပဏီလီမိတက်မှ စုစည်းကျင်းပသည့်
> ဈေးရောင်းပွဲတော် စည်ကား
> မော်လူး၊ ဇန်နဝါရီ ၂၀ @@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
> စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူး
> ဆက်သွယ်ရေးစာတိုက်နှင့် ဟဲနုကျေးရွာ အခြေခံပညာ မူလတန်းကျောင်းအကြားရှိ
> ယခင် စိုက်ပျိုးရေးရုံးမြေနေရာဟောင်းတွင် မြင့်သော်တာထွန်း
> ကုမ္ပဏီလီမိတက်မှ စုစည်းကျင်းပသည့် ဈေးရောင်ပွဲတော်တွင်
> ရောင်းချသူဝယ်ယူသူများဖြင့် စည်ကားလျှက်ရှိကြောင်း ဇန်နဝါရီ ၂၀ ရက် ည
> ၈နာရီက မြင်တွေ့ခဲ့ရသည်။
> အဆိုပါဈေးရောင်းပွဲတော်တွင် အဝတ်အထည်များ၊ မီးဖိုချောင်းသုံးပစ္စည်းများ၊
> အီလက်ထရောနစ် ပစ္စည်းများ၊ အလှကုန် ပစ္စည်းများ၊ ကလေးကစားစရာ
> ပစ္စည်းမျိုးစုံ၊ စားသောက်ဖွယ်ရာများ စုံလွင်စွာဖြင့် ရောင်းချလျှက်ရှိပြီး မော်လူးဒေသရှိ ကျေးရွာအသီးသီးမှ လာရောက်
> လေ့လာဝယ်ယူကြသူများ၊ အမှတ်တရလက်ဆောင်ပစ္စည်း ဝယ်ယူသူများ၊ ထူးဆန်းထွေလာ
> ပစ္စည်းများ ဝယ်ယူစုဆောင်းကြသူများဖြင့် စည်ကားလျှက်ရှိသည်။ ပွဲတော်တွင်
> လူကြီးများအတွက် ကုန်ပစ္စည်းမျိုးစုံ ရောင်းချပေးရုံမကပဲ ကလေးငယ်များအတွက်
> စိတ်ကြိုက်တွေ့စေမည့် Happy World ကစားကွင်း၊ ချားရဟတ်၊ အပျော်စီး
> ပင်လယ်ဓားဒမြရွက်လှေများပါရှိသကဲ့သို့ လူငယ်များအကြိုက်တွေ့
> ပျော်ရွှင်စေမည့် ကုန်ပစ္စည်းအရောင်းမြင့်တင်ရေး စင်တင်တေးဂီတ၊
> မော်ဒယ်ရှိုးများဖြင့် အကအလှစုံလင်စွာ တင်ဆက်ဖျော်ဖြေပေးနေသဖြင့်
> ယခင်နှစ်ဈေးရောင်းပွဲတော်ထက် ပိုမိုစည်ကားကြောင်း ဒေသခံတစ်ဦးမှ
> ပြောပြသည်။
> " ဒီဈေးရောင်းပွဲတော်မှာ ဈေးဆိုင်ခန်းပေါင်း ၆၀ ခန့်ရှိပြီး တစ်ခန်းကို
> အကျယ် ၁၄ ပေပတ်လည် လျှပ်စစ်မီးပွင့်တစ်ပွင့်နဲ့ ၂၀ လီတာဝင် သောက်ရေသန့်
> တစ်ဗူးကို ပွဲတော်ရက် ၅ ရက်ထိကို ၆၅၀၀၀ ကျပ် ပေးရပါတယ်။ ပွဲတော်ကို
> လာရောက်ကြသူတွေကများပါတယ်။ ရောင်းချရမှုကတော့ အခြားမြို့နဲ့စာရင်
> ရောင်းအားနည်းပါတယ်။ "ဟု ဈေးရောင်းပွဲတော်တွင် အဝတ်အထည်များ ရောင်းချနေသည့် ဆိုင်ခန်းပိုင်ရှင်တစ်ဦးမှ ပြောပြသည်။
> "ဈေးရောင်းပွဲတော်မှာ ရောင်းချတဲ့ ပစ္စည်းတွေက အမျိုးအမည်စုံလင်ပြီး
> ဈေးနှုန်းကလည်း သင့်တယ် ပြောရမှာပါ။ ဒါပေမယ့် ကျွန်မတို့ဒေသမှာ ပွဲတွေများနေတာမို့ သိပ်မဝယ်နိုင်ပါဘူး။ ဒါ့အပြင် ကျွန်မတို့
> မော်လူးဒေသရဲ့ နှစ်စဉ်ကျင်းပမြဲပွဲတော်ဖြစ်တဲ့ သမိုင်းဝင်
> ဒီပင်္ကရာစေတီတော်မြတ်ကြီးရဲ့ ဗုဒ္ဓပူဇနိယပွဲတော်ကြီးရောက်ဖို့ကလည်း
> ရက်အနည်းပဲလိုတော့သလို အခုဈေးရောင်းပွဲတော်နဲ့ ဟဲနုကျေးရွာ
> တပ်ဦးဓာတ်ပေါင်းစု စေတီတော် ဗုဒ္ဓပူဇနိယပွဲနဲ့လည်း
> တိုက်ဆိုင်နေပြန်ဆိုတော့ ဈေးပွဲတော်ကို
> လာပြီးလှည့်လည်ကြည့်ရှုသူသာများပြီး တကယ်ဝယ်ယူတဲ့သူက နည်းမယ်ထင်ပါတယ်။"ဟု
> ဈေးရောင်းပွဲတော်သို့ လာရောက်သူ မောလူးဒေသခံ အမျိုးသမီးတစ်ဦးမှ
> ပြောပြသည်။
> ဈေးရောင်းပွဲတော်အား မြင့်သော်တာထွန်း ကုမ္ပဏီမှ
> စုစည်းကျင်းပခြင်းဖြစ်ပြီး မော်လူးတွင် ဇန်နဝါရီ ၁၈ ရက်မှ ၂၂ ရက်နေ့အထိ
> နေ့စဉ်နံနက် ၉ နာရီမှ ည ၁၀ နာရီအထိ ၅ ရက်တိုင်တိုင် ရောင်းချမည်ဖြစ်ပြီး၊
> ကသာမြို့သို့ သွားရောက်ကာ ဆက်လက်ရောင်းချကြမည်ဖြစ်ကြောင်း၊
> ဈေးရောင်းပွဲတော်ကာလဖြစ်သည့် ပွင့်လင်းရာသီတွင်
> ရှမ်းပြည်မြောက်ပိုင်း/တောင်ပိုင်းဒေသများ၊ ကချင်ပြည်နယ် ဗန်းမော်မြို့၊
> စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့၊ မော်လူး၊ ကသာမြို့များမှ တစ်ဆင့်
> မိုးမကျမှီအထိ ဈေးရောင်းပွဲတော်ကို အမြို့မြို့အနယ်နယ်သို့
> ဆက်လက်ပြုလုပ်ရောင်းချသွားမည်ဖြစ်ကြောင်းကို ဈေးရောင်းပွဲတော်တွင်
> လိုက်ပါပြီး ဈေးရောင်းသူ တစ်ဦးထံမှ သိရသည်
Monday, January 19, 2015
မော်လူး မီးရထားဘူတာမှာ ရထားစီးဖို့ စောင့်ဆိုင်းသူများ သတိထား
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူး မီးရထားဘူတာတွင် ဇန်နဝါရီ ၁၇ ရက် ည ၈ နာရီအချိန်ခန့်တွင် မော်လူး မီးရထားဘူတာတွင် မီးရထားစီးရန် စောင့်ဆိုင်းနေသည့် ခရီးသွားအား တာဝန်ရှိ ဝန်ထမ်းမဟုတ်သူမှ မှတ်ပုံတင်ပြခိုင်းခြင်း၊ ပိုက်ဆံအိတ်များအား စစ်ဆေးခြင်းများ ပြုလုပ်ကာ ခြိမ်းခြောက်သည့် သဘောမျိုးဖြင့် ရဲဝန်ထမ်းများ ကိုင်ဆောင်သည့် လက်ထိပ်ကို ပြသကြောင်း စစ်ဆေးခံရသည့် ခရီးသည်ထံမှ သိရသည်။
*မေလ်းထဲရောက်လာတဲ့ သတင်းလေးပါ။
မော်လူး အထကတွင် ဝက်သက် ဂျိုက်သိုး ကာကွယ်ဆေး ထိုးနှံပေး
မော်လူး အထကတွင် ဝက်သက်ဂျိုက်သိုး ကာကွယ်ဆေး ထိုးနှံပေးခြင်းဆောင်ရွက်
မော်လူး၊ ဇန်နဝါရီ ၁၉
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူး အခြေခံပညာ အထက်တန်းကျောင်း သရဖီခန်းမတွင် ဇန်နဝါရီ ၁၉ ရက် နံနက် ၉ နာရီအချိန်က အသက် ၅ မှ ၁၅ နှစ်အထိ ကျောင်းသား/သူလေးများအား ဝက်သက်ဂျိုက်သိုး ကာကွယ်ဆေး ထိုးနှံပေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကျောင်းအခြေပြု ဝက်သက်ဂျိုက်သိုး ကာကွယ်ဆေး ထိုးနှံပေးခြင်းကို မော်လူး တိုက်နယ်ဆေးရုံမှ ဒေါက်တာ လာမာမီးနှင့် ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း မော်လူး အခြေခံပညာ အထက်တန်းကျောင်းမှ အသက် ၅ နှစ်မှ ၁၅ နှစ်အထိ ကျောင်းသား/သူ ၁၇၀၆ ဦးကို တစ်ရက်လျှင် ၅၀၀ ဦးနှုန်းဖြင့် ကာကွယ်ဆေး ထိုးနှံပေးမည်ဖြစ်ကြောင်း၊ မော်လူးဒေသတစ်ခုလုံးရှိ အသက် ၅ နှစ်မှ ၁၅နှစ်အထိ ကျောင်းသား/သူများအား ဇန်နဝါရီ ၁၉ ရက်မှ ၂၇ ရက်နေ့အထိ သက်ဆိုင်ရာကျောင်းများသို့ သွားရောက်ပြီး ကာကွယ်ဆေး ထိုးနှံခြင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
Sunday, January 18, 2015
Thursday, January 15, 2015
ဒီပင်္ကဘုရားပွဲ ကို တပ်ဦးဓါတ်ပေါင်းစု ဘုရားပွဲ ပထမ ည က ပြဿနာသတင်းက သင်ခန်းစာ ကောင်းကောင်း ပေးလိုက်ပြီ
နံနက် ခင်း မော်လူးသားများရဲ့ facebook မှာ ဖတ်လိုက်ရတဲ့ သတင်းဆိုးပါ
ဖြစ်သွားပြီဆိုတော့ စိတ်မကောင်း ဖြစ်တာလွှဲလို့ ဘာမှ မတတ် နိုင်ပါ။
ဒါပေမဲ့ နောက်ထပ်ကျင်းပ လာမည့် ဘုရားပွဲမှာ
