မော်လူး ပညာ့အလင်းခေတ်မီ ကိုယ့်အားကိုယ်ကိုး စာကြည့်တိုက် ပြန်လည်နိုးထစေချင်
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaWXLENrLSwfaiqi_On7QIRoSIUk6s6K6XkSRZWaq5d9i3KeO983qFAXlxtcPIFA51JyiCv8uJfAhPggCwdYxPSHqGaIByQh-rn2HZrbE2sVX7UIX8lZSTPwly5w-BXY70Vfqoj9lzwIg/s1600/mwl.jpg)
မော်လူး ပညာ့အလင်းခေတ်မီ ကိုယ့်အားကိုယ်ကိုး စာကြည့်တိုက် ပြန်လည်နိုးထစေချင်
မော်လူး၊ စက်တင်ဘာ ၁၉
@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မော်လူးကျေးရွာ ပညာ့အလင်းခေတ်မီ ကိုယ့်အားကိုယ်ကိုး စာကြည့်တိုက် ပြန်လည်နိုးထလာစေရန် ဒေသခံပြည်သူများလိုလားလျက်ရှိနေကြသည်။
အလိမ္မာစာမှာရှိ ၊ ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးသော နိုင်ငံကြီးကို တည်ဆောက်နိုင်မည်ဖြစ်သည့်အတွက် လူတိုင်း အတွေးအခေါ်အမြော်အမြင်ရင့်ကျက်လာစေရန်အတွက် လူတိုင်း စာဖတ်ရကြမည်ဖြစ်သည်။ သို့အတွက် ဗဟုသုတဟင်းလေးအိုးကြီးသဖွယ် ပညာမျက်စိအလင်းပေးစွမ်းနိုင်သော စာကြည့်တိုက်များကို နိုင်ငံနှင့်အဝန်း ဖွင့်လှစ်လျှက်ရှိကြသည့်အလျောက် မော်လူးကျေးရွာတွင် ပညာအလင်းခေတ်မီ ကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်တစ်ခုကို ၁၉၉၈ ခုနှစ်ကစတင်ဖွင့်လှစ်နိုင်ခဲ့ပြီး၊ ဖွင့်စအချိန်တွင် စာပေဝါသနာရှင်များဖြင့် အထူးစည်ကားလှသော်လည်း ယခုအခါ စာကြည့်တိုက်ကြီးကို ထိန်းသိမ်းစောင့်ရှောက်ပြီး စာဖတ်လာသူပြည်သူများ အဆင်ပြေစေရန်နှင့် စာအုပ်စာပေများကို စနစ်တကျ စီစဉ်ထားပေးနိုင်မည့် စာကြည့်တိုက်မှူး မရှိသဖြင့် ပိတ်ထားခဲ့ရသည်မှာ ကာလအတန်ကြာခဲ့ပြီ ဖြစ်သည်။ မော်လူးဒေသတွင် ကျေးရွာအုပ်စုပေါင်း(၁၀)အုပ်စု၊ တိုက်နယ်(၉)ခု၊ ကျေးရွာပေါင်း(၄၃)ရွာရှိသည့်အတွက် ဒေသခံ စာဖတ်ဝါသနာရှင်များ၊ စာပေလေ့လာလိုက်စားသူများပြားကြောင်း၊ ယနေ့အချိန်အခါတွင် လူငယ်လူရွယ်များသည် သောက်စားမူးယစ်ပျော်ပါးသူများ၊ အပျော်အပါးလိုက်စားသူများသာ တိုးတက်များပြားလာသည့်အတွက် ဝမ်းနည်းဖွယ် ဖြစ်ရပ်များနှင့် ကြုံတွေ့နေရကြောင်း၊ ထိုကဲ့သို့သောဖြစ်ရပ်များကို လျှော့ကျသွားစေရန်နှင့် ကျေးလက်မှသည် မြို့ပြဆီသို့ ခေတ်မီဖွံ့ဖြိုးတိုးတက်လာနိုင်ရန် လူတိုင်းစာပေများကို ဖတ်ရှု့လေ့လာသင့်ကြောင်း၊ စာကြည့်တိုက်ကြီးအတွက် လိုအပ်သည့် စာအုပ်စာပေများကို လှူဒါန်းမည့် အလှူရှင်များရှိသော်လည်း စာကြည့်တိုက်ကြီး မဖွင့်လှစ်နိုင်သဖြင့် စာပေမြတ်နိုးကြသည့် ဒေသခံများ အားမလိုအားမရဖြစ်နေကြကြောင်း၊မော်လူးဒေသတွင် စာကြည့်တိုက်ကြီးကို ပြန်လည်နိုးထလာစေနိုင်စေရန်အတွက် တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ ပူးပေါင်းပြီး ဆောင်ရွက်သင့်ကြောင်း ပညာရေးဝန်ထမ်းတစ်ဦးထံမှ ကြားသိရသည်။
နွယ်နီ
No comments:
Post a Comment