Wednesday, April 26, 2017

ဘုန်းကြီးကျောင်းတွင်း ဖိနပ်စီးခြင်း မစီးခြင်း


အရာမ်တွင်းနှင့် ထီးဖိနပ် (အပိုင်း ၁)


                   “မေးစရာလေး တစ်ခုရှိသေးတယ် ဘုရား”

                        “ဘာများရှိသေးတာလဲ၊ ဆိုစမ်းပါဦး”

                        “ယနေ့ မြန်မာနိုင်ငံတော် တချို့အရပ်မှာ များသောအားဖြင့် မြို့ကြီးပြကြီးတွေမှာပေါ့ဘုရား၊ ကျောင်းကန်ဘုရားဝင်းအတွင်း အချို့သောလူများဟာ ဖိနပ်စီး, ထီးဆောင်း သွားလာလှုပ်ရှားနေကြပါတယ်၊ ဒါဟာ ကျမ်းဂန်သဘောနှင့် ဘယ်လိုဆိုထားတယ်ဆိုတာ သိချင်ပါတယ် ဘုရား”

                        “ကျောင်းအရာမ်, ဘုရားအရာမ်အတွင်း ဖိနပ်စီးခြင်း, ထီးဆောင်းခြင်း, ယာဉ်စီးခြင်းတို့ကို ရှေးအခါကစပြီး လူယဉ်ကျေးများ မပြုလုပ်ခဲ့ကြဘူး၊ ဒီလို မပြုလုပ်ခဲ့ခြင်းဟာ အမှန်တော့ ဘုရားရှင်ရဲ့ ပညတ်တော်ကြောင့် မဟုတ်ဘူး၊ စောင့်ထိန်းခဲ့ကြတဲ့ ဓမ္မတာသဘောမျိုးဖြစ်တယ်၊ မဟာနိပါတ် နာရဒဇာတ်တော်မှာ ကြည့်လျှင် မိထိလာပြည့်ရှင့် အင်္ဂတိမင်းကြီးဟာ တန်ဆောင်မုန်းလပြည့်နေ့ ညဥ့်ဦးယံမှာ ကြယ်ပေါင်းခတဲ့ လမင်းရဲ့ အသရေကိုမြင်တော့ စိတ်နှလုံးကြည်ရွှင်လာတဲ့အတွက် ဒီလိုသာယာတဲ့နေ့အချိန်မှာ ဘာများပြုလုပ်ရန်သင့်ပါ့မလဲလို့ ပညာရှိအမတ်ကြီးသုံးယောက်တို့ကို တိုင်ပင်တော်မူတယ်”။

                        “အမတ်သုံးယောက်အနက် စစ်သူကြီးဖြစ်တဲ့ အလာတအမတ်က စစ်တိုက်ရလျှင် ကောင်းမယ်လို့ အကြံပေးတယ်၊ သုနာမအမတ်က ကာမဂုဏ်ခံစားရလျှင် ကောင်းမယ်လို့ အကြံပေးတယ်၊ ဝိဇယအမတ်က ပညာရှိထံ ချဉ်းကပ် ဆွေးနွေးရလျှင် ကောင်းမယ်လို့ အကြံပေးတယ်၊ ဒီအကြံသုံးမျိုးအနက် နောက်ဆုံးအကြံကို သဘောကျပြီး မိဂဒါဝုန်တောမှာ အဝတ်မဝတ်သော ပညာရှိလို့အများက သမုတ်ထားကြတဲ့ ကဿပတက္ကတွန်းထံကို တရားဆွေးနွေးရအောင်ရယ်လို့ အခြွေအရံပရိသတ်နှင့်တကွ ရထားစီးပြီး သွားကြတယ်၊ တက္ကတွန်းနေရာ ဥယျာဉ်အနီးရောက်တော့ ယာဉ်ကဆင်းတယ်၊ ခြေလျင်ဖြင့်သာ တက္ကတွန်းထံကို ချဉ်းကပ်ကြတယ်လို့ ပြဆိုထားတယ်၊ ဒီပြဆိုချက်ကို ထောက်လျှင် ရိုသေလေးစားအပ်တဲ့ ပုဂ္ဂိုလ်များထံ ချဉ်းကပ်တဲ့အခါ ယာဉ်မှ ဆင်းခြင်း, ဖိနပ်ချွတ်ခြင်း, ထီးရုပ်ခြင်းဆိုတာတွေဟာ ဗုဒ္ဓပညတ်ထားတဲ့ ဗုဒ္ဓယဉ်ကျေးမှုမဟုတ်ဘူး၊ ကမ္ဘာဦးကရှိတဲ့ ရှေးဟောင်းယဉ်ကျေးမှုလို့ မှတ်သင့်တာပေါ့ကွယ်”



                                “ဒီလိုဆို ဒီယဉ်ကျေးမှုဟာ ဗုဒ္ဓယဉ်ကျေးမှု မဟုတ်တဲ့အတွက် ဗုဒ္ဓသာသနာတော်မှင့် မသက်ဆိုင်ဘူးပေါ့ ဘုရား”

