Sunday, September 29, 2013

မော်လူး သတင်းများ


ချမ်းမြေ့ သမ အသင်း ငွေစုငွေချေး အရပ်ရပ်ဆိုင်ရာ အစည်းအဝေးပွဲကျင်းပ
မော်လူး၊စက်တင်ဘာ ၂၉
@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မော်လူးကျေးရွာ၊ ဒေသဖွံ့ဖြိုးရေး အုပ်ချုပ်ရေးမှူးရုံးတွင် စက်တင်ဘာ ၂၉ ရက် နံနက် ၁၀နာရီ ၃၀ မိနစ် အချိန်က ချမ်းမြေ့ သမ အသင်း ငွေစုငွေချေး အရပ်ရပ်ဆိုင်ရာ အစည်းအဝေးပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။
အင်းတော်မြို့နယ် ချမ်းမြေ့ သမ ငွေစုငွေချေးအသင်း ဥက္ကဋ္ဌ ဦးထွန်းရွှေမှ "မြန်မာနိုင်ငံ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးစီမံကိန်းကို တစ်နိုင်ငံလုံးတွင် အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိရာ အင်းတော်မြို့နယ် မော်လူးဒေသတွင်လည်း အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိကြောင်း၊ ချမ်းမြေ့အသင်းဝင် ငွေစုငွေချေး အရပ်ရပ်ဆိုင်ရာ အသင်း၏ အသင်းဝင် အသင်းသူ/သားပေါင်း ၇၆ ဦးရှိကြောင်း၊ အသင်းဝင်တစ်ဦးလျှင် ၅၀၀၀ ကျပ်နှုန်းဖြင့် ထည့်ဝင်ကြပြီး ငွေစု ငွေချေးလုပ်ငန်းစတင်ခဲ့ရာ အသင်းသားများအတွက် ၂၁၃ သိန်း ၅ သောင်းကျပ် ထုတ်ချေးပေးနိုင်ခဲ့ကြောင်း၊ အသင်းသားတစ်ဦးလျှင် တစ်သိန်းခွဲကျပ်အထိသာ ထုတ်ချေးပေးမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရထံတွင်လည်း အသင်းခိုင်မြဲရေးအတွက် တရားဝင်မှတ်ပုံတင်ထားရှိပြီးဖြစ်ကြောင်း၊ အသင်းသူအသင်းသားများအနေဖြင့် ငွေစု၊ ငွေချေး ထည့်ဝင်သူ၊ စုဆောင်းသူများအနေဖြင့် စနစ်တကျ စာရင်းဇယား မှန်မှန်ကန်ကန်ထည့်ဝင်ကြရန်၊ သို့မှသာ အသင်းရေရှည်တည်တံ့ခိုင်မြဲပြီး ဆက်လက်တည်တံ့ခိုင်မြဲနိုင်မှာ ဖြစ်ကြောင်း"ပြောကြားခဲ့ပြီး အသင်းဝင်များဘက်မှလည်း သိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ရင်းနှီးပွင့်လင်းစွာဖြင့် ပြန်လည်ဖြေကြားကာ အစည်းအဝေးတက်ရောက်လာသည့် အသင်းသားများကို တစ်ဦးလျှင် ငွေကျပ် နှစ်ထောင်နှုန်းစီဖြင့် ခရီးစရိတ်ပြန်လည် မျှဝေပေးခဲ့သည်။ အစည်းအဝေးသို့ မြို့နယ် သမ အသင်း ဥက္ကဋ္ဌ ဦးမြင့်သန်း၊ မြို့နယ် သမ စာရင်းစစ် ဦးထိန်ဝင်းနှင့် မြို့နယ် သမ အကြီးတန်းစာရေး ဒေါ်သက်သက်ဝင်း၊ မော်လူး ချမ်းမြေ့သမ အုပ်ချုပ်ရေးမှူးဒါရိုက်တာ ဦးခင်ဇော်၊ ချမ်းမြေ့သမအသင်း ဥက္ကဋ္ဌ ဦးထွန်းရွှေ၊ စည်ပင်သာယာရေး ဦးစီးဋ္ဌာနမှ ဦးအောင်ကြူးနှင့် အသင်းသူအသင်းသား ၄၃ ဦးတက်ရောက် ခဲ့ကြကြောင်း သိရသည်။

cyclone






ကိုယ့်အားကိုယ်ကိုး စိမ့်စမ်းရေ သွယ်ယူရေးပြုလုပ်

မော်လူး ၊ စက်တင်ဘာ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊ မာန်ဟဲကျေးရွာအုပ်စုမှ မာန်ဟဲကျေးရွာရှိ ကျေးလက်ပြည်သူတို့သည် မော်လူးနှင့် နန့်စီးအောင်အကြား မာန်ဟဲရွာအရှေ့ ၃ မိုင်ခန့် အကွာရှိ ရွှေငှက်စိမ့်စမ်းချောင်းရေမှ မာန်ဟဲရွာတွင်းရှိ ကျေးလက်လူထု သောက်သုံးရေ ရရှိရေးအတွက် ကိုယ့်အားကိုယ်ကိုး ရေပေးဝေရေး လုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်ကြသည်။

အဆိုပါ စိမ့်စမ်းရေသွယ်ယူ၍ ရေပေးဝေရေးအတွက် အင်းတော်မြို့နယ်စည်ပင်မှ ၃ လက်မ ပိုက် နှစ်ဆယ်ပေ အလုံးရေ ၁၁၀နှင့် ဒုတိယအကြိမ် ၇၅လုံးတို့ ပံ့ပိုးပေးကြောင်း သိရသည်။

ရပ်ရွာမှ ကိုယ်အားကိုယ်ကိုး လေးလက်မပိုက် ၂၀၀နှင့် မြောင်းတူးခြင်း၊ ပိုက်သွယ်ခြင်း၊ ပိုက်မြှုပ်ခြင်း လုပ်ငန်းတို့ကို ရွာတွင်းရှိအိမ်တိုင်းတွင် ရေပင်တပ်ဆင်နိုင်ရေးအတွက် စုပေါင်းဆောင်ရွက်လျှက်ရှိကြောင်းနှင့် ရေပေးဝေရေလုပ်ငန်း အောင်မြင်ရေးအတွက် ပထမအဆင့် တစ်အိမ်လျှင် ၄၀၀၀၀ကျပ် ထည့်ဝင်မတည်ရကြောင်း ဒေသခံရွာသားတို့ထံမှ သိရသည်။

စစ်ကိုင်း ဝင်းရွှေ

 


 


မမျှော်လင့်ပဲ ရွာသွန်းသည့်မိုးကြောင့် တံတားထိန်းနံရံ ပြိုကျ
အင်းတော်၊စက်တင်ဘာ ၂၆


စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ ပေကုန်းကျေးရွာတွင် စက်တင်ဘာ ၂၆ရက်နေ့ နံနက် ၆ နာရီအချိန်က ရွှေဘို - မြစ်ကြီးနား ဗျူဟာလမ်းမပေါ်ရှိ တံတားငယ်တစ်စင်း၏ တံတားထိန်းနံရံများ ပြိုကျခဲ့ကြောင်း သိရသည်။
စက်တင်ဘာ ၂၅ ရက် ညနေပိုင်းက ရုတ်တရက် မမျှော်လင့်ပဲ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပေကုန်းကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းအနီးရှိ တံတားအမှတ် ၄/၁၆၈ တံတားထိန်းနံရံများ ပြိုကျခဲ့သောကြောင့် ရွှေဘို - မြစ်ကြီးနား ဗျူဟာကားလမ်းမကြီးပေါ် ဖြတ်သန်းမောင်နှင်လျှက်ရှိသည့် ကုန်တင်ယာဉ်ကြီးများနှင့် ဒေသခံ ခရီးသွားပြည်သူများ၊ ကျောင်းသား/သူများအတွက် အခက်ကြုံခဲ့ရသည်။
အဆိုပါ တံတားထိန်းနံရံပြိုကျခဲ့သည့် ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းမကြီး၏ ပေကုန်းကျေးရွာအနီး တံတားအမှတ် ၄/၁၆၈ သို့ အင်းတော်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲမင်းအောင်၊ ပေကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသောင်းရွှေ(မာန်ဟဲကျေးရွာ အုပ်စု)၊ ကျေးရွာဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြု ကော်မတီဝင်များ၊မြို့နယ်လမ်းတံတား ဆောက်လုပ်ရေးမှ တာဝန်ရှိသူများနှင့် တည်ဆောက်ရေးဝန်ထမ်းများက လာရောက်ကြည့်ရှု့စစ်ဆေးခဲ့သည်။အဆိုပါ တံတားကို ဖြတ်သန်းသွားလာလျှက်ရှိသည့် ကုန်တင်ယာဉ်ကြီးများ သွားလာမှု ရပ်တန့်မသွားစေရန်၊ယာဉ်ကြောပိတ်ဆို့မှု မဖြစ်ပွားရန်၊ ဒေသတွင်း ခရီးသွားပြည်သူများနှင့် ကျောင်းသား/သူများသွားလာရေး အခက်အခဲ မရှိစေရန်အတွက် ယာယီပြုပြင်ပြီး၊ ကြံ့ခိုင်မှု အပြည့်အဝရှိသည့် တံတားတစ်စင်းအဖြစ် အချိန်မီ တည်ဆောက်ရန်လိုအပ်ကြောင်း တာဝန်ရှိသူတစ်ဦးမှ ပြောကြားခဲ့ကြောင်း သိရသည်။
 Cyclone

 

ရှေ့တန်းစစ်ဆင်ရေးတပ်မှ ဒေသခံတို့အား အခမဲ့ဆေးကု
မိုးညှင်း၊ စက်တင်ဘာ ၂၆

@@@@@@@@@@@@@
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ပင်လုံကျေးရွာအုပ်စု၊ မြိုင်သာယာကျေးရွာ၊ လမင်းအိမ်စာကြည့်တိုက်တွင် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်သို့ စစ်ဆင်ရေးတာဝန်ဖြင့် ရောက်ရှိထမ်းဆောင်နေသော အနောက်တောင်တိုင်း စစ်ဋ္ဌာနချုပ် (ပုသိမ်စစဆေးရုံ)မှ အမှတ် ၂ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ခင်မောင်ဦး၊ ဗိုလ်ကြီး သန့်ဇင်ထွန်းတို့ ဦးဆောင်သော ရှေ့တန်း စစ်ဆင်ရေး အဖွဲ့သည် စက်တင်ဘာ ၂၃ ရက်နံနက် ၉ နာရီမှ စ၍ မြိုင်သာယာ၊ ပေကုန်းကျေးရွာများမှ ဝေဒနာရှင်ဒေသခံများအား အခမဲ့ဆေးကုသမှုများပြုလုပ်ပေးခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ ရှေ့တန်းစစ်ဆင်ရေး အဖွဲ့သည် ယခု ဝါဆိုလပြည့်နေ့မှစ၍ ဝါကျွတ်သည့် သီတင်းကျွတ်လပြည့်နေ့တိုင်အောင် ပေကုန်း၊ နန့်စီးအောင်၊ မြိုင်သာယာ၊ ပင်လုံ၊ သာယာကုန်းစသော ကျေးရွာများသို့ အလှည့်ကျ သွားရောက်၍ ကျန်းမာရေးစောင့်ရှောက်မှု အခမဲ့ ဆေးဝါးကုသမှုများ ဆောင်ရွက်လျှက်ရှိရာ ယနေ့အထိ လူနာပေါင်း ၅၀၀ ကျော်ပြီ ဖြစ်ကြောင်း သိရသည်။
 

စစ်ကိုင်း ဝင်းရွှေ
 





Saturday, September 28, 2013

လုပ်ပိုင်ခွင့် လုပ်ကိုင်ခွင့် နှင့် အနင်းခံပြည်သူများ...


