Sunday, August 25, 2013

ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲကျင်းပ





ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲကျင်းပ
အောင်းကုန်း၊ သြဂုတ် ၂၅
@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ အောင်းကုန်းကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းတွင် သြဂုတ် ၂၅ ရက်နေ့ နံနက် ၁၀ နာရီ အချိန်က ကျောင်းကျန်းမာရေး အသိပညာပေး ဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲသို့ အင်းတော်မြို့နယ်၊ မော်တိတ်ကျန်းမာရေး ဋ္ဌာန ကျန်းမာရေးမှူး ဒေါ်ပိုးဇာဖြူ၊ ကျေးလက်သားဖွားဆရာမ ဒေါ်ခင်သန်း၊ အရံသားဖွားဆရာမ ဒေါ်တင်အုန်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကေသီဇင်နှင့် ဆရာ/မများ တက်ရောက်ခဲ့ကြသည်။
ကျန်းမာရေးမှူး ဒေါ်ပိုးဇာဖြူက ကျောင်းသား/သူများအား မိုးရာသီတွင် ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ၊ ငှက်ဖျားရောဂါ၊ AIDS ရောဂါ၊ TB ရောဂါအကြောင်းများကို အသိပညာပေး ဟောပြောခဲ့သည်။ ထို့နောက် ကျောင်းသား/သူလေးများအား တကိုယ်ရေသန့်ရှင်းမှုများကို စစ်ဆေးခဲ့ပြီး ဗီတာမင်အေနှင့် သန်ချဆေးများ တိုက်ကျွေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းရောင်းစားခြင်း မဟုတ်ပါ

၇.၈.၂၀၁၃ နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဆရာ ကောင်းညွှန့်ဝေ(ရေစကြို)၏ 

သတင်းရောင်းစားသူများ မဖြစ်ပါစေနှင့် ဟူသော ဆောင်းပါးကို ဖတ်ရှုလိုက်ရသည်။

ဆောင်းပါးရှင်သည် နေ့စဉ်ထုတ် သတင်းစာလေးမျိုးနှင့် အပတ်စဉ်ထုတ် ဂျာနယ် အမျိုးမျိုးတို့ကို အမြဲ 

ဖတ်ရှု့နေကြောင်း သိရ၍ များစွာ နှစ်ထောင်းအားရမိပါသည်။ ဆောင်းပါးရှင်၏ စာဖတ်စွမ်းရည်ကို ချီးကျူး 

ဂုဏ်ယူမိပါသည်။

ဆောင်းပါးရှင်အနေဖြင့် သတင်းစာ/ဂျာနယ် အမျိုးမျိုးတို့ကို လက်လှမ်းမီသည့်နေရာဒေသတွင် ရှိနေ၍သာ 

ဤကဲ့သို့မျိုးစုံ ဖတ်ရှုနိုင်ခြင်း ဖြစ်သည်။

အချို့သော နေရာဒေသများသည် အင်တာနက်လည်း မရှိပါ။ ဖေ့စ်ဘုတ်လည်းမရှိပါ။ သတင်းစာ၊ 

ဂျာနယ်ဟူ၍လည်း အလျဉ်းသင့်မှ တစ်စောင်တစ်လေ 

တစ်မျိုးလောက်သာ ရောက်ရှိသော နေရာဒေသတွေ နိုင်ငံအနှံ့အပြားတွင် ရှိနေပါသည်။

အထူးသဖြင့် မြန်မာ့အလင်းနှင့် ကြေးမုံတို့သည် မြို့နှင့်ဝေးကွာသော ကျေးလက်ဒေသများသို့ 

မရောက်နိုင်ပါ။ ထို့အတူ ဂျာနယ် တစ်စောင်၏ တန်ဘိုးကလည်း မသေးလှ။ 

ယနေ့ ကျေးလက်တောရွာနေ တောင်သူလယ်သမားတို့သည် တစ်နေ့ သို့မဟုတ် တစ်ပတ်တာအတွက် 

ဂျာနယ်တစ်စောင် ၅၀၀/ ၈၀၀/၁၀၀၀ ကျပ်ပေး၍ ၀ယ်ဖတ်နိုင်သည့် လူတန်းစားမျိုး မဟုတ်ကြပါ။ 

အချို့ကလည်း အလကားဖတ်ရလျှင်သာ အပျော်ဖတ်ဖတ်လေ့ရှိကြသည်။

အချို့တောရွာဒေသများတွင် ပြည်ပအသံလွှင့်ဋ္ဌာနများက ထုတ်လွှင့်သော သတင်းမျိုးစုံကို ကြည့်ရှုရန် 

