မော်လူး ဒေသမှ အွန်လိုင်း သုံစွဲသူများကို မော်လူးရွာသားများအဖွဲ့မှ လှိုက်လှဲစွာ ကြိုဆိုပါတယ်ဗျာ... မော်လူးဒေသ နှင့် ပတ်သက်ပြီး သိမှတ်ဖွယ်ရာများ ရှိပါက mawluuvillagers@gmail.com သို့ ပို့ပေးကြပါ..
Friday, September 26, 2014
မော်လူးသားတွေ တိုင်ကြားနိုင်တယ်တဲ့ အစိုးရစီမံကိန်းများ စံချိန်စံညွှန်းမမီပါက သက်ဆိုင်ရာ ကုမ္ပဏီကို သမ္မတထံ လွှတ်တော်က တိုက်ရိုက်တိုင်ကြားမည်
အစိုးရစီမံကိန်းများ စံချိန်စံညွှန်းမမီပါက သက်ဆိုင်ရာ ကုမ္ပဏီကို သမ္မတထံ လွှတ်တော်က တိုက်ရိုက်တိုင်ကြားမည်
နေပြည်တော်၊ စက်တင်ဘာ ၂၅
နိုင်ငံပိုင်ဘဏ္ဍာငွေဖြင့် ဆေးရုံ ဆေးခန်း၊ စာသင်ကျောင်း၊ လမ်းနှင့် တံတားစီမံကိန်းများ စံချိန်စံညွှန်းနှင့် မညီညွတ်ပါက တာဝန်ယူ ဆောက်လုပ်သော ကန်ထရိုက် ကုမ္ပဏီများကို နိုင်ငံတော်သမ္မတထံ လွှတ်တော်က တိုက်ရိုက်တိုင်ကြားမည် ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က လွှတ်တော် ကိုယ်စားလှယ်များကို ညွှန်ကြားလိုက်သည်။
လွှတ်တော်ကိုယ်စားလှယ်များ အနေနှင့် မိမိတို့၏ မဲဆန္ဒနယ်မြေတွင် တွေ့မြင်နေရသော ဆေးရုံဆေးခန်း၊ စာသင်ကျောင်း၊ လမ်းနှင့်တံတား စီမံကိန်းများ စံချိန်စံညွှန်း မမီခြင်းကို လွှတ်တော်တွင် မေးမြန်းနေခြင်းထက် နိုင်ငံတော်သမ္မတထံ တိုက်ရိုက်တိုင်ကြားခြင်းက ပိုမိုထိရောက်မည် ဖြစ်သောကြောင့် ယင်းသို့ ညွှန်ကြားခြင်း ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ် အချို့က ဆိုသည်။
နိုင်ငံပိုင်ငွေဖြင့် လုပ်ကိုင်သော ဆောက်လုပ်ရေး လုပ်ငန်းများတွင် ဆီးသီး ဗန်းမှောက်ကျသလို တစ်ယောက် တစ်ဆုပ်စီ ယူငင်နေကြပြီး စံချိန်စံညွှန်းမီ ဆောက်လုပ်ခြင်း မရှိကြောင်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က စက်တင်ဘာလ ၁၆ ရက်က ပြောကြားချက်ကို ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်၏ ပြန်လည်တုံ့ပြန်မှုကြောင့် ယင်းကဲ့သို့ ထုတ်ပြန်သည်ဟု ယူဆရကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ဆိုသည်။
“လွှတ်တော်ဥက္ကဋ္ဌက ကန်ထရိုက်ကို ရည်ရွယ်တာ။ အဲဒါကို ဦးရဲထွဋ်တို့က နာသွားတာ ထင်တယ်။ အဲဒါကြောင့် ကျွန်တော်တို့ကို စာတွေပေးတယ်။ ပွဲကတော့ ကြည့်ကောင်းတာပေါ့။ မြိုင်မြိုင်ဆိုင်ဆိုင် ဖြစ်သွားတာပေါ့” ဟု ၎င်းကဆိုသည်။
ကန်ထရိုက်စနစ်ဖြင့် ဆောက်လုပ်သော အဆောက်အအုံနှင့် လမ်းများ ဆောက်လုပ်ရာတွင် စံချိန်စံညွှန်း မမီသော အထောက်အထားများ ကိုယ်စားလှယ် အများစုတွင် ရှိသောကြောင့် တင်ပြသွားမည် ဖြစ်ပြီး ယခုကဲ့သို့ လုပ်ဆောင်ချက်သည် ထိရောက်မည် ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ် အချို့က ဆိုသည်။
ယင်းကဲ့သို့ စံချိန်စံညွှန်း မမီသော စီမံကိန်းများ တွေ့ရှိပါက လွှတ်တော် ကိုယ်စားလှယ်များ အနေနှင့် ဓာတ်ပုံ အထောက်အထား မှတ်တမ်းများကို အမျိုးသားလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်ထံ ပေးပို့ရန် အဆိုပါ ညွှန်ကြားချက်တွင် ဖော်ပြပါရှိသည်။ ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment