ဒုက္ခ ( ၇ ) မျိုး
=========
လူတိုင်းလူတိုင်း ခံစားနေရတဲ့ ဒုက္ခ ( ၇ ) မျိုးမှာ=
(၁) ဒုက္ခ ဒုက္ခ။
(၂) ၀ိပရိဏာမဒုက္ခ။
(၃) သင်္ခါရဒုက္ခ။
(၄) ပဋိ စ္ဆန္နဒုက္ခ။
(၅) အပ္ပဋိ စ္ဆန္နဒုက္ခ။
(၆) ပရိယာယဒုက္ခ။
(၇) နိပ္ပရိယာယ
ဒုက္ခ တို့ ဖြစ်ပါတယ်။
(၁) ဒုက္ခ ဒုက္ခ = =
ကိုယ်ထဲမှာ နာကျင်ကိုက်ခဲခြင်း စသည်ဖြင့် အခံခက်တဲ့ ကိုယ်ဆင်းရဲကတစ်မျိုး၊ စိတ်ထဲမှာ စိတ်ပူခြင်း၊ စိတ်ညစ်ခြင်း၊ နှလုံးမသာခြင်း၊ ၀မ်းနည်းခြင်း စသည်ဖြင့် အခံခက်တဲ့ စိတ်ဆင်းရဲကတစ်မျိုး၊ ဒီ ကိုယ်ဆင်းရဲနဲ့ စိတ်ဆင်းရဲကို ဒုက္ခ ဒုက္ခလို့ ခေါ်ပါတယ်။ သူ့သဘောကလည်း အခံရခက်တဲ့ ဆင်းရဲပဲ။ သူ့အမည်ကလည်း ဒုက္ခဆင်းရဲပဲ။ ဒါကြောင့် ဒုက္ခဒုက္ခလို့ ခေါ်ပါတယ်။ ဆင်းရဲသဘောရှိတဲ့ ဆင်းရဲတဲ့ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲကိုတော့ လူတိုင်းလူတိုင်းက ကြောက်ကြပါတယ်။ ကိုယ်ထဲစိတ်ထဲ၌ မခံသာတဲ့ ဆင်းရဲကို ဒုက္ခဒုက္ခလို့ ခေါ်ပါတယ်။
(၂) ၀ိပရိဏာမဒုက္ခ ==
အတွေ့ကောင်းတွေနဲ့ တွေ့ထိပြီး ကိုယ်ထဲမှာ ချမ်းသာနေတဲ့ (ကာယိကသုခ) ကိုယ်ချမ်းသာကတစ်မျိုး၊ ၀မ်းသာစရာတွေကို အာရုံပြုပြီး စိတ်ထဲမှာ ရွှင်လန်းဝမ်းသာနေ တဲ့ (စေတသိကသုခ) စိတ်ချမ်းသာကတစ်မျိုး၊ ဒီချမ်းသာနှစ်မျိုးကိုတော့ လူတိုင်းကြိုက်ကြ ပါတယ် ဒီ ချမ်းသာနှစ်မျိုးကို ရအောင်လို့ နေ့မအား၊ ညမအား အသက်ကိုတောင် စွန့်ပြီး ရှာနေကြပါတယ်။ (ရွှေ၊ ငွေ၊ တိုက်တာ၊ အဆောက်အဦး၊ ခင်ပွန်း၊ ဇနီး၊ သား၊ သမီး) အလိုရှိတိုင်းရပြီး ဒီချမ်းသာတွေကို ခံစားနေကြရတဲ့ အခါလည်း အလွန်ဝမ်းမြောက် နေကြပါတယ်။
ဒါပေမဲ့ အဲဒီလို ပျော်ရွင်ဝမ်းမြောက် နေရာက ချမ်းသာကြောင်း အာရုံဝတ္ထုတွေ ရုတ်တရက် ပျက်စီးဆုံးပါးသွားရင် မနေတတ် မထိုင်တတ်ဖြစ်ပြီး အလွန်ပင် ဆင်းရဲဒုက္ခ ရောက်တတ်ကြ ပါတယ်။ အဲဒီချမ်းသာတွေ ရှိနေတုန်းမှာ ကောင်းပေမယ့် သူတို့ဖောက်ပြန်ပျက်စီး သွားတဲ့အခါ၊ မရှိတဲ့အခါကျတော့ ယူကျုံးမရဖြစ်ပြီး ဆင်းရဲစေတဲ့ ဒုက္ခလို့ ဆိုလိုပါတယ်။
(၃) သင်္ခါရဒုက္ခ ==