                        “ဒါကတော့ ဒီလိုရှိတယ်ကွယ့်၊ ဗုဒ္ဓရဲ့ယဉ်ကျေးမှုစစ်စစ်ဟာ သစ္စာလေးပါး တရားမျှသာဖြစ်တယ်၊ သစ္စာလေးပါးကို သိတယ်ဆိုတာ ကိုယ်မှု နှုတ်မှုနှင့် မသက်ဆိုင်ဘူး၊  စိတ်မှုသက်သက်သာဖြစ်တယ်၊ ပညတ်, ပရမတ်လို့ ရှိရာမှာ ရပမတ်မျှသာဖြစ်တယ်၊ ပညတ်မဟုတ်ဘူး၊ သို့သော် ဘုရားရှင်ဟာ ပညတ်ကိုလည်း ပစ်ပယ်တော်မမူခဲ့ဘူး၊ လောကအစဉ်အလာကိုလည်း ပစ်ပယ်တော်မမူခဲ့ဘူး၊
ပညတ်မပစ်ပယ်ပုံကို မူလပဏ္ဏာသပါဠိတော် မူလပရိယာယသုတ်တော်မှာ -

                        “ရဟန်းတို့ - ငါဘုရားသည် သတ္တဝါဟူ၍ သတ္တဝါဟူ၍ အထူးသိ၏၊ အထူးသိ၍ သတ္တဝါတို့ဟုမကြံ၊ သတ္တဝါတို့ကို ရှေးရှုမနှစ်သက်၊ ထိုသို့ဖြစ်ခြင်းသည် အဘယ်ကြောင့်နည်းဟူမူ ငါဘုရားသည် ထိုအားလုံးကို သိပြီးဖြစ်သောကြောင့်တည်း” လို့ ဟောတော်မူထားတယ်၊ ဒါကြောင့် အမိအဖနှင့် သားသမီးဟာ ပရပတ်အားဖြင့် တိရစ္ဆာန်ဟာ ရုပ်နာမ်ချင်းကတော့ အတူတူပဲ၊ ပညတ်ချင်းမတူဘူး၊ ပညတ်ချင်းမတူလို့ ဂုဏ်ချင်းမတူဘူး၊ အဖေသတ်တာနှင့် ပရွတ်ဆိတ်သတ်တာဟာ သတ်တာချင်းအတူတူ အသတ်ခံရတဲ့ ရုပ်နာမ်ချင်း အတူတူ ဒါပေမယ့် ပညတ်ချင်းတူ ဂုဏ်ချင်းမတူလို့ အပြစ်ခံရချင်းလည်း မတူဘူးလို့ ဘုရားရှင်ဟောတော်မူတယ်၊ ဒါကြောင့် ဘုရားရှင်ရဲ့ဉာဏ်အမြင်ဟာ ပရမတ်ဖြစ်သော်လည်း သတ္တဝါတို့ရဲ့ ပညတ်အမြင်နှင့် ရှေးထုံးစဉ်လာများကိုလည်း ဘုရားရှင်လက်ခံတော်မူတယ်၊ ကမ္ဘာဦးက စတင်လာခဲ့တဲ့ ဖိနပ်ချွတ်ခြင်း, ထီးရုပ်ခြင်းစတဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံကိုလည်း ဘုရားရှင်က မပယ်ခဲ့ဘူး၊ သာသနာတော်အတွင်းမှာ ထပ်ပြီး ပညတ်တော်မူခဲ့တယ်၊
 စူဠဝါပါဠိတော် ဝတ္တက္ခန္ဓကမှာ ဘယ်လိုပတ်တော်မူခဲ့သလဲဆိုတော့-

                        ဘုရားရှင် သာဝတ္ထပြည် ဇေတဝန်ကျောင်းတော်မှာ သီတင်းသုံးနေတော်မူစဉ် အာဂန္တုရဟန်းများဟာ ဖိနပ်စီးပြီးတော့လည်း အရာမ်အတွင်းကို ဝင်ကြတယ်၊ ထီးဆောင်းပြီး ဦးခေါင်းခြုံပြီးတော့လည်း အရာမ်အတွင်းကိုဝင်ကြတယ်၊ အာဝါသိကများ တည်ထားတဲ့ သောက်ရေကိုလည်း မမေးမမြန်းကြဘဲ ခြေဆေးကြသတဲ့၊ ရဟန်းများက ဘုရားရှင်ကို ဒီအကြောင်း အလျှောက်ထားကြတော့ ရှေးဟောင်းယဉ်ကျေးမှုကို မလိုက်နာကြတဲ့ အာဂန္တုရဟန်းများကို ကဲ့ရဲ့တော်မူပြီး-
                        “ရဟန်းတို့ - အာဂန္တုရဟန်းသည် ယခုအရာမ်အတွင်းသို့ ဝင်အံ့ဟု ဖိနပ်ချွတ်၍ နှိမ့်လျက်ခါပြီးလျှင် ယူ၍လည်းကောင်း၊ ထီးကိုပတ်၍လည်းကောင်း၊ ဦးခေါင်းခြုံကို ဖွင့်၍လည်းကောင်း၊ သင်္ကန်းကို ပခုံး၌တင်၍လည်းကောင်း၊ မနှေးမလျင် အရာမ်အတွင်းသို့ ကောင်းစွာဝင်ရမည်” (စူဠဝဂ္ဂပါဠိ-၃၇၄) လို့ ပညတ်တော်မူခဲ့တယ်၊ သည်ပညတ်ချက်အရ ရဟန်းအချင်းချင်းသော်လည်း သူ့အရာမ်အတွင်းကို ဖိနပ်စီး ထီးဆောင်းပြီး မဝင်ရဘူး၊ ဝင်လျှင် ဝတ်ပျက်ပြီး ဒုက္ကဋ်အာပတ်သင့်တယ်၊ ဒါကြောင့်မို့ ဘုရားအရာမ်, ကျောင်းအရာမ်အတွင်း လူသားများထီးဆောင်းခြင်း, ဖိနပ်စီးခြင်း, ဦးခေါင်းခြုံခြင်း, ဦးထုပ်ဆောင်းခြင်းမျိုး မပြုလုပ်သင့်ဘူးကွယ့်”

