Friday, February 3, 2017

စိတ်ဓာတ် စည်းကမ်း ပညာ ဆိုတာ

စိတ်ဓာတ် စည်းကမ်း ပညာ    ဆိုတာ

ကျောင်းအတော်များများရဲ့ logo မှာ စိတ်ဓာတ် စည်းကမ်း ပညာ ဆိုတာတွေ့ကြရမှာဖြစ်ပါတယ် ။

ကျောင်းသား၊ကျောင်းသူတွေ ပညာသင်ယူဖို့ စိတ်ဓာတ်ကောင်းရမယ် ။ စိတ်ဓာတ်ကောင်းရမယ်ဆိုတာ အနိမ့်ဆုံးအနေနဲ့ ကျောင်းသားစိတ်မွေးကြရမယ် ၊ တပည့်ဝတ္တရားကျေပွန်သော ကျောင်းသားကျောင်းသူများဖြစ်အောင် ကျင့်ကြံနေထိုင်မယ်ဆိုတဲ့စိတ်ဓာတ် ရှိကြရပါမယ် ။

ဒီလိုစိတ်ဓာတ်ရှိတဲ့ကျောင်းသားကျောင်းသူတွေဟာ အလိုအလျောက် စည်းကမ်းရှိပြီးဖြစ်နေပါပြီ ။ စည်းကမ်းရှိပြီးတဲ့ ကျောင်းသားကျောင်းသူများအတွက် ပညာသင်ယူရာမှာလည်း အလိုလို အဆင်ပြေချောမွေ့ပြီးဖြစ်လာပါလိမ့်မယ် ။

ဒါက ကျောင်းသားကျောင်းသူများအပိုင်း ။

တကယ်တော့ စိတ်ဓာတ် စည်းကမ်း ပညာ ဆိုတာ ကျောင်းသားကျောင်းသူများအတွက်သာမက ဆရာ၊ဆရာမများအတွက်လည်း လိုအပ်တဲ့အရာတွေလို့ မြင်မိပါတယ် ။

ဘာကြောင့်လဲ

အချို့သောကျောင်းအုပ်ကြီးများအပါအဝင် ဆရာ၊ဆရာမအချို့ ( ဆရာ၊ဆရာမတိုင်းမဟုတ်ပါ ) ဆရာ၊ဆရာမစိတ်ဓာတ်မရှိတာ တွေ့နေရလို့ပါ ။ ပြောင်းလဲချိန်တန်ပြီ ဆိုငြား အချို့ကျောင်းတွေမှာ အတန်းကောင်း ဘာသာကောင်းရဖို့ ကျောင်းအုပ်ကြီးများကို ဂါ နေကြရဆဲပါ ။ ကျောင်းအုပ်ကြီးများ ရွှေဘောတော်ကျပြီး အတန်းကောင်း ဘာသာကောင်းရပြီဆိုရင် အဲဒီ ဆရာ၊ဆရာမဟာ တရားသည်၊မတရားသည် မစဉ်းစားတော့ဘဲ အရင်းကျေအောင် လုပ်တော့တာပါပဲ ။

ဆရာ၊ဆရာမတွေကျူရှင်သင်တဲ့ကိစ္စ အသံတွေ ကျယ်ကျယ်လောင်လောင်ထွက်နေကြတာ ဆရာ၊ဆရာမများတတ်ထားသော ပညာဖြင့် ပြင်ပအပိုငွေရှာနေခြင်းကြောင့် မဟုတ်ပါဘူး ။ ကျူရှင်တက်သူနဲ့မတက်သူ အခွင့်အရေး တန်းတူမရကြခြင်းကြောင့်သာ ဖြစ်နေတာပါ ။ကျောသားရင်သားမခွဲသော ကျူရှင်သင်ဆရာ၊ဆရာမများ ဘာမျှပြဿနာ မတွေ့ရပါ ။ ( ပုဂ္ဂိုလ်ရေးမုန်းတီးမှုကြောင့် ပြဿနာဖြစ်နေခြင်းများ ရှိတတ်ရဲ့ )

လက်ရှိကျင့်သုံးနေဆဲ CET စနစ်ဟာ အဓိကရည်ရွယ်တာက စာမလိုက်နိုင်သူများကို သိလာပြီးနောက် ဖြည့်စွက်သင်ကြားဖို့ပါ ။ ဒါပေမယ့် လက်တွေ့မှာ CET ဟာ အချို့သော ဆရာ၊ဆရာမများအတွက် မိမိတို့ကျူရှင်မတက်သူများကို ခြိမ်းခြောက်စရာလက်နက်တစ်ခု ဖြစ်လို့နေပါတယ် ။ ဒါဟာ ဆရာ၊ဆရာမ မပီသသော စိတ်ဓာတ်ပါပဲ ။

ဆရာ၊ဆရာမမပီသသော ဆရာ၊ဆရာမများကို ကျောင်းသား၊ကျောင်းသူများက အကြောက်တရားသာထားပြီး မရိုသေကြတတ်ကြတော့ပါဘူး ။ ဆရာ၊ဆရာမကိုမရိုသေတော့ စည်းကမ်းပျက်လာပါတော့တယ် ။

စည်းကမ်းသေဝပ်မှုမရှိတော့ ပညာ သင်ကြား၊သင်ယူမှုမှာ ပြဿနာတွေ ရှိလာပာတော့တယ် ။နောက်တစ်ချက်က ဆရာ၊ဆရာမများဟာ ကိုယ်တာဝန်ယူရတဲ့ ဘာသာရပ်ကို သင်ကြားရာမှာ Perfect ဖြစ်အောင် ကြိုးစားနေကြဖို့လိုပါတယ် ။ perfect မဖြစ်တောင် flawless ဖြစ်ဖို့တော့လိုပါတယ် ။ ကိုယ့်ရဲ့မှားယွင်းသောသင်ကြားမှုကို ကလေးများက သိနေတတ်ကြပါတယ် ။ ဒါကြောင့် ဆရာ၊ဆရာမများအနေနဲ့ ကိုယ့်ရဲ့ပညာရည်မြင့်မားနေအောင် အမြဲကြံဆောင်နေကြဖို့ လိုပါတယ် ။

ဒါကြောင့် စိတ်ဓာတ် စည်းကမ်း ပညာ ဆိုတာ ကျောင်းသားကျောင်းသူများအတွက်သာမက ဆရာ၊ဆရာမများအတွက်ပါ လိုအပ်တဲ့အရာတွေ လို့မြင်မိတာပါ ။

ဆရာ၊ဆရာမ မည်မျှပင် မှန်ကန်ဖြူစင်စေကာမူ စည်းကမ်းမဲ့ ကျောင်းသား၊ကျောင်းသူများ ရှိနေတတ်ပါတယ် ။ သို့သော် ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်ကြစေရန် ဒီ post ကို တင်လိုက်ခြင်းဖြစ်ပါကြောင်း .....