တာဝန်ရှိသူတွေ သင်ခန်းစာယူပြီး ပြုပြင်ပြောင်းလဲရေးလုပ်သင့်ပါတယ်
တပ်ဦးဘုရားပွဲ ပထမည ပြသနာ ဘာကြောင့်
ဖြစ်တယ်ဆိုတာ ကလေးကအစ ဘုန်းကြီး အထိ အားလုံးသိပြီးသားပါ
ဒီပင်္ကရာဘုရားပွဲတော်မှာ ပြဿနာများ လျော့နည်း စေရန် ကြိုတင် ကာကွယ်ရန်
အကောင်းဆုံး နဲ့ အခြေခံအကျ ဆုံး နည်း
ကတော့ အချို့သော ဆိုင်များကို
ဘုရားပွဲတော်ဖြစ်မြောက်ရေးအတွက် အဓိက
ကျသော မည်သူမျှပြန်ပြောခွင့်မရှိသော
@#$$& များ က အကောင်းဆုံး ဖြစ်အောင်
စီမံသင့်ပါကြောင်း
မစီမံ နိုင်၍ ပြဿနာ ဖြစ်လာပါ သံသရာ မှာ
အပြစ်ရှိသူက အကြီးဆုံး တာဝန်ရှိသူမျာပါ။
ပြုသူက ခံရမှ ၁၀ နှစ်ပေါ့။
ကဲကဲ မော်လူးသတင်းအဖွဲ့ အရှင်းဆုံး
ပြောလိုက်မယ်
-------------- မပါလည်း
တပို့တွဲလဆန်း ၁၀ ရက်ဆိုရင်ပွဲ စ မှာ သေချာတယ်
တချိန်က မော်လူးသား

ဈေးဆိုင်ခန်းဆောက်မည်ဆိုပဲ (မေလ်းထဲ ရောက်လာတဲ့ သတင်းလေးပါ)
ယခင်ကမော်လူးသစ်ထုတ်ရေးဌာနပိုင်မြေနေရာကိုမော်လူးဒေသဖွံ့ဖြိုးရေးအတွက်ဆိုပြီးရောင်းစားခဲ့ပြီးပြီကဲခူလည်းကြည့်ကြပါအုန်းမော်လူးလျှပ်စစ်ဝင်းမြောက်ဘက်ခြမ်းလမ်းမြေနေရာကိုဆိုင်ဆောက်ရောင်းကြပြန်တော့မယ်မော်လူးဒေသဖွံ့တိုးတက်ရေးရန်ပုံငွေလားရန်ပုံးငွေဆိုလားသိပါဘူးဗျာအပြေးလေးနှင့်သာဝယ်ထားနော်ဈေးကတော့သက်သာတယ်လို့ထင်တာဘဲ၄၅သိန်းဆိုတာဘဲ။
ဆိုင်ခန်းဆောက်မည့်ရပ်ကွက်၇နေသူတစ်ဦး
နန့်စီးအောင် သစ်ဆိပ်မှ သစ်လုံးများ သယ်ယူ
နန့်စီးအောင် သစ်ဆိပ်မှ သစ်လုံးများ မော်တော်ယာဉ်များဖြင့် သယ်ယူ
မိုးညှင်း၊ ဇန်နဝါရီ ၁၅
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန်းစီးအောင် သစ်ဆိပ်မှ သစ်လုံးများကို ကသာမြို့ဘက်သို့ သယ်ယူရန် မော်တော်ယာဉ်များပေါ်သို့ သစ်လုံးများတင်ထားသည်ကို ဇန်နဝါရီ ၁၅ ရက် နံနက် ၁၁ နာရီက တွေ့ရှိရသည်။
နန့်စီးအောင် သစ်ဆိပ်မှ ကညင်သစ်အမျိုးအစား သစ်လုံးကြီးများကို စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့ အောင်ချမ်းသာ သစ်ဆိပ်သို့ သယ်ယူရန်အတွက် သစ်ထုတ်ရေးဋ္ဌာနမှ ပြင်ပ သစ်သယ်မော်တော်ယာဉ်များကို ငှားရမ်းကာ ပြည်ပရောင်း လပ်ပုံထိုင်ပြီး သစ်လုံးတန် ၂၀၀၀ ခန့်ကို သယ်ယူရန် တင်ဆောင်ထားခြင်းဖြစ်ပြီး ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် သစ်တောဦးစီး၏ ခွင့်ပြုချက်လက်မှတ်ရရှိမှသာ သယ်ဆောင်ခွင့်ရမည်ဖြစ်သည့်အတွက် သစ်လုံးများ မော်တော်ယာဉ်များပေါ်သို့ တင်ဆောင်ထားပြီး ဖြစ်သော်လည်း ထွက်ခွာခွင့်မရရှိသေးပဲ စောင့်ဆိုင်းနေရသည်မှာ ၅ ရက်ခန့်ရှိပြီဖြစ်ကြောင်း ၊ သစ်တင်မော်တော်ယာဉ်တစ်စီးလျှင် သစ်တန်ချိန် ၁၀ တန်ခန့်တင်ဆောင်နိုင်ကြောင်း သစ်တင်မော်တော်ယာဉ်မောင်းသူမှ ပြောပြသည်။ ယင်းသစ်လုံးများကို မည်သည့်ကုမ္ပဏီသို့ ရောင်းချထားသည်ကိုမူ မသိရချေ

မြိုင်သာယာကျေးရွာတွင် ဆောင်းသီးနှံ စိုက်ပျိုးစရိတ်ထုတ်ချေး
ပင်လုံကျေးရွာအုပ်စု၊ မြိုင်သာယာကျေးရွာတွင် ဆောင်းသီးနှံစိုက်ပျိုးစရိတ် ချေးငွေ ထုတ်ချေးခြင်းနှင့် အသိပညာပေးဟောပြောပွဲ ကျင်းပ
မိုးညှင်း၊ ဇန်နဝါရီ ၁၅
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ပင်လုံကျေးရွာအုပ်စု၊ မြိုင်သာယာကျေးရွာတွင် ဆောင်းသီးနှံ စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးခြင်းနှင့် အသိပညာပေးဟောပြောပွဲကို ဇန်နဝါရီ ၁၅ ရက် နံနက် ၁၀ နာရီက မြိုင်သာယာကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆောင်းသီးနှံ စိုက်ပျိုးကြမည့် တောင်သူဦးကြီးများအား စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးခြင်းနှင့် အသိပညာပေးဟောပြောခြင်းကို ကချင်ပြည်နယ် မိုးညှင်းမြို့နယ် သမဝါယမ ဦးစီးဋ္ဌာနမှ ဦးစီးမှူး ဒေါ်ခင်အုန်းမြင့်နှင့် အဖွဲ့၊ သစ်ဆန်း လယ်ယာနှင့် အထွေထွေ စီးပွားရေး ဥက္ကဋ္ဌ ဦးဘကြည်၊ အတွင်းရေးမှူး ဦးဘဝင်း၊ ပင်လုံကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးဇော်လွင်နှင့် အဖွဲ့၊ ဆောင်းသီးနှံ စိုက်ပျိုးစရိတ် ချေးငွေ ယူကြမည့် တောင်သူဦးကြီး ၆၂ ဦးတက်ရောက်ခဲ့ကြပြီး၊ မိုးညှင်းမြို့နယ် သမဝါယမ ဦးစီးဋ္ဌာန ဦးစီးမှူး ဒေါ်ခင်အုန်းမြင့်မှ တောင်သူဦးကြီးများအား ဆောင်းသီးနှံစိုက်ပျိုးစရိတ် ချေးငွေနှင့် ပတ်သက်သည့် အကြောင်းအရာများကို အသိပညာပေး ဟောပြောခဲ့သည်။ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်အတွက် ဆောင်းသီးနှံ စိုက်ပျိုးစရိတ်ချေးငွေအဖြစ် ကျပ်သိန်းပေါင်း ၁၄၀၀ကျော်ကို အဖွဲ့ ၄ ဖွဲ့ခွဲကာ ဆောင်းသီးနှံစိုက်ပျိုးကြမည့် တောင်သူဦးကြီးများကို ချေးငွေများ ထုတ်ချေးပေးခြင်းဖြစ်ကြောင်း၊ ပင်လုံကျေးရွာအုပ်စုမှ တောင်သူဦးကြီး ၆၂ဦးအား ဆောင်းသီးနှံ စိုက်ပျိုးစရိတ်များထုတ်ချေးပေးပြီး ၂၀၁၅ ခုနှစ် ဇွန်လတွင် ပြန်လည်ပေးဆပ်ရမည်ဖြစ်ပြီး မိုးသီးနှံ စိုက်ပျိုးစရိတ်ချေးငွေများကို ပြန်လည် ထုတ်ချေးပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မော်လူးတွင် မီတာယူနစ်များ ပျောက်ဆုံးမှု လျှော့နည်းစေရေးကွင်းဆင်းစစ်ဆေး
မော်လူးတွင် ပျောက်ဆုံး မီတာယူနစ်များ လျှော့နည်းစေရန် လျှပ်စစ်ဋ္ဌာနမှ ကွင်းဆင်းစစ်ဆေး
မော်လူး၊ ဇန်နဝါရီ ၁၅
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသရှိ လျှပ်စစ်ဓာတ်အားသုံးစွဲသည့် မီတာယူနစ်များ ပျောက်ဆုံးမှု လျှော့နည်းစေရန် ဇန်နဝါရီ ၁၅ နံနက် ၉နာရီက မြို့နယ် လျှပ်စစ်မှူးများနှင့် ဝန်ထမ်းများ ပူးတွဲ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာသို့ ဗန်းမောက်မြို့နယ်၊ လျှပ်စစ်မှူး ဦးမောင်တိုးနှင့် အဖွဲ့၊ မော်လူး မြို့နယ်လျှပ်စစ်မှူး ဦးမောင်မောင်ငြိမ်းနှင့် ပူးပေါင်းအဖွဲ့တို့သည် အိမ်သုံး၊ စက်မှုသုံး၊ တစ်လုံးတစ်ခဲတည်းသုံး မီတာများကို တိုင်းလျှပ်စစ် ညွှန်ကြားချက်ဖြင့် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်မှုများကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မော်လူး လျှပ်စစ်ဋ္ဌာနမှ ဗန်းမောက်မြို့နယ်ရှိ လျှပ်စစ်မီတာများကိုလည်းကောင်း ဗန်းမောက်မြို့ လျှပ်စစ်ဋ္ဌာနမှ မော်လူးဒေသရှိ လျှပ်စစ် မီးတာများကိုလည်းကောင်း မြို့နယ်လျှပ်စစ်ဋ္ဌာနမှ တာဝန်ရှိသူများသည် တစ်မြို့နယ်မှ တစ်မြို့နယ်သို့ အပြန်အလှန်သွားရောက်ကာ လျှပ်စစ်ဓာတ်အား မီတာယူနစ်များ ပျောက်ဆုံးမှု လျှော့နည်းစေရေးအတွက် စစ်ဆေးဆောင်ရွက်ကြခြင်း ဖြစ်ကြောင်း၊ မော်လူးဒေသတွင် အိမ်သုံး မီတာ အလုံးရေ ၄၉၀၀၊ စက်မှုလုပ်ငန်းသုံး မီတာ ၄၃ လုံး၊ တစ်လုံးတစ်ခဲတည်းသုံး မီတာ ၁၇ လုံးတို့ကို လျှပ်စစ်ဓာတ်အား ပျောက်ဆုံး မီတာယူနစ်များ လျှော့နည်းစေရန်အတွက် မြို့နယ်လျှပ်စစ်မှူးများနှင့် တာဝန်ရှိသူများမှ ပူးပေါင်း ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Tuesday, January 13, 2015