စကိုင်းနက်၊ စလောင်း တီဗွီများလည်း မတပ်ဆင်နိုင်ကြပါ။

သည်တော့ တစ်ပတ် သို့မဟုတ် နှစ်ပတ် တစ်ကြိမ်ဈေးသွားနိုင်သော သူတွေက မြို့ဈေးမှ 

သတင်းဂျာနယ်အဟောင်းများကို ရေသူမ တံဆိပ် ဆေးမှုန့်ဖြင့် ဆေးလိပ် လိပ်သောက်ရန်အတွက် 

ဝယ်ယူခဲ့သောအခါမှ ဟိုလှန်သည်လှန် ကြည့်ကြရသည့် ဒေသတွေ အများအပြားရှိနေကြပါသည်။

သတင်းအချက်အလက်တို့သည် တိုးတက်သော နည်းပညာများဖြင့် ချက်ချင်း လျှင်မြန်သော 

အရှိန်အဟုန်ဖြင့် ပျံ့နှံ့သွားသည်မှန်သော်လည်း မဖွံ့ဖြိုးသေးသည့် တောကျေးလက်ဒေသများသို့ 

မရောက်။ မြန်မာ့အလင်းရောက်သော နေရာတွင် ကြေးမုံမရောက်ပါ။ ကြေးမုံရောက်သော နေရာတွင် မြန်မာ့အလင်း 

မရောက်ပါ။ ရတနာပုံ၊ မန္တလေး စသော သတင်းစာများလည်း ထို့အတူပင်။ အပတ်စဉ်ထုတ် 

ဂျာနယ်များသည်လည်း ထိုနည်းလည်းကောင်းပင်။ သည်တော့ သတင်းတစ်ပုဒ်ကို ပေးပို့ရာတွင် 

သတင်းစာတစ်စောင်တည်းနှင့် ပေးပို့ရမှုသည် မလုံလောက်။ မိမိပေးပို့သော သတင်း/ဆောင်းပါးတို့သည် 

အယ်ဒီတာက ကြိုက်နှစ်သက်မှ ထိပ်တန်းအကြောင်းအရာ အချက်အလက်လည်းဖြစ်ဦးမှ 

သတင်းစာဂျာနယ်တွင် ဖော်ပြခြင်းခံရသည်။ ပေးပို့သော သတင်း/ ဆောင်းပါးသည် တစ်တိုက်တည်းသို့ 

ပို့ပါက ထိုတိုက် အယ်ဒီတာ မသုံးလျှင်၊ မဖော်ပြလျှင် "လုံးခြင်း"ထဲရောက်ရုံသာ ရှိပေလိမ့်မည်။

သည်တော့ သတင်းသမားတို့သည် သတင်းစာ/ဂျာနယ် အသီးသီးသို့ ပေးပို့ခြင်း ဖြစ်သည်။ 

သုံးသည့်တိုက်က သုံးပြီး မသုံးသည့်တိုက်က မသုံးသည်မှာ သူတို့အပိုင်းသာ ဖြစ်သည်။

ထို့ပြင် စာရေးသူတို့နိုင်ငံတွင် သတင်းနှင့် စာပေလွတ်လပ်ခွင့် ဟူ၍ ယခုမှသာ ပွင့်လင်းလာခြင်းဖြစ်ရာ 

အင်တာနက်မရှိ၊ ဖေစ်ဘုတ်မရှိ၊ သတင်းစာအစုံ၊ ဂျာနယ်အစုံ မရောက်သော နေရာဒေသတွေ အထိ ပျံ့နှံ့ 

သိရှိကြစေရန် ရည်ရွယ်၍ သတင်းစာအစုံ၊ ဂျာနယ်အစုံကို ပေးပို့ခြင်းဖြစ်သည်။  တစ်စောင်မပါသော်လည်း 

အခြားတစ်စောင်တော့ ပါလေကောင်းရဲ့ပေါ့။

စာရေးသူတို့သည် တိုက်ပိုင်သတင်းထောက်များ မဟုတ်သဖြင့် သတင်း/ဆောင်းပါးတစ်ပုဒ်ကို 

အနယ်နယ်အရပ်ရပ် သိစေရန် သတင်းစာစုံ၊ ဂျာနယ်အစုံသို့ ပေးပို့ခြင်းသာဖြစ်သည်။ 

သတင်းကို ရောင်းစားခြင်းမဟုတ်ပါ။

အစိုးရရုံးစိုက်ရာ မြို့တော်မဟုတ်သည့် အနယ်နယ်အရပ်ရပ် ကျေးလက်ဒေသများတွင် 

ထိပ်တန်းသတင်းဟူ၍ များများ မရှိပါ။ သတင်း/ ဆောင်းပါးတစ်ပုဒ်အတွက် နိုင်ငံခြားမှာလို 

တန်ဘိုးများစွာမရပါ။ ၀ါသနာဘာဂီ ဆက်တိုင်းမီ ဟူသော ဆိုရိုးအရ သတင်း/ဆောင်းပါး၊ ၀တ္ထု၊ ကဗျာ၊ 

