Thursday, February 26, 2015

ကျေးရွာချင်းဆက်လမ်းမပေါ်တွင် ကွန်ကရစ်တံတားဆောက်လုပ်




ကျေးရွာချင်းဆက်လမ်းပေါ်တွင် ကွန်ကရစ်တံတားသစ်ဆောက်လုပ်
မော်လူး၊ ဖေဖော်ဝါရီ ၂၆
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊ မံဟဲကျေးရွာနှင့် မြေပလ္လင်၊ဟောင်းတုန်းကျေးရွာများသို့ ဆက်သွယ်ထားသော ကျေးရွာချင်းဆက်လမ်းမပေါ်တွင် ကွန်ကရစ်တံတားသစ်ဆောက်လုပ်လျှက်ရှိကြောင်း သိရသည်။
ယင်းဆောက်လုပ်လျှက်ရှိသော ကွန်ကရစ်တံတားအား မော်လူးမှ အလှူရှင်ဖြစ်သူ ဦးသိန်းအောင် + ဒေါ်မြင့်မြင့်စိန် သား မောင်သန့်ဇင်ဦး+ မချောစုလှိုင်(မန္တလေးမြို့) မိသားစုတို့မှ မတည်လှူဒါန်းငွေ ကျပ် ၈သိန်းဖြင့်  ဆောက်လုပ်နေခြင်းဖြစ်ပြီး ဒေသခံကျေးရွာသူ/သားများက လုပ်အားဒါနပေးလှူလုပ်ကိုင်နေကြပြီး မံဟဲကျေးရွာ ရာအိမ်မှူး ဦးညွှန့်ရွှေမှ ဦးစီးဦးဆောင်ပြုလုပ်ကာ ဖေဖော်ဝါရီ ၂၄ ရက်နေ့မှ စတင်ကာ ဆောင်ရွက်နေကြခြင်းဖြစ်သည်။ ကွန်ကရစ်တံတားသည် အကျယ် ၅ ပေ၊ အရှည် ၁၇ ပေ၊ အမြင့် ၅ ပေရှိကြောင်း သတင်းရရှိသည်

အသက် ၆၀ ခန့် အမျိုးသားတစ်ဦး ဒဏ်ရာများဖြင့် သေဆုံးနေ

အသက် ၆၀ နှစ်ခန့်ရှိ အမျိုးသားတစ်ဦး ဒဏ်ရာဒဏ်ချက်များဖြင့် သေဆုံးနေ
မော်လူး၊ ဖေဖော်ဝါရီ ၂၆
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊ ကရင်ကျေးရွာ၏ အရှေ့ဘက် ဝေဘူဝေဘာ တောရကျောင်းအနီးတွင် အသက် ၆၀ နှစ်ခန့်ရှိ အမျိုးသားတစ်ဦး ဒဏ်ရာဒဏ်ချက်များဖြင့် သေဆုံးနေသည်ကို ဖေဖော်ဝါရီ ၂၆ ရက် နေ့လည် ၁၂ ခန့် တွေ့ရှိခဲ့ကြောင်း သိရသည်။
သေဆုံးသူမှာ ဦး ......| ရပ်ကွက်(၆)၊ မော်လူးတွင် နေထိုင်သူဖြစ်ပြီး ဖေဖော်ဝါရီ ၂၆ နေ့လည် ၁၂ နာရီအချိန်တွင် ကရင်ကျေးရွာ၏ အရှေ့ဘက် ဝေဘူဝေဘာတောရကျောင်းအနီးတွင်  ဝဲဘက် မျက်ခမ်းစပ်၊ မျက်နှာ ယောင်ယမ်း၊ ပေါက်ပြဲ သွေးထွက်ဒဏ်ရာ၊ ယာဘက်မျက်လုံး ပေါက်ပြဲ သွေးထွက် ဒဏ်ရာ၊ ယာဘက်နားရွက်အောက် ပြတ်ရှ ဒဏ်ရာ၊ နောက်စေ့ပေါက်ပြဲ သွေးထွက်ဒဏ်ရာများဖြင့် သေဆုံးလျှက်ရှိသည်ကို သမီးဖြစ်သူ မ.....မှ တွေ့ရှိကာ မော်လူးနယ်မြေ ရဲတပ်ဖွဲ့စခန်းသို့ တိုင်ကြားခဲ့ရာ မော်လူးရဲစခန်းမှ အမှုစစ် ရဲအုပ် အေးမင်းသိန်းနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မော်လူး၊ ရပ်ကွက်(၆)မှ ရာအိမ်မှူး ဦးဝင်းတင့်တို့နှင့် သွားရောက်စစ်ဆေးပြီး ရဲလုပ်ထုံးလုပ်နည်းအရ မှတ်တမ်းဓာတ်ပုံများ ရိုက်ယူခြင်းများကို ဆောင်ရွက်ကာ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်မဟုတ်သိရှိစေရန် မော်လူးတိုက်နယ်ဆေးရုံသို့ ပို့ဆောင်စစ်ဆေးခဲ့ပြီး မ......မှ တရားလိုပြုလုပ်ကာတိုင်ကြားခဲ့သဖြင့် မော်လူးနယ်မြေ ရဲတပ်ဖွဲ့စခန်းမှ ရဲအုပ် အေးမင်းသိန်းမှ အမှုမှန်ပေါ်ပေါက်ရေးနှင့် တရားခံကို အမြန်ဆုံးဖမ်းဆီးရမိနိုင်ရေးအတွက် စုံစမ်းစစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သိရသည်

