Monday, December 26, 2016

လောကနီတိ အပိုင်း ၂



အခန်း ( ၅ ) 

(၈၈)။ ဥသြတို့၏ အဆင်းကား အသံလျှင်တည်း။ မိန်းမတို့၏ အဆင်းကား လင်ကို မြတ်နိုးခြင်းတည်း။ မကောင်းသော ရုပ်သဏ္ဌာန်ရှိသောသူ၏ အဆင်ကား အတတ်တည်း။ ရသေ့တို့၏ အဆင်းကား သည်းခံခြင်းတည်း။ 

(၈၉)။ မိန်းမတို့၏ ဥစ္စာကား အဆင်းတည်း။ ယောက်ျားတို့၏ ဥစ္စာသည် အတတ်လျှင်တည်း။ ရဟန်းတို့၏ ဥစ္စာကား သီလတည်း။ မင်းတို့၏ ဥစ္စာသည်ကား ရဲမက်ဗိုလ်ပါတည်း။ 

(၉၀)။ ရသေ့ ရဟန်းတို့သည်ကား ကြုံမှသာလျှင် တင့်တယ်ကုန်၏။ ခြေလေးခုရှိသော သတ္တ၀ါတို့သည်ကား ဆူကုန်မှသာလျှင် တင့်တယ်ကုန်၏။ ယောက်ျားတို့သည်ကား အတတ်ပညာရှိမှသာလျှင် တင့်တယ်ကုန်၏။ မိန်းမတို့သည်ကား လင်သားရှိမှ တင့်တယ်ကုန်၏။ 

(၉၁)။ တတ်လှစွာသော စောင်းသမားသည် ငါးရက်မျှ စောင်းနှင့်ကင်းမူ ပျက်၏။ တတ်လှစွာသော လေးသမားသည် ခုနစ်ရက်မျှ လေးနှင့်ကင်းမူ ပျက်၏။ တော်မှန်လှစွာသော မယားဖြစ်လျှင်မူလည်း လင်နှင့် တစ်လကင်းမူ ပျက်၏။ တပည့်တို့ကား လခွဲကားမူ ပျက်၏။ 

လောကနီတိ အပိုင်း ၁


လောကနီတိ

လောကနီတိ 'နီတိ' ဟူသော ဝေါဟာရသည် သင်္သကရိုက်ပါဠိ ဘာသာစကားဖြစ်၍ 'လမ်းညွှန်'ဟု အဓိပ္ပါယ် ဖွင့်ဆိုနိုင်ပေသည်။ လောကလူသားတို့ လိုက်နာအပ်သည့် လူမှုကျင့်ဝတ် နှင့် လူမှုစည်းကမ်းများ ဆိုင်ရာလမ်းညွှန်ထားချက်များ ကို ပေါင်းရုံး၍ လောကနီတိ ဟုခေါ်ဝေါ်သုံးနှုန်းခြင်းဖြစ်သည်။

 ရှေးလူကြီးတွေ ထားရစ်ခဲ့သော စကားပုံများ၊ မှတ်သားလိုက်နာဖွယ် အဆိုအမိန့်များ၊ သင်ခန်းစာရယူဖွယ် ဇာတ်ကြောင်း ပုံပြင်တွေကနေ ကောင်းနိုးရာရာတွေကို စုစည်းထားတဲ့ လူမှုဆိုင်ရာ လောကနီတိကျမ်းသည် ဘာသာမရွေး၊ လူမျိုးမရွေး၊ အရွယ်သုံးပါး လိုက်နာဖွယ် ကောင်းလှပါသည်။ လောကနီတိသည် ဘုရားဟောဟု မဆိုနိုင်သော်လည်း ဘုရားဟောကျမ်းဂန်များစွာမှ လောကီရေးရာများနှင့် ပတ်သက်သည့် အဆိုအမိန့်များကို ထုတ်နှုတ်၍ ထည့်သွင်းပြုစုထားသော ကျမ်းဖြစ်သည်။ နီတိသည် ပါဋ္ဌိဝေါဟာရဖြစ်သည်။ မြန်မာလို လမ်းညွှန်ဟု အဓိပ္ပါယ်ရသည်။ လောကနီတိသည် လောကအကြောင်းနှင့် စပ်လျဉ်း၍ ကြီးပွားတိုးတက်စေရန် ညွှန်ကြားသော လမ်းညွှန်ကျမ်းဖြစ်သည်။ စင်စစ် ဤကျမ်းသည် လောက၌ လူသားတို့၏ အနှစ်လည်းမည်၏။ မိဘလည်းမည်၏။ ဆရာလည်းမည်၏။ အဆွေခင်ပွန်း လည်းမည်၏။ ထိုကြောင့် ဤနီတိကျမ်းကို သင်ကြားတတ်မြောက်သော ယောက်ျားသည် အကြားအမြင်များသော၊ မြင့်မြတ် သော ပညာတတ်ယောက်ျား ဖြစ်၏။ 

အခန်း( ၁ )

 (၁)။ ပျင်းသောသူအား အတတ်ပညာ အဘယ်မှာ တတ်အံ့နည်း။ အတတ်ပညာ မရှိသောသူအား ဥစ္စာအဘယ်မှာ ရအံ့နည်း။ ဥစ္စာမရှိသောသူအား အဆွေခင်ပွန်းအဘယ်မှာ ရအံ့နည်း။ အဆွေခင်ပွန်းမရှိသောသူအား ချမ်းသာ အဘယ်မှာ ရအံ့နည်း။ ချမ်းသာမရှိသောသူအား ကောင်းမှုအဘယ်မှာ ရအံ့နည်း။ ကောင်းမှုမရှိသောသူအား နိဗ္ဗာန် အဘယ်မှာ ရနိုင်အံ့နည်း။