မံထုံကျေးရွာမှ ဘွားသက်ရှည်
>
> အသက် ၁၀၂ နှစ်ရှိ မံထုံကျေးရွာမှ ဒေါ်ဖွားဆုံ ကျန်းမာရေး ကောင်းမွန်လျှက်ရှိ
> ဗန်းမောက်၊ ဇန်နဝါရီ ၁၃
> @@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
> စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်၊ မံထုံကျေးရွာအုပ်စု၊
> မံထုံကျေးရွာတွင် အသက် ၁၀၂ နှစ်ရှိ ဒေါ်ဖွားဆုံမှာ ကျန်းမာရေး
> ကောင်းမွန်ကာ သာသနာပြုလုပ်ငန်း ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
> အဘွား ဒေါ်ဖွားဆုံအား ၁၉၁၂ ခုနှစ၊် ဒီဇင်ဘာလ၂၆ရက၊်
> ကြာသာပတေးနေ့(မြန်မာသက္ကရာဇ် ၁၂၇၄ခုနှစ၊် နတ်တော်လပြည့်ကျော် ၃ရက်)တွင်
> စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် နမီးကျေးရွာအုပ်စု
> ခေါင်တုန့်စည်ကျေးရွာတွင် အဖ ဦးဖိုးစော၊ အမိဒေါ်မယ်ဥတို့မှ
> မွေးဖွားခဲ့သည်။ မွေးချင်း ၇ ယောက်ရှိသည့်အနက် အကြီးဆုံးသမီးဖြစ်ကြောင်း၊
> စာရေးစာဖတ် မတတ်သော်လည်း ဘုရားရှိခိုး အမျိုးမျိုးနှင့် ဆုပေး၊ ဆုံးမ
> သြဝါဒများကို ကျွမ်းကျင်စွာဖြင့် ယနေ့တိုင် သားမြေးမြစ်များကို
> ဆုံးမသွန်သင်လျှက်ရှိကြောင်း၊ ၄င်းကိုယ်တိုင် ဆေးလိပ်ဖက်ကြမ်းကို
> မြိန်ရှက်စွာ သောက်သုံးနေသော်လည်း ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို
> ဆိုးဝါးစွာ ထိခိုက်စေနိုင်သဖြင့် ဆေးလိပ်သောက်သုံးခြင်းကို
> ရှောင်ကြဉ်ကြရန် ဆုံးမသွန်သင်ကြောင်း၊ အစားအသောက်နှင့်ပတ်သက်၍ အဘွားသည်
> အခါကြီးရက်ကြီးများတွင် ဥပုသ်သီလကို ခါးဝတ်ပုဆိုးကဲ့သို့ မြဲမြံစွာ
> ကျင့်ကြံဆောက်တည်ပြီး သတ်သတ်လွှတ်စားသုံးကြောင်း၊ ကျန်းမာရေးအတွက်မူ
> ဥပုသ်ရက်များမှ လွဲ၍ ကျန်ရက်များတွင် အသားငါးများကို သင့်လျော်သလို
> မှီဝဲသုံးဆောင်ကြောင်း၊ ငယ်ရွယ်စဉ်ကတည်းက စတင်၍ အသက် ၈၀ အထိ မိရိုးဖလာ
> တောင်သူလုပ်ငန်းကို လုပ်ကိုင်ခဲ့ကြောင်း အသက် ၉၅ နှစ်အထိအောင်
> နေ့စဉ်လမ်းလျှောက်ခြင်း၊ တရားထိုင်ခြင်း၊ ဘုရားစေတီပုထိုးများသို့
> ဆွမ်းဆီမီးပန်းရေချမ်းကပ်လှူခြင်းများကို ဆောင်ရွက်ခဲ့ပြီး ယခုအခါ
> အိမ်ပေါ် အိမ်အောက် အိမ်တွင်း အိမ်ပြင်များသို့ တစ်ကိုယ်တည်း
> သွားလာနိုင်သကဲ့သို့ ထမင်းကိုလည်း
> ကိုယ်တိုင်ချက်ပြုတ်စားသောက်နိုင်ကြောင်း၊ ဆံပင်အနည်းငယ်ဖြူခြင်း၊
> မျက်စိအနည်းငယ်မှုန်ခြင်း၊ အောက်သွားများမရှိတော့ပဲ အပေါ်သွားများ
> ကျန်ရှိနေသေးသဖြင့် အစားအသောက်များကိုလည်း ပုံမှန်စားသုံးနိုင်ကြောင်း၊
> ယခုအခါ စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်၊ မံထုံကျေးရွာတွင်
> သားသမီး ၄ ဦး၊ မြေး ၂၃ ဦး၊ မြစ် ၂၅ဦး၊ တီ ၃၀ ဦးတို့နှင့်
> ကျန်းမာစွာနေထိုင်လျှက်ရှိကြောင်း မံထုံကျေးရွာနေ မြေးဖြစ်သူ
> ဦးမောင်မောင်ထံမှ သိရသည်

ကဲဗျာ သွားသတိ လာသတိ ....
ကျွန်နော်သည်မော်လူးသားတယောက်ဖြစ်သည်အလျှောက်အခုဖြစ်ပျက်နေသည့်မူးယစ်စေသောဆေးများသောင်းကျန်းလျှက်ရှိရာမော်လူး၏အနောက်တခွင်ဘက်မှာအရမ်းဆိုးရွားနေပါသည်မှာအမှန်ပင်ဖြစ်လေသည်ကျွန်နော်တို့မှာသည်လမ်းကသာဖြတ်နေရသည်ဖြစ်၍ဖမ်းဆီးရေးများနဲ့တွေ့လျှင်ဖြတ်လာသူအားလုံးကိုစစ်ဆေးနေသည်ဆိုတော့ဖြတ်လာသူများမှာလဲကြောက်ကြောက်ရွှံ့ရွှံ့ဖြတ်လာဖမ်းဆီးရေးတွေကလဲစစ်ဆေးလျှင်ညင်ညင်သာသာမရှိငေါက်ငေါက်ငန်းငန်းမေးတော့ကြောက်အားလန့်အားနဲ့ဖြေအဖြေမှားရင်ဖမ်း အမှန်တကယ်ပြောရယင်ကျွန်နော်သည်ကွမ်းယာဆေးလိပ်တောင်သောက်တဲ့သူမဟုတ်တော့စစ်ဆေးခံရလျှင်သိတ်ခါတော့ကျမည်အမှန်ပင်ဘယ်သူဘယ်ဝါစစ်ဆေးခံရသည်ဆိုတာတော့မော်လူးမှာဟိုးဟိုးကြော်ရော့ပေါ့ဒါကြောင့်မို့မဆိုင်တဲ့သူတွေသိတ်ခါမကြရအောင်မူးယစ်ဆေးဝါးတိုက်ဖြက်ရေးများဆောင်ရွှက်ပေးစေလိုကြောင်း ဖြန့်ဖြူးရောင်းချသောသူများအဓိကတရားခံကိုသာဖေါ်ထုပ်ပေးစေလိုကြောင်းအနူးညွတ်တောင်းပန်ပါသည်။
mail ထဲကို ရောက်ရှိလာတဲ့ ရင်ဖွင့်လွှာလေးပါ။

မိုးကြိုးထိမှန် သေဆုံးသူ၏ မိသားစုဝင်အား ထောက်ပံ့ကြေးပေးအပ်
> > မိုးကြိုးပစ်သေဆုံးသူအား ထောက်ပံ့ငွေပေးအပ်
> > မော်လူး၊ ဇန်နဝါရီ ၁၃
> > @@@@@@@@@@@@@@@@@@@@@@@@@@@@@@
> > စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ အင်းတော်မြို့ အထွေထွေ
> > အုပ်ချုပ်ရေးမှူးရုံးတွင် မိုးကြိုးထိမှန်သေးဆုံးသွားသူ၏ ကျန်ရစ်သူ
> > မိသားစုဝင်အား ဇန်နဝါရီ ၁၂ ရက် နံနက် ၁၁ နာရီအချိန်က ထောက်ပံငွေ
> > ပေးအပ်ခဲ့ကြောင်း သိရသည်။
> > အဆိုပါ မိုးကြိုးထိမှန် သေဆုံးခဲ့သူ မနုနုစိုးသည် အင်းတော်မြို့နယ်၊
> > မော်လူးဒေသ၊ သူရောင်းကျေးရွာအုပ်စု၊ ခိုးကောင်ကျေးရွာတွင်
> > နေထိုင်သူဖြစ်ပြီး ၂၀၁၄ ခုနှစ် ဧပြီလ ၁၀ ရက်နေ့က လယ်ကွင်းထဲတွင်
> > ကောက်စိုက်နေစဉ် မိုးကြိုးထိမှန် သေဆုံးခဲ့ရခြင်းဖြစ်သည်။
> > ၄င်းသေဆုံးသွားသူ၏ ကျန်ရစ်သူ မိသားစုဝင်အား ထောက်ပံ့ကြေးငွေ
> > တစ်သိန်းကျပ်ကို တိုင်းလူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး
> > ဋ္ဌာနမှ ထောက်ပံ့ပေးခဲ့ခြင်းဖြစ်ပြီး ယင်းထောက်ပံ့ငွေကို အင်းတော်မြို့
> > စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးတင်မြင့်မှ ပေးအပ်ရာ ကျန်ရစ်သည့်
> > မိသားစုဝင်များမှ လက်ခံရယူခဲ့ကြောင်း သတင်းရရှိသည်။

မော်လူး အရှေ့ကျောင်းတိုက် ဂြိုဟ်ပြေနံပြေ ဆုတောင်းပြည့်စေတီ ရွှေထီးတော် တင်လှူ
မော်လူး အရှေ့ကျောင်းတိုက် ဂြိုလ်ပြေနံပြေ ဆုတောင်းပြည့်စေတီ