ဒီမိုကရေစီဆိုနိုင်ငံဆိုသည်မှာ ပြည်သူများ၏ ဆန္ဒကို အလေးထားသည့် အစိုးရအုပ်ချုပ်သည့် နိုင်ငံ၊ တရားဥပဒေစိုးမိုးသည့်နိုင်ငံ ဖြစ်သည်။ ပြည်သူများ၏ ဆန္ဒကို အလေးထားဆောင်ရွက်ပေးသည်ဟု နားလည်ထားခဲ့ပါသည်။ ထို့ပြင် ယနေ့မြန်မာနိုင်ငံကြီးမှာလည်း ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးဆီ ချီတက်နေပါသည်ဟု ကြွေးကြော်ထားပြန်ရာ အားရကျေနပ်ဖွယ် ကောင်းလှပေသည်။ သို့သော် အမှန်တကယ်ရော ကြွေးကြော်သံအတိုင်း ချီတက်နေကြပါ၏လော။ အပြောင်းအလဲတွေကရော အောက်ခြေအဆင်အထိရောက်ရှိပါ၏လော.. ဟုမေးခွန်းထုတ်မိသည်မှာ အကြိမ်ကြိမ်ပင်။ ကျေးလက်တောရွာများတွင်နေထိုင်ကြသည့် အခြေခံလူတန်းစားများအတွက် မျှတမှု၊ တရားဥပဒေ၏ အကာကွယ်ပေးမှုအစရှိသည့် အခွင့်အရေးများရရှိနေကြပါ၏လော..။ ယခုဖြစ်ရပ်မှာ ဒေသခံ အခြေခံလူတန်းစားများအပေါ် လုပ်ပိုင်ခွင့်ဟူသည့် ဝိသေသတစ်ခုဖြင့် အနိုင်ကျင့်မှု တစ်ခုအဖြစ် မြင်တွေ့ကြားသိရပေသည်။
ရွှေဘို - မြစ်ကြီးနား ဗျူဟာလမ်းမကြီးကို ပြုပြင်ရန်အတွက် အစိုးရမှ ကုမ္ပဏီများကို လမ်းပိုင်းအလိုက် ခွဲဝေပြီး နေရာချထားပေးခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသကို ဖြတ်သန်းသွားသည့် ၄င်းလမ်းမကြီးကို အဆင့်မြင့်တင်ရန်အတွက်၊ သို့မဟုတ် ပြုပြင်ရန်အတွက် တာဝန်ယူရသည့် ကုမ္ပဏီ၏ အမည်မှာ ဆုထူးပန် ဖြစ်ပေသည်။ နာမည်လေးမှာ စိတ်ဝင်စားစရာကောင်းလှသလို အားကျစရာလည်း ကောင်းလှပေသည်။ ဆုထူးဆုမြတ်ကို အရယူမည်ဟူသော အမည် .. ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်များတွက်တော့ ဆုကြီးပန် ဆုထူးပန် ဆိုသည့် စကားမှာ ယောက်ျားကောင်း ယောက်ျားမြတ်များသာ ခံယူကြ၊ ဆုတောင်းကြသည့် ဆုကြီးတစ်ခု သို့မဟုတ် တကယ့်ကို စိတ်ထားမြင့်မြတ်သူတို့၏ စိတ်ထား၊ လုပ်ရပ်များအဖြစ် နားလည် သဘောပေါက်ထားကြပေသည်။ ကျွန်တော်တို့ ဒေသခံပြည်သူများ သွေးချွေးများဖြင့် ရင်းနှီးပြီး ကတ္တရာလမ်းအဖြစ် ဖန်တီးထားခဲ့သည့် ဗျူဟာလမ်းမကြီးသည် ပြုပြင်သူမဲ့နေရာမှ နိုင်ငံတော်မှ ကုမ္ပဏီများကို လုပ်ကိုင်ခွင့် ပေးလိုက်သည်… လုပ်ကိုင်ခွင့် ရသွားသည့် ကုမ္ပဏီက ဆုထူးပန်ဆိုတော့ ကျွန်တော်တို့ ဒေသခံတွေမှာ မကြာခင် ယိုယွင်းပျက်စီးနေသည့် ကတ္တရာလမ်းမကြီးမှ ဖြောင့်ဖြူးမည်းနက်နေသည့် ကတ္တရာလမ်းမကြီးအဖြစ် တွေ့မြင်ရတော့မည်။ လှတောသား စကားနှင့် ပြောရမည်ဆိုလျှင် "ကျောက်ခဲစားသွား အစာကြေမည့် လမ်း"မှ "မှန်ပေါ်လိမ့်ရမည့် လမ်း"ဖြစ်လာတော့မည်ဟု စိတ်ကူးပုံဖော် မျှော်လင့်ပြီး ကြည်နူးနေခဲ့ကြရပေသည်။ ကုမ္ပဏီမှလည်း စစချင်းတွင် လမ်းသားဖို့ခြင်း လုပ်ငန်းကို ကားအစီးရေများစွာဖြင့် လုပ်ပြလိုက်တော့ ကျွန်တော်တို့၏ မျှော်လင့်ချက်တွေ ပိုမို အရောင်တောက်စေခဲ့၏။ သို့သော် ကျွန်တော်တို့တွေ၏ မျှော်လင့်ချက်များက ဆုထူးပန်ကုမ္ပဏီမှ ခင်းလိုက်သည့် မြေသားသဲကျောက်မှုန့်များနှင့် အတူ တဖြည်းဖြည်း တလွင့်လွင့် ပျောက်ကွယ်သွားခဲ့တော့သည်။ ရက်မှ လ၊ လမှ နှစ်သို့ တဖြည်းဖြည်းကူးပြောင်းလာခဲ့သော်လည်း မပြောင်းလဲသည်မှာ ကျွန်တော်တို့၏ မော်လူးဒေသကို ဖြတ်သန်းသွားသည့် ရွှေဘို - မြစ်ကြီးနား မော်တော်ကားလမ်းမကြီး၏ အင်းတော်-မော်လူး-နန့်စီးအောင်လမ်းပိုင်းပင်၊အခြားလမ်းပိုင်းများကို တာဝန်ယူထားကြသည့် ကုမ္ပဏီများမှာ လမ်းကို ကတ္တရာလမ်းအဖြစ် ဖြည်းဖြည်းချင်းဆောင်ရွက်ခဲ့ကြရာ လမ်းပိုင်းတော်တော်များမှာ ကောင်းမွန်နေပြီဖြစ်သည်။ ကုမ္ပဏီမှ လမ်းကို မြေသားဖို့ခြင်းကိုသာပြုလုပ်ပြီး ဖြတ်သန်းသွားလာနေသည့် မော်တော်ယာဉ်များအား လမ်းအသုံးပြုခများကိုမူ လမ်းဂိတ်များဖွင့်လှစ်ပြီး ပုံမှန်ကောက်ခံနေသည်။ ဒေသခံပြည်သူတို့က လမ်းမပြင်ဘူးလားဟု မေးသောအခါဝယ် သုံးနှစ်စီမံကိန်းနဲ့ ဆောင်ရွက်မှာပါ .. ပထမအဆင့်အနေနဲ့ လမ်းသားတင်နေတုန်းမို့ မပြင်နိုင်သေးပါဟု ပြန်ဖြေ၏။ ဤသို့ဤပုံ အပြောကောင်းခဲ့သည့် ဆုထူးပန်ပင်…။ "လူအကြောင်းပေါင်းမှသိ"ဟူသည့် ဆိုရိုးကဲ့သို့ပင် ကုမ္ပဏီအကြောင်းကျတော့ အချိန်ကြာလျှင် သိရပါတော့သည်။ လမ်းပြုပြင်ခြင်းကို ဗန်းပြလျှက် ရွှေတူးဖော်ခြင်း၊ သစ်ထုတ်ခြင်း၊ ကျောက်စိမ်းတူးဖော်ခြင်းစသည့် စသည့် လုပ်ငန်းများဆီသို့ ဦးတည်သွားပါတော့သည်။ ထိုပြင့် လမ်မခင်းသော်လည်း လမ်းခင်းကျောက်များကိုတော့ အင်းတော်-ကသာမော်တော်ကားလမ်းဘေးတွင် ထုတ်လုပ်ပြီး ရောင်းစားနေသည်ဟု သတင်းထွက်လာပါတော့သည်။ ထိုပြင့် သူတို့ကုမ္ပဏီဋ္ဌာနအဖြစ် နေရာယူထားသည့် နဘား-ကသာ-အင်းတော် မော်တော်ကားလမ်းဆုံရှိ မြေကွက်ကြီးမှာလည်း ကုမ္ပဏီပိုင် အဖြစ်သို့ မည်သို့မည်ပုံပြောင်းလဲသွားရသည် မသိချေ။ ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းမကြီးမှ အင်းတော်-နန့်စီးအောင် မော်တော်ကားလမ်းပိုင်း ယိုယွင်းနေကြောင်း တင်ပြရာဝယ် ဆုထူးပန်ကုမ္ပဏီက တာဝန်ယူ ပြင်ဆင်နေကြောင်း ပြန်လည်ဖြေကြားခဲ့သည်ဟု ကြားသိရပြန်တော့ သြော်..ဖြစ်ရလေခြင်း လူကြီးမင်းတို့ရယ်..ဟုသာ ဒေသခံတွေ ညာဉ်းချင်းချနေကြတော့၏။ ဒီလို..ဖြစ်ရပ်မျိုးတွေနှင့် အင်းတော်-မော်လူး-နန့်စီးအောင်လမ်းပိုင်းမှာ ထိုနည်းလည်းကောင်း၊ ထိုနည်းလည်းကောင်းဆိုသည့် ရွှေမန်းတင်မောင် သီချင်းလိုပင် မူလအစမှ မူလအစအတိုင်းပင် မပြောင်းမလဲ ရှိနေပါတော့သည်။ လမ်းကိုမပြုပြင်သော်လည်း ဒေသခံများသည် စားဝတ်နေရေးကို ဖြေရှင်းရန် သံတိုင်လေးများဖြင့် နဖူးကချွေး အဝီစိကျအောင် မြေကြီးကိုတူးဆွပြီး တစ်နိုင်တစ်ပိုင် ကျောက်စိမ်းတူးဖော်နေသည့် မော်လူးကျေးရွာအနောက်ဘက် ထုံးတောင် ကျောက်စိမ်းတွင်းမှာ ပြဿနာသွားရှာပါတော့သည်။ မော်လူးဒေသတွင် ကျောက်စိမ်းထွက်ရှိသည့် နေရာသုံးခုလောက်ရှိရာ သူရောင်းမှော်၊ ဥသျှစ်ကုန်းမှော်၊ ထုံးတောင်မှော်ဟူ၍ အမည်နာမသတ်မှတ်ခေါ်ဝေါ်ခဲ့ကြသည်။ ထိုကျောက်စိမ်းတွင်းများမှာ လွန်ခဲ့သော နှစ်ပေါင်း တော်တော်ကြာကြာကပင် ဒေသခံများ တစ်နိုင်တစ်ပိုင် ကျောက်စိမ်းတူးဖော်နေကြသည့် နေရာဖြစ်သည်။ ထိုသို့ တစ်နိုင်တစ်ပိုင် ကျောက်စိမ်းတူးဖော်နေခြင်းအား၂၇.၉.၂၀၁၃ ရက်နေ့ နေ့လည် ၁၂ နာရီ အချိန်ခန့်က ကုမ္ပဏီမှ တာဝန်ရှိသူများသည် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မော်လူးရဲစခန်းမှ စခန်းမှူးတို့အားခေါ်ဆောင်လျှက် မော်လူးဒေသ၊ ဂွေ့ကြီး-နန့်ရုံကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ၊ ထုံးတောင်ကျောက်စိမ်းတွင်းတွင် တစ်နိုင်တစ်ပိုင် ကျောက်စိမ်းတူးဖော်နေကြသည့် ဒေသခံများကိုပါ ခေါ်ယူကာ ထိုကျောက်စိမ်းထွက်ရာ ထုံးတောင်သည် ဆုထူးပန်ကုမ္ပဏီက အစိုးရထံမှ လုပ်ကိုင်ခွင့်ရထားသည့် ကျောက်စိမ်းလုပ်ကွက်တစ်ခုဖြစ်ကြောင်း၊ သို့အတွက် ဒေသခံပြည်သူများက တူးဖော်လုပ်ကိုင်ခွင့် မရှိကြောင်း၊ အကယ်၍ တူးဖော်လုပ်ကိုင်ခြင်းကို တွေ့ရှိပါက ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်းပြောကြားခဲ့ကြောင်း၊ ဒေသခံပြည်သူများက အစိုးရထံမှ လုပ်ကိုင်ခွင့် ရသည်ဖြစ်စေ မရသည်ဖြစ်စေ မိမိတို့ဒေသရှိ ကျောက်စိမ်းတွင်းလေးတွင် တစ်နိုင်တစ်ပိုင်တူးဖော်ခွင့်သည် ပြည်သူတို့၏ ရပိုင်ခွင့်ဖြစ်သည်ဟု ထင်မှတ်ထားကြပေသည်။ ထို့အတွက်ကြောင့်လည်း တစ်နိုင်တစ်ပိုင် ကျောက်စိမ်းတူးဖော်ခြင်းလုပ်ငန်းကို လုပ်ကိုင်နေကြခြင်းဖြစ်သည်။ တစ်နိုင်တစ်ပိုင် ကျောက်စိမ်းတူးဖော်သူများအား ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် အာဏာပိုင်များသည် ကျောက်စိမ်းတူးဖော်နေကြသည့် ဒေသခံပြည်သူအချို့ကို ဖမ်းဆီးအရေးယူရန် အားထုတ်ပါတော့သည်။ အသိပညာအားနည်းကြရှာသည့် ဒေသခံပြည်သူများမှာ အာဏာပိုင်အဖွဲ့အစည်းများက ဖမ်းဆီးရန် လာရောက်သောအခါ ဘာများခုခံပြောဆိုတတ်ကြပါမည်နည်း။ မျက်ရည်လည်ရွှဲ ဒူးဖက်တောင်းပန်ကြရုံသာရှိတော့သည်။ ကုမ္ပဏီများကျတော့ အစိုးရထံမှ ခွင့်ပြုချက်ရထားသည်ဟူသည့် စကားလေးတစ်ခွန်းဖြင့် ဒေသခံပြည်သူများကို အာဏာပိုင်များနှင့် ပေါင်းကာ ယခုလို အနိုင်ကျင့်၍ ရသည်ဆိုလျှင် အစိုးရထံတွင် လမ်းပြင်ပါမည်ဟု လက်မှတ်ရေးထိုးကာ လမ်းမပြင်ပဲ ဒေသထွက် သယံဇာတပစ္စည်းများကို ရနိုင်သလောက် အမြတ်ထုတ်နေသော ထိုကုမ္ပဏီအားဒေသခံပြည်သူများကရော မကျေနပ်ကြောင်း၊ နိုင်ငံတော်မှ ဥပဒေအရ အရေးယူပေးသင့်ကြောင်း ပြောဆိုတင်ပြခွင့် ဆန္ဒထုတ်ဖော်ခွင့် မရှိလေသလော။ သူတို့ လမ်းမပြင်ပဲနေသည်ကိုပင် မသိကျိုးကျွန်ပြုနေကြသော သက်ဆိုင်ရာလူကြီးများ၊ ပြည်သူတို့၏ လုံခြုံရေးကို တာဝန်ယူထားကြသော အာဏာပိုင် အဖွဲ့အစည်းကလည်း ပြည်သူများအား အကာကွယ်မပေးပဲ အစိုးရထံမှလုပ်ကိုင်ခွင့် ရရှိထားပါသည်ဆိုသော စကားလေးတစ်ခွန်း အကြောင်းပြချက်လေးတစ်ခုဖြင့် ဒေသခံပြည်သူများအပေါ် တရားမဝင်လုပ်ငန်းဖြစ်သည်… ကျောက်စိမ်းတုံးလေးတစ်ခုကို လက်ဝယ်ထားရှိလျှင်ပင် ဖမ်းဆီး၍ရသည်..စသည်ဖြင့် စသည်ဖြင့် ပြောဆိုနေကြသည်။ အလုပ်အကိုင်ရှားပါးပြီး စားဝတ်နေရေးအတွက် တစ်နိုင်တစ်ပိုင် သံတိုင်အတိုလေးကိုင်ကာ ဆင်းရဲပင်ပန်းကြီးစွာ ရှာဖွေစားသောက်နေကြရသည့် ဒေသခံများအပေါ် ဥပဒေကြောင်းများအရ အရေးယူနိုင်ကြောင်း ပြောဆိုနေသည်မှာ သဘာဝမကျလှချေ။ ဤသို့ဤပုံ ကုမ္ပဏီများက လုပ်ပိုင်ခွင့်ဆိုသည့် အကြောင်းပြချက်၊ ဟိုလူကြီးလက်မှတ်၊ ဒီလူကြီးလက်မှတ်စသဖြင့် ဖိန့်လုံး၊လှိမ့်လုံးများကိုသုံးနှုန်းပြီး ဒေသခံပြည်သူများ၏ စားဝတ်နေရေးအား အနိုင်ကျင့်ကာ လုယူနေသည်မှာ မိမိတို့ ကုမ္ပဏီအားပေးထားသည့် ဆုထူးပန်ဟူသည့် အမည်နာမနှင့် မည်သို့မှစပ်ဟပ်မှု မရှိ။ ဒေသတစ်ခုသို့ လာရောက်ပြီး တာဝန်ကိုမဆောင်ရွက်ပဲ ဒေသတွင်း သယံဇာတပစ္စည်းများကို မရရသည့်နည်းဖြင့် ထုတ်ယူနေသည့် ကုမ္ပဏီ အဖွဲ့အစည်းများရှိနေသမျှကာလပတ်လုံး အခြေခံလူတန်းစားတို့၏ ဘဝမှာ နင်းပြားဘဝမှ အဘယ်သို့လျှင် အထက်အဆင့်သို့ တက်လှမ်းနိုင်ပါမည်နည်း။ သို့အတွက် အစိုးရထံမှ လုပ်ကိုင်ခွင့်များရယူကာ တာဝန်ယူထားသည့် လုပ်ငန်းကို မဆောင်ရွက်ပဲ ဒေသထွက်သယံဇာတပစ္စည်းများကို ထုတ်ယူပြီး မိမိအကျိုးကိုသာ ကြည့်ရှု့သည် ကုမ္ပဏီမျိုးကို နိုင်ငံတော် အစိုးရအနေဖြင့် လုပ်ပိုင်ခွင့် လုပ်ကိုင်ခွင့်များ မပေးအပ်သင့်ဟု ထင်မြင်ယူဆမိပါသည်။ 


 




 

Friday, September 27, 2013

တပ်မတော်နှင့် ပြည်သူပူးပေါင်းပြီး လုပ်အားဒါနပြု



တပ်မတော်နှင့် ပြည်သူပူးပေါင်းပြီး လုပ်အားဒါနပြု
မော်လူး၊ စက်တင်ဘာ ၂၆
 
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊မာန်ဟဲကျေးရွာအုပ်စု၊ ပေကုန်းကျေးရွာအတွင်း လမ်းမကြီးများကို သဲကျောက်ခင်းခြင်းလုပ်ငန်းအား တပ်မတော်သားများနှင့် ဒေသခံပြည်သူများ ပူးပေါင်းကာ လုပ်အားဒါနပေးလှူခဲ့ကြကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပေကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း ဆရာတော် ဦးစာရိန္ဒမှ ဦးဆောင်နာယကပြုကာ ပေကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသောင်းရွှေ၊ ပုညမာမက လူမှုကူညီရေး အသင်းတို့မှ ဦးဆောင်၍ တပ်မတော်သားများနှင့် ပူးပေါင်းကာ သဲကျောက်ကား အစီးရေ ၃၀၀ခန့်ဖြင့် ဘုန်းတော်ကြီးကျောင်းလမ်း၊ ဘူတာလမ်း၊ရွာမကြီးလမ်း၊ အမှတ်(၁)ကွက်သစ်လမ်း၊ လမ်းမတော်လမ်းနှင့် ကွန်ကရစ် တံတားတစ်စင်းတို့က စက်တင်ဘာ ၂၅ ရက်မှ ၂၇ ရက်နေ့ အထိ သုံးရက်တိုင်တိုင် လုပ်အားဒါပေးလှူကြမည် ဖြစ်ကြောင်းသိရသည်။

