Tuesday, September 24, 2013

ပျက်စီးနေသည့် တံတားငယ်လေး အမြန်ပြုပြင်ပေးစေလို



ပျက်စီးနေသည့် တံတားငယ်လေး အမြန်ပြုပြင်ပေးစေလို
မော်လူး၊ စက်တင်ဘာ ၂၄
 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊ ပင်ဝယ်ကျေးရွာအုပ်စု ရွှေဘို - မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ တံတားအမှတ် ၅/၁၅၅ သည် ပျက်စီးယိုယွင်းနေကြောင်း သိရသည်။
ရွှေဘို - မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီးသည် အထက်မြန်မာပြည်နှင့် မြန်မာနိုင်ငံအလယ်ပိုင်းကို ဆက်သွယ်ထားပေးသည့် အလွန်အရေးပါသော မော်တော်ကားလမ်းမကြီးဖြစ်သည်။ အရေးပါလှသည့် ထိုမော်တော်ကားလမ်းမကြီးအား ဒေသအပိုင်းအခြားအလိုက် တာဝန်ယူထားကြသည့် ကုမ္ပဏီများ၊ အထူးဆောက်လုပ်ရေးအဖွဲ့များမှ ခေတ်နှင့်အညီ လမ်းများကို ကတ္တရာထပ်ပိုးလွှာတင်ခြင်း၊ သံကွန်ကရစ်တံတားကြီးများကို ဆောက်လုပ်လျှက်ရှိခြင်းတို့မှာ အထူးအားရကျေနပ်ဖွယ်ကောင်းလှသည်။ လမ်းများ တံတားများကောင်းမွန်လာပါက ခရီးသွားပြည်သူများအတွက် စိတ်ချမ်းမြေ့စွာ ခရီးသွားလာနိုင်ပြီး၊ မိမိသွားလိုသည့် ခရီးကိုလည်း အချိန်မီရောက်ရှိမည်ဖြစ်သဖြင့် မော်တော်ကားလမ်းမကြီးဘေးရှိ ကျေးလက်ဒေသများမှာ ခေတ်မီဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။ ဤသို့ အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေကြသည့် အချိန်တွင် ရွှေဘို - မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီး၏ အင်းတော်-နန့်စီးအောင် မော်တော်ကားလမ်းပိုင်းကိုလည်း ပြုပြင်ရန်လိုအပ်နေကြောင်း၊  မော်လူး-ပင်ဝယ်ကြားရှိ တံတားအမှတ် ၅/၁၅၅ ပျက်စီးယိုယွင်းနေသည်ကို မြင်တွေ့ရသည်မှာလည်း စိတ်မချမ်းမြေ့ဖွယ်ဖြစ်ကြောင်း၊ တံတားကို ဖြတ်သန်းမောင်းနှင်နေကြသည့် မော်တော်ယာဉ်ကြီးများမှာလည်း တံတားကျိုးကျမည့် အန္တရာယ်နှင့် အချိန်မရွေး တွေ့ကြုံနိုင်ကြောင်း၊ အချိန်ကြာမြင့်လာသည်နှင့် အမျှ တံတား၏ အခြေအနေမှာ ပိုမိုဆိုးဝါးလာနိုင်သဖြင့် အမြန်ပြုပြင်ပေးစေလိုကြောင်း ရွှေဘို - မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီးတွင် ဖြတ်သန်းမောင်းနှင်နေကြသည့် ယာဉ်မောင်းများထံမှ ကြားသိရသည်။