Monday, September 23, 2013

မော်လူးမှ စစ်ကိုင်းတောင်ရိုးသို့ မဉ္စူသက ဆွမ်းလောင်း ဆွမ်းကပ်အဖွဲ့ ထွက်ခွာ



မော်လူးမှ စစ်ကိုင်းတောင်ရိုးသို့ မဉ္စူသက ဆွမ်းလောင်း ဆွမ်းကပ်အဖွဲ့ ထွက်ခွာ

မော်လူး၊ စက်တင်ဘာ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊ ကူးဆိပ် -ခိုးကောင်ကျေးရွာ မြနန္ဒာကျောင်း သီလရှင်ဆရာလေးများ ဦးစီးသည့် မဉ္စူသက ဆွမ်းလောင်း ဆွမ်းကပ်အဖွဲ့သည် စစ်ကိုင်းတောင်ရိုး၊ ဟံသာဂီရိတိုက်ခွဲ၊ သာသနာ့စံပြ ပရိယတ္တိ စာသင်တိုက်သို့  စက်တင်ဘာ ၂၃ ရက် ညနေ ၃ နာရီအချိန်တွင် မော်လူးဘူတာမှ စစ်ကိုင်းမြို့သို့ မီးရထားဖြင့် ထွက်ခွာသွားပြီဖြစ်ကြောင်း သိရသည်။


၎င်းဆွမ်းကပ်အဖွဲ့သည် တော်သတင်းလပြည့်ကျော် ၅ ရက်၊ ၆ ရက်နေ့များတွင် စာသင်တိုက်ရှိ ရဟန်းသံဃာတော်အပါး ၅၀၀ အား ဝတ္ထုငွေ တစ်ပါးလျှင် ၅၅၀၀ ကျပ်နှင့် ဆွမ်းဆက်ကပ်လှူဒါန်းမည်ဖြစ်သည်။ လပြည့်ကျော် ၇ ရက်နေ့တွင် ဆွမ်းလောင်းလှူမည်ဖြစ်ကြောင်း၊ လပြည့်ကျော် ၁၀၊ ၁၁၊ ၁၂ ရက်နေ့များတွင် ထပ်မံ၍ ဆွမ်းဆက်ကပ်လှူဒါန်းမည်ဟု သိရသည်။ မဉ္စုသက ဆွမ်းလောင်း ဆွမ်းကပ်အဖွဲ့သည် စစ်ကိုင်းတောင်ရိုးသို့ ဆွမ်းလောင်းဆွမ်းကပ်လှူဒါန်းမှုကို သွားရောက်ပြုလုပ်ခဲ့သည်မှာ ယခုနှစ်တွင် တတိယအကြိမ်မြောက်ဖြစ်ပြီး ယခုနှစ်တွင် ဆွမ်းလောင်းဆွမ်းကပ် လိုက်ပါကြမည့် အလှူရှင်များမှာ ၂၀၀ ဦးခန့် ရှိရာ ယခင်နှစ်များထက် ယခုနှစ်က အလှူရှင်များ ပိုမိုများပြားလာကြောင်း သတင်းရရှိသည်။


အရပ် သုံးပေတစ်လက်မခွဲသာရှိသည့် တက္ကသိုလ်ဝင်တန်းကျောင်းသား



အရပ် သုံးပေတစ်လက်မခွဲသာရှိသည့် တက္ကသိုလ်ဝင်တန်းကျောင်းသား

မော်လူး၊ စက်တင်ဘာ ၂၃


စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မော်လူးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း တက္ကသိုလ်ဝင်တန်းတွင် ပညာသင်ကြားနေသော အရပ် သုံးပေတစ်လက်မခွဲသာရှိသည့်  ကျောင်းသားလေးတစ်ဦးကို ထူးဆန်းစွာ တွေ့ရသည်။