နွယ်နီ

ပင်လုံ အမက မိဘဆရာအသင်း နှစ်ပတ်လည် အစည်းအဝေးနှင့် ပညာရည်ထူးချွန်ဆု ပေးပွဲ




ပင်လုံ အမက မိဘဆရာအသင်း နှစ်ပတ်လည် အစည်းအဝေးနှင့် ပညာရည်ထူးချွန်ဆု ပေးပွဲ
မိုးညှင်း၊စက်တင် ၂၆
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ပင်လုံကျေးရွာ အုပ်စု၊ ပင်လုံကျေးရွာ အခြေခံပညာ မူလတန်းကျောင်းတွင် စက်တင်ဘာ ၂၆ ရက်နေ့ နံနက် ၁၀ နာရီ အချိန်က မိဘဆရာနှစ်ပတ်လည် အစည်းအဝေးနှင့် ပညာရည်ထူးချွန်ဆုပေးအပ်ပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ပင်လုံကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးဇော်လွင်(မြိုင်သာယာ)၊ ပင်လုံကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမွှေး၊ ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီဝင်များ၊ မြိုင်သာယာ အထက(ခွဲ)မှ ကျောင်းအုပ်ဆရာကြီး ဦးလှသောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်အေးနှင့် ဆရာ/မများ၊ ကျောင်းအကျိုးတော်ဆောင် ကော်မတီဝင်များ၊ဆုရကျောင်းသား/သူများနှင့် ယင်းတို့၏ မိဘများတက်ရောက် ခဲ့ကြသည်။ အခမ်းအနားတွင် သဘာပတိနှင့် ပင်လုံကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး၊ မြိုင်သာယာ အထက(ခွဲ) ကျောင်းအုပ်ဆရာကြီးတို့မှ အမှာစကား အသီးသီးပြောကြားကြပြီး၊ ပင်လုံးကျေးရွာ အုပ်ချုပ်ရေးမှူးက "ရပ်မိရပ်ဖ၊ မိဘများ၊ ဆရာ/မများနှင့် ကျောင်းသား/သူများ ပူးပေါင်းပြီး ကျောင်း၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ကြရန်၊ မူလတန်းအခြေခံအဆင့်မှ စပြီး ထူးချွန်ထက်မြက်သည့် ကျောင်းသား/သူများ ပေါ်ပေါက်လာစေရန် ဝိုင်းဝန်းကူညီပံ့ပိုးပေးကြရန် လိုအပ်ကြောင်း"တို့ကို ပြောကြားခဲ့သည်။ ပင်လုံကျေးရွာ အခြေခံပညာ မူလတန်းကျောင်း ကျောင်းအုပ်ဆရာမကြီးမှလည်း ပညာသင်ကြားရေးနှင့် ပတ်သက်၍ လိုအပ်သည်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ပညာရည်ထူးချွန်ဆု ရရှိသူများကို တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြပြီး ပထမအကြိမ် မူလတန်းအဆင့် စံပြကျောင်းသားထူးချွန်ဆုကို ကျောင်းအုပ်ဆရာကြီး ဦးလှသောင်းက ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ မိဘဆရာ အသင်း နှစ်ပတ်လည် အစည်းအဝေးနှင့် ပညာရည်ထူးချွန်ဆုပေးပွဲကို တက်ရောက်လာကြသူများအား အလှူရှင်များက အာဟာရဒါနများဖြင့် ဧည့်ခံကျွေးမွေးကာ ကျောင်းသား/သူများ၏ အကပဒေသာများဖြင့် ဧည်ခံခဲ့ကြောင်း သတင်းရရှိသည်။

နွယ်နီ

မော်လူးကျေးရွာသို့ခရီးကြမ်း

မော်လူး သို့ လာရောက်လိုသူများ အကောင်သေးပေမယ့်
အဆိပ်ပြင်းသော မြွေပွေးချောင်း ကိုဖြတ်ရင် စည်းလုံးမှု ရှိမှ ရမယ် အဲ့ဒီချောင်းမှာ ငွေပေးပြီးဖြတ်မရဘူး လူသားချင်းအာဏာသုံးလို့မရဘူး ဆောရီးဘဲ အပြောတတ်ရင် စကားတစ်ခွနးနဲ့ ပြီးတယ်  အဲ့ဒီစကားလုံးကို ပြောတတ်အောင် သင်ယူထားကြပါ

မော်လူးး facebook မှာ ပေါက်ကွဲပြန်ပြီ

မော်လူးသား တစ်ဦး ဖေ့ဘုတ်စာမျက်နှာမှာ ပေါက်ကွဲမှုဖြစ်





Tuesday, September 24, 2013

ပျက်စီးနေသည့် တံတားငယ်လေး အမြန်ပြုပြင်ပေးစေလို



ပျက်စီးနေသည့် တံတားငယ်လေး အမြန်ပြုပြင်ပေးစေလို
မော်လူး၊ စက်တင်ဘာ ၂၄
 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊ ပင်ဝယ်ကျေးရွာအုပ်စု ရွှေဘို - မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ တံတားအမှတ် ၅/၁၅၅ သည် ပျက်စီးယိုယွင်းနေကြောင်း သိရသည်။
ရွှေဘို - မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီးသည် အထက်မြန်မာပြည်နှင့် မြန်မာနိုင်ငံအလယ်ပိုင်းကို ဆက်သွယ်ထားပေးသည့် အလွန်အရေးပါသော မော်တော်ကားလမ်းမကြီးဖြစ်သည်။ အရေးပါလှသည့် ထိုမော်တော်ကားလမ်းမကြီးအား ဒေသအပိုင်းအခြားအလိုက် တာဝန်ယူထားကြသည့် ကုမ္ပဏီများ၊ အထူးဆောက်လုပ်ရေးအဖွဲ့များမှ ခေတ်နှင့်အညီ လမ်းများကို ကတ္တရာထပ်ပိုးလွှာတင်ခြင်း၊ သံကွန်ကရစ်တံတားကြီးများကို ဆောက်လုပ်လျှက်ရှိခြင်းတို့မှာ အထူးအားရကျေနပ်ဖွယ်ကောင်းလှသည်။ လမ်းများ တံတားများကောင်းမွန်လာပါက ခရီးသွားပြည်သူများအတွက် စိတ်ချမ်းမြေ့စွာ ခရီးသွားလာနိုင်ပြီး၊ မိမိသွားလိုသည့် ခရီးကိုလည်း အချိန်မီရောက်ရှိမည်ဖြစ်သဖြင့် မော်တော်ကားလမ်းမကြီးဘေးရှိ ကျေးလက်ဒေသများမှာ ခေတ်မီဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။ ဤသို့ အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေကြသည့် အချိန်တွင် ရွှေဘို - မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီး၏ အင်းတော်-နန့်စီးအောင် မော်တော်ကားလမ်းပိုင်းကိုလည်း ပြုပြင်ရန်လိုအပ်နေကြောင်း၊  မော်လူး-ပင်ဝယ်ကြားရှိ တံတားအမှတ် ၅/၁၅၅ ပျက်စီးယိုယွင်းနေသည်ကို မြင်တွေ့ရသည်မှာလည်း စိတ်မချမ်းမြေ့ဖွယ်ဖြစ်ကြောင်း၊ တံတားကို ဖြတ်သန်းမောင်းနှင်နေကြသည့် မော်တော်ယာဉ်ကြီးများမှာလည်း တံတားကျိုးကျမည့် အန္တရာယ်နှင့် အချိန်မရွေး တွေ့ကြုံနိုင်ကြောင်း၊ အချိန်ကြာမြင့်လာသည်နှင့် အမျှ တံတား၏ အခြေအနေမှာ ပိုမိုဆိုးဝါးလာနိုင်သဖြင့် အမြန်ပြုပြင်ပေးစေလိုကြောင်း ရွှေဘို - မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီးတွင် ဖြတ်သန်းမောင်းနှင်နေကြသည့် ယာဉ်မောင်းများထံမှ ကြားသိရသည်။


Monday, September 23, 2013

မော်လူးမှ စစ်ကိုင်းတောင်ရိုးသို့ မဉ္စူသက ဆွမ်းလောင်း ဆွမ်းကပ်အဖွဲ့ ထွက်ခွာ



မော်လူးမှ စစ်ကိုင်းတောင်ရိုးသို့ မဉ္စူသက ဆွမ်းလောင်း ဆွမ်းကပ်အဖွဲ့ ထွက်ခွာ

မော်လူး၊ စက်တင်ဘာ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊ ကူးဆိပ် -ခိုးကောင်ကျေးရွာ မြနန္ဒာကျောင်း သီလရှင်ဆရာလေးများ ဦးစီးသည့် မဉ္စူသက ဆွမ်းလောင်း ဆွမ်းကပ်အဖွဲ့သည် စစ်ကိုင်းတောင်ရိုး၊ ဟံသာဂီရိတိုက်ခွဲ၊ သာသနာ့စံပြ ပရိယတ္တိ စာသင်တိုက်သို့  စက်တင်ဘာ ၂၃ ရက် ညနေ ၃ နာရီအချိန်တွင် မော်လူးဘူတာမှ စစ်ကိုင်းမြို့သို့ မီးရထားဖြင့် ထွက်ခွာသွားပြီဖြစ်ကြောင်း သိရသည်။


၎င်းဆွမ်းကပ်အဖွဲ့သည် တော်သတင်းလပြည့်ကျော် ၅ ရက်၊ ၆ ရက်နေ့များတွင် စာသင်တိုက်ရှိ ရဟန်းသံဃာတော်အပါး ၅၀၀ အား ဝတ္ထုငွေ တစ်ပါးလျှင် ၅၅၀၀ ကျပ်နှင့် ဆွမ်းဆက်ကပ်လှူဒါန်းမည်ဖြစ်သည်။ လပြည့်ကျော် ၇ ရက်နေ့တွင် ဆွမ်းလောင်းလှူမည်ဖြစ်ကြောင်း၊ လပြည့်ကျော် ၁၀၊ ၁၁၊ ၁၂ ရက်နေ့များတွင် ထပ်မံ၍ ဆွမ်းဆက်ကပ်လှူဒါန်းမည်ဟု သိရသည်။ မဉ္စုသက ဆွမ်းလောင်း ဆွမ်းကပ်အဖွဲ့သည် စစ်ကိုင်းတောင်ရိုးသို့ ဆွမ်းလောင်းဆွမ်းကပ်လှူဒါန်းမှုကို သွားရောက်ပြုလုပ်ခဲ့သည်မှာ ယခုနှစ်တွင် တတိယအကြိမ်မြောက်ဖြစ်ပြီး ယခုနှစ်တွင် ဆွမ်းလောင်းဆွမ်းကပ် လိုက်ပါကြမည့် အလှူရှင်များမှာ ၂၀၀ ဦးခန့် ရှိရာ ယခင်နှစ်များထက် ယခုနှစ်က အလှူရှင်များ ပိုမိုများပြားလာကြောင်း သတင်းရရှိသည်။


အရပ် သုံးပေတစ်လက်မခွဲသာရှိသည့် တက္ကသိုလ်ဝင်တန်းကျောင်းသား



အရပ် သုံးပေတစ်လက်မခွဲသာရှိသည့် တက္ကသိုလ်ဝင်တန်းကျောင်းသား

မော်လူး၊ စက်တင်ဘာ ၂၃


စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မော်လူးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း တက္ကသိုလ်ဝင်တန်းတွင် ပညာသင်ကြားနေသော အရပ် သုံးပေတစ်လက်မခွဲသာရှိသည့်  ကျောင်းသားလေးတစ်ဦးကို ထူးဆန်းစွာ တွေ့ရသည်။


ထိုကျောင်းသားလေး၏ အမည်မှာ မောင်ပြည့်ဖြိုးဇော် ဖြစ်ပြီး အသက်မှာ ၁၇ နှစ်ရှိပြီဖြစ်ကြောင်း သိရသည်။ မောင်ပြည့်ဖြိုးဇော်သည် မော်လူးကျေးရွာ ရပ်ကွက် ၆ တွင်နေထိုင်သည့် ဦးမြတ်ထွန်း - ဒေါ်ခင်မြနွယ်တို့၏ အငယ်ဆုံးသားလေးဖြစ်ပြီး မွေးချင်းညီအစ်ကိုမောင်နှ လေးယောက်ရှိပြီး ၄င်းတစ်ဦးသာ သာမန်ထက် အရပ် ပုနေခြင်းဖြစ်သည်။ မိခင်ဖခင်တို့မှာ ကျပန်းအလုပ်ဖြင့် အသက်မွေးပြီး မောင်ပြည့်ဖြိုးဇော်အား တက္ကသိုလ်ဝင်တန်းရောက်အောင် ပညာသင်ကြားနိုင်ရန် ကြိုးစားခဲ့ကြသည်။ မောင်ပြည့်ဖြိုးဇော်မှလည်း မိဘတို့၏ ကျေးဇူးကို အထူးသိနားလည်ပြီး တတ်နိုင်သမျှပြန်လည် ပေးဆပ်လိုသဖြင့်တက္ကသိုလ်ဝင်စာမေးပွဲကို ထူးချွန်စွာ အောင်မြင်၍ ပညာတတ်တစ်ဦးဖြစ်လာရန် ပညာရေးကို ကြိုးစားသင်ယူလျှက်ရှိကြောင်း သိရသည်။


မော်လူး သုတဥယျာဉ် စာကြည့်တိုက် ပြန်ဖွင့်တော့မည်

1.10.2013  စတင်ဖွင့်တော့မည်









မော်လူးတွင် ပညာ့အလင်းခေတ်မီ ကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်ကြီး ပြန်လည် နိုးထလာတော့မည်

မော်လူး၊ စက်တင်ဘာ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးကျေးရွာရှိ အိပ်မောကျနေသည်မှာ ကြာမြင့်ပြီဖြစ်သော ပညာ့အလင်းခေတ်မီ ကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်ကြီးမှာ ပြန်လည်နိုးထလာတော့မည်ဖြစ်ကြောင်း သိရသည်။


ပညာ့အလင်းခေတ်မီ ကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်ကို ပြန်လည် ဖွင့်လှစ်နိုင်ရန်အတွက် စက်တင်ဘာ ၂၃ ရက်နေ့ ညနေ ၄ နာရီအချိန်က မော်လူးဒေသ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံဆွေးနွေးပွဲသို့ မော်လူးကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးဝင်းစိန်၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဋ္ဌာနမှ တာဝန်ရှိသူများ၊ မော်လူးသတင်းမီဒီယာအဖွဲ့နှင့် ရပ်မိရပ်ဖများ တက်ရောက်ကြကြောင်း၊ မြို့နယ်ပြန်ဆက်ဦးစီးဋ္ဌာနမှ တာဝန်ရှိသူတစ်ဦးက စာကြည့်တိုက်ကြီး ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကော်မတီအသစ်ကို ပြန်လည်ဖွဲ့စည်းမည်ဖြစ်ကြောင်း၊ ဖွဲ့စည်းမည့်ကော်မတီတွင် ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ စာကြည့်တိုက်မှူး၊ ဘဏ္ဍာထိန်းနှင့် အဖွဲ့ဝင်းများ အစရှိသဖြင့် စနစ်တကျဖွဲ့စည်းထားရှိရန် လိုအပ်ကြောင်း ပြောကြားရာ၊ မော်လူးဒေသ အုပ်စု အုပ်ချုပ်ရေးမှူးမှ စာကြည့်တိုက်ကြီး ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် စက်တင်ဘာ ၂၅ ရက်နေ့တွင် အစည်းအဝေးခေါ်ယူကာ ကော်မတီအသစ်ကို စနစ်တကျပြန်လည်ဖွဲ့စည်းပြီး အောက်တိုဘာ ၁ ရက်နေ့တွင် စာကြည့်တိုက်ကြီးကို ဖွင့်လှစ်နိုင်မည်ဟု ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။



ကျေးရွာချင်းဆက်လမ်း စုပေါင်းလုပ်အားဖြင့် ပြုပြင်



ကျေးရွာချင်းဆက်လမ်း စုပေါင်းလုပ်အားဖြင့် ပြုပြင်

မော်လူး၊ စက်တင်ဘာ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မော်လူးဒေသသည် ရွှေဘို - မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီး ဖြတ်သန်းသွားရာ၊ စတင်ဖောက်လုပ်သည်မှ နှစ်ကာလကြာပြီ ဖြစ်သဖြင့် အင်းတော် - မော်လူးလမ်းပိုင်းမှာ ပျက်စီးယိုယွင်းလျှက်ရှိသည်။ နဘားနှင့် မော်လူးကြား လမ်းပိုင်းကို သက်ဆိုင်ရာတို့အနေဖြင့် ယခုပွင့်လင်းရာသီတွင် ပြုပြင်ပေးသင့်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

ထိုပြည်ထောင်စုလမ်းမကြီး၏ ဝဲယာတွင် အင်းတော်မြို့နယ်၊ မော်လူးဒေသ၊ မော်လူးအုပ်စု ကျေးရွာပေါင်း ၄၃ ရွာရှိရာ ထိုရွာများရှိ ကျေးရွာချင်းဆက်လမ်းများမှာ ကိုယ့်အားကိုယ်ကိုး ဖောက်လုပ်ထားကြရသော မြေသားလမ်းများသာ ဖြစ်သည်။