> > စိန်ဖူးတော်နှင့် ရွှေထီးတော် တင်လှူပွဲကျင်းပ
> > မော်လူး၊ ဇန်နဝါရီ ၁၃
> > @@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
> > စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ
> > အရှေ့ကျောင်းတိုက်တွင် ဂြိုလ်ပြေနံပြေ ဆုတောင်းပြည့်စေတီတော်အား
> > စိန်ဖူးတော်နှင့် ရွှေထီးတော် တင်လှူပွဲအား ဇန်နဝါရီလ ၁၃ ရက် နံနက် ၁၁
> > နာရီ ၁၅ မိနစ်အချိန်က ကျင်းပပြုခဲ့ကြောင်း သိရသည်။
> > အခမ်းအနားတွင် ဆရာတော် သံဃာတော်များနှင့် တက်ရောက်လာကြသော
> > ပရိတ်သတ်အပေါင်းတို့က နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့
> > ဖွင့်လှစ်ကြပြီး စိန်ဖူးတော်နှင့် ရွှေထီးတော် တင်လှူခြင်းကို မော်လူး
> > ဝေဘူဝေဘာတောရကျောင်းမှ ဆရာတော် ဦးအာဒိစ္စဝံသမှ အောင်ခြင်းရှစ်ပါး
> > ဂါထာရွတ်ဆိုခြင်း၊ မော်လူး ဘုရားကြီးကျောင်းတိုက်မှ ဆရာတော် ဦးဝါယမမှ
> > ဇယန္တောဗောဓိယာ ဂါထာတော်ဖြင့် ရွတ်ဖတ်ပူဇော်ပြီး ပရိတ်သတ်အပေါင်းတို့က
> > ငါးပါးသီလခံယူဆောက်တည်ကြသည်။ ဆက်လက်၍ မော်လူး အရှေ့ကျောင်းတိုက်မှ
> > ပန်းဒကာ ဦးတေမှ ဂြိုဟ်ပြေနံပြေ ဆုတောင်းပြည့်စေတီ တည်ထားရာတွင်
> > သာသနာတော်စောင့်နတ်အပေါင်းအား ဖိတ်ကြား၍ အမှားရှိက
> > ခွင့်လွှတ်ရန်တောင်းဆိုခြင်းနှင့် ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုကာ
> > သာသနာတော် သက္ကရာဇ် ၂၅၅၈ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၆ ခုနှစ်
> > ပြာသို့လပြည့်ကျော် ၉ ရက် အင်္ဂါနေ့တွင် ကောင်းမြတ်သော မင်္ဂလာနက္ခတ်နှင်ြ
> > ပည့်စုံသော နံနက် ၁၁ နာရီ ၁၅ မိနစ် အချိန်တွင် ဂြိုဟ်ပြေနံပြေ
> > ဆုတောင်းပြည့်စေတီအား စိန်ဖူးတော်နှင့် ရွှေထီးတော် တင်လှူ ပူဇော်ကာ
> > နေ့လည် ၁ နာရီအချိန်တွင် အခမ်းအနား ပြီးဆုံးခဲ့ပြီး စိန်းဖူးတော်နှင့်
> > ရွှေထီးတော်တင်လှူပူဇော်ပွဲသို့ လာရောက်ကြသူများအား အာဟာရဒါနများဖြင့်
> > ကျွေးမွေးဧည့်ခံခဲ့ကြောင်း သိရသည်

Monday, January 12, 2015
မော်လူးတွင် ဘဲသားပေါက် ရောင်းကောင်းနေ
မော်လူးတွင် ဘဲသားပေါက်များ ရောင်းအားကောင်း
မော်လူး၊ ဇန်နဝါရီ ၁၂
@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးတွင် မန္တလေးမြို့မှ
မီးရထားဖြင့် သယ်ယူရောင်းချနေသည့် ဘဲသားပေါက်များ
ရောင်းအားကောင်းလျှက်ရှိကြောင်း သိရသည်။
"ကျွန်တော်တို့ ဘဲသားပေါက်တွေကို မန္တလေးမြို့မှာ သားဖောက်ပြီး
သယ်ယူရောင်းချတာပါ။ ဘဲသားဖောက်ဖို့အတွက် ဘဲဥအလုံးရေ ၉၀၀၀ မှ ၁၀၀၀၀ အထိ
တစ်လကြာ စပါးခွံနဲ့ အပူပေးပြီး ဖောက်ရတာပါ။ သားဖောက်မဲ့ ဘဲဥတစ်လုံးကို
၁၀၀ ကျပ်မှ ၁၅၀ ကျပ်အထိ ပေးဝယ်ရပြီး ဘဲဥတွေကို အောက်ခံဖဲစပေါ်မှာ
စပါးခွံတွေကို ဖြန့်ခင်းပြီး ဘဲဥတွေကို စီထည့်ရပါတယ်။ စီထည့်ထားတဲ့
ဘဲဥတွေကို တစ်ရက်မှာ သုံးကြိမ်လောက် အထက်အောက်လှဲလှယ်တာကို
တစ်လလောက်လုပ်ပြီး တစ်လကျော်တဲ့အခါ လေးငါးရက်ခန့် အပြင်ထုတ်ကာ စပါးခွံနဲ့
အပူဓာတ်ရအောင် လုပ်ပေးလိုက်ရင် ဘဲဥတွေကနေ ဘဲသားပေါက်လာပါတယ်။ ရလာတဲ့
ဘဲသားပေါက်တွေကို ဂျပ်ဖာတွေထဲကို ထည့်ရပါတယ်။ ဂျပ်ဖာတစ်ဖာမှာ ဘဲသားပေါက်
အကောင်ရေ ၈၀၊ ၁၀၀ ခန့်အထိထည့်ပြီး မီးရထားဖြင့် သယ်ယူပြီး ကောလင်း၊
အင်းတော်၊ နဘား၊ မော်လူးစတဲ့ မြို့ရွာများမှာ ရောင်းချပါတယ်။ ဘဲသားပေါက်
အမတစ်ကောင်ကို ၆၀၀ ကျပ်၊ အထီးဆိုရင် ၂၀၀/၃၀၀ ကျပ်ရောင်းချပါတယ်။
မော်လူးမှာ ရောင်းရတဲ့ရက်ဆို တစ်နေ့တည်း ဘဲသားပေါက် အကောင်ရေ ၁၀၀၀မှ ၁၂၀၀
အထိ ရောင်းချရပါတယ်။"ဟု မော်လူးတွင် ဘဲသားပေါက်ရောင်းချနေသူထံမှ သိရသည်

မော်လူးမှာ တယ်လီနော တာဝါတိုင် ထောင်တော့မည်
မော်လူး မြန်မာ့မီးရထားပိုင်မြေတွင် ဆက်သွယ်ရေးတာဝါတိုင် တည်ဆောက်မည်
မော်လူး၊ ဇန်နဝါရီ ၁၂
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊
မော်လူးမီးရထားပိုင်မြေတွင် တယ်လီနောလက်အောက်ခံ IGT ကုမ္ပဏီမှ တာဝန်ယူကာ
ဆက်သွယ်ရေးတာဝါတိုင် စိုက်ထူရန် ဇန်နဝါရီ ၁၀ ရက်နေ့ နံနက် ၁၀ နာရီက
ကုမ္ပဏီမှ တာဝန်ရှိသူများ လာရောက်ကာ မြေနေရာကြည့်ရှု့ရွေးချယ်မှုများ
ပြုလုပ်ခဲ့ကြောင်း သိရသည်။
"ကျွန်တော်တို့ ကုမ္ပဏီက မြန်မာ့မီးရထားပိုင်မြေတွေပေါ်မှာ
ဆက်သွယ်ရေးတာဝါတိုင်တွေ တည်ဆောက်ဖို့အတွက် မြေနေရာတွေကို
လာရောက်ကြည့်ရှု့ရွေးချယ်တာပါ။ မြန်မာ့မီးရထားပိုင်မြေနေရာတွေဖြစ်တဲ့
လာရှိုး(LSR)၊ စစ်ကိုင်း(SGR)၊ မန္တလေး(MDR)စတဲ့ နေရာတွေမှာ
ဆက်သွယ်ရေးတာဝါတိုင်တွေကို တည်ဆောက်နိုင်ဖို့ စစ်ကိုင်းတိုင်းဒေသကြီး၊
ကန့်ဘလူမီးရထားဘူတာကနေ မော်လူးမီးရထားဘူတာအထိ
မီးရထားလမ်းတစ်လျှောက်ဘူတာတွေကိုလည်း ဝင်ရောက်ပြီး တာဝါတိုင်တွေ
တည်ဆောက်နိုင်ဖို့ မြေနေရာတွေကို သက်ဆိုင်ရာ မီးရထားဘူတာက
တာဝန်ရှိသူတွေနဲ့အတူ လိုက်လံကြည့်ရှု့ရွေးချယ်နေတာပါ။
မြန်မာ့မီးရထားပိုင်မြေတွေပေါ်မှာ ဆက်သွယ်ရေးတာဝါတိုင်တွေ တည်ဆောက်ဖို့
မြန်မာ့မီးရထားက တာဝန်ရှိသူတွေက ခွင့်ပြုပေးပြီး ဖြစ်ပါတယ်။
ကျွန်တော်တို့ တည်ဆောက်မဲ့ တာဝါတိုင်တွေဟာ MPT၊ တယ်လီနော၊ အော်ရီဒူးစတဲ့
ကုမ္ပဏီက တာဝါတိုင်တွေနဲ့ ချိတ်ဆက်ပြောဆိုလို့ရတဲ့အထိ မြေမျက်နှာပြင်
အနေအထားပေါ် လိုက်ပြီး တာဝါတိုင်အမြင့်ကို ၃၅၊ ၄၅၊ ၇၂ မီတာအမြင့်အထိ
တည်ဆောက်မှာပါ။ "ဟု IGT ကုမ္ပဏီမှ ဦးသိန်းထိုက်အောင်က ပြောပြသည်။
မြန်မာနိုင်ငံတွင် မိုဘိုင်းဆက်သွယ်ရေးလုပ်ငန်း ပိုမိုကောင်းပြီး
တစ်နိုင်ငံလုံး ဆက်သွယ်ရေးကွန်ယက် လွမ်းခြုံစေနိုင်ရန် သက်ဆိုင်ရာ
ကုမ္ပဏီများမှ ရင်းနှီးမြုပ်နှံမှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း
သိရသည်

Sunday, January 11, 2015
One Candle စေတနာရှင်လူငယ်များအဖွဲ့ စာရေးကိရိယာ အလှူခရီးစဉ် ၈
One Candle စေတနာရှင်လူငယ်များ အဖွဲ့ စာရေးကိရိယာ အလှူခရီးစဉ် (၈)