နန့်စီးအောင် - ပေကုန်း ဘုန်းတော်ကြီးကျောင်း ဆရာတော် ဦးစာရိန္ဒ ပျံလွန်တော်မူ



နန့်စီးအောင်-ပေကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း ဆရာတော် ဦးစာရိန္ဒ ဘဝနတ်ထံ ပျံလွန်တော်မူ
မော်လူး၊ ဖေဖော်ဝါရီ ၂၆
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ နန့်စီးအောင် -ပေကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော် ဦးစာရိန္ဒသည် ဖေဖော်ဝါရီ ၂၃ရက်( မြန်မာသက္ကရာဇ် ၁၃၇၆ ခုနှစ် တပေါင်းလတန်း ၆ ရက်နေ့) နံနက် ၈နာရီ ၁၀ မိနစ်အချိန်တွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ကြောင်း သိရသည်။
ဆရာတော် ဦးစာရိန္ဒသည် နန့်စီးအောင် -ပေကုန်းကျေးရွာတွင် သဘာဝစိမ့်စမ်းရေရရှိရေး ဆောင်ရွက်ပေးနိုင်ခဲ့ခြင်း၊ နှစ်စဉ်တရားစခန်းများ ဖွင့်လှစ်ခြင်း၊ မျိုးဆက်သစ်လူငယ်လေးများ ဘာသာတရားကိုင်းရှိုင်းမှုရှိစေရန် နွေရာသီ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်း၊ ဘုန်းတော်ကြီးကျောင်းဆောင်သစ်ကြီး ဆောက်လုပ်နိုင်ရန် ဦးဆောင်ကြိုးပမ်းခဲ့ခြင်း စသည့် အမျိုး၊ ဘာသာ၊ သာသနာလုပ်ငန်းများကို စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သည်။ ဆရာတော်ပျံလွန်ချိန်တွင် သက်တော် ၆၆ နှစ် သိက္ခာတော် ၄၄ ဝါ ရှိပြီဖြစ်ကြောင်း သိရသည်။