ထိုကျောင်းသားလေး၏ အမည်မှာ မောင်ပြည့်ဖြိုးဇော် ဖြစ်ပြီး အသက်မှာ ၁၇ နှစ်ရှိပြီဖြစ်ကြောင်း သိရသည်။ မောင်ပြည့်ဖြိုးဇော်သည် မော်လူးကျေးရွာ ရပ်ကွက် ၆ တွင်နေထိုင်သည့် ဦးမြတ်ထွန်း - ဒေါ်ခင်မြနွယ်တို့၏ အငယ်ဆုံးသားလေးဖြစ်ပြီး မွေးချင်းညီအစ်ကိုမောင်နှ လေးယောက်ရှိပြီး ၄င်းတစ်ဦးသာ သာမန်ထက် အရပ် ပုနေခြင်းဖြစ်သည်။ မိခင်ဖခင်တို့မှာ ကျပန်းအလုပ်ဖြင့် အသက်မွေးပြီး မောင်ပြည့်ဖြိုးဇော်အား တက္ကသိုလ်ဝင်တန်းရောက်အောင် ပညာသင်ကြားနိုင်ရန် ကြိုးစားခဲ့ကြသည်။ မောင်ပြည့်ဖြိုးဇော်မှလည်း မိဘတို့၏ ကျေးဇူးကို အထူးသိနားလည်ပြီး တတ်နိုင်သမျှပြန်လည် ပေးဆပ်လိုသဖြင့်တက္ကသိုလ်ဝင်စာမေးပွဲကို ထူးချွန်စွာ အောင်မြင်၍ ပညာတတ်တစ်ဦးဖြစ်လာရန် ပညာရေးကို ကြိုးစားသင်ယူလျှက်ရှိကြောင်း သိရသည်။


မော်လူး သုတဥယျာဉ် စာကြည့်တိုက် ပြန်ဖွင့်တော့မည်

1.10.2013  စတင်ဖွင့်တော့မည်









မော်လူးတွင် ပညာ့အလင်းခေတ်မီ ကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်ကြီး ပြန်လည် နိုးထလာတော့မည်

မော်လူး၊ စက်တင်ဘာ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးကျေးရွာရှိ အိပ်မောကျနေသည်မှာ ကြာမြင့်ပြီဖြစ်သော ပညာ့အလင်းခေတ်မီ ကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်ကြီးမှာ ပြန်လည်နိုးထလာတော့မည်ဖြစ်ကြောင်း သိရသည်။


ပညာ့အလင်းခေတ်မီ ကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်ကို ပြန်လည် ဖွင့်လှစ်နိုင်ရန်အတွက် စက်တင်ဘာ ၂၃ ရက်နေ့ ညနေ ၄ နာရီအချိန်က မော်လူးဒေသ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံဆွေးနွေးပွဲသို့ မော်လူးကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးဝင်းစိန်၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဋ္ဌာနမှ တာဝန်ရှိသူများ၊ မော်လူးသတင်းမီဒီယာအဖွဲ့နှင့် ရပ်မိရပ်ဖများ တက်ရောက်ကြကြောင်း၊ မြို့နယ်ပြန်ဆက်ဦးစီးဋ္ဌာနမှ တာဝန်ရှိသူတစ်ဦးက စာကြည့်တိုက်ကြီး ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကော်မတီအသစ်ကို ပြန်လည်ဖွဲ့စည်းမည်ဖြစ်ကြောင်း၊ ဖွဲ့စည်းမည့်ကော်မတီတွင် ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ စာကြည့်တိုက်မှူး၊ ဘဏ္ဍာထိန်းနှင့် အဖွဲ့ဝင်းများ အစရှိသဖြင့် စနစ်တကျဖွဲ့စည်းထားရှိရန် လိုအပ်ကြောင်း ပြောကြားရာ၊ မော်လူးဒေသ အုပ်စု အုပ်ချုပ်ရေးမှူးမှ စာကြည့်တိုက်ကြီး ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် စက်တင်ဘာ ၂၅ ရက်နေ့တွင် အစည်းအဝေးခေါ်ယူကာ ကော်မတီအသစ်ကို စနစ်တကျပြန်လည်ဖွဲ့စည်းပြီး အောက်တိုဘာ ၁ ရက်နေ့တွင် စာကြည့်တိုက်ကြီးကို ဖွင့်လှစ်နိုင်မည်ဟု ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။