                        “အရှင်ဘုရား မိန့်တော်မူတဲ့ သတ်ပုံရေစီးကြောင်းဆိုတာလို ယဉ်ကျေးမှုဟာလည်း ရေးစီးကြောင်းတစ်မျိုးပဲ မဟုတ်လားဘုရား၊ တစ်ချိန်က သည်အပြုအမူဟာ ယဉ်ကျေးတယ်ထင်သော်လည်း နောင်တစ်ချိန်ကျတော့ မယဉ်ကျေးဘူးလို့ ထင်ချင်ထင်တက်သပေါ့ဘုရား၊ ဥပမာ-တစ်ချိန်သောအခါက အမျိုးသမီးများဟာ ဆံပင်ရှည်တာကို ယဉ်ကျေးတယ်လို့ အသားပေးထားကြတယ်၊ နောက်တစ်ချိန်ကျတော့ ဆံတိုကလေးတွေကိုပဲ ယဉ်သလိုလို ထင်ကြပြန်တယ်၊ တစ်ချိန်က ဆံထုံးကြီးများ ဆံပတ်ကြီးများ ယဉ်သလိုလို ထင်ကြပြန်တယ်၊ တစ်ချိန်က ဆံထုံးကြီး ဆံပတ်ကြီးများ လှေကားထောင်တက်ရမလောက် ဆံပင်ကို မထုံးမဖွဲ့ဘဲ ဖိုးရိုးဖားရားထားတာကိုပင် ယဉ်ကျေးတယ်လို့ ထင်ကြသကိုးဘုရား၊ ဒီဥပမာအတိုင်းပါပဲ၊ ယဉ်ကျေးမှုဆိုတာအတည်အကျမရှိပါဘူး၊ ဒါကြောင့် ခုခေတ်က ပြောင်းပြန်ဖြစ်လာတယ် ဘုရား”

                        “ဘယ်လို ပြောင်းပြန်လဲ ဆိုစမ်းပါဦး”

                        “အရာမ်တွင်းကို ဖိနပ်မစီးဘဲဝင်တော့ ခြေဖဝါးကို ဖုံကပ်တယ်ဘုရား၊ ဖုံကပ်တဲ့ခြေနဲ့ ကျောင်းပေါ်တက်တော့ ဖုံတွေကျောင်းပေါ်ပါသွာတယ်ဘုရား၊ ခုခေတ်ကျောင်းတွေက ရှေးခေတ်ကျောင်းများလို ရိုးရိုးမဟုတ်ကြတော့ဘူးဘုရား”

                        “ရိုးရိုးမဟုတ်လို့ ဘယ်လို ဖြစ်ကုန်ကြသတုန်းကွယ့်”

                        “ရိုးရိုးမဟုတ်ဆိုတာက ရှေးအခါက ကျောင်းတို့, တန်ဆောင်းတို့ဆိုလျှင် အထွက်ပါမှကြိုက်ကြတယ်၊ ကျောင်းတံခါးပေါက်များကိုလည်း ခပ်ကျဉ်းကျဉ်းဖောက်ကြတယ်၊ ဒါကြောင့် ကျောင်းတော်တော်ကြီးလျှင် မှောင်မိုက်နေလို့ ကိစ္စကြီးငယ်ရှိလျှင် နေ့ခင်းကြီးကြောင်တောင် မီးထွန်းထားကြရတယ်၊ ခုတော့ ဒီလို မဟုတ်တော့ဘူးဘုရား၊ ကျောင်းအထွက်ဆိုတာ ငွေကုန် ပစ္စည်းကုန် အလုပ်များပြီး ကျောင်းလေးတာပဲ အကျိုးရှိတယ်လို့ ယူဆကြပြီး ခေတ်ကျောင်းများမှာ အထွက်မထည့်ချင်ကြဘူး၊ ကျောင်းခန်းအတွင်းကိုလည်း လင်းသည်ထက် လင်းအောင် ကျောင်းခန်းများကို နှစ်ကိုယ်တွေ့ပေါက်, မြိုက်ထပေါက်ဆိုတဲ့ တံခါးပေါက်တွေ ဖောက်ကြတယ်၊ မျက်နှာကျက်ကို ရှေးကလို ပန်းမဖောက်ကြတော့ဘဲ အချောကျက်ပြီး ဆေးသုတ်ကြတယ်၊ ကျောင်းအခင်းကိုလည်း မှန်ရောင်ထအောင် ပါလစ်ရောင်တွေ တင်ထားကြတယ်။