နေ့စဉ် ကားဆိုင်ကယ်စသော စက်တပ်ယာဉ်များအသွားအလာများခြင်းကြောင့်လည်းကောင်း၊ မိုးသည်းထန်မှုကြောင့်လည်းကောင်း၊ ရေကြီးရေလျှံမှုများကြောင့်လည်းကောင်း၊ ကျေးရွာချင်းဆက် လမ်းများသည် ပျက်စီးရသည်။ ထို့ကြောင့် ဒေသခံတို့က နှစ်စဉ် လုပ်အားဒါနဖြင့် မော်လူးအနောက်သုံးမိုင်ခန့်ဝေးသော ထုံးကျောက်တောင်မှ မြေများကို ထော်လာဂျီများ၊တုံဖုံးများဖြင့် လူလုပ်အားနှင့် တူးဆွသယ်ဆောင်၍ ခင်းကြရသည်။

စက်တင်ဘာ ၂၀ ရက်မှ စ၍ မော်လူးစံပြကျေးရွာ၏အနောက် သက်ရင်းတာ၊ ပဲခူး၊ ရွာရှည်၊ မလူး၊ ဂွေ့ကြီး၊ နန့်ရုံ၊ ကူးဆိပ်၊ ခိုးကောင် စသော ရွှေလေးတန်ချောင်းရိုးရှိ ခုနှစ်ရွာဆုံလမ်း အရှည် ၄ မိုင်ကျော်ခန့်ကို ကျေးလက် ဒေသခံအင်အား ၁၀၀ ကျော်ဖြင့် ၄ ရက်တိုင် လုပ်အားလှူဒါန်း၍ လမ်းဖို့ပြုပြင်ကြကြောင်း ဝမ်းမြောက်ဖွယ် တွေ့မြင်ရသည်။

အရှည်လေးမိုင်ရှိ ရွှေလေးတန်ရိုး ခုနှစ်ရွာဆုံလမ်းကို ယခုကဲ့သို့ လုပ်အားဒါနဖြင့် ပြုပြင်လမ်းဖို့သူ ၁၀၀ တို့အား စေတနာရှင်များက နံနက်စာ ထမင်းအာဟာရဒါန၊ ညနေစာ ထမင်းအာဟာရဒါန၊ အဖျော်ရည်နှင့် စားသောက်ဖွယ်မုန့်များစွာတို့ဖြင့် ကျွေးမွေးဒါနပြုကြကြောင်း သိရသည်။

"ဒီလေးတန်ရိုးလမ်းဟာ အစိုးရဘတ်ဂျက်နဲ့ ပြုလုပ်ထားတာ မဟုတ်ပါဘူး။ ဒေသခံ ခုနှစ်ရွာက ရွာသူရွာသားများ၏ လုပ်အား စေတနာဖြင့် ဖောက်လုပ်ထားတဲ့ လမ်းဖြစ်ပါတယ်။ ရေကျော်တံတားတွေဆိုရင်လည်း(၇)စင်းရှိတာ မိရိုးဖလာတံတားအဖြစ် ဆောက်ထားရတာပါ။ လမ်းအတွက် မဟုတ်သည့်တိုင် ဆောက်လုပ်ရေးက သံတူကွန်ကရစ်တံတားအဖြစ် ဆောက်လုပ်ပံ့ပိုးပေးရင် အားလုံးဝမ်းသာ ပျော်ရွှင်ကြပြီး လမ်းပန်းဆက်သွယ်ရေးလည်း ပိုကောင်းလာမှာပါ…။"ဟု ပဲခူးရွာမှ ဦးစိုးအောင်( ကိုယ့်အားကိုယ်ကိုး မီးလင်းရေးကောမတီ)ကပြောကြားသည်။

"အခု ဒီလေးတန်ရိုး ခုနှစ်ရွာဆုံလမ်းဟာ ဒေသတွင်း ဆက်သွယ်မှုရဲ့ အသက်လို့ ဆိုရမှာပါ။ ဒီလမ်းကလွဲလို့ မော်လူးကို ရောက်အောင် တစ်ခြားကွင်းလမ်းရယ်လို့ မရှိပါဘူး။ ဒါကြောင့် သက်ရင်းတာရွာဆရာတော်၊ ပဲခူးရွာဆရာတော်၊ ဂွေ့ကြီးရွာဆရာတော်တို့ကဦးဆောင်ပြီး ဒီလမ်းကို ပျက်စီးယိုယွင်း မခံဘဲ နှစ်စဉ်ပြုပြင်ရတာပါ။ ဒီနှစ်က မိုးဦးမှာ မိုးခေါင်ခဲ့ပေမဲ့ ၉ လပိုင်းထဲမှာ မိုးက ကောင်းရုံမက လွန်လွန်ကျွံကျွံ သည်းထန်ပြီး လယ်တွေပါ ရေလျှံ ရေမြုပ်တော့ လမ်းတွေပျက်တာပေါ့။ ဒီနှစ် ခုတစ်ကြိမ်နဲ့ပါဆို ၃ ကြိမ်ရှိသွားပါပြီ။ ဒေသခံတို့ရဲ့ လုပ်အားနဲ့ပြုပြင်တာဖို့ကြရတာ။ မြေကော်စက်တွေ မရှိဘဲ လူလုပ်အားနဲ့ မြေတူးတင်ရတော့ လက်ဝင်ပြီး ကြံ့ကြာမှုတော့ ရှိတာပေါ့။ သက်ဆိုင်ရာ လမ်းဋ္ဌာနက မြေကော်စက် Back Hole တစ်စင်းလောက် အကူအညီရရင် ဒီထက်ပိုပြီး ကောင်းအောင် လုပ်နိုင်မှာပါ…"ဟု သက်ရင်းတာကျေးရွာ ရာအိမ်မှူး ဦးမြင့်သောင်းမှ ပြောကြားသည်။

ဤရွှေလေးတန်ရိုး ခုနှစ်ရွာဆုံလမ်းသည် မလူး၊ မာန်ဟဲ၊ မြေပလ္လင်ကျေးရွာများကို ဖြတ်၍ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်- နယ်စပ် နန့်စီးအောင် ပေကုန်းထိ တစ်ဆက်တည်း ဖောက်လုပ်ထားသောလမ်းဖြစ်ကြောင်း၊ နန့်စီးအောင်တွင် ရွှေဘို - မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီးနှင့် ဆုံရာအထိ ခရီးတာ ၈ မိုင်ရှိကြောင်း သိရသည်။


စစ်ကိုင်းဝင်းရွှေ


မော်လူးတွင် ရွေ့လျား စာကြည့်တိုက် အစီအစဉ်စတင်



မော်လူးတွင် ရွေ့လျား စာကြည့်တိုက် အစီအစဉ်စတင်
မော်လူး ၊ စက်တင်ဘာ ၂၃

@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မော်လူးဒေသတွင် ရွေ့လျားစာကြည့်တိုက် အစီအစဉ်ကို One Candle စေတနာရှင်လူငယ်များ အဖွဲ့မှ စက်တင်ဘာ ၂၃ ရက်နေ့က ကျေးရွာလေးရွာတွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
"ကျေးလက်ဒေသရှိ ပြည်သူများ စာဖတ်သူများပြားလာစေဖို့ ရည်ရွယ်ပါတယ်။ စာဖတ်သူဦးရေများလာရင် ကျွန်တော်တို့နိုင်ငံကြီး တိုးတက်လာမှာ မြေကြီးလက်ခတ်မလွဲပါဘူး… အခုအစီအစဉ်လေးက ကျွန်တော်တို့အဖွဲ့ တတ်နိုင်တဲ့ဘက်က တတ်နိုင်သလောက်လေးနဲ့ စလိုက်တာပါ။ လောလောဆယ်ဆယ်အနေနဲ့ ဂျာနယ်၊ ဓမ္မဗျူဟာ၊ မြတ်မင်္ဂလာစတဲ့ စာအုပ်စာစောင်လေးတွေကို ကျေးရွာတွေဆီ ပို့ထားပေးပါတယ်။ တစ်ပတ်တစ်ခါ ပို့ထားတဲ့ စာစောင်တွေ စာအုပ်တွေကို လဲလှယ်ပေးပါမယ်။ စာစောင်၊စာအုပ်တွေကို ထပ်တိုးချင်ပေမယ့် ရံပုံငွေ အင်အားမရှိလို့ တတ်နိုင်သလောက်လေးနဲ့ စလိုက်တာပါ။ အလှူရှင်တွေပေါ်လာရင် ဒါမှမဟုတ် ကျွန်တော်တို့အဖွဲ့ ရံပုံငွေရှိလာရင် ရသ၊ သုတ စတဲ့ စာအုပ်တွေကို တိုးချဲ့ချပေးသွားမှာပါ။ အခု သက်ရင်းတာရွာ၊ နန့်ရုံရွာ၊ ရွာရှည်ရွာ၊ မလူးရွာတွေမှာ ဂျာနယ်စာစောင်တွေကို ပို့ပေးထားပါပြီ။ ဆက်ပြီး တစ်ခြားရွာတွေကို ဖြန့်ဝေသွားချင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ အစီအစဉ်လေးကို စိတ်ပါဝင်စားရင် ပါဝင်လှူဒါန်းပေးကြပါလို့ ဖိတ်ခေါ်ချင်ပါတယ်..။"ဟု ရွေ့လျားစာကြည့်တိုက် အစီအစဉ်ကို စတင်ခဲ့သည့် One Candle စေတနာရှင်လူငယ်များ အဖွဲ့မှ ကိုမျိုးဝင်းထွန်းမှ ပြောပြသည်။
"ရွေ့လျားစာကြည့်တိုက်လေးကို စတင်အကောင်အထည်ဖော်တာ ကောင်းပါတယ်။ စထားပြီဆိုတော့ ဒီထက်မကအောင်မြင်အောင် လုပ်ဖို့လိုပါတယ်။ ကျေးလက်နေပြည်သူတွေ စာဖတ်ပြီး အသိဥာဏ်တွေတိုးလာပြီး အမှားအမှန်ဆင်ခြင်နိုင်လာရင် မဖြစ်သင့်တဲ့ ဆိုးကျိုးတွေ လျော့နည်းသွားတာပေါ့။ အမှန်က ကျေးရွာတိုင်းမှာ ရှိတဲ့ စာကြည့်တိုက်တွေကို ပိတ်မထားပဲ ဖွင့်လှစ်ထားနိုင်ရင် ပိုကောင်းတာပေါ့။ " ဟု ဒေသခံ ဆရာတော်တစ်ပါးမှ မိန့်ကြားခဲ့သည်။
One Candle စေတနာရှင်လူငယ်များ အဖွဲ့သည် မော်လူးဒေသတွင်း မူလတန်းကျောင်းလေးများသို့ စာရေးကိရိယာများလှူဒါန်းခြင်း၊ အပြီးမသတ်နိုင်သေးသည့် ကိုယ့်အားကိုယ်ကိုး မူလတန်းစာသင်ဆောင်လေးများကို အပြီးသတ်နိုင်စေရန် အလှူရှင်များနှင့် ချိတ်ဆက်ပေးခြင်းများ ပြုလုပ်နေသည့် ပရဟိတအဖွဲ့လေးတစ်ဖွဲ့ဖြစ်သည်။ ရွေ့လျားစာကြည့်တိုက် အစီအစဉ်ကို စိတ်ပါဝင်းစားပြီး စာအုပ်များ၊ ရံပုံငွေများကို ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။ ဆက်သွယ်လှူဒါန်းလိုသူများသည် ကိုမျိုးဝင်းထွန်း၊ ရပ်ကွက်(၇)၊ မော်လူး(ဖုန်း - 07565286)နှင့် ကိုထွန်းဝင်းလတ်၊ အုန်းဒုတ်ရပ်၊ မော်လူး(ဖုန်း - 09444032990) သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သတင်းရရှိသည်။

မော်လူး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကြီးမှူးဖွင့်လှစ်သည့် ပထမအကြိမ် အခမဲ့ ကွန်ပျူတာ သင်တန်းဆင်းပွဲ ကျင်းပ



မော်လူး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကြီးမှူးဖွင့်လှစ်သည့် ပထမအကြိမ် အခမဲ့ ကွန်ပျူတာ သင်တန်းဆင်းပွဲ ကျင်းပ
မော်လူး၊ စက်တင်ဘာ ၂၃
@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မော်လူးကျေးရွာတွင် စက်တင်ဘာ၂၃ ရက်၊ နံနက် ၉ နာရီအချိန်က မော်လူးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကြီးမှူးဖွင့်လှစ်သည့် ပထမအကြိမ် အခမဲ့ ကွန်ပျူတာသင်တန်းဆင်းပွဲ အခမ်းအနားကို မော်လူးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ မော်လူးကျေးရွာ အုပ်စုအသီးသီးမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကများ၊ ဥက္ကဋ္ဌများ၊ ပါတီဝင်များ၊ သင်တန်းဆရာများနှင့် သင်တန်းသား/သူများ တက်ရောက်ကြကြောင်း သိရသည်။ မော်လူးကျေးရွာအုပ်စု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ နာယက ဦးအောင်ဝင်းနှင့် ဥက္ကဋ္ဌ ဦးစိုးမြင့်တို့မှ ကျေးဇူးတင်ဝမ်းမြောက်စကားများ ပြောကြားပြီး၊ သင်တန်းဆရာများနှင့် သင်တန်းသား/သူများအား ဂုဏ်ပြုမှတ်တမ်းနှင့် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။သင်တန်းသား/သူများကိုယ်စား သင်တန်းသူ မဝေဝေလွင်မှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။ သင်တန်းကာလမှာ တစ်လဖြစ်ပြီး သင်တန်းသား/သူဦးရေ ၂၃ ဦးတက်ရောက်ခဲ့ကြောင်း၊ ဒုတ်ယအကြိမ် အခမဲ့ကွန်ပျူတာသင်တန်းကိုလည်း ဆက်လက်ဖွင့်လှစ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

Sunday, September 22, 2013

အင်းတော်မြို့တွင် အောင်ရတနာ မှန်လုံယာဉ်လိုင်းများ အစီအစဉ်အသစ်ဖြင့် တိုးချဲ့ပြေးဆွဲ

အင်းတော်မြို့တွင် အောင်ရတနာ မှန်လုံယာဉ်လိုင်းများ အစီအစဉ်အသစ်ဖြင့် တိုးချဲ့ပြေးဆွဲ
အင်းတော်၊ စက်တင်ဘာ ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့ အောင်ရတနာအဆင့်မြှင့် ပို့ဆောင်ရေး မော်တော်ယာဉ်အသင်းမှ မှန်လုံလိုင်းကားများဖြင့် ကသာ - အင်းတော် - မုံရွာ၊ ဗန်းမောက် - အင်းတော် - ရွှေဘို - မန္တလေး ခရီးစဉ်အသစ်များကို တိုးချဲ့ပြေးဆွဲရန်အတွက် ၂၀၁၃ ခု၊ စက်တင်ဘာလ (၂၂)ရက် နံနက် ၇ နာရီ ၃၀ မိနစ် အချိန်တွင် အောင်ရတနာကားဂိတ်၌ ကားလိုင်းသစ်ဖွင့်ပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။

ဖွင့်ပွဲတွင် အင်းတော်မြို့နယ် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲမင်းအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ရဲမြင့်နှင့် မစက ဥက္ကဋ္ဌ ဦးဆန်နီတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
အဆိုပါတိုးချဲ့ မှန်လုံယာဉ် ခရီးစဉ်များအတွက် ကာခနှုန်းထားများမှာ ဗန်းမောက်မြို့မှ မန္တလေးမြို့အထိ ခရီးသည်တစ်ဦးလျှင် ငွေ ၁၃၀၀၀ ကျပ်၊ အင်းတော်မြို့မှ မန္တလေးမြို့အထိ ငွေ ၁၂၀၀၀ ကျပ်၊ ကသာမြို့မှ မုံရွာမြို့အထိ ၁၄၀၀၀ ကျပ်၊ အင်းတော်မြို့မှ မုံရွာမြို့အထိ ၁၃၀၀၀ ကျပ်နှုန်းများဖြင့် ဈေးနှုန်းများ သတ်မှတ်ကာ ပြေးဆွဲမည်ဖြစ်ကြောင်း၊ ယခုတိုးချဲ့ပြေးဆွဲမည့် မှန်လုံယာဉ် ခရီးစဉ်များသည် ကသာမြို့၊အင်းတော်မြို့၊ ဗန်းမောက်မြို့များမှ ဋ္ဌာနဆိုင်ရာဝန်ထမ်းများ၊ ရွှေဘို၊ စစ်ကိုင်း၊ မုံရွာ၊ မန္တလေးမြို့များတွင် တက္ကသိုလ်ပညာသင်ကြားနေကြသည့် ကျောင်းသား၊ကျောင်းသူများနှင့် ဒေသခံရပ်မိရပ်ဖများအတွက် လမ်းပန်းဆက်သွယ်ရေး လွယ်ကူချောမွေ့မြန်ဆန်စွာ ခရီးသွားလာနိုင်မည်ဖြစ်ကြောင်း၊ ကသာ -အင်းတော် - မုံရွာ ခရီးစဉ်အတွက် မှန်လုံမော်တော်ယာဉ်များ၏ ထွက်ခွာချိန်မှာ ကသာမြို့မှ ညနေ ၅နာရီ ၃၀မိနစ်၊ အင်းတော်မြို့မှ ညနေ ၇နာရီထွက်ခွာမည်ဖြစ်ပြီး မုံရွာမြို့ထွက်ခွာချိန်မှာ ညနေ ၄နာရီ ၃၀မိနစ်ဖြစ်ကြောင်း၊ ဗန်းမောက် - အင်းတော် - ရွှေဘို -မန္တလေး ခရီးစဉ်အတွက် ယာဉ်များထွက်ခွာချိန်မှာ ဗန်းမောက်မြို့မှ ညနေ ၃နာရီ၊ အင်းတော်မြို့မှညနေ ၆နာရီဖြစ်ပြီး၊ မန္တလေးမြို့မှ ထွက်ခွာချိန်မှာ ညနေ ၄နာရီဖြစ်ကြောင်း အောင်ရတနာ အဆင့်မြှင့်ပို့ဆောင်ရေး မော်တော်ယာဉ်အသင်း၏ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ဆိုင်ကလုန်း