ကျေးရွာချင်းဆက်လမ်း စုပေါင်းလုပ်အားဖြင့် ပြုပြင်



ကျေးရွာချင်းဆက်လမ်း စုပေါင်းလုပ်အားဖြင့် ပြုပြင်

မော်လူး၊ စက်တင်ဘာ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မော်လူးဒေသသည် ရွှေဘို - မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီး ဖြတ်သန်းသွားရာ၊ စတင်ဖောက်လုပ်သည်မှ နှစ်ကာလကြာပြီ ဖြစ်သဖြင့် အင်းတော် - မော်လူးလမ်းပိုင်းမှာ ပျက်စီးယိုယွင်းလျှက်ရှိသည်။ နဘားနှင့် မော်လူးကြား လမ်းပိုင်းကို သက်ဆိုင်ရာတို့အနေဖြင့် ယခုပွင့်လင်းရာသီတွင် ပြုပြင်ပေးသင့်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

ထိုပြည်ထောင်စုလမ်းမကြီး၏ ဝဲယာတွင် အင်းတော်မြို့နယ်၊ မော်လူးဒေသ၊ မော်လူးအုပ်စု ကျေးရွာပေါင်း ၄၃ ရွာရှိရာ ထိုရွာများရှိ ကျေးရွာချင်းဆက်လမ်းများမှာ ကိုယ့်အားကိုယ်ကိုး ဖောက်လုပ်ထားကြရသော မြေသားလမ်းများသာ ဖြစ်သည်။

နေ့စဉ် ကားဆိုင်ကယ်စသော စက်တပ်ယာဉ်များအသွားအလာများခြင်းကြောင့်လည်းကောင်း၊ မိုးသည်းထန်မှုကြောင့်လည်းကောင်း၊ ရေကြီးရေလျှံမှုများကြောင့်လည်းကောင်း၊ ကျေးရွာချင်းဆက် လမ်းများသည် ပျက်စီးရသည်။ ထို့ကြောင့် ဒေသခံတို့က နှစ်စဉ် လုပ်အားဒါနဖြင့် မော်လူးအနောက်သုံးမိုင်ခန့်ဝေးသော ထုံးကျောက်တောင်မှ မြေများကို ထော်လာဂျီများ၊တုံဖုံးများဖြင့် လူလုပ်အားနှင့် တူးဆွသယ်ဆောင်၍ ခင်းကြရသည်။

စက်တင်ဘာ ၂၀ ရက်မှ စ၍ မော်လူးစံပြကျေးရွာ၏အနောက် သက်ရင်းတာ၊ ပဲခူး၊ ရွာရှည်၊ မလူး၊ ဂွေ့ကြီး၊ နန့်ရုံ၊ ကူးဆိပ်၊ ခိုးကောင် စသော ရွှေလေးတန်ချောင်းရိုးရှိ ခုနှစ်ရွာဆုံလမ်း အရှည် ၄ မိုင်ကျော်ခန့်ကို ကျေးလက် ဒေသခံအင်အား ၁၀၀ ကျော်ဖြင့် ၄ ရက်တိုင် လုပ်အားလှူဒါန်း၍ လမ်းဖို့ပြုပြင်ကြကြောင်း ဝမ်းမြောက်ဖွယ် တွေ့မြင်ရသည်။

အရှည်လေးမိုင်ရှိ ရွှေလေးတန်ရိုး ခုနှစ်ရွာဆုံလမ်းကို ယခုကဲ့သို့ လုပ်အားဒါနဖြင့် ပြုပြင်လမ်းဖို့သူ ၁၀၀ တို့အား စေတနာရှင်များက နံနက်စာ ထမင်းအာဟာရဒါန၊ ညနေစာ ထမင်းအာဟာရဒါန၊ အဖျော်ရည်နှင့် စားသောက်ဖွယ်မုန့်များစွာတို့ဖြင့် ကျွေးမွေးဒါနပြုကြကြောင်း သိရသည်။