                        ဒီလို ခေတ်မီကျောင်းများအပေါ် ဖိနပ်မစီးဘဲ ခြေဖဝါးနှင့် တက်နင်းလိုက်လျှင် နင်းသူရဲ့ခြေရာတွေဟာ အကွင်းလိုက်အကွင်းလိုက် ထင်နေတက်တယ်၊ ဒီလိုကျောင်းမျိုးတွေမှာ ခြေဆေးရန် ခြေဆေးရေ ခြေဆေးအင်ပျဉ်, ခြေသုတ်ရန် ခြေသုတ်ပုဆိုးဆိုတာတွေ ထားတက်ကြသော်လည်း လူတစ်ရာမှာ တစ်ယောက်လောက်သာ ခြေဆေးခြင်း၊ ခြေသုတ်ခြင်း ပြုလုပ်တက်ကြတယ်၊ အချို့လူသားများကျတော့ သံဃာတော်တည်ထားတဲ့ ခြေဆေးရေကို မဆေးရဲကြဘူးဘုရား၊ ဒီလိုပြဿနာတွေများလာတော့ စာတက်ကျမ်းတက် ဆရာတော်ကြီးအချို့တောင် ကျောင်းဝင်းအတွင်း ဖိနပ်စီးတာကို သဘောကျလာကြတယ်၊ ဖိနပ်မစီးလို့ ဖုံအလိမ်းလိမ်းနှင့်ခြေကို ရိုင်းတယ်၊ ဖိနပ်စီးထားလို့ ဖုံမလိမ်းကျံတာကို ယဉ်တယ်လို့အထင်အမြင်ဟာ ဒီလိုဖြစ်နေတယ်ဘုရား၊ ဒါကြောင့် ထိုင်နိုင်ငံဘက်မှာဆိုလျှင် ကျောင်းဝင်း, ဘုရားဝင်းအတွင်း ဖိနပ်စီးကုန်ကြပြီ လို့ဆိုတယ်၊ မြန်မာနိုင်ငံတော်အတွင်း အချို့အရပ် အချို့ကျောင်းတိုက်များအတွင်း ဖိနပ်စီး ထီးဆောင်းနေကြပြီလို့ သိရပါတယ်၊ ဒီဟာကို ဆရာတော် ဘုရား ဘယ်လိုများ မြင်ပါသလဲ ဘုရား”

                        “ခေတ်အဟုန်ဆိုတာ တားဆီးလို့မရဘူးလို့ မြင်တာပေါ့ကွယ်”

                        “ခေတ်အဟုန်ဆိုတာ  ဘာတုန်းဘုရား”

                        “ခေတ်အဟုန်ဆိုတာ  ခုန ကိုယ်တော်အမိန့်ရှိတဲ့ ခေတ်ရေစီးကြောင်းပေါ့၊ မိုးအလွန်အားကြီးလို့ ရေအဟုန် အားကောင်းလာတာကို ဘယ်သူမျှ တားဆီးလို့မရနိုင်သလို ခေတ်စားလာတဲ့ အပြုအမူကိုလည်း တားဆီးလို့ မရဘူးကွယ့်၊ (ဥပမာ-ခုခေတ် လမ်းသရဲဆိုသူကလေးများကိုကြည့်စမ်း၊ ဆံပင်ဖိုးရိုးဖားရား၊ အင်္ကျီ ဘောင်းဘီ ပိုသီပတ်သီနှင့် ဘယ်လိုမျှ ပုံစံမတည့်ဘူး၊ ဒါပေမယ့် တားဆီးလို့ ရရဲ့လား၊ မရဘူးကွယ့်၊ ဖိလေထလေဆိုတာလို ပြောလေ ကဲလေဖြစ်လာတာပဲ)၊ ကောင်းတာပဲဖြစ်စေ, မကောင်းတာပဲဖြစ်စေ အများသဘောကျပြီး ခေတ်စားလာလျှင် အဲဒီအပြုအမူတွေဟာ လွှမ်းမိုးလာခဲ့တက်တာပေါ့၊ ဒါပေမယ့် ဒီ ထီးဖိနပ်အရေးမှာတော့ တပည့်တော်က တစ်မျိုးမြင်တယ်”

                        “ဘယ်လိုမြင်ပါသလဲ ဘုရား၊ အမိန့်ရှိပါဦး”