နောက်မိုးကောင်း၍ စပါးအောင်မြင်



                                နောက်မိုးကောင်း၍ စပါးအောင်မြင်

မော်လူး၊ စက်တင်ဘာ ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသတွင် စပါးစိုက်ဧရိယာ ( ) ခန့်ရှိရာ ယခုနှစ် မိုးရာသီတွင် စပါးစိုက်ပျိုးချိန်၌ မိုးဦးမကောင်း၍ ဒေသခံတောင်သူ လယ်သမားများအနေဖြင့် ချောင်းများမြောင်းများမှ ငွေကုန်ကြေးကျခံ၍ ရေတင်ပြီး ပျိုးထောင် စိုက်ပျိုးကြရသည်။ ဇွန်၊ ဇူလိုင်၊ သြဂုတ်လများတွင် တစ်ကြိမ်မျှ မဖြစ်ဘူးသော မိုးခေါင်ရေရှားဒဏ်ကို ဒေသခံလယ်သမားများ အလူးအလဲ ခံကြရသည်။ သက်ဆိုင်ရာတို့မှ ထုတ်ချေးပေးသော စိုက်ပျိုးစရိတ်ချေးငွေမှာ တစ်ဧက တစ်သိန်းသာရ၍ အချို့ လယ်သမားတို့မှာ ရေတင်ရန် ဒီဇယ်ပင် ပြည့်စုံအောင် မရနိုင်ကြပေ။ ထို့ကြောင့် လယ်သမားအများစုမှာ မိုးခေါင်လွန်း၍ သီးနှံမအောင်မြင်လျှင် ချေးငွေမည်သို့ပေးဆပ်ရမည်ကို စိုးရိမ်စိတ်များဖြင့် သောက ရောက်နေကြရသည်။

သြဂုတ်လစတုတ္ထပတ်တွင် မိုးမှာ ကောင်းလာရုံမျှမက အားကြီးသည်းထန်လွန်း၍ လယ်များပင်မက မော်လူးရွာထဲတွင်ပါ ရေကြီးခြင်း အကြိမ်ကြိမ်ကြုံရတော့သည်။

မိုးဦးတံ့သော်လည်း မိုးလယ်၊ မိုးနှောင်း ဤလိုကောင်းခဲ့လျှင် လယ်စိုက်စပါးပင်များ ဖြစ်ထွန်းကောင်းမွန်၍ အသီးအနှံ အောင်မြင်ရန် အလားအလာကောင်းသဖြင့် စိုက်စရိတ် ချေးငွေများ ပေးသွင်းနိုင်ကြမည်ကို တွေး၍ ပျော်ရွှင်နေကြသည်။

"ပျိုးထောင်ချိန်တုန်းက ရေကမရ၊ ရေတင်ပြန်တော့လည်း၊ လယ်ကျယ်သူနဲ့ ချောင်းဝေးလွန်းသူတို့အတွက် ကုန်ကျစရိတ်ကများ အတော်ကြီးဒုက္ခရောက်ခဲ့ရတယ်။ ကျွန်တော်ဆိုရင် ရေတင်လို့ စိုက်ပြီးတဲ့နောက်တစ်နေ့စ မိုးရွာလိုက်တာ စိုက်စမှာ ကောက်ပင်တွေ အကုန်မြုပ်တယ် သွားတယ်။ တစ်ညနဲ့ ရေပြန်ကျသွားလို့ စိုးရိမ်စရာတော့ မရှိပါဘူး။ ဒါပေမယ့် ပိုးမကျဖို့ တစ်ခုဘဲ စိုးရိမ်ရတာပေါ့။"ဟု လယ်သမားကြီး တစ်ဦးက ပြောပြသည်။

မိုးဦးတွင် မိုးခေါင်၍ စိတ်သောကရောက်ကြရသော လယ်သမားများအဖို့ ယခုလို စပါးစိုက်လယ်များ အောင်မြင်ဖြစ်ထွန်းကြသဖြင့် ကျေးရွာ အထောက်အကူပြု ကော်မတီမှ လိုအပ်သော ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးများ ပံ့ပိုးပေးနိုင်ရန် ဒေသခံ စပါးစိုက်တောင်သူ လယ်သမားများက စောင့်စားနေကြကြောင်း သိရသည်။


စစ်ကိုင်းဝင်းရွှေ




Saturday, September 21, 2013

တွေးမိ တွေးရာ ရေးမိ ရေးရာ (၃)

တွေးမိတွေးရာ ရေးမိရေးရာဆိုတဲ့ ခေါင်းစဉ်လေးကို အမှတ်စဉ်လေးတွေ ခွဲပြီး ရေးလာတာ အခုဆိုရင် အမှတ်(၄)ကို ရောက်လာပါပြီ...။ ရှေ့က နှစ်ပုဒ်က ဝေဖန်ရေးလေးတွေမို့ ဒီတစ်ပုဒ်မှာတော့ လေကန်ရေးလေး ပေါ့ပေါ့ ပါးပါးရေးပါရစေ... စပ်မိစပ်ရာ ရောက်တတ်ရာရာလေးတွေပေါ့...။ တောမှာနေတဲ့လူဆိုတော့ တောက အကြောင်းလေးတွေပဲ ရေးစရာရှိတာမို့ နည်းနည်းပျင်းစရာ ကောင်းသပဆိုရင်လည်း သည်းခံပြီးသာ ဖတ်ပေးကြပေရော့.... စာကတော့ ခေါင်းစဉ်တပ်ထားပြီမို့ မရေးမဖြစ်ရေးရတော့မယ်ဗျို့....။
အခုတစ်လော ကျနော်တို့ ရွာမှာ ယာဉ်စည်းကမ်း လမ်းစည်းကမ်း ထိန်းသိမ်းရေးအတွက် မော်တော်ဆိုင်ကယ်စီးနင်းသူတွေကို စည်းကမ်းရှိစွာ စီးနင်းကြစေဖို့ ရည်ရွယ်ပြီး ဆိုင်ကယ်ဦးထုပ်မပါပဲ စီးနင်းသူတွေကို ဖမ်းဆီးအရေးယူနေပါတယ်..ဗိုလ်လိုမပြောတတ်တော့ ဆပ်ပလိုင်းချက်လုပ်တယ်ပေါ့ခင်ဗျ... ဖြစ်သင့်တာက ဗမာအခေါ် ဆပ်ပလိုင်းမချက်ခင် ပြည်သူတွေ ယာဉ်စည်းကမ်းလမ်းစည်းကမ်းကို လိုက်နာအောင် ပထမဦးစွာ အသိပညာပေးဟောပြောမှုတွေ ပြုလုပ်ပေးသင့်တယ်ထင်တာပါပဲ...။ ဟဲ..ဟဲ.. ဝေဖန်ရေးမဟုတ်ဘူးလို့ ဆိုထားပေမယ့်... မြင်မိပြန်တော့လည်း ရေးချင်လာပြန်ရော... ထားလိုက်ပါစို့... အပေါ်က ဆပ်ပလိုင်းချက်တယ်ပေါ့..။ ဆိုင်ကယ်ဦးထုပ်မပါပဲ စီးနင်းသူတွေကို အရေးယူဆောင်ရွက်နေတယ်ပေါ့..။ ကျနော်တို့ အရပ်အခေါ် ဆိုင်ကယ် ဦးထုပ်ဖမ်းတယ်ပေါ့...။ ပြဿနာက ဆိုင်ကယ်ဦးထုပ်ဖမ်းတဲ့ဆီကစတာပါ...။ ကျနော်တို့ရွာနဲ့ ငါးမိုင်လောက်ဝေးတဲ့ ရွာလေးကနေ ဈေးဝယ်တက်လာတဲ့ ဦးကြီးနှစ်ယောက်ဟာ မော်တော်ဆိုင်ကယ်ကြီး စီးပြီး လာကြသဗျာ...။ ကျနော်တို့ဘက်က လူတွေက ဆိုင်ကယ်ကို တော်တော် အသုံးချတတ်တဲ့ လူတွေလို့ပြောရမယ်... တရုတ်ဆိုင်ကယ်နဲ့ ကျနော်တို့ ဒေသဘက်ကလူတွေနဲ့ အဆင်ပြေလိုက်ဖက်လွန်းလှတယ် ဆိုရမယ်... အများဆုံး အသုံးပြုကြတဲ့ မော်တော်ဆိုင်ကယ်က 125 ဆိုင်ကယ်တွေပါ... တရုတ်ဘက်က ဝင်လာတဲ့ ဈေးပေါပေါဆိုင်ကယ်တွေ ကွာလတီနိမ့်တဲ့ ဆိုင်ကယ်တွေပေါ့...။ ကျနော်တို့ လူမျိုးတွေက တရုတ်ဆိုင်ကယ်လေးတွေ စီးနေရတော့ ပေါက်ဖော်ကြီးကို ကျေးဇူးတင်နေကြသေးရဲ့...။ ပေါက်ဖော်ကြီးတွေ ထုတ်ပေးလို့ အခြေခံလူတန်းစားတွေ ဆိုင်ကယ်စီးနေရတာဆိုပဲ... လိုက်လည်းလိုက်ဖက်လွန်းတဲ့ လူကြီးနဲ့ ပြည်သူတွေ..ဟဲဟဲ...။ ခက်တာက ဆိုင်ကယ်တစ်စီးဝယ်ပြီး အပိုပစ္စည်းတွေကို ဆိုင်ကယ်တစ်စီးစာထက်မက ဝယ်ယူပြီး ပြင်ဆင်ရတာတွေ မမြင်ကြရှာဘူး.. ဒါကြောင့်လည်း ဆင်းရဲတွင်းနက်နေကြရတာ...အဲ့ဒီတရုတ်ဆိုင်ကယ်တွေကို ဘေးကာတွေ အကုန်ဖြုတ်.. နောက်ခုံမှာ သစ်သားတန်းလေးတွေထိုးပြီး ပစ္စည်းတွေတင် ရွာတစ်ကာ ရပ်တစ်ကာလှည့် ဈေးရောင်း.. ရွှေတွင်း ကျောက်တွင်းတွေဆီ ပစ္စည်းတွေကယ်ရီပို့ သူ့ဟာသူတော့ အလုပ်ဖြစ်နေတာပါပဲ.. မိုးတွေရွာလို့ လမ်းတွေချောနေရင် ဆိုင်ကယ်တာယာမှာ ချိန်းကြိုးတွေကို အပိုင်းလေးတွေဖြစ်အောင်ဖြတ် တာယာနဲ့ ဆိုင်ကယ်ဂွေမှာ ပတ်ပြီး စီရင်ထားလိုက်တာများ လမ်းချောခြင်သလောက်ချောနေပါစေ.. တောင်တက်လည်း အတူတူပဲ အေးအေးဆေးဆေးဖြစ်သွားတော့တာ..။ မြန်မာ့နည်း မြန်မာ့ဟန်တွေ တရုတ်တွေသိသွားရင် မြန်မာပြည်က ဈေးသည်တွေအတွက်ဆိုပြီး သပ်သပ်ထုတ်လုပ်ရမယ် ထင်ပါတယ်..။ ဈေးသည်တွေကက ဆိုင်ကယ်တစ်စီးကို တင်လို့ရတဲ့နေရာတွေမှာ အကုန်တင်လိုက်ကြတာ နွားလှည်တစ်စီးစာမျှ မကရှိလိမ့်မယ်... ဆိုင်ကယ်အိတ်ဇောကိုလည်း အပေါက်ကျယ်တဲ့ အိတ်ဇောတပ်ပြီး မောင်းကြတာ ... တထုန်းးထုန်းးးတထိုင်းးထိုင်းးးးပေါ့....။ ကဲ...ဆိုင်ကယ်အကြောင်း လေနည်းနည်းရှည်လိုက်တာ ဇာတ်လမ်းလေးက ဘယ်ရောက်သွားမှန်းမသိဘူး...။ ရွာက ဦးကြီးနှစ်ယောက် ဈေးဝယ်တက်လာကြတယ်... အဲ့ဒီနေ့က ကျနော်တို့ တောမကမြို့မကျတဲ့ မော်တော်ကားလမ်းမကြီးမှာ ဆိုင်ကယ် ဦးထုပ်ဖမ်းနေတဲ့ နေ့ပေါ့.... သူတို့က ဈေးဝယ်အလာ... သူတို့ရွာက လူတစ်ယောက်က ဈေးဝယ်ပြီး အပြန် လမ်းမှာ ဆုံကြတော့ ပြန်လာတဲ့ လူကလည်း ဆိုင်ကယ်မှာ ပစ္စည်းတွေတင်ထားတာမို့ ရပ်စကားမပြောနိုင်ရှာဘူး.. လမ်းမှာ ဆိုင်ကယ် တစ်စီးနဲ့ တစ်စီး ရှောင်ကြရင်း "ဟေ့လူတွေ ... ဟိုမှာ ဆိုင်ကယ် ဦးထုပ်တွေ ဖမ်းနေတယ်..."ဆိုပြီး လှမ်းအော်ပြောသွားတယ်...။ အဲ့ဒီသတိပေးသံကြားတော့ ဈေးဝယ်တက်လာတဲ့ လူကြီးနှစ်ယောက်ဟာ သူတို့ ခေါင်းပေါ်က ဆိုင်ကယ်စီး ဦးထုပ်တွေကို စမ်းပြီး .. ဆိုင်ကယ်လေးကို အရှိန်လျှော့.. ဦးထုပ်လေးတွေချွတ်ပြီး လမ်းဘေးက ခြုံလေးထဲမှာ သွားဝှက်ထားလိုက်ကြတယ်... အပြန်မှ ယူဆောင်းပြီး ပြန်မယ်ပေါ့.. ဆိုင်ကယ်စီးဦးထုပ်ဆိုတာကလည်း တရုတ်ကလုပ်တာဆို ၁၅၀၀ ကျပ် ယိုးဒယားဆို ၄၀၀၀ ကျပ်လောက် ပေးရတာကိုးဗျ... ဒီလိုနဲ့ ခရီးဆက်လာလိုက်တာ မော်တော်ပီကယ် ဆပ်ပလိုင်းချက်နေတာတဲ့ ဦးကြီးနှစ်ယောက် တည့်တည့်ကို တိုးတော့တာပေါ့.. မော်တော်ပီကယ်က ရွှီးးးးးးး ဆိုပြီး ခရာတွတ်လိုက်တော့ ဦးကြီးတို့ ဆိုင်ကယ်ကလည်းးး ကာရံသင့်စွာ ကျွီ.........ဆိုပြီး ရပ်သွားပါလေရော... မော်တော်ပီကယ်က ဆိုင်ကယ်စီးဦးထုပ် ဘာလို့ မဆောင်းလာတာလဲ မေးတော့.. ဦးထုပ်ဖမ်းနေတယ်ဆိုလို့ မဆောင်းလာတာလို့ ပြန်ဖြေတာပေါ့.. မော်တော်ပီကယ်ကိုကို တော်တော်ဒေါသူပုန်ထတာပေါ့... လမ်းစည်းကမ်းမသိဘူးလား..ယာဉ်စည်းကမ်း မသိဘူးလား.. ဆိုင်ကယ်စီးရင် ဦးထုပ်ဆောင်းပြီး မေးသိုင်းကြိုးတပ်ရမယ်ဆိုတာ မသိဘူးလား...စသဖြင့် ဖိဟောက်..တော့တာပေါ့.. ဒီတော့ ဦးကြီးတစ်ယောက်က ခပ်ကြောက်ကြောက်နဲ့ ပြန်ဖြေပါတယ်... "ဦးလေးတို့က ရွာကထွက်လာတုန်းက ဆောင်းလာပါတယ် ဆရာရယ်.. လမ်းမှာတွေ့တဲ့ ရွာကတစ်ယောက်က ဆိုင်ကယ် ဦးထုပ်တွေ ဖမ်းနေတယ်ဆိုလို့ ဦးလေးတို့က ဦးထုပ်တွေကို ချွတ်ပြီး လမ်းမှာ ဝှက်ထားခဲ့တာပါ... အခု ဦးထုပ်ဖမ်းတာ မဟုတ်ဘူးလားးး ဦးလေးတို့ ဦးထုပ်မပါဘူးလေ..... ဖမ်းလို့မရဘူး မဟုတ်လားးး" ဆိုပြီးပြန်ပြောတာပေါ့...။ မော်တော်ပီကယ်ကိုကိုခမျာ ဘာပြန်ပြောရမှန်းမသိအောင် ဖြစ်သွားရရှာတာပေါ့.. ဒါကြောင့် ပြောပါတယ်.. ကျနော်တို့ လူမျိုးတွေဟာ ရိုးသားလွန်းပါတယ်လို့.. ရိုးအလွန်းတဲ့ လူတွေကို စည်းကမ်းနည်းလမ်းတွေ သေသေချာချာသင်ပေးကြပါလို့..... သူတို့ ထင်တာက ဆိုင်ကယ် ဦးထုပ်ဖမ်းတယ်ဆိုတော့ ဆိုင်ကယ်ဦးထုပ်ဆောင်းလာတဲ့ လူတွေရဲ့ ဦးထုပ်တွေကို ဖမ်းတယ် ထင်နေကြရှာတာကိုး...။ အခုတော့ ဦးကြီးနှစ်ယောက် ဥပဒေအရ အရေးယူခံရတော့တာပေါ့... ဒါတောင်... ဦးကြီးတစ်ယောက်က " ဆရာရယ်... ဒဏ်ကြေးက ငါးထောင်ဆိုတော့ မများဘူးလား လျှော့လို့ရရင် လျှော့ပေးပါဦး" ဆိုပြီး ဈေးဆစ်နေသေးရဲ့.... ကဲ..ကျနော်တို့ လူမျိုးတွေ ဥပဒေအရ သတ်မှတ်ထားတဲ့ ကြေးကိုတောင် ဈေးဆစ်လို့ ရတယ် ထင်နေကြသေးတာ.....။ အဲ့ ဦးကြီးရဲ့နာမည်က ဦးမောင်ရွှေတဲ့ဗျ....။ တကယ်လူရိုး လူအေးကြီးပါ..။ သူရဲ့ အလွဲလေးတွေက တော်တော်လေးကို ရယ်စရာကောင်းသလို မောစရာလည်း ကောင်းရှာပါတယ်...။ တစ်ခါကလည်း သူ့တူတစ်ယောက်ခေါ်သွားလို့ မြို့ကို ရောက်သွားရှာတယ်... မနက်ပိုင်းမှာ သူတည်းနေတဲ့ ဘုန်းကြီးကျောင်းနားက လဘက်ရည်ဆိုင်ကို ဗိုက်ဆာလို့ တစ်ယောက်တည်း လဘက်ရည်သွားသောက်တာပေါ့..။ ဆိုင်ထဲရောက်တော့ သူ့ထိုင်နေတဲ့ စားပွဲဘေးကိုလည်း လူလေးယောက် သူနဲ့ ရှေ့ဆင့်နောက်ဆင့် ရောက်လာတာပေါ့...။ စားပွဲထိုးလေးက သူ့စားပွဲဘေးက လူလေးယောက်ဆီကို ဘာမှာမလဲ အရင်မေးတယ်... ဟိုက လဘက်ရည်လေးပွဲ ထပ်တရာ တစ်ပွဲ မှာလိုက်တာကို ဦးမောင်ရွှေကြားတော့..ထပ်တရာဆိုတာ ဘာမှန်း မသိရှာတော့ "သြော်.. သူတို့ကလူလေးယောက်ကို အထပ်တစ်ရာမှာတယ်ဆိုတော့ ငါကတစ်ယောက်တည်း အထပ်တစ်ရာ မကုန်လောက်ဘူး လေးယောက်ဆိုတော့ တစ်ယောက်ကို အထပ်အစိတ်လောက်ကုန်တာပေါ့...ငါလည်း အထပ် အစိတ်လောက်ဆို ဝမှာပါလေ..."လို့ တွေးပြီး စားပွဲထိုးလေး ရောက်လာပြီး ဘာမှာမလဲ မေးတော့ "လဘက်ရည်ချိုချို တစ်ခွက်နဲ့ အထပ်အစိတ် တစ်ပွဲပေးကွာ"ဆိုပြီး မှာလိုက်တာပေါ့....။ သူ့အတွေးနဲ့ သူတော့ မှန်နေတာပေါ့နော့...။ နောက်တစ်ရက် ညနေပိုင်းမှာ ဦးမောင်ရွှေဟာ သူ့တူနဲ့ ထမင်းဆိုင်တစ်ဆိုင်မှာ ထမင်းသွားစားကြတာပေါ့.... လဘက်ရည်ဆိုင်မှာတုန်းက ခံထားရတာမို့ ထမင်းဆိုင်မှာတော့ သူ့တူကိုပဲ အားလုံးတာဝန်လွဲပေးထားလိုက်တယ်...ထမင်းဟင်းတွေ မှာယူစားသောက်ပြီး ရေသောက်ဖို့အတွက် အသင့်ချထားပေးတဲ့ ရေသန့်ဗူးကို ဖွင့်ပြီး ရေသောက်မယ်လုပ်တော့ ရေဗူးထဲက ရေကခဲပြီး သွန်ချလို့မရဖြစ်နေတယ်... ဒီတော့ ဦးမောင်ရွှေ ပြောလိုက်ပုံက " တော်တော်အံ့သြဖို့ကောင်းတယ်.. ရေဗူးအဝကျဉ်းကျဉ်းလေးက ဒီလောက်ကြီးတဲ့ ရေခဲတုံးကြီး ဘယ်လိုများထည့်ထားတာပါလိမ့်"တဲ့လေ...။