"ဒီလေးတန်ရိုးလမ်းဟာ အစိုးရဘတ်ဂျက်နဲ့ ပြုလုပ်ထားတာ မဟုတ်ပါဘူး။ ဒေသခံ ခုနှစ်ရွာက ရွာသူရွာသားများ၏ လုပ်အား စေတနာဖြင့် ဖောက်လုပ်ထားတဲ့ လမ်းဖြစ်ပါတယ်။ ရေကျော်တံတားတွေဆိုရင်လည်း(၇)စင်းရှိတာ မိရိုးဖလာတံတားအဖြစ် ဆောက်ထားရတာပါ။ လမ်းအတွက် မဟုတ်သည့်တိုင် ဆောက်လုပ်ရေးက သံတူကွန်ကရစ်တံတားအဖြစ် ဆောက်လုပ်ပံ့ပိုးပေးရင် အားလုံးဝမ်းသာ ပျော်ရွှင်ကြပြီး လမ်းပန်းဆက်သွယ်ရေးလည်း ပိုကောင်းလာမှာပါ…။"ဟု ပဲခူးရွာမှ ဦးစိုးအောင်( ကိုယ့်အားကိုယ်ကိုး မီးလင်းရေးကောမတီ)ကပြောကြားသည်။

"အခု ဒီလေးတန်ရိုး ခုနှစ်ရွာဆုံလမ်းဟာ ဒေသတွင်း ဆက်သွယ်မှုရဲ့ အသက်လို့ ဆိုရမှာပါ။ ဒီလမ်းကလွဲလို့ မော်လူးကို ရောက်အောင် တစ်ခြားကွင်းလမ်းရယ်လို့ မရှိပါဘူး။ ဒါကြောင့် သက်ရင်းတာရွာဆရာတော်၊ ပဲခူးရွာဆရာတော်၊ ဂွေ့ကြီးရွာဆရာတော်တို့ကဦးဆောင်ပြီး ဒီလမ်းကို ပျက်စီးယိုယွင်း မခံဘဲ နှစ်စဉ်ပြုပြင်ရတာပါ။ ဒီနှစ်က မိုးဦးမှာ မိုးခေါင်ခဲ့ပေမဲ့ ၉ လပိုင်းထဲမှာ မိုးက ကောင်းရုံမက လွန်လွန်ကျွံကျွံ သည်းထန်ပြီး လယ်တွေပါ ရေလျှံ ရေမြုပ်တော့ လမ်းတွေပျက်တာပေါ့။ ဒီနှစ် ခုတစ်ကြိမ်နဲ့ပါဆို ၃ ကြိမ်ရှိသွားပါပြီ။ ဒေသခံတို့ရဲ့ လုပ်အားနဲ့ပြုပြင်တာဖို့ကြရတာ။ မြေကော်စက်တွေ မရှိဘဲ လူလုပ်အားနဲ့ မြေတူးတင်ရတော့ လက်ဝင်ပြီး ကြံ့ကြာမှုတော့ ရှိတာပေါ့။ သက်ဆိုင်ရာ လမ်းဋ္ဌာနက မြေကော်စက် Back Hole တစ်စင်းလောက် အကူအညီရရင် ဒီထက်ပိုပြီး ကောင်းအောင် လုပ်နိုင်မှာပါ…"ဟု သက်ရင်းတာကျေးရွာ ရာအိမ်မှူး ဦးမြင့်သောင်းမှ ပြောကြားသည်။

ဤရွှေလေးတန်ရိုး ခုနှစ်ရွာဆုံလမ်းသည် မလူး၊ မာန်ဟဲ၊ မြေပလ္လင်ကျေးရွာများကို ဖြတ်၍ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်- နယ်စပ် နန့်စီးအောင် ပေကုန်းထိ တစ်ဆက်တည်း ဖောက်လုပ်ထားသောလမ်းဖြစ်ကြောင်း၊ နန့်စီးအောင်တွင် ရွှေဘို - မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီးနှင့် ဆုံရာအထိ ခရီးတာ ၈ မိုင်ရှိကြောင်း သိရသည်။