                        ”ခုခေတ်မှာ လူတွေဟာ အတော်တိုးပွားလာတယ်၊ ရှေးက တောဟာ ယခုရွာဖြစ်လာပြီး ရှေးကရွာဟာ ယခုမြို့ဖြစ်လာတယ်၊ ရှေးတုန်းကချောင်ကျကျ တည်ထားတဲ့ ကျောင်း ဘုရားဟာ ခုတော့ မြို့လယ် ရွယ်လယ် ဖြစ်လာတယ်၊ လူဦးရေများပြားလာတာနှင့်အမျှ လူတွေရဲ့ နေရေးလည်း ကျပ်တည်းကျဉ်းမြောင်းလာတယ်၊ မြို့တွင်းမှာဆိုလျှင် ဆယ်တောင်လောက် မြေကလေးတောင် သိန်းခိုက်အောင် ဈေးရှိနေတယ်လို့ ကြားရတယ်၊ လူတွေဟာ နေစရာကျပ်တည်းလာတော့ ရှေးတုန်းက  ချောင်ချောင်တည်ထားလို့ လူဦးရေ နည်းပြီး မြေဧရိယာများတဲ့ ကျောင်းဝင်း, ဘုရားဝင်းအတွင်း နည်းအမျိုးမျိုးနဲ့ ဝင်တိုးနေကြတယ်၊ ကျောင်းဝင်းအတွင်း ဘုရားဝင်းအတွင်း တစ်ခါတစ်ရံ သွားရောက်ခြင်း မဟုတ်ဘဲ အမြဲ နေထိုင်ပြန်တယ်ဆိုတော့လည်း ဖိနပ်မစီး ထီးမဆောင်းလို့ မဖြစ်တော့ဘူးလေ၊ ဒီတော့ သံသရာအပြစ်ဆိုတာ နောင်အခါမှ တွေ့ကြုံရမှာဖြစ်တယ်၊ ဆူးစူးခြင်း၊ ခြေပူခြင်း၊ မိုးမိခြင်း၊ နေထိခြင်း စတဲ့ ဒုက္ခတွေက အခုတွေ့နေတော့  နောင်အခါလာ နောင်ခါဈေးဆိုပြီး ကျောင်းဝင်း ဘုရားဝင်းအတွင်း ဖိနပ်စီး ထီးဆောင်း လုပ်ကုန်ကြတာပေါ့၊ အဲဒီ လူတွေက ကူးစက်ပြီး ကျန်လူများမှာ ဒီပြဿနာ ဖြစ်လာတယ်လို့ မြင်တယ်ကွယ့်”

                        “ဒီလိုဆိုတော့ ကျောင်းဝင်း ဘုရားဝင်းအတွင်း ဖိနပ်စီး ထီးဆောင်းပြုလုပ်ကြရခြင်းဟာ ကျန်းမာရေးအတွက် မလွှဲမကင်းသာလို့ ပြုလုပ်ကြရလေတော့ အပြစ်ဖြစ်လိမ့်မယ်လို့ မထင်မိဘူးဘုရား”

                        “အပြစ် ဖြစ်,မဖြစ်တော့ မသိဘူး၊ ကျမ်းဆရာများ အလိုအားဖြင့် အရာမ်အတွင်း ထီးဆောင်း ဖိနပ်စီးသူကို ရတနာသုံး မရိုသေသူလို့ သတ်မှတ်တယ်ကွယ့်”

                        “ဘယ်လိုသတ်မှတ်ပါသလဲ ဘုရား”

                        “ပရိဝါ အဋ္ဌကထာမှာဆိုတာက ‘စေတိယင်္ဂဏေ သဆတ္တော သဥပါဟနော ဝိစရတိ၊ နတ္တေ တဿ ဗုဒ္ဓေ အဂါရဝေါတိ ဝေဒိတဗ္ဗော’ တဲ့၊ စေတီရင်ပြင်၌ ထီးဆောင်းလျက် ဖိနပ်စီးလျက် သွားငြားအံ့၊ ထိုသူအား ဘုရား၌ ရိုသေခြင်း မရှိသူလို့ သိရမယ်တဲ့၊ သုတ်ပါထေယျ အဋ္ဌကထာမှာလည်း ‘စေတိယဿ ပညာယနဋ္ဌာနေ သတ္ထုဒဿနဋ္ဌာနေ ဥတ္တံ သဗ္ဗံ ကရောတိ၊ အယံ သတ္ထရိ အဂါရဝေါ နာမ’ လို့ ပြဆိုထားတယ်၊ စေတီတော်ကို မြင်ရာ အရပ် သို့မဟုတ် ဟတ္ထပါသ်အရပ်က စပြီး ဖိနပ်စီး ထီးဆောင်းအမှုကို ပြုခဲ့လျှင် ထိုသူဟာ ဘုရား၌ မရိုသေသူ မည်သတဲ့၊ သံယုတ် အဋ္ဌကထာမှာက‘ယောစေတိယင်္ဂဏံ အာရောဟန္တော ဆတ္တံ ဓာရေတိ၊ ဥပါဟနံ ဓာရေတိ၊ အညတော သြလောကေတွာ ကထံ ကထေန္တော ဂစ္ဆတိ၊ အယံ သတ္ထရိ အဂါရဝေ နာမ’ လို့ ဆိုထားတယ်၊ စေတီရင်ပြင်ကိုတက်လျှင် ထီးဆောင်းပြီးတက်မယ်၊ ဖိနပ်စီးပြီးတက်မယ်၊ ဘုရားကို ဂရုမထားဘဲ ဟိုကြည့်သည်ကြည့် ကြည့်မယ်၊ ထင်ရာမြင်ရာစကားကို ပြောနေမယ်ဆိုလျှင်  ဘုရားရှင်ကို မရိုသေရာရောက်တယ်လို့ ဆိုလိုသကွယ့်”