စာညွှန်း၊ ရသစာတမ်း စသည်တို့ကို ရေးသားရခြင်းအမှု၌ မွေ့လျော်သော စိတ်တစ်ခုတည်းနှင့်သာ 

ဆိုင်ကယ် ဆီဖိုး၊ လဘက်ရည်ဖိုး၊ ထမင်းဖိုးကို အိတ်ထဲမှ စိုက်၍ သတင်းရယူခြင်း လုပ်ရပါသည်။ 

မြို့နယ်ခြား ကျော်လွန်လျှင် ဘီးခွန် ( လမ်းအသုံးပြုခ)ပင် ကုန်ရသေးသည်။

သတင်းစာမူခ၊ ဆောင်းပါးစာမူခတို့သည် အီးမေလ်းပို့ခပင် မလောက်တတ်ပါ။ အဘယ်မှာလျှင် 

သတင်းရောင်းစားသူဖြစ်ပါချိမ့်မည်နည်း။

ပို့သူက မည်မျှပင် "၏" "သည်" "မည်" "၍" တစ်လုံးမကျန် တူနေသည် ဆိုသော်ငြား သတင်းစာ 

အယ်ဒီတာတို့ သုံးသင့် ဖော်ပြသင့်၍ ဖော်ပြခြင်းသာ ဖြစ်ပေလိမ့်မည်။ မဖော်ပြသင့် မသုံးသင့်သော 

သတင်းဆောင်းပါးတို့ကို မည်သည့်အယ်ဒီတာကမျှ သုံးစွဲဖော်ပြလိမ့်မည် မဟုတ်ပေ။

သတင်းစာလောက၏ အခြေခံအုတ်မြစ်ဖြစ်သော သတင်းထောက်များတွင် တိုက်ပိုင်သတင်းထောက်နှင့် 

အလွတ်တန်း သတင်းထောက်ဟူ၍ နှစ်မျိုး ရှိနေရာ အလွတ်တန်းသတင်းထောက်တို့သည် 

သတင်းရောင်းစားသူများ မဟုတ်သကဲ့သို့ သတင်းစာမူခများစွာရရှိသူများ 

မဟုတ်သည်ကိုတော့ ကောင်းစွာသိထားသင့်ပါသည်။ တိုက်ပိုင်သတင်းထောက်တို့သည် ၄င်းတို့ကို 

ခန့်ထားသော သတင်းစာတိုက်၏ ကျေးဇူး သိတတ်ပြီး၊ ယင်းတို့၏ သတင်းစာတိုက်မှလွဲ၍ 

အခြားသတင်းစာ/ဂျာနယ်များသို့ မည်သူမျှ ပို့ကြလိမ့်မည် မဟုတ်ပေ။ သူတို့လည်း 

သိပြီးသားဖြစ်ပါလိမ့်မည်။

သတင်းထောက်တိုင်းသည် သတင်းစာလောကဖွံ့ဖြိုးတိုးတက်ရေး၊ သတင်းစာပညာ ထွန်းကားပြန့်ပွားရေး၊ 

သတင်းစာဆရာများ၏ အရည်အသွေးမြင့်မားရေးတို့အတွက်၊ ကျင့်ဝတ်ကိုလိုက်နာ၊ တာဝန်ကို လေးစား၊ 

ဝတ္တရားကိုကျေပြွန်ကြသူများသာ ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသတည်း။
                                                                                               စစ်ကိုင်းဝင်းရွှေ

မော်လူး ဒက္ခိဏာရာမ ဘုရားကြီးကျောင်းတိုက် ၁၃၇၅ခုနှစ် ၀ါတွင်းတရားပွဲ

မော်လူး ဘုရားကြီးကျောင်းတိုက်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော
ဝါတွင်း ဥပုသ်နေ့ တရားပွဲတွင်
ယခုအပတ် ဥပုသ်နေ့ဖြစ်သည့် ၁၃၇၅ခုနှစ် ၀ါခေါင်လပြည့်ကျော် (၈)ရက်၊ (၂၉.၈.၂၀၁၃)နေ့ ၌
ဆရာတော် ဦးဝဏ္ဏသာမိ (ဘုရားကြီးကျောင်းတိုက်၊ မော်လူး)မှ တရားတော်များဟောကြားပါမည်။