စစ်ကိုင်းဝင်းရွှေ


မော်လူးတွင် ရွေ့လျား စာကြည့်တိုက် အစီအစဉ်စတင်



မော်လူးတွင် ရွေ့လျား စာကြည့်တိုက် အစီအစဉ်စတင်
မော်လူး ၊ စက်တင်ဘာ ၂၃

@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မော်လူးဒေသတွင် ရွေ့လျားစာကြည့်တိုက် အစီအစဉ်ကို One Candle စေတနာရှင်လူငယ်များ အဖွဲ့မှ စက်တင်ဘာ ၂၃ ရက်နေ့က ကျေးရွာလေးရွာတွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
"ကျေးလက်ဒေသရှိ ပြည်သူများ စာဖတ်သူများပြားလာစေဖို့ ရည်ရွယ်ပါတယ်။ စာဖတ်သူဦးရေများလာရင် ကျွန်တော်တို့နိုင်ငံကြီး တိုးတက်လာမှာ မြေကြီးလက်ခတ်မလွဲပါဘူး… အခုအစီအစဉ်လေးက ကျွန်တော်တို့အဖွဲ့ တတ်နိုင်တဲ့ဘက်က တတ်နိုင်သလောက်လေးနဲ့ စလိုက်တာပါ။ လောလောဆယ်ဆယ်အနေနဲ့ ဂျာနယ်၊ ဓမ္မဗျူဟာ၊ မြတ်မင်္ဂလာစတဲ့ စာအုပ်စာစောင်လေးတွေကို ကျေးရွာတွေဆီ ပို့ထားပေးပါတယ်။ တစ်ပတ်တစ်ခါ ပို့ထားတဲ့ စာစောင်တွေ စာအုပ်တွေကို လဲလှယ်ပေးပါမယ်။ စာစောင်၊စာအုပ်တွေကို ထပ်တိုးချင်ပေမယ့် ရံပုံငွေ အင်အားမရှိလို့ တတ်နိုင်သလောက်လေးနဲ့ စလိုက်တာပါ။ အလှူရှင်တွေပေါ်လာရင် ဒါမှမဟုတ် ကျွန်တော်တို့အဖွဲ့ ရံပုံငွေရှိလာရင် ရသ၊ သုတ စတဲ့ စာအုပ်တွေကို တိုးချဲ့ချပေးသွားမှာပါ။ အခု သက်ရင်းတာရွာ၊ နန့်ရုံရွာ၊ ရွာရှည်ရွာ၊ မလူးရွာတွေမှာ ဂျာနယ်စာစောင်တွေကို ပို့ပေးထားပါပြီ။ ဆက်ပြီး တစ်ခြားရွာတွေကို ဖြန့်ဝေသွားချင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ အစီအစဉ်လေးကို စိတ်ပါဝင်စားရင် ပါဝင်လှူဒါန်းပေးကြပါလို့ ဖိတ်ခေါ်ချင်ပါတယ်..။"ဟု ရွေ့လျားစာကြည့်တိုက် အစီအစဉ်ကို စတင်ခဲ့သည့် One Candle စေတနာရှင်လူငယ်များ အဖွဲ့မှ ကိုမျိုးဝင်းထွန်းမှ ပြောပြသည်။
"ရွေ့လျားစာကြည့်တိုက်လေးကို စတင်အကောင်အထည်ဖော်တာ ကောင်းပါတယ်။ စထားပြီဆိုတော့ ဒီထက်မကအောင်မြင်အောင် လုပ်ဖို့လိုပါတယ်။ ကျေးလက်နေပြည်သူတွေ စာဖတ်ပြီး အသိဥာဏ်တွေတိုးလာပြီး အမှားအမှန်ဆင်ခြင်နိုင်လာရင် မဖြစ်သင့်တဲ့ ဆိုးကျိုးတွေ လျော့နည်းသွားတာပေါ့။ အမှန်က ကျေးရွာတိုင်းမှာ ရှိတဲ့ စာကြည့်တိုက်တွေကို ပိတ်မထားပဲ ဖွင့်လှစ်ထားနိုင်ရင် ပိုကောင်းတာပေါ့။ " ဟု ဒေသခံ ဆရာတော်တစ်ပါးမှ မိန့်ကြားခဲ့သည်။
One Candle စေတနာရှင်လူငယ်များ အဖွဲ့သည် မော်လူးဒေသတွင်း မူလတန်းကျောင်းလေးများသို့ စာရေးကိရိယာများလှူဒါန်းခြင်း၊ အပြီးမသတ်နိုင်သေးသည့် ကိုယ့်အားကိုယ်ကိုး မူလတန်းစာသင်ဆောင်လေးများကို အပြီးသတ်နိုင်စေရန် အလှူရှင်များနှင့် ချိတ်ဆက်ပေးခြင်းများ ပြုလုပ်နေသည့် ပရဟိတအဖွဲ့လေးတစ်ဖွဲ့ဖြစ်သည်။ ရွေ့လျားစာကြည့်တိုက် အစီအစဉ်ကို စိတ်ပါဝင်းစားပြီး စာအုပ်များ၊ ရံပုံငွေများကို ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။ ဆက်သွယ်လှူဒါန်းလိုသူများသည် ကိုမျိုးဝင်းထွန်း၊ ရပ်ကွက်(၇)၊ မော်လူး(ဖုန်း - 07565286)နှင့် ကိုထွန်းဝင်းလတ်၊ အုန်းဒုတ်ရပ်၊ မော်လူး(ဖုန်း - 09444032990) သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သတင်းရရှိသည်။