                   “ရိုသေထိုက်တဲ့ပုဂ္ဂိုလ်များ, ရိုသေထိုက်တဲ့ဋ္ဌာနများကို မရိုသေရုံနှင့် အပြစ်ဖြစ်ပြီလို့ကော ဆိုနိုင်ပါသလားဘုရား”

                        “အပြစ်ဆိုတဲ့ စကားလည်း အင်မတန်ကျယ်ဝန်းတယ်ကွယ့်၊ လောကပြစ် သံသရာပြစ် စသောအားဖြင့်ပေါ့ကွယ်၊ ရတနာသုံးပါးအပေါ် ပြစ်မှားလိုစိတ်မရှိဘူး၊ သို့သော် အများအမြင်မှာ ပြစ်မှားသလိုဖြစ်လာလျှင် အပြစ်ဆိုတာ ဖြစ်ပေါ်လာတက်တာပဲကွယ့်၊ တို့ငယ်ငယ်တုန်းက မြို့တွင်းဆွမ်ခံဝင်ကြလျှင် ဝါစဉ်အလိုက် စီတန်းပြီးဝင်ကြရတယ်၊ သံဃာတော် ဆွမ်းခံချိန်မှာ လှည်းမောင်းခြင်း, မြင်းစီးခြင်း, စက်ဘီးစီးခြင်းမလုပ်ကြဖို့ အရပ်လူကြီး အရပ်သားများ ဆော်သြထားတယ်၊ တစ်နေ့ သံဃာတော်များ ဆွမ်းခံကြွတုန်း လှည်းတစ်စီးဟာ သံဃာတော်ကြားထဲ ဇွတ်မောင်းလာတယ်၊ အဲဒီလှည်းသမားကို အရပ်သားများက ဝိုင်းရိုက်ကြလို့ ဆွမ်းခံဘုန်းကြီးများက မနည်းတောင်းပန်ခဲ့ကြရဖူးတယ်၊ ဒါက ရိုသေထိုက်တဲ့ပုဂ္ဂိုလ်ကို မရိုသေးသလိုဖြစ်လို့ အပြစ်ရတက်ပုံကို ပြောတာပါ၊ ဆိုလိုတာက ဒီအပြုအမူဟာ မရိုသေတဲ့အပြုအမူပဲလို့ အများက ယူဆခဲ့လျှင် အပြစ်ဖြစ်တက်တယ်ပေါ့၊ မရိုသေတဲ့အပြုအမူပဲလို့ အများကယူဆခဲ့လျှင် အပြစ်ဖြစ်တက်တယ်ပေါ့၊ မရိုသေတဲ့ အပြုအမူသာမက ဒါဟာ စော်ကားတာပဲလို့ အများကယူဆလာလျှင် လောကအပြစ်ဟာ ပိုမိုကြီးထွားလာတယ်၊ သံသရာအပြစ်ကျတော့ အပြင်အပ အပြုအမူနှင့် ဆုံးဖြတ်လို့မရဘူး။

                   မနောပုဗ္ဗင်္ဂမာ ဓမ္မာ၊ မနော သေဋ္ဌာ မနော မယာ။
                   မနသာ စေ ပဒုဋ္ဌေန၊ ဘာသတိ ဝါ ကရောတိ ဝါ။
                   တတော နံ ဒုက္ခမနွေတိ၊ စက္ကံ ဝ ဝဟတော ပဒံ-
ဆိုတဲ့ ဓမ္မပဒဂါထာနှင့် အဆုံးအဖြတ်ပေးရလိမ့်မယ်”

                        “ဂါထာရဲ့ အဓိပ္ပာယ်က ဘ်ာလိုတဲ့လဲ ဘုရား”

                        “နာမက္ခန္ဓာတရားလေးပါးထဲမှာ ဝိညာဏက္ခန္ဓာ ဆိုတဲ့ စိတ်က ရှေ့သွားဖြစ်သတဲ့၊ မကောင်းတဲ့စိတ်နှင့် ပြောမိလုပ်မိလျှင် မကောင်းကျိုး ဧကန်ကြုံရတက်သတဲ့၊ ဥပမာမှာ လှည်းကိုဆွဲတဲ့နွားခြေရာနောက် လှည်းဘီးလိုက်သလိုပဲ လို့ ဆိုလိုတယ်ကွယ့်”

“ဒီလိုဆို ဗိမ္ဗိသာရမင်းကြီး ခြေဖဝါး ဓားခွဲခံရတာဟာ စေတီတော်ရင်ပြင်မှာ ဖိနပ်စီးရုံ အဂါရဝမျှသာမဟုတ်ဘဲ ပြစ်မှားလိုတဲ့  ပဒုဋ္ဌစိတ်ပါတဲ့အတွက် မကောင်းကျိုး ခံရတယ်လို့ ဆိုရတော့မှာပေါ့ဘုရား”

“ဒီလိုလည်း မဆိုနိုင်သေးဘူးကွယ့်”

“ဘာကြောင့်တုန်း ဘုရား”