ပျော်ရွှင်ချမ်းမြေ့ကြပါစေ.....

                                      K.Latt

 


ခရီးသွားပြည်သူများအတွက် ဖားပန်ချောင်းကူး ယာယီတံတားဆောက်လုပ်ပေးစေလို



ခရီးသွားပြည်သူများအတွက် ဖားပန်ချောင်းကူး ယာယီတံတားဆောက်လုပ်ပေးစေလို
မော်လူး၊ စက်တင်ဘာ ၂၀
@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊
ပင်ဝယ်ကျေးရွာအုပ်စု၊ ဖားပန်ကျေးရွာအနီးတွင် ပေ ၄၀၀၀ ခန့်ကျယ်ဝန်းသည့်
ဖားပန်ချောင်းကိုဖြတ်သန်း၍ ကွန်ကရစ်တံတားကြီးတစ်စင်းကို ဆောက်လုပ်နေပြီး၊
တံတားကြီးပြီးစီးခဲ့ပါက ရွှေဘို - မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီးအတွက်
အရေးပါသည့် တံတားတစ်စင်းဖြစ်လာကာ ဒေသခံပြည်သူများ ခရီးသွားလာရာတွင်
အဆင်ပြေချောမွေ့မည်မှာ အမှန်ပင်ဖြစ်သော်လည်း ၊ ယခုကဲ့သို့ မိုးများသော
မိုးရာသီတွင် ချောင်းရေမှာ များပြားပြီး ရေစီးသန်သဖြင့် ချောင်းကို
ဖြတ်သန်းသွားလာနေကြရသည့် ခရီးသွားပြည်သူများအတွက်
အသက်အန္တရာယ်နှင့်အခက်အခဲများစွာကြုံတွေ့နေကြရကြောင်း၊
မော်တော်ဆိုင်ကယ်ဖြင့် ခရီးသွားကြသည့် ပြည်သူများသည် ချောင်းကို
ဖြတ်ကူးနိုင်ရန်အတွက် ဆိုင်ကယ်သယ်ဆောင်ခအဖြစ် ငွေ ၁၅၀၀ ကျပ်၊ ၂၀၀၀ ကျပ်၊
၃၀၀၀ ကျပ် အစရှိသဖြင့် ပေးနေကြရကြောင်း၊ တံတားကြီး၏
ဆောက်လုပ်ရေးလုပ်ငန်းမှာလည်း အစမျှသာရှိနေပြီး
အချိန်ကြာမြင့်မည်ဖြစ်သည့်အတွက် ဖားပန်ချောင်းကူး ယာယီတံတားတစ်စင်းကို
ဆောက်လုပ်ပေးလျှင် အဆင်ပြေမည်ဖြစ်ကြောင်း ဒေသခံခရီးသွားပြည်သူတစ်ဦးထံမှ
ကြားသိရသည်။

ခင်မောင်ဆွေ ( မော်လူး )၊ သတင်းဓာတ်ပုံ - နီတိုး

Friday, September 20, 2013

်facebook အကောင့်သစ် ရလိုသူတွေအတွက် သတင်းကောင်း

facebook အကောင့်သစ် မရလို့ စိတ်ညစ်နေသလား အကူအညီလိုရင်

မော်လူးက ဖုန်းအရောင်းဆိုင် တစ်ဆိုင်မှာ လုပ်လို့ရနေပြီ

ဖုန်းတော့ တစ်ညပေးထားရမည်

ဘယ်ဆိုင်ဆိုတာတော့ ပြောပြမနေတော့

ခပ်ဆိုးဆိုး ဖုန်းဆိုင်တစ်ဆိုင်ပါ..

မော်လူးဒေသတွင်း ယစ်မျိုးလိုင်စင်မရှိပဲ အရက်မျိုးစုံ ထုတ်လုပ် ရောင်းချနေသူများအား အုပ်ချုပ်ရေးမှူးမှ တွေ့ဆုံ အသိပေး



မော်လူးဒေသတွင်း ယစ်မျိုးလိုင်စင်မရှိပဲ  အရက်မျိုးစုံ ထုတ်လုပ်
ရောင်းချနေသူများအား အုပ်ချုပ်ရေးမှူးမှ တွေ့ဆုံ
အသိပေး
မော်လူး၊ စက်တင်ဘာ ၂၀


စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မော်လူးကျေးရွာ၊
အုပ်ချုပ်ရေးမှူးရုံးတွင် မော်လူးကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးမှ
မော်လူးဒေသအတွင်း ယစ်မျိုး လိုင်စင်မရှိပဲ အရက်မျိုးစုံ
ထုတ်လုပ်ရောင်းချနေသူများအား စက်တင်ဘာလ ၂၀ ရက် နေ့လည် ၁၂ နာရီ အချိန်က
ခေါ်ယူတွေ့ဆုံပြီး ယစ်မျိုးဥပဒေအကြောင်း အသိပေးပြောကြားခဲ့သည်။
၎င်းတွေ့ဆုံ အသိပေးပွဲသို့ မော်လူးကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး
ဦးဝင်းစိန်၊ ရာအိမ်မှူးများ၊ ရပ်ကွက်မှုများနှင့် ယစ်မျိုး
လိုင်စင်မရှိပဲ အရက်မျိုးစုံ ရောင်းချသူများ စုစုပေါင်း ၅၀ ဦးခန့်
တက်ရောက်ကြသည်။ အုပ်ချုပ်ရေးမှူး ဦးဝင်းစိန်မှ အရက်ချက်သူများ၊
အရက်မျိုးစုံရောင်းချသူများသည် ထုတ်လုပ်ခွင့်၊ ရောင်းချခွင့်လိုင်စင်များ
ရှိမှသာ ထုတ်လုပ်ရောင်းချမှုများကို ပြုလုပ်ကြရန်၊ လုပ်ငန်းလိုင်စင်မရှိပဲ
ထုတ်လုပ်ရောင်းချမှုများကို တွေ့ရှိပါက ယခင်က ဒဏ်ကြေးငွေမျှနှင့်သာ
ပြီးစီးနိုင်သော်လည်း ယခုအခါ ဒဏ်ကြေးငွေနှင့် မပြီးစီးနိုင်တော့ပဲ
ယစ်မျိုးဥပဒေဖြင့် အရေးယူခံရမည် ဖြစ်ကြောင်း အသိပေးပြောကြားခဲ့သည်ဟု
သတင်းရရှိသည်။

ခင်မောင်ဆွေ ( မော်လူး)၊ သတင်းဓာတ်ပုံ - နီတိုး

မော်လူး ပညာ့အလင်းခေတ်မီ ကိုယ့်အားကိုယ်ကိုး စာကြည့်တိုက် ပြန်လည်နိုးထစေချင်



မော်လူး ပညာ့အလင်းခေတ်မီ ကိုယ့်အားကိုယ်ကိုး စာကြည့်တိုက် ပြန်လည်နိုးထစေချင်
မော်လူး၊ စက်တင်ဘာ ၁၉
@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မော်လူးကျေးရွာ ပညာ့အလင်းခေတ်မီ ကိုယ့်အားကိုယ်ကိုး စာကြည့်တိုက် ပြန်လည်နိုးထလာစေရန် ဒေသခံပြည်သူများလိုလားလျက်ရှိနေကြသည်။
အလိမ္မာစာမှာရှိ ၊ ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးသော နိုင်ငံကြီးကို တည်ဆောက်နိုင်မည်ဖြစ်သည့်အတွက် လူတိုင်း အတွေးအခေါ်အမြော်အမြင်ရင့်ကျက်လာစေရန်အတွက် လူတိုင်း စာဖတ်ရကြမည်ဖြစ်သည်။ သို့အတွက် ဗဟုသုတဟင်းလေးအိုးကြီးသဖွယ် ပညာမျက်စိအလင်းပေးစွမ်းနိုင်သော စာကြည့်တိုက်များကို နိုင်ငံနှင့်အဝန်း ဖွင့်လှစ်လျှက်ရှိကြသည့်အလျောက် မော်လူးကျေးရွာတွင် ပညာအလင်းခေတ်မီ ကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်တစ်ခုကို ၁၉၉၈ ခုနှစ်ကစတင်ဖွင့်လှစ်နိုင်ခဲ့ပြီး၊ ဖွင့်စအချိန်တွင် စာပေဝါသနာရှင်များဖြင့် အထူးစည်ကားလှသော်လည်း ယခုအခါ စာကြည့်တိုက်ကြီးကို ထိန်းသိမ်းစောင့်ရှောက်ပြီး စာဖတ်လာသူပြည်သူများ အဆင်ပြေစေရန်နှင့် စာအုပ်စာပေများကို စနစ်တကျ စီစဉ်ထားပေးနိုင်မည့် စာကြည့်တိုက်မှူး မရှိသဖြင့် ပိတ်ထားခဲ့ရသည်မှာ ကာလအတန်ကြာခဲ့ပြီ ဖြစ်သည်။ မော်လူးဒေသတွင် ကျေးရွာအုပ်စုပေါင်း(၁၀)အုပ်စု၊ တိုက်နယ်(၉)ခု၊ ကျေးရွာပေါင်း(၄၃)ရွာရှိသည့်အတွက် ဒေသခံ စာဖတ်ဝါသနာရှင်များ၊ စာပေလေ့လာလိုက်စားသူများပြားကြောင်း၊ ယနေ့အချိန်အခါတွင် လူငယ်လူရွယ်များသည် သောက်စားမူးယစ်ပျော်ပါးသူများ၊ အပျော်အပါးလိုက်စားသူများသာ တိုးတက်များပြားလာသည့်အတွက် ဝမ်းနည်းဖွယ် ဖြစ်ရပ်များနှင့် ကြုံတွေ့နေရကြောင်း၊ ထိုကဲ့သို့သောဖြစ်ရပ်များကို လျှော့ကျသွားစေရန်နှင့် ကျေးလက်မှသည် မြို့ပြဆီသို့ ခေတ်မီဖွံ့ဖြိုးတိုးတက်လာနိုင်ရန် လူတိုင်းစာပေများကို ဖတ်ရှု့လေ့လာသင့်ကြောင်း၊ စာကြည့်တိုက်ကြီးအတွက် လိုအပ်သည့် စာအုပ်စာပေများကို လှူဒါန်းမည့် အလှူရှင်များရှိသော်လည်း စာကြည့်တိုက်ကြီး မဖွင့်လှစ်နိုင်သဖြင့် စာပေမြတ်နိုးကြသည့် ဒေသခံများ အားမလိုအားမရဖြစ်နေကြကြောင်း၊မော်လူးဒေသတွင် စာကြည့်တိုက်ကြီးကို ပြန်လည်နိုးထလာစေနိုင်စေရန်အတွက် တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ ပူးပေါင်းပြီး ဆောင်ရွက်သင့်ကြောင်း ပညာရေးဝန်ထမ်းတစ်ဦးထံမှ ကြားသိရသည်။