မော်လူး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကြီးမှူးဖွင့်လှစ်သည့် ပထမအကြိမ် အခမဲ့ ကွန်ပျူတာ သင်တန်းဆင်းပွဲ ကျင်းပ



မော်လူး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကြီးမှူးဖွင့်လှစ်သည့် ပထမအကြိမ် အခမဲ့ ကွန်ပျူတာ သင်တန်းဆင်းပွဲ ကျင်းပ
မော်လူး၊ စက်တင်ဘာ ၂၃
@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မော်လူးကျေးရွာတွင် စက်တင်ဘာ၂၃ ရက်၊ နံနက် ၉ နာရီအချိန်က မော်လူးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကြီးမှူးဖွင့်လှစ်သည့် ပထမအကြိမ် အခမဲ့ ကွန်ပျူတာသင်တန်းဆင်းပွဲ အခမ်းအနားကို မော်လူးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ မော်လူးကျေးရွာ အုပ်စုအသီးသီးမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကများ၊ ဥက္ကဋ္ဌများ၊ ပါတီဝင်များ၊ သင်တန်းဆရာများနှင့် သင်တန်းသား/သူများ တက်ရောက်ကြကြောင်း သိရသည်။ မော်လူးကျေးရွာအုပ်စု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ နာယက ဦးအောင်ဝင်းနှင့် ဥက္ကဋ္ဌ ဦးစိုးမြင့်တို့မှ ကျေးဇူးတင်ဝမ်းမြောက်စကားများ ပြောကြားပြီး၊ သင်တန်းဆရာများနှင့် သင်တန်းသား/သူများအား ဂုဏ်ပြုမှတ်တမ်းနှင့် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။သင်တန်းသား/သူများကိုယ်စား သင်တန်းသူ မဝေဝေလွင်မှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။ သင်တန်းကာလမှာ တစ်လဖြစ်ပြီး သင်တန်းသား/သူဦးရေ ၂၃ ဦးတက်ရောက်ခဲ့ကြောင်း၊ ဒုတ်ယအကြိမ် အခမဲ့ကွန်ပျူတာသင်တန်းကိုလည်း ဆက်လက်ဖွင့်လှစ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။