“သာမညဖလသုတ် အဋ္ဌကထာဆိုထားပုံကို ကိုယ်တော်စဉ်းစားကြည့်နော်”

“ရာဇ ကိရ ပုဗ္ဗေ စေတိယင်္ဂဏေ သဥပါဟနော အဂမာသိ၊ နိသဇ္ဇ နတ္ထာယ ပညာတ္တကဋသာရကဉ္စ အဓောတေဟိ ပါဒေဟိ အက္ကမိ၊ တဿာယံ နိဿန္ဒောတိ ဝဒန္တိတဲ့ကွယ် -
ဗိမ္ဗိသာရမင်းကြီး ခြေဖဝါး ဓားခွဲခံရတာဟာ ရှေးရှေးတုန်းက စေတီရင်ပြင်တော်ပေါ် ဖိနပ်စီးသွားဖူးသောကြောင့်လို့ ဆိုကြတယ်တဲ့၊ နေထိုင်ဖို့ရာ ခင်းထားတဲ့ သင်ဖြူးပေါ် ခြေမဆေးဘဲ နင်းဖူးလို့ ဓားခွဲခံရတာလို့လည်း ဆိုကြတယ်တဲ့၊ အဋ္ဌကထာဆရာက ဧကံစကားကိုမသုံး၊ (သတဲ့) ဆိုတဲ့ တစ်ဆင့်ကြားစကားမျိုးကို သုံးထားတယ်၊ ကျမ်းဆရာများရဲ့ လျှို့ဝှက်ချက်ဆိုတာ ကြားဖူးတယ် မဟုတ်လားကွယ့်”

“မကြားဖူးပါ ဘုရား”

                               
“လျှို့ဝှက်ချက်ဆိုတာ သူ့ရဲ့အယူအဆကို  တိုက်ရိုက်မပြဘဲ ပညာသားနှင့် ပြသွားတာမျိုးကို ဆိုလိုသကွယ့်”

                        “ဘယ်လို ပညာသားနှင့် ပြတာလဲ ဘုရား”
                     
                                “ကျမ်းထဲမှာ (ကိရ)လို့ ပြခဲ့လျှင် ဒီစကားရပ်ဟာ ခိုင်မှာတဲ့ကျမ်းလာမဟုတ်ဘူး၊ ခိုင်မာတဲ့ပညာရှင်က ပြောတာလည်း မဟုတ်ဘူး၊ ပုံပြင်များလို အဆင့်ဆင့်ပြောလာတဲ့စကားလို့ ဆိုလိုတယ်၊ ပြီးတော့ ကြိယာအချမှာ ‘ဒဋ္ဌဗ္ဗ’ လို့ ပြခဲ့လျှင် ဤစကားကို အသေအချာမှတ်လို့ ဆိုလိုတယ်၊ ‘ဝေဒိတဗ္ဗံ’ ပြခဲ့လျှင် ဒီစကားရပ်ဟာ သံသယရှိတယ်၊ ဒီထက်ခိုင်မာသော အထောက်အထားကို မရခင်မှာ မှတ်သားထားပြီး ခိုင်မာတဲ့ အထောက်အထားကိုရလျှင် ပယ်လိုက်ပါလို့ ဆိုလိုတယ်၊ ‘ဝဒန္တိ’ လို့ ပြခဲ့လျှင် ‘ဝဒန္တိသဒ္ဒါ၊ ရှိတုံပါ၊ ဆရာမနှစ်သက်’ တဲ့၊ ဒီစကားရပ်ကို အများက ယုံကြည်စွာ ဟောပြောနေကြလို့သာ ဖော်ပြရတယ်၊ ကျမ်းဆရာကတော့ ဒီအယူအဆကို မကြိုက်ဘူးလို့ ဆိုလိုတယ်၊ ဒါဟာ ကျမ်းဆရာများရဲ့ လျှို့ဝှက်ချက်ပဲကွယ့်

                        သုတ် သိလက္ခန် အဋ္ဌကထာကလာတဲ့ ဒီစကားရပ်ကလေးကို ပြောခဲ့ပြီးဟဲ့ လျှို့ဝှက်ချက်နဲ့ တိုက်ဆိုင်ပြီး ကြည့်လိုက်စမ်း၊ စာပိုဒ်စကတည်းက ရာဇာကိရလို့(ကိရ)ပုဒ်နှင့် စ,ထားတယ်၊ အဆုံးသတ်ပြန်တော့လည်း (ဝဒန္တိ) ကြိယာနှင့် အဆုံးသတ်ထားတယ်၊ ဒီဝါကျဟာ  ဘာမျှခိုင်မာတဲ့ ဝါကျမဟုတ်ဘူး၊ သူပြောလူပြောစကားကို ဆွဲထည့်ထားတဲ့‘အနိစ္ဆိတဝါကျ’ မျှသာဖြစ်တယ်၊ ဒါကြောင့် ဒီပုံပြင်ကို မှန်တယ်လို့လည်း မပြောနိုင်ဘူး၊ မမှန်ဘူးလို့လည်း မပြောနိုင်ဘူး၊ ဘယ်ဘုရားရှက်လက်ထက်က နင်းတာလဲ၊ ဘယ်လိုစိတ်နဲ့နင်းတာလဲလို့လည်း အစစ်အဆေးမခံနိုင်ဘူး၊ တကယ့်တော့ ဗိမ္ဗိသာရမင်းကြီးဟာ ပုဒုဋ္ဌစိတ်နှင့် နင်းခဲ့လျှင် ဒီထက်ကြီးလေးတဲ့ အပြစ်မျိုးရသင့်တယ်၊ ပုဒုဋ္ဌစိတ်မပါခဲ့လျှင် စက္ခုပါလမထေရ်လို ဘာအပြစ်မျှ ဖြစ်ခွင့်မရှိဘူး”