နွယ်နီ

မော်တိတ်ကျေးရွာ မကြာမီ ၂၄နာရီ လျှပ်စစ်မီးရရှိတော့မည်





မော်တိတ်ကျေးရွာ မကြာမီ ၂၄နာရီ လျှပ်စစ်မီးရရှိတော့မည်

အင်းတော်၊ စက်တင်ဘာ ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မော်တိတ်ကျေးရွာတွင် မကြာမီအချိန်အတွင်း ၂၄ နာရီ လျှပ်စစ်မီးရရှိနိုင်တော့မည်ဖြစ်ကြောင်း ဒေသခံများထံမှ ကြားသိရသည်။

မော်တိတ်ကျေးရွာသည် အင်းတော်မြို့နှင့် ဗန်းမောက်မြို့ကို ဆက်သွယ်ဖောက်လုပ်ထားသည့် အရေးပါသော ဗျူဟာလမ်းမကြီးပေါ်တွင် တည်ရှိသည့် ကျေးရွာတစ်ရွာဖြစ်ပြီး အိမ်ထောင်စု(၁၄၀)ကျော်၊ လူဦးရေ ၇၀၀ ခန့်၊ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)နှင့် ကျေးလက်ကျန်းမာရေးဋ္ဌာနတို့ရှိပြီး၊ ဂဒူးနှင့် ရှမ်းဗမာလူမျိုးများ နေထိုင်ကြကာ အများစုမှာ လယ်ယာလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုကြသည်။ အင်းတော် - ဗန်းမောက် ၂၄နာရီ လျှပ်စစ်မီးလိုင်းများ သွယ်တန်းစဉ် အချိန်မှ အစပြု၍ ကျေးရွာ၂၄နာရီ လျှပ်စစ်မီးလင်းရေးကို ကြိုးစားအကောင်အထည်ဖော်ခဲ့ရာ ယခုအခါ ကျေးရွာအတွင်း ကွန်ကရစ်တိုင်များ စိုက်ထူပြီး ပင်မလျှပ်စစ်ဓာတ်ကြိုးများကိုလည်း သွယ်တန်းပြီးစီးနေပြီဖြစ်သည်။ ၂၄နာရီ လျှပ်စစ်မီးရရှိရေးအတွက် ခန့်မှန်းကုန်ကျငွေမှာ ကျပ်သိန်း(၅၀၀)ခန့်ရှိမည်ဖြစ်ကြောင်း၊ အဆိုပါမီးလင်းရေးကို ၂၀၀၁၂ ခုနှစ် စက်တင်ဘာလမှ စတင်ကာ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း၊မကြာမီအချိန်တွင် ၂၄နာရီ လျှပ်စစ်မီး ရရှိတော့မည်ဖြစ်ကြောင်း၊ လျှပ်စစ်မီးရရှိပါက ကျေးရွာ၏ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးတို့သည် အမှန်တကယ် တိုးတက်မြင့်မားလာမည်ဖြစ်ကြောင်း ဒေသခံ မီးလင်းရေးကော်မတီဝင်များထံမှ ကြားသိရသည်။



နွယ်နီ

Wednesday, September 18, 2013

တုံးလုံကျေးရွာတွင် အမျိုးသမီးတစ်ဦး ပန်း ရေဆေးစဉ် ရုတ်တရက် သေဆုံး



တုံးလုံကျေးရွာတွင် အမျိုးသမီးတစ်ဦး ပန်း ရေဆေးစဉ် ရုတ်တရက် သေဆုံး

အင်းတော်၊ စက်တင်ဘာ ၁၈

@@@@@@@@@@@@@@@@@@@@@@@@

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ ပင်ဝယ်ကျေးရွာအုပ်စု၊ တုံးလုံကျေးရွာတွင် အမျိုးသမီးတစ်ဦး ကျောက်စိမ်းဂမုန်းပန်းများကို ရေဆေးနေစဉ် ရုတ်တရက်သေးဆုံးမှု တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ၁၈.၉.၂၀၁၃ ရက်နေ့ နံနက် ၈နာရီ ၁၅ မိနစ်အချိန်ခန့်က မော်လူးရဲစခန်းမှ စခန်းမှူး ရဲအုပ် အေးမင်းသိန်း တာဝန်ထမ်းဆောင်နေစဉ် ပင်ဝယ်ရဲကင်းမှ တက ဇေယျာစိုး၏ သတင်းပေးပို့ချက်အရ တုံးလုံကျေးရွာတွင် အမျိုးသမီးတစ်ဦး ရုတ်တရက်သေဆုံးကြောင်း သိရသဖြင့် သက်သေများဖြစ်သော ပင်ဝယ်ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးနိုင်၊ တုံးလုံကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမင်းညိုတို့နှင့်အတူ သွားရောက် စစ်ဆေးရာ ၄င်းရွာနေ မခင်ဆန်းမြင့် ၃၃နှစ် (ဘ) ဦးကျော်ဦး (မှီခို)သည် တုံးလုံရွာ၏ မြောက်ဘက်၊ ရွာနှင့်ကပ်လျက်ရှိသည့် စိမ့်ရေတွင်းဘေးတွင် ပြင်ပဒဏ်ရာ မရှိပဲ သေဆုံးနေသည်ကို တွေ့ရသည်။ သေဆုံးသူ မခင်ဆန်းမြင့်သည် အတက်ရောဂါ ရှိသူတစ်ဦးဖြစ်၍ စိမ့်ရေတွင်း၏ဘေးတွင် ကျောက်စိမ်းဂမုန်းပန်းများကို ဘုရားကပ်လှူရန် ရေဆေးနေစဉ် ရုတ်တရက် အတက်ရောဂါကြောင့် မှောက်လျက်လဲကာ ခြောက်လက်မခန့်ရှိသော ရေတိမ်တွင် ရေနစ်သေဆုံးရခြင်း ဖြစ်နိုင်ကြောင်း၊ အခင်းဖြစ်ပွားချိန်တွင် ခင်ပွန်းဖြစ်သူ ဦးမောင်ကြီးမှာလည်း ခရီးလွန်နေကြောင်း၊ အနီးပတ်ဝန်းကျင်တွင်လည်း တစ်စုံတစ်ယောက်မှ မရှိကြောင်း ဒေသခံများမှ ပြောကြားခဲ့သည်။ အတက်ရောဂါရှိသူများသည် ရေဘေး၊ မီးဘေးအန္တရာယ်များ ကြုံတွေ့နိုင်မှု များပြားသဖြင့် အထူးသတိထား စောင့်ကြည်ပေးရန် လိုအပ်ကြောင်း တာဝန်ရှိသူများက ဒေသခံများကို သတိပေးပြောကြားခဲ့ကြောင်း၊ အဆိုပါအမှုနှင့် ပတ်သက်၍ မော်လူးရဲစခန်းမှ သေမှု သေခင်းအမှတ်စဉ် ၂/၁၃ ဖြင့် အမှုဖွင့်ခဲ့ပြီး ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်မဟုတ် စစ်ဆေးနိုင်ရန်အတွက် အမှုစစ် ရဲအုပ် အေးမင်းသိန်းမှ စစ်ဆေးလျက်ရှိပြီး၊ အခင်းဖြစ်ရာနေရာတွင် မှတ်တမ်းဓာတ်ပုံရိုက်ယူခြင်း၊ မြေပုံကြမ်းရေးဆွဲခြင်းစသည်တို့ကို ပြုလုပ်ကာ သေဆုံးသူအား ဆေးစာနှင့်အတူ မော်လူးတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

နွယ်နီ

မော်လူး ဒက္ခိဏာရာမဘုရားကြီးကျောင်းတိုက် ၀ါတွင်းတရားပွဲ

၁၃၇၅ခုနှစ် တော်သလင်းလပြည့်နေ့  မော်လူးဒက္ခိဏာရာမ ဘရားကြီးကျောင်းတိုက် ၌

နှစ်စဉ်ကျင်းပမြဲဖြစ်သော တရားပွဲတွင်

မဟာဂန္ဓာရုံကျောင်းတိုက် ဓမ္မကထိကဆရာတော်

ဦးဣန္ဒာလောကာလင်္ကာရ

မှ နိဗ္ဗာရောက်ကြောင်း တရားတော်များ ဟောကြားပါမည်။



Tuesday, September 17, 2013

မော်လူသူတစ်ဦးရဲ့ facebook ပေါ်မှ ဟာသလေးပါ



မော်လူး တခွင်က ထူးခြားဖြစ်စဉ်



ကွယ်လွန် ပြီးသော်လည်း

ခန္ဓာကိုယ်ပျော့ပြောင်းပြီး

လက်အုပ်ချီ နိုင်ခဲ့သော

မော်လူးဒေသ  ဂွေ့ကြီးကျေးရွာနေ

ဘုရားဒါယိကာမ ရဟန်းဒါယိကာမ ကျောင်းဒါယိကာမကြီး

ဒေါ်မြရီ  ၏

ဗွီဒီယိုမှတ်တမ်း



Sunday, September 15, 2013

မော်လူး သား တစ်ဦးရဲ့ ဖေ့ဘုတ်ပေါ်မှ တောင်းဆိုသံ




တွေးမိ တွေးရာ ရေးမိ ရေးရာ ၂

သတင်း တစ်ပုဒ်၏ နောက်ကွယ်

@@@@@@@@@@@@@@@@@@

 