မြင်နေကျ၊ ကြားနေကျ၊ တွေ့ကြုံနေကျ မကောင်းမဆိုး ရိုးရိုးအာရုံ ၀တ္ထုတွေနှင့် တွေ့ဆုံခံစား နေရတဲ့အခါမှာ ဆင်းရဲတယ်လို့လည်း မဆိုနိုင်ဘူး။ ချမ်းသာတယ်လို့လည်း မဆိုနိုင်ဘူး။ ဒါပေမဲ့ အဲဒီ ဥပေက္ခာက မြဲတည်နေတော့လည်း မဟုတ်ဘူး၊ မမြဲတဲ့အတွက် အဲဒီ အလယ်အလတ် အခြေအနေအတိုင်း ဖြစ်နေစေချင်ရင် သူ့ဆိုင်ရာအကြောင်းတွေဖြင့် မပြတ်ပြုပြင် ပေးနေရပါတယ်။ ပြုပြင်ပေးနေရတော့ တာဝန်လေးတာ ဆင်းရဲတာပေါ့။ ဒါကြောင့် မကောင်းမဆိုး အလယ်အလတ်ခံစားမှု ဥပေက္ခာဝေဒနာကို သင်္ခါရဒုက္ခလို့ ခေါ်ပါတယ်။
(၄) ပဋိ စ္ဆန္နဒုက္ခ = =
နားကိုက်ခြင်း၊ သွားနာခြင်း၊ ခေါင်းကိုက်ခြင်း၊ လေအောင့်ခြင်း၊ လိုချင်တပ်စွဲမှု နှိပ်စက်၍ ပူလောင်ခြင်း၊ စိတ်ညစ်ခြင်း၊ စိတ်ပူခြင်း အစရှိတဲ့ ကိုယ်ထဲ စိတ်ထဲက အခံရခက်နေသော ဆင်းရဲဟာ ခံစားနေရတဲ့ သူမှာသာ ထင်ရှားတယ်။ အခြားပုဂ္ဂိုလ်တွေမှာ မထင်ရှားဘူး။ မေးကြည့်လို့ အဲဒီ ခံစားနေရတဲ့သူက ပြောပြမှသာလျှင် သိရတယ်။ အဲဒီ ဆင်းရဲဟာ ဖုံးကွယ်ထားသလိုပင် မြှုပ်ကွယ်နေတဲ့အတွက် ပဋိ စ္ဆန္နဒုက္ခ လို့ ခေါ်ပါတယ်။
(၅) အပ္ပဋိ စ္ဆန္နဒုက္ခ = =
ဓားခုတ်ခံရခြင်း၊ လှံထိုးခံရခြင်း၊ သေနတ်မှန်ခြင်း စသည်ကြောင့်ဖြစ်တဲ့ အနာဆင်းရဲ ကတော့ ကွယ်ဝှက်ခြင်းမရှိဘဲ ထင်ရှားပေါ်နေတဲ့အတွက် အပ္ပဋိ စ္ဆန္နဒုက္ခ လို့ခေါ်ပါတယ်။
(၆) ပရိယာယဒုက္ခ = =
ကိုယ်ဆင်းရဲ စိတ်ဆင်းရဲကို ဖြစ်စေနိုင်တဲ့ ရုပ်နာမ် သဘောတရား ဟူသမျှတွေဟာ သူ့ပင်ကိုယ်က မဆင်းရဲသော်လည်း ဆင်းရဲ၏အကြောင်းဝတ္ထု ဖြစ်သောကြောင့် ပရိယာယဒုက္ခ လို့ ခေါ်ပါတယ်။
(၇) နိပ္ပရိယာယဒုက္ခ = =
ကိုယ်ဆင်းရဲ၊ စိတ်ဆင်းရဲတို့တွင် နည်းပရိယာယ် သွယ်ဝိုက်ခြင်း မရှိဘဲ မုချ ဆင်းရဲ လို့ နိပ္ပရိယာယဒုက္ခ လို့ ခေါ်ပါတယ်။
သူတော်ကောင်းတို့ လည်း ကိုယ်ဆင်းရဲခြင်း၊ စိတ်ဆင်းရဲခြင်း စသည့် ဆင်းရဲဟူသမျှ၏ အကြောင်းရင်း ဇာတိ မဖြစ်ရအောင် တရားဓမ္မကို လက်ကိုင်ထားပြီး ကျင်ကြံကြိုးကုတ် အားထုတ်တော်မူနိုင် ကြပါစေကုန်သတည်း။ ။
{ မဟာစည်ဆရာတော်ဘုရားကြီး၏ ဓမ္မစကြာ တရားတော်မှ ကိုးကားရေးသားပါသည်။ }
ရတနာဝါသဘုရားကျောင်းဆိုဒ်မှတဆင့်
( မူကြိုဆရာ )
No comments:
Post a Comment