                        “ဒီလိုဆို ပဒုဋ္ဌစိတ်မရှိလျှင် ကျောင်းဝင်း ဘုရားဝင်းအတွင်း ဖိနပ်စီး ထီးဆောင်းတဲ့အတွက် အပြစ်မရှိဘူးပေါ့ ဘုရား”

                        “အေး - ဒီအမေးဟာ အတော်ဖြေရခက်တဲ့ အမေးပဲကွယ့်၊ ဒါ့ကြောင့် အမေးရှင်ကို ပြန်ပြီးအဖြေခိုင်းမှ အဖြေမှန်ထွက်ဖို့ရှိတယ်”

                        “အမေးရှင်ကို ဘယ်လို အဖြေခိုင်းမှာလဲ ဘုရား”

                        “ဒါက ဒီလိုပါလေ၊ ကျောင်းဝင်းထဲ ဘုရားဝင်းထဲဖိနပ်စီး ထီးဆောင်းသူက ကျွန်တော်ဟာ အန္တရာယ်အတွက်ကြောင့်သာ ကျောင်းဝင်းဘုရားဝင်းထဲ ဖိနပ်စီးခြင်း, ထီးဆောင်ခြင်း ပြုပါတယ်၊ မရိုသေမလေးစားလို့ မဟုတ်ပါဘူး လို့ ဆိုခဲ့ရင် သူ့ကိုမေးရမှာက ဘယ်လိုအန္တရာယ်ရှိနေသလဲ၊ နေပူလို့လား၊ မိုးရွာလို့လား၊ ဆူးညှောင့်ရှိလို့လား၊ နေမကောင်းလို့လားပေါ့၊ ဒါတွေကြောင့်ပါလို့ စိတ်ရှင်းရှင်း အဖြေပေးခဲ့လျှင် သူ့ကိုအပြစ်က ခွင့်လွှတ်ပါလိမ့်မယ်၊ ဒီလိုမဟုတ်ဘဲ ကျောင်းဝင်း ဘုရားဝင်းအတွင်း ဖိနပ်စီး ထီးဆောင်းတာဟာ အဂါရဝဖြစ်တယ်, ရိုင်းပြတယ်, စော်ကားသလိုဖြစ်နေတယ်ဆိုတာ လူသားတစ်ယောက်အနေနှင့် သိပါလျက် မသိယောင်ဆောင်ပြီး လုပ်ခဲ့လျှင် ပါးစပ်က ပဒုဋ္ဌစိတ်မပါဘူးဆိုပေမယ့် ပဒုဋ္ဌစိတ်ပါသည်မှာ သေချာနေတယ်၊ ဒါကြောင့် အပြစ်က ခွင့်လွှတ်လိမ့်မယ် မဟုတ်ဘူးပေါ့ကွယ်”

                        “ဆရာတော်ရဲ့ အမိန့်အတိုင်းဆိုလျှင် ပြစ်မှားစိတ်မရှိ၊ ကျန်းမာရေးတည်းဟူသော အကြောင်းကြောင့် ဖိနပ်စီးထီးဆောင်းနေထိုင်လျှင် အပြစ်မရှိဘူးလို့ အဓိပ္ပာယ်သက်ရောက်နေပါတယ်၊ ဒီနေရာမှာ တပည့်တော် ကြားဖူးတာကို လျှောက်ထားချင်ပါသေးတယ် ဘုရား”

                        “လျှောက်ထားစမ်းပါဦး၊ ဘယ်လိုများကြားဖူလဲ”


***ဆက်ရန်**
ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ - အမှတ်စဉ်(၁၆) - အရာမ်တွင်းနှင့် ထီးဖိနပ် (အပိုင်း ၂)


***ကောက်နုတ်ချက်***
နိုင်ငံတော် သြဝါဒါစရိယ၊ မြန်မာစာသြဝါဒါစရိယ
ထီးချိုင့်မြို့ - တည်တောဆရာတော်ဘုရားကြီး
ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ အတွဲ(၁) (စာမျက်နှာ ၁၁၉-၁၂၉)မှ ကောက်နုတ်ပူဇော်ပါသည်။

ဤ အမေး-အဖြေ အား ကိုယ်တိုင်ပြန်လည်ရေးသား၍
ထီးချိုင့်မြို့ - တည်တောဆရာတော်ဘုရားကြီး နှင့် တကွ
ဆရာ- အရှင်တေဇာနန္ဒ(Tay Ling) တို့အား ပြန်လည်ကျေးဇူးပြုပူဇော်အပ်ပါသည်။

No comments:

Post a Comment