ကျနော်တို့အဖွဲ့ နားဖာကျေးရွာသို့ ဝင်လာစဉ်က ရွာ၏ အရှေ့ဘက်မှ ချောင်းကူးကာ ဝင်လာကြခြင်းဖြစ်ပြီး ပြန်ထွက်သောအခါ ရွာ၏ မြောက်ဘက်မှ ချောင်းကူးကာ ပြန်ထွက်လာခဲ့ကြသည်။ အကြောင်းမှာ ကျနော်တို့ ယနေ့သွားရောက်ကြမည့် ကျေးရွာလေးရွာတွင် နားဖာကျေးရွာ အခြားရွာများကဲ့သို့ လမ်းတစ်ခုတည်းပေါ်တွင် ရှိမနေပဲ သီးခြားရှိနေသောကြောင့်ပင် ဆားမှော်ကျေးရွာမှ လမ်းအတိုင်းသွားလျှင် နားမကျိုင်းကျေးရွာ၊ မူလခေါင်တုန့်စည်ကျေးရွာ ရောက်မည်ဖြစ်သော်လည်း နားဖာကျေးရွာလေးမှာ သီးခြားခွဲထွက်သွားရသော ရွာဖြစ်နေသည်။ ထို့ကြောင့် ကျနော်တို့အဖွဲ့မှာ လွန်ခဲ့သည့်နှစ် အလှူခရီးစဉ်တွင် အပြန်ခရီးမှ ဝင်ပြီး လှူကြရခြင်းပင်။ ယခုနှစ်မှာတော့ လူအင်အားနည်းနေသဖြင့် အပြန်ခရီးကို မိုးမချုပ်စေလိုပါ။ သို့အတွက် နားဖာကျေးရွာကို အရင်ဝင်ပြီး မူလခေါင်တုန့်စည်ကျေးရွာတွင် အလှူကိစ္စပြီးသည်နှင့် တန်းပြန်ကြမည်ဟု ရည်ရွယ်ကာ အလာခရီးမှာကတည်းက ဝင်ပြီး စာရေးကိရိယာ လှူဒါန်းမှုကို ပြုလုပ်ခဲ့ကြခြင်းပင်….။ နားဖာကျေးရွာမှ ထွက်လာပြီး ချောင်းကူးကာ တစ်ဘက်ကမ်းရောက်တော့ ကျနော့် ဆိုင်ကယ်မှာ စက်သံ မမှန်တော့ချေ။ စက်နှိုး၍ ရသော်လည်း ဂီယာထည့်လိုက်လျှင် စက်က ထိုးထိုးရပ်သွားသည်။ ကျနော်စိုးရိမ်စိတ် ဝင်သွားသည်။ ပလပ်ရေစိုခြင်းကြောင့်ဆိုလျှင် အကြောင်းမဟုတ်သော်လည်း ကွိုင်ကျွမ်းသွားသည်ဆိုလျှင် မလွယ်တာ အသေအချာမို့ပါ။ စက်နှိုးလိုက် ဂီယာထိုးလိုက် ထိုးရပ်သွားလိုက် ဖြစ်နေသည်။ စက်ကနှိုးလို့ ရနေသေးတာမို့ ကွုင်ကျွမ်းတာတော့ မဟုတ်လောက်ဟု တွေးမိပြီး နည်းနည်းတော့ စိတ်ပူသက်သာသွားရသည်။ မနှစ်က မူလခေါင်တုန့်စည်ရွာက အပြန် ချောင်းကူးမှာ ဆိုင်ကယ်ပျက်တော့ ကျနော်တို့အဖွဲ့ကို စေတနာထက်သန်စွာ အလကားမတ်တင်းဖြင့် ဗွီဒီယိုလိုက်ရိုက်ပေးသည့် အစ်ကိုတော်ပြောသော စကားလေးကို အမှတ်ရနေမိသေးသည်။ "ဟေ့ကောင် မင်းတို့ကောင်တွေက ခရီးရှည်သွားမယ်ဆိုရင် လိုအပ်တဲ့ ပစ္စည်းတွေအားလုံး ပြင်ဆင်ပြီး ထည့်လာရတယ်ကွ…မင်း ငါ့ဆီကနေသင်ယူစရာတွေ အများကြီးရှိသေးတယ်"တဲ့လေ…။ဟုတ်ပါသည်… ကျနော်ကလည်း ကျနော် သွားချင်သည်သာ သိသည် လမ်းမှာဖြစ်လာမည့် ပြဿနာတွေကို လမ်းမှာသာ ကြုံသလို ဖြေရှင်းတတ်သည့် ကောင်စားမျိုး မဟုတ်လား။
ယခုလည်း ဆိုင်ကယ်က ဖောက်နေပြီ… ကျနော် စက်နှိုးပြီး ချုပ်ဆွဲထားကာ လီဖာကို နည်းနည်းတင်လိုက်သည်… စက်အသံ မှန်သွားသည်နှင့် ဂီယာထည့်လိုက်တော့ အိုကေသွားတာမို့ ရှေ့ဆက်ချီတက်ခဲ့ကြတော့သည်။ နားဖာရွာနှင့် နားမကျိုင်းကျေးရွာမှာ မိုင်ဝက် တစ်မိုင်ခန့်သာ ကွာဝေးပေလိမ့်မည်။ နားမကျိုင်းရွာသို့ ရောက်သောအခါ နေ့လည်ကျောင်းဆင်းသွားပြီမို့ ကျောင်းလေးမှာ လူရှင်းနေ၏။ ကျနော်တို့အဖွဲ့ ကျောင်းလေးဆီကို ဦးတည်လာတာမြင်တော့ ကျောင်းလေးအနားရှိ အိမ်မှ အဖြူအစိမ်းဝတ် လူငယ်တစ်ဦးထွက်လာပြီး အကျိုးအကြောင်းမေးတာမို့ ကျနော်မှ စာရေးကိရိယာ လာရောက်လှူဒါန်းခြင်းဖြစ်ကြောင်း ရှင်းပြပြီး အပြန်မှ ဝင်ပြီးလှူမည်ဖြစ်ကြောင်း စာရေးကိရိယာများကို ထားခဲ့လိုကြောင်း၊ အကယ်၍ ကျောင်းဆင်းချိန်အထိ ကျနော်တို့အဖွဲ့ရောက်မလာသေးလျှင်လည်း နာရီဝက်ခန့်မျှ ကျောင်းမဆင်းသေးပဲ စောင့်ပေးစေလိုကြောင်း ပြောဆိုပြီး ကျောင်းလေးပေါ်တွင် စာရေးကိရိယာများတင်ထားခဲ့ပြီး ကျနော်တို့အဖွဲ့ မူလခေါင်တုန့်စည် ရွာလေးဆီသို့ ဆက်လက်ထွက်ခွာလာခဲ့ကြတော့သည်။ အချိန်ကား နေ့လည် တစ်နာရီထိုးပြီးချေပြီ။
နားမကျိုင်းကျေးရွာနှင့် မူလခေါင်တုန့်စည်ကျေးရွာကြားလမ်းမှာ ကျနော်တို့ လာရောက်ခဲ့သည့် နှစ်နှစ်လုံး ဆိုးဝါးခဲ့သည်ချည်းသာ…. ယခုနှစ်မှာတော့ မိုးပြတ်သည့်ရက် ကြာနေသည်မို့ အချို့နေရာတွင်သာ လမ်းကပျက်နေပြီး နေရာတော်တော်များများတွင် လမ်းက ခံသာနေပေသည်။ အဖွဲ့ဝင်အင်အားကလည်း နည်းပြီး လမ်းကလည်း မဆိုးတာမို့ ခါတိုင်းနှစ် နားမကျိုင်းနှင့် မူလခေါင်တုန့်စည်ရွာ ၅ မိုင်ခရီးမျှကို ၁နာရီခွဲ ၂ နာရီမျှ မောင်းရသော်လည်း ယခုမူ နာရီဝက်ကျော်ကျော်မျှသာ မောင်းရသည်။ မူလခေါင်တုန့်စည်ကျေးရွာ မူလတန်းကျောင်းလေးကား ရွာ၏ အရှေ့ဘက်တွင် တည်ရှိ၏။ ဤရွာလေးကား အိမ်ခြေသုံးဆယ်ကျော်မျှသာ ရှိပေလိမ့်မည်။ ယခင်က ရွာပျက်သွားခဲ့ပြီး ယခုနောက်ပိုင်းမှ ရွာပြန်တည်ကာ နေထိုင်နေကြခြင်းပင်။ ရွာလေးအား တောင်တန်းကြီးများက ပတ်ပတ်လည် ကာဆီးထားသကဲ့သို့ ချောင်းလေးမှာလည်း ရွာလေးအား ကွေ့ဝိုက် စီးဆင်းနေပေသည်။ ဘုန်းတော်ကြီးကျောင်းလေးမှာ ကုန်းမြင့်လေးတစ်ခုပေါ်တွင် တည်ရှိကာ ကြည့်လေမြင်လေရာ နေရာတိုင်း စိမ်းစိမ်းစိုစို အုံ့အုံ့မှိုင်းမှိုင်းနှင့်မို့ လက်ဝဲသုန္ဒရ အမတ်၏ မဲဇာတောင်ခြေရတုကိုသာ သတိရမိချေတော့သည်။ ဒီရွာလေးသို့ ကျနော်တို့အဖွဲ့ စာရေးကိရိယာ ပထမဆုံးလာရောက်လှူဒါန်းကြသည့် ၂၀၁၂/၁၃ ခုနှစ် ပညာသင်နှစ်တွင် စာသင်ဆောင်လေးမှာ အပြီးမသတ်နိုင်သေးသဖြင့် ကျောင်းပင်မဖွင့်နိုင်ဖြစ်နေသည့် အခြေအနေပင်…။ ကျနော်ကြုံတွေ့ခဲ့ရသည့် အကြောင်းအရာလေးကို mandalaygazette.com တွင် ပုံလေးများနှင့်တစ်ကွ စာရေးတင်လိုက်ရာ mandalaygazette.com မှ အဖွဲ့ဝင်များ၏ စိတ်အားထက်သန်စွာ ဝိုင်းဝန်းလှူဒါန်းမှု၊ ကူးဆိပ်ကျေးရွာ ဘုန်းတော်ကြီး၏ ကမကထအားထုတ်ကြိုးပမ်း ဆောင်ရွက်မှုတို့ကြောင့် ၄င်းနှစ်မှာပင် စာသင်ဆောင်လေးအား အပြီးသတ်နိုင်ခဲ့ပေသည်။ ကျနော်တို့အဖွဲ့မှလည်း သင်ပုန်း၊ အမှိုက်ပုံး၊ ရေလောင်းအိမ်သာခွက်များကို လှူဒါန်းပေးခဲ့သည်။ ထိုသို့စာသင်ဆောင်လေး အောင်မြင်ပြီးမြောက်သွားပြီးနောက် ကိုယ်ထူကိုယ်ထ မူလတန်းကျောင်းအဆင့်မှ အခြေခံပညာ မူလတန်းကျောင်းအဆင့်သို့ ရောက်ရှိသွားတော့သည်။ မည်သို့ပင်ဖြစ်စေ ကလေးများအတွက် မူလတန်းပညာရေးကို ရွာမှ မခွာပဲ သင်ယူရနိုင်သည်မို့ ကျေးဇူးတင်စရာပင်….။ ကျနော်တို့အဖွဲ့ ကျောင်းလေးဆီသို့ရောက်တော့ နေ့လည်ကျောင်းတက်နေပြီမို့ ဆရာမလေးများ ရောက်နေကြချေပြီ….