ဒီမိုကရေစီနိုင်ငံတော်ကြီးဆီသို့ ချီတက်နေသည့် မြန်မာနိုင်ငံတော်ကြီးတွင် မီဒီယာသမားတို့၏ အခန်းကဏ္ဍအား မဏ္ဍိုင်ကြီးတစ်ရပ်အဖြစ် ထည့်သွင်းထားခဲ့သည်မို့ မီဒီယာသမားတို့၏ တာဝန်မှာ မသေးလှဟု ဆိုရပေလိမ့်မည်။ မီဒီယာသမားဟု ဆိုရာဝယ် သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းစသည် စသည်တို့မှ သတင်းထောက်များဟု အများအားဖြင့် သတ်မှတ်သိရှိထားကြပေသည်။ ၄င်းသတင်းထောက်များတွင်လည်း တိုက်ပိုင် သတင်းထောက် အလွတ်တန်း သတင်းထောက်၊ ကော်လံစား သတင်းထောက် အစရှိသဖြင့် ထပ်မံခွဲထွက်သွားပြန်သည်။ ထိုသတင်းထောက်တို့၏ ဖော်ထုတ်ရေးသားမှုများကြောင့် ပြည်သူများ သတင်းမှန်များကို သိရှိကြရသည်။ ဒေသတွင်း နိုင်ငံတွင်း နေ့စဉ်ဖြစ်ပျက်နေမှုများအား ပြည်သူတို့ထံ တင်ပြနေကြသူများပင်.....ဤသို့ဆိုလျှင် သူတို့တွေ၏ ကျေးဇူးတွေ ကျွန်တော်တို့ ပြည်သူတွေဆီမှာ ရှိနေကြသည်ဆိုရမည်ပင်... သို့တည်းမဟုတ် ကျွန်တော်တို့ပြည်သူများ၏ ဖတ်ရှု့အားပေးမှုများကြောင့် သူတို့တွေ ရေးသားမှုကို ဆက်လက်လုပ်ကိုင်နိုင်ကြသည်ဟု ဆိုလျှင်လည်း မှားယွင်းလိမ့်မည် မဟုတ်ပါ... ဒီတော့ သတင်းထောက်နှင့် ပြည်သူဟာ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီပေါ့...။ သတင်းသမားနှင့် ပြည်သူတို့ တစ်သွေးတည်း တစ်သားတည်းဖြစ်နေလျှင် မတရားမှုများ၊ မှောင်ခိုမှုများ၊ မူးယစ်ဆေးမှုများ စသည့်..စသည့် ... အဖြစ်အပျက်များ ကင်းဝေးကာ အေးချမ်းသာယာသည့် ဒီမိုကရေစီနိုင်ငံကြီးကား ပေါ်ပေါက်လာမည်မှာ ဧကန်မလွဲပင်....။ သို့သော်.... သတင်းသမားနှင့် ပြည်သူကြားဝယ် တစ်သွေးတည်း တစ်သားတည်း မဖြစ်ပဲ တစ်ဦးအပေါ်တစ်ဦး မယုံကြည်မှုများ မသင်္ကာမှုများ ရှိနေသဖြင့် မလိုလားအပ်သော ဖြစ်ရပ်များ ဖြစ်ပွားနေရသည်ကို မြင်တွေ့ရသည်မှာ စိတ်မချမ်းသာစရာကောင်းလှပေသည်။ ယခု ဖြစ်စဉ်မှာ သတင်းသမားနှင့် ပြည်သူအကြား အထင်လွဲမှားမှု တစ်ခု၏ ပြယုဂ်ဖြစ်ကြောင်း သိရှိကြစေရန် ရည်ရွယ်၍လည်းကောင်း သတင်းအချက်အလက်ကို သေသေချာချာ သိရှိနားလည်ပြီး အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်စေရန်လည်းကောင်း ဤစာအား ရေးသားရခြင်း ဖြစ်ကြောင်း ရှေးဦးစွာ သိစေအပ်သလို မည်သူတစ်ဦးတစ်ယောက်အပေါ်တွင်မှ ထိခိုက်လိုစေသော စိတ်ထား မြူတစ်မှုန်စာမျှ မရှိကြောင်း ဦးစွာပဏာမ ရေးသားတင်ပြအပ်ပါသည်။ ဤစာကို ပြည်သူတစ်ယောက်အနေဖြင့်လည်းကောင်း သတင်းသမားတစ်ဦး၏ အမြင်ဖြင့်လည်းကောင်း နှစ်ဖက်စလုံးမှ စဉ်းစားတွေးခေါ်ရေးသားပါသည်။ ဒီမိုကရေစီသို့ သွားရာလမ်းကြောင်းတွင် တင်ပြဆွေးနွေးမှုကို လက်ခံပြီး အပြန်အလှန်ဆွေးနွေးခြင်း၊ မှားနေသည်ဟု အချက်အလက်ခိုင်လုံလျှင် အမှားကို လက်ခံပြုပြင်ဝံ့ခြင်း၊ မိမိစိတ်ခံစားမှုကို ရှေးတန်းမတင်ပဲ သုံးသပ်ဝေဖန် ဆုံးဖြတ်နိုင်မှသာလျှင် ဒီမိုကရေစီ၏ အနှစ်သာရကို သိရှိခံစားနိုင်မည်ဟုလည်း ယုံကြည်မိပါသည်။ ဤကား စကားနိဒါန်း ဖြစ်၏။
ဖြစ်စဉ်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မော်လူးဒေသတွင် စက်တင်ဘာလ ၁ ရက်နေ့ ညပိုင်းက လ္ဘက်ရည်ဆိုင်တွင် အလွတ်တန်းသတင်းထောက်နှစ်ဦး လဘက်ရည်သောက်နေစဉ် သစ်လုပ်ငန်းလုပ်ကိုင်သည့် စီးပွားရေးသမားတစ်ဦးမှ သတင်းသမားအား သူ၏ သစ်များကို သက်ဆိုင်ရာသို့ ဖမ်းဆီးရန် သတင်းပေးသည်ဟု စွပ်စွဲကာ လူများရှေ့တွင် ပြောဆိုကြောင်း၊ ထို့ပြင်  စီးပွားရေးသမားသည် အရိုးအသွား ၁၂ လက်မခန့်ရှိသော ဓားမြောင်တစ်ချောင်းကိုလည်း ခါးတွင်ချပ်ထားကြောင်း၊ တစ်ယောက်တစ်ခွန်း စကားများနေကြရင်း အခြေအနေဆိုးဝါးလာမည်ကို စိုးရိမ်သဖြင့် ကျန်သတင်းသမားတစ်ဦးက ရဲစခန်းသို့ ဖုန်းဆက်အကြောင်းကြားသော်လည်း တစ်ဦးတစ်ယောက်မျှ ရောက်ရှိလာခြင်း မရှိကြောင်း၊ ဆိုင်တွင်းရှိ တခြားသူများက ဝိုင်းဝန်းဖျန်ဖြေကြသဖြင့် အခြေအနေသည် စကားများရုံအဆင့်တွင်သာ ပြီးဆုံးသွားခဲ့ကြောင်း၊ ထိုအကြောင်းအရာနှင့် ပတ်သက်ပြီး သတင်းသမားက သတင်းအဖြစ်ရေးသားပြီး နေ့စဉ်သတင်းစာသို့ ပေးပို့လိုက်လေရာ စက်တင်ဘာ ၇ ရက်နေ့ စံတော်ချိန် နေ့စဉ်သတင်းစာတွင် "တရားမဝင် စီးပွားရေးသမားက မီဒီယာကို ခြိမ်းခြောက်" ဟူသည့် ခေါင်းစဉ်ဖြင့် ပါရှိလာလေတော့သည်။ ထိုသတင်းသည် မကျယ်ဝန်းသည့် မော်လူးကျေးရွာအတွင်း ပျံ့နှံ့သွားကာ ဟိုးလေးတကြော်ကြော် ဖြစ်သွားတော့၏။ ဖြစ်စဉ်က ထိုမျှ အဆုံးမသတ်သေးချေ...။ သတင်းကိုရေးသားသူက တစ်ယောက် သတင်းစာတွင်ပါလာသည့် သတင်းသမားအမည်က တစ်ယောက်ဖြစ်လေသောအခါ အမည်ဖော်ပြခံရသည့် သတင်းထောက်က သူရေးသားခြင်းမဟုတ်ကြောင်း အများသိရှိစေရန် သတင်းစာမူကို မိတ္တူကူးကာ ဖြန့်ဝေပြန်တော့သည်။ သတင်းစာတွင် ပါလာကတည်းက ပေါက်နေသည့် သတင်းမို့ ယခုကဲ့သို့ ဖြစ်ကုန်ပြန်လေသောအခါ ပိုပြီး ဟော့ ပိုပြီး ပေါက်သွားတော့သည်။ နောက် စက်တင်ဘာလ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် မော်လူးကျေးရွာ၏ လူစည်ကားသည့် လမ်းဆုံလမ်းခွနေရာ၌ စံတော်ချိန်သတင်းစာပါ သတင်းသည် သတင်းသမားတစ်ဦးက စီးပွားရေးလုပ်ငန်းရှင်ထံ ငွေတောင်းခံရာမှ စတင်ပေါ်ပေါက်လာခဲ့ခြင်းသာဖြစ်ကြောင်း ရေးသားထားသည့် စာရွက်ကို အမည်ဖော်ပြထားခြင်းမရှိပဲ တိတ်တဆိတ် လာရောက် ကပ်ထားပြန်သောအခါ ပြည်သူအများကြားဝယ် သို့လော...သို့လော..ဟူသည့် အတွေးများဖြင့် မည်သူက မှန်၍ မည်သူကမှားသည်ကို ဝေခွဲမရ ဖြစ်ကုန်ကြတော့၏။
ကဲ.. ပြဿနာရင်းမြစ်ကို တစ်စခြင်းဆွဲထုတ်ကာ ဝေဖန်သုံးသပ် တင်ပြပါတော့မည်။ စီးပွားရေးသမားက စွပ်စွဲပြောဆိုသည့် သတင်းသမားသည် ဒေသတွင်း တရားမဝင်လုပ်ငန်းရှင်များထံမှ ငွေကြေးတောင်းခံမှုများ ရှိနေသည်ဆိုသည်မှာ အားလုံးသိနေကြပေသည်။ သို့သော် တရားမဝင်လုပ်ငန်းရှင်များကလည်း မတောင်းလျှင်လည်း ပေးကြရမည်သာလျှင်.. ဆိုလိုသည်မှာ သူတို့က ဥပဒေနှင့် မလွတ်ကင်းသည့် အလုပ်ကို လုပ်ကိုင်နေကြသည် မဟုတ်လား..။ ဥပမာ တရားမ၀င် ကျွန်းသစ်များကို သစ်စက်ထောင်ခွဲစိတ်ခြင်း၊ ကျွန်းတံခါးချပ်လုပ်ငန်း၊ ကျွဲနွားမှောင်ခိုကူးသန်းရောင်းဝယ်ခြင်း၊ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားခြင်း အစရှိသည့် လုပ်ငန်းရှင်များက သတင်းသမား သတင်းတစ်ပုဒ်ရေးလိုက်လျှင် သူတို့တွေ မည်သို့ဖြစ်ကုန်မည်ကို သိရှိကြသည် မဟုတ်လား...။ ဒီတော့ သတင်းသမားသည် ပေးလျှင်ယူ၏ ... မပေးလျှင် ရေးမည်..ဆိုသကဲ့သို့ ဖြစ်ကာ ... ပြည်သူများ၏ အားထားရာ မဟုတ်တော့ပဲ အမြင်ကတ်စရာ မျက်စိနောက်စရာ ဖြစ်လာရတော့သည်။ အဘယ်ကြောင့် ဤသို့ဖြစ်ရသနည်းဟု ဆိုငြားအံ့... လူတို့သည် လောဘ၏ သားကောင်များဖြစ်သလို.. စနစ်၏ သားကောင်များလည်း ဖြစ်၏။ အလုပ်အကိုင် အခွင့်အလမ်းရှားပါးချိန်မို့ တရားမဝင်လုပ်ငန်းအများစုကို ပါးရည်နပ်ရည်ရှိသည့် လူတွေက လုပ်ကိုင်ကြသကဲ့သို့ အခြေခံလူတန်းစားတို့က ထိုလုပ်ငန်းရှင်တို့ လက်အောက်တွင် အလုပ်လုပ်ရင်း မိသားစု စားဝတ်နေရေးကို ဖြေရှင်းနေကြရသည့် အဖြစ် မဟုတ်လား။ ထိုကဲ့သို့ တရားမဝင်လုပ်ငန်းများက ကြီးစိုးလာချိန်ကြာလာသည်နှင့် အမျှ အမှားမှ အမှန်အဖြစ်သို့ ရောက်လာသည်ဟု ဆိုရမလိုပင်... တရားမဝင်လုပ်ငန်းဟု ဆိုသော်လည်း ခိုးကြောင်ခိုးဝှက် မဟုတ် ပေါ်ပေါ်ထင်ထင်ပင် လုပ်ကိုင်နေကြတော့သည်။ မြန်မာနိုင်ငံသည် အာဏာရှင်စနစ်အောက်တွင် နှစ်ပေါင်းများစွာ ရောက်ရှိလာခဲ့ရာ စီးပွားရေးတင်မကပဲ ပြည်သူတို့၏ စာရိတ္တမဏ္ဍိုင်များမှာလည်း ပြားပြားဝပ်သွားခဲ့ရသည်။ ဗုဒ္ဓဘာသာဝင်များ အများစုရှိရာ မြန်မာပြည်တွင် ယုံကြည်စရာ မကောင်းလောက်အောင် မတရားမှုများ၊ တရားမဝင်လုပ်ငန်းများ ပေါများလာလေတော့သည်။ သက်ဆိုင်ရာဋ္ဌာနများမှလည်း အရေးယူဆောင်ရွက်ခြင်းမရှိ အရေးယူဆောင်ရွက်ပြန်လျှင်လည်း တရားရုံးတွင် ငွေများတရားနိုင်မို့ အောက်ခြေဝန်ထမ်းတို့မှာ ငပေါကြီးသာလျှင်ဖြစ်ကျန်ရစ်ခဲ့သမို့ တရားမဝင်လုပ်ငန်းရှင်တို့၏ ပေးစာကမ်းစာ မသထာရေစာ ဘယ်လိုဖြစ်ဖြစ် သူတို့စားဝတ်နေရေး အဆင်ပြေရေးကိုသာ ဦးတည်ကြကုန်တော့သည်။ ဒါကလည်း အပြစ်ဆိုဖွယ်ရာမရှိ မြန်မာပြည်ကို အုပ်ချုပ်ခဲ့သည် စစ်တပ်ကပင် လစာမလုံလောက်၍ ဦးပိုင် ကုမ္ပဏီထောင်ကာ စီးပွားရေးလုပ်ရသည်ဟု တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ဖတ်လိုက်ရသေးပေသည်။ဒီတော့ သက်ဆိုင်ရာဋ္ဌာနများနှင့် တရားမဝင် စီးပွားရေးသမားတို့မှာ လင်နှင့်မယားလိုပင် ရန်ဖြစ်လိုက်ပြန်ချစ်လိုက်... ထိုစီးကြောင်းအတွင်းသို့ စတုတ္ထမဏ္ဍိုင်ဖြစ်သည့် မီဒီယာသမားတို့ကလည်း စီးမျှောပါသွားလေသောအခါ အများပြည်သူတို့၏ အားထားရာ မဟုတ်တော့ပဲ အမြင်စောင်းစရာ ကဲ့ရဲ့စရာများဖြစ်လာလေတော့သည်။ တကယ်တမ်း အခက်အခဲများကို ခံစားရသူများမှာ မှန်မှန်ကန်ကန် ရိုးရိုးသားလုပ်ကိုင်စားသောက်ကြသည့် အခြေခံလူတန်းစားများပင် သက်ဆိုင်ရာဋ္ဌာနများ၏ လျှစ်လျူရှုထားမှုတွေကြောင့် တရားမဝင်စီးပွားရေးသမားတို့၏ ထင်သလို စော်ကားမှုများကို ခံစားရပါတော့သည်။ ကျွန်တော်တို့မော်လူးဒေသတွင် တရားမဝင်လုပ်ငန်းများစွာရှိသည့် အနက် ကျွန်းတံခါးချပ်လုပ်ငန်းရှင်များ၏ နှိပ်စက်မှုကို အနီးအနားရှိ လူများမှာ နေ့စဉ်ကြုံတွေ့ခံစားနေရပေသည်။ ဥပမာတစ်ခုပြရလျှင် အိမ်တစ်အိမ်မှ သေလုမြောပါးနာမကျန်းဖြစ်နေရှာသည့် လူမမာတစ်ဦးမှာ ထိုအိမ်မှ တဂျီဂျီ တဝီဝီမြည်နေသည့် သစ်ခွဲလွှဝိုင်းသံ၊ စက်ရွေဘော်အသံများကို နားမခံသာရှာသဖြင့် ခေတ္တနားပေးရန် သို့မဟုတ် နေရာပြောင်းရွေ့ပြီး အလုပ်လုပ်ပေးရန် ပြောကြားသောအခါ လုပ်ငန်းရှင်ဖြစ်သူက တိုင်ချင်ရာသို့တိုင်ပါ.. ရဲစခန်းကိုရော သစ်တောကိုရော ငွေပေးထားကြောင်း ပြန်လည်ပြောဆိုပါတော့သည်။ ဒီလို သတင်းတွေကို အဘယ်ကြောင့် သတင်းသမားမရေးကြသနည်းဆိုသော် ငွေကြေးယူထား၍ဟု ကောက်ချက်ချရမည်သာ .... သို့သော် သတင်းသမားတစ်ဦးက ရင်ဖွင့်ပြောပြသည်မှာ ဒေသခံလူများသည် ဤလိုလုပ်ငန်းများရှိနေ၍ အလုပ်အကိုင် အခွင့်အလမ်းပေါများနေကြောင်း သတင်းအဖြစ်ရေးသားလိုက်ပါက တစ်ပါးသူ၏ စီးပွားရေးကို ထိခိုက်စေကြောင်း ဤသို့ဖြစ်နေသည်မှာ မော်လူးတစ်နယ်တည်း မဟုတ်ကြောင်း ပြန်လည် ရှင်းလင်းပြောဆိုလာလေသောအခါ မည်သူ့ကို အပြစ်တင်ကြမည်နည်း။ မည်သည့်အရာကို ယိုးမယ်ဖွဲ့စွပ်စွဲကြရမည်နည်း။ စနစ်၏ သားကောင်ဖြစ်သော အခြေခံလူတန်းစားတို့၏ ကိုယ်ကျင့်တရား ဗုဒ္ဓဘာသာဝင်တို့၏ အခြေခံစောင့်စည်းအပ်သော တရားတို့မှာ အဝေးသို့လွှင့်စင်ကုန်တော့သည်။
မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် ဤကဲ့သို့ ဖြစ်ရပ်များ မြို့၊ ရွာမည်မျှခန့်တွင် ဖြစ်ပျက်နေကြသည် မသိ.... အဓိက တရားခံမှာ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးခြင်း၊ တရားဥပဒေစိုးမိုးမှု မရှိခြင်းတို့က အဓိက လက်သည် တရားခံပင်... ဤသို့ ဤပုံသာ ဆက်ပြီး သွားနေလေလျှင် အစိုးရသစ်ကြွေးကြော်နေသည့် ဒီမိုကရေစီနိုင်ငံတော်ကြီးသို့ အဘယ်မှာလျှင် ရောက်နိုင်ပါအံ့နည်း.... ပြောင်းလဲမှုများကို အောက်ခြေအဆင့်အထိ ရောက်အောင် ဆောင်ရွက်သင့်သကဲ့သို့ ပြည်သူများအတွက် အဆင်ပြေမည့် အလုပ်အကိုင် အခွင့်အလမ်းများကိုလည်း ဖန်တီးပေးသင့်ဟု ထင်မြင်ယူဆမိပါသည်။ အလုပ်အကိုင်အခွင့်အလမ်းပေါများပြီး ဝင်ငွေများအဆင်ပြေလာမှသာ သိသင့်သိထိုက်သည့် အခြားအရာများကို လေ့လာနိုင်ပြီး အသိပညာတိုးတက်လာနိုင်မည်။ ခေတ်အဆက်ဆက် ရှေးရိုးစွဲ အယူအဆများဖြင့် မောင်နှင်နေကြသည့် ဦးနှောက်များ အသိပညာဖြင့် မောင်းနှင်သည့် အဆင့်သို့ တိုးမြင့်ရောက်ရှိလာမှသာ ယခုကဲ့သို့သော အဖြစ်အပျက်များကို လျှော့ချနိုင်မည်ဖြစ်သကဲ့သို့ ပြည်သူများဘက်မှလည်း ဒီမိုကရေစီဟူသည့် အခွင့်အရေးကို မိမိအခွင့်အရေးသာမက သူတစ်ပါးအခွင့်အရေးတွေကိုပါ နားလည်သိရှိလာနိုင်မည်ဟု ယုံကြည်မိပါသည်။
ယခု အဖြစ်အပျက်ကို အနှစ်ချုပ်ဝေဖန်ရလျှင် သတင်းသမားတို့သည် မှန်မှန်ကန်ကန်ဖြင့် သတင်းသမားတစ်ဦး၏ ကျင့်ဝတ်ကို စောင့်ထိန်းအပ်သကဲ့သို့ မိမိတစ်ဦးကြောင့် အခြားသတင်းသမားများပါ အမဲစက်စွန်းထင်းစေမည့် ဖြစ်ရပ်မျိုးများကို ရှောင်ရှားသင့်ပေသည်။ မရေးသားသင့်ဟု ယူဆသော သတင်းကို မရေးပဲနေလျှင် နေနိုင်ပါသည် သို့သော် သတင်းကိုဖြစ်စေမည့် သူတို့က ပေးအပ်၍ဖြစ်စေ ကိုယ်တိုင်ကတောင်းခံ၍ဖြစ်စေ ငွေကြေးတစ်စုံတစ်ရာကိုလည်း လက်မခံသင့်သလို ယူလည်း မယူသင့်ပေ... သို့မှသာ အများပြည်သူတို့က ယုံကြည်ကိုးစားသည့် သတင်းသမားဖြစ်လာမည်။ ထို့ပြင် တိုင်းပြည်၏ စတုတ္ထမဏ္ဍိုင်ဟု ကြွေးကြော်ထားသည့် မီဒီယာ အခန်းကဏ္ဍမှာ ပိုမိုလင်းလက်တောက်ပလာမည်ဖြစ်ပေသည်။
ယခုတော့ တရားမဝင်စီးပွားရေးသမားများနှင့် သတင်းသမားတို့မှာ (မော်လူးတွင်သာ) လင်နဲ့မယားကဲ့သို့ ဖြစ်နေပါသည်။ ယခုဖြစ်ရပ်သည် သူတို့ လင်မယားအချင်းအချင်း မသင့်မမြတ်ဖြစ်ကာ စကားများရန်ဖြစ်ကြခြင်းသာ ဖြစ်ပေသည်။ မကြာမီအချိန်တွင် ပြန်လည်သင့်မြတ်ကာ ဇာတ်ပေါင်းထုတ်ပြီး ဒုံရင်း ဒုံရင်း ပြဇာတ်ကို ဆက်လက် အသုံးတော်ခံ ဖျော်ဖြေတင်ဆက်လိမ့်ဦးမည်ဟု မျှော်လင့်ရပါကြောင်း .....

ပျော်ရွှင်ချမ်းမြေ့ကြပါစေ....

K.Latt