တံတားအမှတ် ၁၆၈/၄ ပြုပြင်



ရွှေဘို - မြစ်ကြီးနား မော်တော်ကားလမ်းမပေါ်ရှိ တံတားအမှတ် ၁၆၈/၄ အားကြံ့ခိုင်မှုရှိစေရန် ပြုပြင်ခြင်းဆောင်ရွက်
မော်လူး၊ ဖေဖော်ဝါရီ ၂၆
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
ရွှေဘို - မြစ်ကြီးနား မော်တော်ကာလမ်းမဖြတ်သန်းသွားရာ နန့်စီးအောင် -ပေကုန်းကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းအနီးရှိ တံတားအမှတ် ၁၆၈/၄ အား ကြံ့ခိုင်မှုရှိစေရန် ပြုပြင်ခြင်းကို ဖေဖော်ဝါရီ ၂၆ ရက်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါတံတားသည် ချဉ်းကပ်လမ်းမြေသားများ ပြိုကျနေခြင်း၊ တံတားကြမ်းခင်း ပျက်စီးနေခြင်းကြောင့် ကြံ့ခိုင်မှုအားနည်းနေသဖြင့် ဖြတ်သန်းသွားလာလျှက်ရှိသော မော်တော်ယာဉ်များ အန္တရာယ်နှင့် ကြုံတွေ့နိုင်သဖြင့် ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် ဖြတ်သန်းသွာလာမောင်းနှင်နေကြသည့် မော်တော်ယာဉ်များ| မော်တော်ဆိုင်ကယ်များ| ခရီးသွားများအတွက် စောင့်ဆိုင်းစရာမလိုပဲ အဆင်ပြေစွာ မောင်းနှင်သွားလာနိုင်ရန်လမ်းလွဲပြုလုပ်ပေးကာ လမ်းအထူးစီမံကိန်းကြီး အဖွဲ့(၁)မှ တံတားခေါင်း ဦးသာဓုဦးဆောင်ကာ အလုပ်သမားများက ကြံ့ခိုင်မှုအားနည်းလျှက်ရှိသည့် တံတားအား နေ့ချင်းပြီး ပြုပြင်ခဲ့ရာ ညနေပိုင်းတွင် ဖြတ်သန်းသွားလာလျှက်ရှိသော မော်တော်ယာဉ်များ တံတားပေါ်မှ အန္တရာယ်ကင်းစွာ သွားလာမောင်းနှင်နေနိုင်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်

ဟောင်းတုန်းကျေးရွာ လေးတန်ချောင်းကူးတံတား ချဉ်းကပ်လမ်းဆောင်ရွက်



ဟောင်းတုန်းကျေးရွာ လေးတန်းချောင်းကူးတံတား ချဉ်းကပ်လမ်း ဆောင်ရွက်
မော်လူး၊ ဖေဖော်ဝါရီ ၂၆
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်တော်မြို့နယ်၊ မော်လူးဒေသ၊ ဟောင်းတုန်းကျေးရွာအုပ်စု၊ ဟောင်းတုန်းကျေးရွာမှ မံဟဲကျေးရွာ၊ မြေပလ္လင်ကျေးရွာများသို့ ဆက်သွယ်သွားလာရန်အတွက် လေးတန်ချောင်းအား ဖြတ်၍ ဆောက်လုပ်ထားသော ချောင်းကူးတံတား ချဉ်းကပ်လမ်းဆောင်ရွက်ခြင်းကို ဖေဖော်ဝါရီ ၂၆ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ယင်းတံတား၏ ချဉ်းကပ်လမ်းအား မြေသားဖို့ခြင်းဆောင်ရွက်ရန် စီစဉ်ထားသော်လည်း ရာသီဥတုအခြေအနေအရ မြေသားဖို့ခြင်းသည် ရေတိုက်စားမှုဒဏ်ကို ခံနိုင်ရည်မရှိနိုင်ဟု ယူဆသည့်အတွက် မြေသားဖို့ခြင်းအစား အသားများခင်းကာ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ချဉ်းကပ်းလမ်း အရှည် ပေ ၂၀၀၊ အကျယ် ၇ ပေ၊ မြေစိုက် ၃ ပေခွဲတို့အား အမြင့် ၄ပေ(လက်ရန်း)တို့အား မြေသားဖို့ခြင်းအစား သစ်သားများခင်းကာ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ယင်းသို့တံတားချဉ်းကပ်လမ်း ပြုလုပ်နိုင်ရန်အတွက် လွှတ်တော်ခွင့်ပြုရံပုံငွေ ၃၅ သိန်း ရရှိထားကြောင်း၊ တံတားချဉ်းကပ်လမ်းဆောင်ရွက်ခြင်းကို ဟောင်းတုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအုန်းကျော်မှ ဦးစီးပြီး ကျေးရွာသူ/သားများ၏ လုပ်အားဒါနဖြင့်  ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်