။ ကျောင်းသား/သူလေးများမှာလည်း ဗလာစာအုပ်၊ ခဲတံ၊ ပေတံ၊ ခဲဖျက်လေးများကို မြင်တော့ ဝမ်းသာသည့် မျက်နှာလေးများကား ဖြူဖြူစင်စင်နှင့် မို့ ချစ်စရာ ကောင်းလှသည်။ ဆရာမလေးများအား စာရေးကိရိယာများလာလှူသည့်အကြောင်းပြောပြတော့ ကျေးဇူးတင်ပါကြောင်း ပြောကြ၏။ ကျနော်မှ ကျောင်းသားအရေအတွက်ကိုမေးသည့်အခါ ကျောင်းသား/သူ ၂၇ ဦးရှိကြောင်း သိရသဖြင့် လှူဒါန်းမည့် စာရေးကိရိယာများကို ပြင်ဆင်ကာ ကျောင်းသုံးပစ္စည်းလေးများကို ဆရာမလေးအား ပေးအပ်သည့် မှတ်တမ်းဓာတ်ပုံ ရိုက်ယူလိုက်သည်။ ဤကျောင်းလေးတွင် ဆရာမလေးသုံးဦးမှ တာဝန်ယူ သင်ကြားပေးနေကြခြင်းပင်… အိမ်ခြေနည်းသည့်အကြောင်းကို ဆရာမလေးတစ်ဦးမှ.. "ကျောင်းအကျိုးတော်ဆောင်ကော်မတီဖွဲ့လိုက်တာ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးတွေနဲ့တင် ရွာကလူတွေကုန်သွားရော အဖွဲ့ဝင်တောင် မရှိတော့ဘူး…"ဟု ရယ်မောကာ ပြောပြသည်။ ကျနောတို့အဖွဲ့ ကလေးများကို စာရေးကိရိယာများ ဝေငနေကြစဉ် ကျေးရွာမှ ကျောင်းအကျိုးတော်ဆောင် ကော်မတီဝင်များရောက်လာကြပြီး ကြိုအကြောင်းမထားခြင်းကို စိတ်မကောင်းဟု ပြောနေပြီး ရွာထဲသို့ လိုက်ပြီး နားကြရန်လည်း ဖိတ်ခေါ်နေကြသေး၏။ ကျနော်တို့ ယခင်နှစ်များတွင် ဒီရွာလေးမှာ နံနက်စာစားကြခြင်းပင်… ကျနော်တို့ အဖွဲ့လာမည့်ရက်ကို ကြိုတင်အသိပေးထားသဖြင့် ရွာမှ နံနက်စာကို ပြင်ဆင်ပေးထားကြခြင်းဖြစ်သည်။ ယခုနှစ်မှာတော့ ကြိုတင်အကြောင်းမကြားတော့ပဲ လာရောက် လှူဒါန်းကြခြင်းဖြစ်သည်။ လူအင်အား မများခြင်းနှင့် ကျနော်တို့အဖွဲ့အတွက် ရွာသူ/သား အလုပ်ရှုပ် ပင်ပန်းနေကြမည်ကိုလည်း မလိုလားခြင်းကြောင့် ဖြစ်၏။ ကျနော်မှ ကျောင်းအကျိုးတော်ဆောင်ကော်မတီဝင်များနှင့် ရပ်မိရပ်ဖများကို ကြိုအကြောင်းမကြားမိသည်ကို တောင်းပန်ပါကြောင်း အပြန်ခရီးမိုးချုပ်မည်စိုးသဖြင့် ရွာထဲသို့လည်း လိုက်မနားနိုင်တော့ကြောင်း တောင်းပန်စကားပြောကြားပြီး … ဆရာမလေးများ၊ ကျောင်းသား/သူလေးများ၊ ကျောင်းအကျိုးတော်ဆောင် ကော်မတီဝင်များနှင့် စာသင်ဆောင်လေးရှေ့တွင် အမှတ်တရဓာတ်ပုံရိုက်လိုက်ကြသည်။ ပြီးနောက် အားလုံးကို နှုတ်ဆက်ကာ ပြန်ထွက်လာကြတော့ ညနေ ၂ နာရီ ထိုးပြီးချေပြီ။ နှုတ်ဆက်ခဲ့ပါတယ်… မူလခေါင်တုန့်စည် ရွာလေးရေ…. နောက်နှစ်လည်း တစ်ခါပြန်ရောက်ချင်ပါသေးတယ်…. ဟု စိတ်ထဲမှာ ရေရွတ်ရင်း…….
Saturday, January 10, 2015
Friday, January 9, 2015
MPT နှုန်းထားအသစ် နှင့် ၀န်ဆောင်မှုအသစ် 35ကျပ်တဲ့ ယုတ်တုန်းရှိသေးတယ်
MPT နှုန်းထားအသစ် နှင့် ၀န်ဆောင်မှုအသစ်
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း သည် ၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ (၁၂) ရက်နေ့တွင် နှုန်းထားအသစ် နှင့် ၀န်ဆောင်မှုအသစ်ကို စတင် ဆောင်ရွက်မည်။
ပိုမိုကောင်းမွန်သော ဆက်သွယ်ရေး ကွန်ရက်ဆိုင်ရာ အတွေ့အကြုံများဖြင့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် ၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ(၁၂)ရက်နေ့ တွင် ဝန်ဆောင်မှု အသစ်များနှင့် နှုန်းထားအသစ်များကို ပြည်သူများ၏ မျှော်လင့်ချက်များကို ဖြည့်ဆည်းသည့်အနေနှင့် စတင် ဆောင်ရွက်မည် ဖြစ်ပါသည်။
“ကျွန်တော်တို.ရဲ. ၀န်ဆောင်မှု နှုန်းထားသစ်များ ကြေညာ တာကို သိရှိနိုင်ဖို.အတွက်သုံးစွဲသူများဟာ စောင့်ဆိုင်းနေခဲ့ကြရပါတယ်။ ယခုအခါမှာဆိုရင် ကျွန်တော်တို.ရဲ. ဆက်သွယ်ရေးကွန်ရက် လွှမ်းခြုံနိုင်မှု စွမ်းပကားနှင့် ၀န်ဆောင်မှုပေးနေတဲ. အခြေအနေတွေအပေါ်မှာ ကောင်းစွာ ယုံကြည်မှု ရှိလာပြီဖြစ်တဲ့ အတွက်ကြောင့် ကမ်းလှမ်းမှုနှုန်းထား အသစ်တွေနှင့်အတူ မြန်မာနိုင်ငံသူနိုင်ငံသားများကို ဆက်သွယ်ချိတ်ဆက်ပေးမဲ့ နောက်ထပ် ခြေလှမ်းသစ်ကို မျှဝေပေးချင်ပါတယ်။”ဟု MPT-KDDI-Sumitomo ပူးပေါင်းလုပ်ငန်းအဖွဲ့၏ အမှုဆောင်အရာရှိချုပ် မစ္စတာနာဂရှီးမားက ဇန်နဝါရီလ (၉)ရက်၊ သောကြာနေ့၌ ပြုလုပ်သော ဝန်ဆောင်မှု အသစ်များ မိတ်ဆက်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။ ထို့ပြင် ၂၀၁၅ ခုနှစ်ဦးတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ပြည်သူများအတွက် ဆောင်ရွက်ပေးမည့် ဝန်ဆောင်မှု(၅)ခုကို ကြေညာခဲ့ပါသည်။
၁။ ဆွေသဟာ အစီအစဉ်သစ်
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ(၁၂)ရက် နေ့တွင် ဆွေသဟာ အမည်ရှိ အစီအစဉ်သစ်ကို စတင် ၀န်ဆောင်မှု ပေးမည် ဖြစ်ပါသည်။ ထိုအစီအစဉ်အရ ပြည်သူများအနေနှင့် ဖုန်း ပြောခြင်း၊ SMS ပေးပို့ခြင်း တို့ကို ဈေးနှုန်း ချိုသာစွာဖြင့် သုံးစွဲခွင့် ရရှိကြမည် ဖြစ်ကာ ပိုမိုမြန်နှုန်းမြင့်သော အင်တာနက်အသုံးပြုခွင့်ကိုပါ ရရှိမည် ဖြစ်ပါသည်။ ဆွေသဟာအစီအစဉ်ကို ရယူရန် အတွက် မှတ်ပုံတင် စာရင်းပေးပို့ရန် လိုအပ် ပါသည်။ ထို့ ပြင် GSM နှင့် WCDMA သုံးစွဲသူများသာလျှင် ဆွေသဟာ အစီအစဉ်ကို ရယူ သုံးစွဲနိုင်ခွင့် ရှိပါသည်။
ဆွေသဟာ၊ “သုံးသလောက် ပေးရမည့် ” အစီအစဉ်သစ်၏ အဓိက အချက်များ
ဈေးနှုန်းချိုသာခြင်း
တစ်မိနစ်လျှင် ၃၅ကျပ် နှုန်း မျှ ဖြင့် မည်သည့် ဖုန်းနံပါတ် ကိုမဆို အချိန် မရွေး ခေါ်ဆို နိုင်ပါမည်။
SMS ပို့ခ မှာ တစ်စောင် လျှင် ၁၅ ကျပ်နှုန်း ဖြစ်ပါသည်။
ဈေးနှုန်းနှင့် ၀န်ဆောင်မှု အသစ် ကို စတင် မိတ်ဆက် အရောင်း မြှင့်တင်ခြင်း ပြုလုပ်သည့် နေ့မှ စ၍ ၂၀၁၅ ခုနှစ်၊ မတ်လ (၃၁)ရက်နေ့ အထိ ဆွေသဟာ အစီအစဉ်ကို မှတ်ပုံတင် သုံးစွဲသူတိုင်း သည် မိမိနှစ်သက်ရာ MPTနံပါတ် (၃)ခုကို တစ်မိနစ်လျှင် ၂၅ ကျပ်နှုန်း ဖြင့် ခေါ်ဆိုနိုင်မည် ဖြစ်ပါသည်။
အင်တာနက် ချိတ်ဆက်ခ ပေးရန် မလိုဘဲ အင်တာနက်ကို အဆင်ပြေ ချောမွေ့စွာ အသုံးပြုနိုင်ခြင်း။
ဆွေသဟာအစီအစဉ်တွင် မှတ်မုံတင်စာရင်းသွင်းလိုက်လျှင် အင်တာနက် ချိတ်ဆက်ခ ပေးရန်မလိုပဲ အင်တာနက် ချိတ်ဆက်အသုံးပြုခွင့် ရပါမည်။
အင်တာနက်အသုံးပြုမှုကို “မိနစ်” ဖြင့် မကောက်ခံပဲ သုံးစွဲသည့် “ပမာဏ” ဖြင့်သာ ကောက်ခံပါမည်။ ကောက်ခံမည့်နှုန်းထားမှာ 1 MB လျှင် ၁၅ ကျပ် ဖြစ်ပါသည်။
ဈေးနှုန်း နှင့် ၀န်ဆောင်မှု အသစ် ကို စတင် မိတ်ဆက်ကာ အရောင်း မြှင့်တင်သည့် နေ့မှ စ၍ ၂၀၁၅ ခုနှစ်၊ မတ်လ(၃၁)ရက်နေ့ အထိ ဆွေသဟာ အစီအစဉ်ကို သုံးစွဲသူတိုင်း အား အင်တာနက် 50 MB အခမဲ့ သုံးစွဲခွင့် ပေးပါမည်။
မြန်နှုန်းမြင့် အင်တာနက် သုံးစွဲခွင့် ရခြင်း
ဆွေသဟာ အစီအစဉ်ကို မှတ်ပုံတင်သုံးစွဲခြင်းဖြင့် HSPA+3G ဆက်သွယ်ရေးကွန်ရက်နည်းပညာဖြင့် ချိတ်ဆက်ကာ ပိုမိုမြန်ဆန်သော အင်တာနက်ကို သုံးစွဲခွင့် ရလာကြမည် ဖြစ်ပါသည်။ အမြင့်ဆုံး အမြန်နှုန်းမှာ သီအိုရိအရ 42Mps ဖြစ်ပါသည်။ (သို့သော် ထိုမြန်နှုန်းမှာ အသုံးပြုသည့် နေရာ၊ အသုံးပြုသည့်အချိန်၊ အသုံးပြုသည့် မိုဘိုင်းဖုန်းနှင့် အသုံးပြုနေသော နေရာရှိ ဆက်သွယ်ရေး စနစ်က ပေးထားသည့် အခြေအနေတို့အပေါ် မူတည်ပါသည်။)
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း သည် ဆက်သွယ်ရေးကွန်ရက် လွှမ်းခြုံနိုင်မည့် ဧရိယာ ပိုမိုကျယ်ပြန့်လာအောင် ရင်းနှီးမြှုပ်နှံမှုများ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ထို့ပြင် အင်တာနက် ဆက်သွယ်ရေး ကွန်ရက်၏ မြန်နှုန်းကိုပါ တိုးမြှင့်ဆောင်ရွက်ခြင်းကြောင့် သုံးစွဲသူများအနေဖြင့် အဆင်ပြေ ချောမွေ့သော အင်တာနက်ဆက်သွယ်မှုကို ခံစားခွင့် ရလာမည့် ဖြစ်ပါသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ အချိန်ပေါ် အခြေခံ၍ ကောက်ယူသည့် စနစ်တွင် 3G ကွန်ရက် အတွက် 256Kbps မြန်နှုန်းနှင့် 2G ကွန်ရက်အတွက် 128Kbps မြန်နှုန်းဖြင့်သာ သုံးစွဲခွင့် ရခဲ့ကြပါသည်။ (အသုံးပြုသောနေရာ၊အချိန်၊လက်ကိုင်ဖုန်း အမျိုးအစား၊မိုဘိုင်းဖုန်း စနစ် အတွင်းရရှိမှု တို့အပေါ်မူတည် ၍ အင်တာနက် မြန်နှုန်း ကို အကောင်းဆုံးရရှိနိုင်ရန် ကြိုးစားဆောင်ရွက်ထားပါသည်။)
မူလနှုန်းထား
ဆွေသဟာ
သုံးစွဲနိုင်ခွင့်ရှိသူ MPT သုံးစွဲသူအားလုံး GSM/ WCDMA သုံးစွဲသူများ
မှတ်ပုံတင်နည်း Default tariff Prepaid သုံးစွဲသူအတွက် “SWE” ဟု ရိုက်ပါ။ (သို့မဟုတ်)Postpaid သုံးစွဲသူအတွက် “POSTSWE“ ဟု ရိုက်ပါ။ထို့နောက် ၁၃၃၂ သို့ SMS ပို့ပါ။(မူလဈေးနှုန်းမှ ဆွေသဟာသို့ပြောင်းသုံးခြင်း)
ဖုန်းခေါ်ဆိုခ နှုန်း တစ်မိနစ် ၅၀ ကျပ်အသုံးမများချိန်(၂၃း၀၀-၀၇း၀၀)တွင် တစ်မိနစ် ၂၅ကျပ် အရောင်းမြှင့်အစီအစဉ်း နှစ်သက်ရာMPT နံပါတ်(၃)ခုအတွက် တစ်မိနစ်လျှင် ၂၅ကျပ် နှုန်းဖြင့် ရက်ပေါင်း(၃၀)
SMS ပို့ခ နှုန်း တစ်စောင် ၂၅ကျပ် တစ်စောင်လျှင် ၁၅ကျပ်
အင်တာနက် သုံးခနှုန်း တစ်မိနစ် ၄ကျပ်(3G ကွန်ရက်)တစ်မိနစ် ၂ကျပ်(2G ကွန်ရက်)
အင်တာနက်ဖွင့်ခ ၁၀၀၀၀ကျပ်
အင်တာနက်မြန်နှုန်း 256kbps for 3G and 128Kbps for 2G SIM cards.
1MB လျှင် ၁၅ကျပ်
အင်တာနက် လျှောက်ထားခြင်း အခမဲ့
မြန်နှုန်းမြင့်အင်တာနက် (42Mbpsထိ)
အရောင်းမြှင့်အစီအစဉ်: မှတ်ပုံတင်ပြီးသည့် နေ့မှစ၍ ရက်(၃၀) အတွင်း 50MB အပိုဆောင်း ပေးခြင်း
၂။ ဖုန်းခေါ်ခြင်း၊ အင်တာနက် အသုံးပြုခြင်းကို ဈေးချိုချိုဖြင့် ဆောင်ရွက်ပေးခြင်း
ဆွေသဟာအစီအစဉ်သည် မိုဘိုင်းဖုန်းဖြင့် ကြိမ်ဖန်များစွာ ချိတ်ဆက်ပြောဆို၊ အင်တာနက် ကြည့်လိုသူများအတွက် ဈေးနှုန်းချိုသာစွာဖြင့် ဝန်ဆောင်မှုပေးရန် အထူး စီစဉ်ထားပါသည်။ ထိုအထူးအစီအစဉ်တွင် ပါဝင်ခြင်းဖြင့် ဆွေသဟာအသုံးပြုသူများအတွက် မူလ ကမ်းလှမ်းချက် များထက် ပိုမိုသက်သာသော နှုန်းထားများကို ခံစားခွင့် ရမည် ဖြစ်ပါသည်။
Package
ခွင့်ပြုပမာဏ Package ဈေးနှုန်း သက်တမ်း
မည်သို့ ၀ယ်ယူမည်
Voice Package MPT ဖုန်းနံပါတ်များ အားလုံးသို့ မိနစ်ပေါင်း ၄၈၀ ခေါ်ဆိုနိုင်ခြင်း ၁၂၀၀၀ကျပ်တစ်မိနစ် ၂၅ကျပ်နှုန်း ၃၀ ရက် “480MIN” ဟုရိုက်၍ 1332 သို့ SMS ပို့ပါ၊*
Internet Package 400MB 400 MB ၅၀၀၀ကျပ်1MBလျှင် ၁၂.၅ကျပ် ၃၀ ရက် “400MB” ဟုရိုက်၍ 1332 သို့ SMS ပို့ပါ၊*
Internet Package 1GB 1 GB ၁၀၀၀၀ကျပ်1MBလျှင် ၁၀ကျပ် ၃၀ ရက် “1GB” ဟုရိုက်၍ 1332 သို့ SMS ပို့ပါ၊* * မှတ်ပုံတင်ပြီးသည်နှင့် ဖုန်းလက်ကျန်ငွေမှ Packages ၏ ကျသင့်ငွေကို နုတ်ယူပါမည်။
ဆွေသဟာအစီအစဉ် ရယူထားပြီးသော GSM/WCDMA သုံးစွဲသူ (Prepaid & Postpaid) များသာလျှင် ဆွေသဟာ Packages များကို ရရှိနိုင်ပါသည်။
၃။ အခမဲ့ ထပ်ဆောင်းဝန်ဆောင်မှု အသစ်များ
ထို့အပြင် ထပ်ဆောင်း ၀န်ဆောင်မှု အသစ်များကိုလည်း မှတ်ပုံတင်ကာ အခမဲ့ ရယူ သုံးစွဲနိုင်ပါသည်။
ဝန်ဆောင်မှု
ဖေါ်ပြချက်
မည်သို့ ရယူမည်
Voicemail သုံးစွဲသူထံသို့ ခေါ်ဆို မရသည့်အခါ ခေါ်ဆိုသူဘက်မှ အသံဖြင့် သတင်းစကား ချန်ထား နိုင်ပါသည်၊ “VMS” ဟုရိုက်၍ 1331 သို့ SMS ပို့ပါ၊
Missed call alert ဖုန်းပိတ်ထားစဉ်တွင် တစ်စုံတစ်ဦးမှ ခေါ်ဆိုထား ပါက အကြောင်းကြားချက် ပေးပို့ နိုင်ပါသည်၊ “MCA” ဟုရိုက်၍ 1331 သို့ SMS ပို့ပါ၊
Call forward သုံးစွဲသူထံ ခေါ်ဆိုမှုများကို အခြားနံပါတ်များသို့ လွှဲပြောင်း ပေးပို့ နိုင်ပါသည်၊ “CF” ဟု ရိုက်၍ 1331 သို့ SMS ပို့ပါ၊
Call waiting သုံးစွဲသူမှ ဖုန်းပြောနေစဉ် အတွင်း ဒုတိယလူ တစ်ဦးဦးက ခေါ်ဆိုလာခဲ့လျှင် ခေါ်ဆိုကြောင်း သိရမည်ဖြစ်ပြီး၊ ဒုတိယ ခေါ်ဆိုသူအား လက်ခံစကားပြော နေစဉ်တွင် ပထမ ပြောနေသူကို စောင့်ဆိုင်းထားစေ နိုင်ပါသည်၊ “CW” ဟုရိုက်၍ 1331 သို့ SMS ပို့ပါ၊၄။ ဆက်သွယ်ရေးဝန်ဆောင်မှုကို လူတိုင်း လက်လှမ်း မီစေမည့် တန်ဘိုးနည်း ငွေဖြည့်ကဒ်
မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း သည် ပြည်သူလူထု အများစုကြီးက တယ်လီဖုန်း ဆက်သွယ်မှုကို လက်လှမ်းမီစွာ သုံးစွဲနိုင်ရန်အတွက် တန်ဘိုးနည်း ငွေဖြည့်ကဒ်များ ဖြစ်သည့် ၁၀၀၀ ကျပ်တန် နှင့် ၃၀၀၀ ကျပ်တန် ငွေဖြည့်ကဒ်များကို စတင် မိတ်ဆက် ရောင်းချပေးမည် ဖြစ်ပါသည်။ ၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ (၁၂) ရက် နေ့ မှ စတင်၍ ပုံမှန် အရောင်း ဆိုင်များ နှင့် e-top-up မှတဆင့် အဆိုပါ ငွေဖြည့်ကဒ်များကို ၀ယ်ယူ ရရှိနိုင်ပါသည်။
၅။ Sim Card အစားထိုး လဲလှယ်ခ နှုန်းထား လျှော့ချခြင်း
ယခင်က Sim Card ပျောက်ဆုံး သွားလျှင် Sim Card အသစ် ပြန်လည်ရယူလိုသူများ အနေနှင့် ငွေကျပ် ၂၀,၀၀၀ ကျခံရပါသည်။ သုံးစွဲသူများ၏ အကြံပြုချက်များ အရ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ Sim Card ပျောက်ဆုံး၊ ပျက်စီး မှုများ အတွက် ၁၅၀၀ ကျပ် ပေးရုံမျှဖြင့် ကဒ်အသစ်တစ်ခု ပြန်လည် ရရှိ စေရန် စီစဉ်ထားပါသည်။ Sim Card ပျက်များအတွက် ပျက်စီးမှုသည် သုံးစွဲသူကြောင့် မဟုတ်ပါက Sim Card ကို အခမဲ့ ပြန်လည် ထုတ်ပေး ပါမည်။
ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ် အသစ်နှင့် ပက်သက်၍ “ဆက်သွယ်ရေး ကွန်ရက် ဧရိယာလွှမ်းခြုံမှုကို ကျေးလက်ဒေသများသို့ တိုးချဲ့ နေစဉ်နှင့် တစ်ဆထက် တစ်ဆ ပိုမို များပြားလာသော သုံးစွဲသူများအား ဝန်ဆောင်မှုပေးနေစဉ် အတွင်း အကောင်းဆုံးအဆင့်မီ စွာ ဆောင်ရွက် ပေးနိုင်ရန်အတွက် ဆက်သွယ်ရေး ကွန်ရက်၏ စွမ်းပကားကို ဆက်လက် တိုးချဲ့ဆောင်ရွက် သွားမည်” ဟု မစ္စတာ နာဂရှီးမားက နိဂုံးချုပ်စကားပြော ကြားသွားပါသည်
အသေးစိတ်သိရှိလိုပါက www.mpt.com.mm နှင့် MPT ၏ facebook စာမျက်နှာ www.facebook.com/mptofficialpage တို့တွင် ဝင်ရောက် ကြည့်ရှု နိုင်ပါသည်။
ရန်ကုန်၊၂၀၁၅ခုနှစ်၊ဇန်န၀ါရီလ(၉)ရက်

စက်ပိုင်ရှင်များ လုပ်ငန်းလိုင်စင် သက်တမ်းတိုးမှု ဆောင်ရွက်ပေး
စက်ပိုင်ရှင်များအား လုပ်ငန်းလိုင်စင်သက်တမ်း တိုးမြင့်ခြင်း ဆောင်ရွက်
မော်လူး၊ ဇန်နဝါရီ ၉
@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မံဟဲကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ ၄ ရွာတွင် ဆန်စက်ပိုင်ရှင်များအား အင်းတော်မြို့ စီးပွားကူးသန်း ကုန်သွယ်မြင့်တင်မှု ဦးစီးဋ္ဌာနမှ ဇန်နဝါရီ ၅ ရက်နေ့က လုပ်ငန်းလိုင်စင် သက်တမ်း တိုးမြင့်ပေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
၎င်းလုပ်ငန်းလိုင်စင် သက်တမ်း တိုးမြင့်ဆောင်ရွက်ခြင်းကို စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့ စီးပွားကူးသန်း ကုန်သွယ်မြင့်တင်မှု ဦးစီးဋ္ဌာန မြို့နယ်တာဝန်ခံ ဦးကြည်နိုင်ဦး၊ အကူ ဦးမျိုးနိုင်တို့သည် ဆန်စက်ပိုင်ရှင်များအား SME အသေးစား စက်မှုလက်မှု လုပ်ငန်းလိုင်စင်များ သက်တမ်းတိုးခြင်းကို ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး ဆန်စက် ၁၂ လုံးကို လုပ်ငန်းလိုင်စင် သက်တမ်းတိုး ဆောင်ရွက်ပေးခဲ့ကြောင်း၊ ယင်း လုပ်ငန်းလိုင်စင် သက်တမ်းတိုးခြင်းကို တစ်နှစ်တစ်ကြိမ် ဆောင်ရွက်ပေးကြောင်း သိရှိရသည်။
မြိုင်သာယာကျေးရွာတွင် တာဝါတိုင် စိုက်တော့မည်
ကချင်ပြည်နယ် မြိုင်သာယာကျေးရွာတွင် GSM ဖုန်း တာဝါတိုင် စိုက်ထူတော့မည်
မိုးညှင်း၊ ဇန်နဝါရီ ၉
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ပင်လုံကျေးရွာအုပ်စု၊ မြိုင်သာယာကျေးရွာတွင် အောင်မြင့်ကြိုင် ကုမ္ပဏီမှ တာဝန်ယူကာ GSM ဖုန်းတာဝါတိုင်ကို ဇန်နဝါရီ ၁၀ ရက်နေ့မှ စတင်စိုက်ထူတော့မည်ဖြစ်ကြောင်း သိရသည်။
စိုက်ထူမည့် ဖုန်းတာဝါတိုင်မှာ ဖောင်ဒေးရှင်းအပါ အမြင့် ၇၀ မီတာ(၂၂၀ ပေခန့်)၊ အကျယ် ၁၅ မီတာ ပတ်လည်(၄၅ ပေခန့်)၊ မြေကြီးအတွင်းသို့ အနက် ၁၀ ပေခန့်ရှိမည်ဖြစ်ကြောင်း၊ ဖုန်းတာဝါတိုင် စိုက်ထူခြင်းကို အောင်မြင့်ကြိုင် ကုမ္ပဏီမှ တာဝန်ယူကာ လုပ်သားအင်အား ၂၀ဦးခန့်ဖြင့် ဇန်နဝါရီ ၁၀ ရက်နေ့မှ စတင်ကာ ရက်ပေါင်း ၂၀ အတွင်း အပြီးသတ်တည်ဆောက်မည်ဖြစ်ကြောင်း အောင်မြင့်ကြိုင်ကုမ္ပဏီ တာဝန်ရှိသူ တစ်ဦးထံမှ သိရှိရသည်။

မော်လူးဘူတာနှင့် ပင်ဝဲဘူတာကြား ဖားတုံးများလဲလှယ်တပ်ဆင်
မန္တလေး - မြစ်ကြီးနား မီးရထားလမ်း ပင်ဝဲဘူတာနှင့် မော်လူးဘူတာကြား မီးရထားလမ်း အဆင့်မြင့်တင်ခြင်း ဆောင်ရွက်
မော်လူး၊ ဇန်နဝါရီ ၉
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
မန္တလေး - မြစ်ကြီးနား မီးရထားလမ်းပေါ်ရှိ ပင်ဝဲဘူတာနှင့် မော်လူးဘူတာကြား မီးရထားလမ်းကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းမှ စတင်၍ ကွန်ကရစ် ဇလီဖားတုံးများ လှဲလှယ်တပ်ဆင်ကာ မီးရထားလမ်း အဆင့်မြင့်တင်ခြင်းကို ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
ယင်းမီးရထားလမ်း ကွန်ကရစ် ဇလီဖားတုံး လှဲလှယ်တပ်ဆင်ခြင်းကို အင်းတော်မီးရထားဘူတာမှ လမ်းဗိုလ်ကြီး ဦးတင်လှ ဦးဆောင်ပြီး မော်လူးမီးရထားဘူတာမှ လမ်းဗိုလ်လေး ဦးထင်လတ်အောင်နှင့်ပြင်ပ သံလမ်းအလုပ်သမား ၁၅ ဦးတို့သည် သစ်သားဇလီဖားတုံးများနေရာတွင် ကွန်ကရစ်ဇလီဖားတုံးများဖြင့် လှဲလှယ်တပ်ဆင်ခြင်းကို ဆောင်ရွက်ခဲ့ကြပြီး တစ်ရက်လျှင် ဇလီဖားတုံး ၅၀တုံး လှဲလှယ်ဆောင်ရွက်နိုင်ကြောင်း၊ ပင်ဝယ်ဘူတာနှင့် မီးရထားဘူတာကြားတွင် ကွန်ကရစ်ဇလီဖားတုံးများ လှဲလှယ်တပ်ဆင်ပြီးစီးပါက မော်လူးမီးရထားဘူတာယာဒ်ဝင်းရှိ မီးရထားလမ်းများအား ကွန်ကရစ်ဇလီဖားတုံးများ လှဲလှယ်တပ်ဆင်မည်ဖြစ်ကြောင်း တာဝန်ရှိသူ တစ်ဦးထံမှ သိရှိရသည်။
နန့်စီးအောင် အလက ရှေ့ ကတ္တရာ လမ်းပြုပြင်
ရွှေဘို - မြစ်ကြီးနား မော်တော်ကားလမ်းမကြီး ကတ္တရာလမ်းသား တိုးချဲ့ခြင်းနှင့် ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်
မော်လူး၊ ဇန်နဝါရီ ၉
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
ရွှေဘို - မြစ်ကြီးနား မော်တော်ကားလမ်းမကြီး ဖြတ်သန်းသွားရာ စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မံဟဲကျေးရွာအုပ်စု၊ နန့်စီးအောင်-ပေကုန်းကျေးရွာတွင် လမ်းမကြီးအား ကတ္တရာလမ်းသား တိုးချဲ့ခြင်းနှင့် လမ်းပြုပြင်ခြင်းလုပ်ငန်းများကို ဇန်နဝါရီ ၉ ရက်က လမ်းအထူးအဖွဲ့(၂)မှ တာဝန်ယူ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
ယင်း လမ်းအထူးအဖွဲ့(၂)မှ SAE ဦးမြင့်သန်းအောင် ဦးစီးပြီး လမ်းအဖွဲ့ခေါင်း ဦးကျင်တိတ်မှ တာဝန်ယူကာ လုပ်သားအင်အား ၆၀ ဦးဖြင့် လမ်းအကျယ် ၂၄ ပေ၊ အရှည် ၂ ဖာလုံကို ကတ္တရာလမ်းအဖြစ် ဆောင်ရွက်ပြီးစီးခဲ့ပြီး၊ နန့်စီးအောင်ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းရှေ့ရှိ ပျက်စီးနေသော ကတ္တရာလမ်းအား အမြင့် ၈ လက်မထု၊ အရှည် ၄ ဖာလုံ အထိ အောက်ခံကျောက် ၂×၄ ၊ အပေါ်ပိုင်း ၁×၂ ကျောက်များဖြင့် ထိန်းသိမ်းရေးအဖြစ် နေ့စဉ် နံနက် ၇ နာရီမှ နေ့လည် ၁၁နာရီခွဲအထိလည်းကောင်း၊ နေ့လည် ၁၂ နာရီခွဲမှ ညနေ ၄ နာရီအထိလည်းကောင်း ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းကို ဆောင်ရွက်လျှက်ရှိကြောင်း လမ်းအထူးအဖွဲ့(၂) လမ်းအဖွဲ့ခေါင်းမှ ပြောပြသည်။
Thursday, January 8, 2015
Subscribe to:
Posts (Atom)