Tuesday, October 21, 2014

ဖတ်မိ မှတ်မိ ကြိုက်မိသည့်စာ ...

ဖတ်မိမှတ်မိသည့် စာ....... အသောက မင်းကြီးသည် ဗုဒ္ဓဘာသာဝင်ဖြစ်သည်။ အသောကမင်းကြီးဖြန့်ဖြူးသော တရားဓမ္မမှာလည်း ဗုဒ္ဓတရားဓမ္မ၏ အခြေခံသဘောတရားများသာဖြစ်သည်။ ယင်းအချက်မှာ သိသာထင်ရှားသည်။ သို့ရာတွင် အသောကမင်းကြီး ဖြန့်ဖြူးခဲ့သော ဗုဒ္ဓ၏ တရားဓမ္မမှာ အစဉ်အဆက် ဆင်းသက်လာခဲ့သည့် အစဉ်အလာနှင့် မတူပေ။ အသောကမင်းကြီးသည် ဗုဒ္ဓအဘိဓမ္မာနှင့် ပတ်သက်ပြီး အငြင်းအခုံ အရှုပ်အထွေးဖြစ်နေကြသည့် ပြဿနာများကိုလည်း ဖြေရှင်းရန် မကြိုးစားပေ။ အသောကမင်းကြီးသည် တရားဓမ္မနှင့် ပတ်သက်ပြီး ငြင်းခုန်နေကြသည်ကို၊ ရန်ဖြစ်နေကြသည်ကို မလိုလားပေ။ မိမိတရားဓမ္မ၊ သို့မဟုတ် မိမိဘာသာတရားကို သိဒ္ဓိတင်လိုသည်ဖြစ်၍ အခြားတရားဓမ္မ၊ သို့မဟုတ် အခြားဘာသာတရားကို စကားလုံးတွေ ကြီးကြီးကျယ်ကျယ်သုံးပြီး ဝေဖန်ရှုတ်ချသည့် အလုပ်ကိုလည်း မနှစ်မြို့ပေ။ ဘာသာတရားဖြန့်ဖြူးသူများ၊ ဘာသာတရား တစ်ခုနှင့် တစ်ခု ဝေဖန်ရှုတ်ချခြင်း၏ အကျိုးမှာ တရားဓမ္မ၊ သို့မဟုတ် ဘာသာတရားသည် ကြင်နာမှု၊ ကိုယ်ချင်းစာနာမှု၊ စေတနာထားမှု စသော မွန်မြတ်သည့် တရားများကို ပေါက်ဖွားစေရမည့်အစား ဒေါသ၊ ဣဿာ၊ မစ္ဆရိယစသော စွန့်ပယ်ထိုက်သည့် မကောင်းသော တရားများ ပေါက်ဖွားဖြစ်ပေါ်ရာ ဖြစ်သွားတတ်လေသည်။ ယင်းအမှန်တရားကို အသောကမင်းကြီးသည် ကောင်းကောင်း နားလည် သဘောပေါက်လေသည်။ အသောကမင်းကြီးသည် ဘာသာတရားအားလုံး၌ ရှိသော အနှစ်သာရကို ကြီးပွား ထွန်းကား စေလိုသည့် ဆန္ဒရှိသည်။(ကျောက်စာ အမှတ် - ၁၂) ထို့ကြောင့် ဒဿနဗေဒ အတိုင်းအတာဖြင့် ဘာသာတရား၏ ဂုဏ်၊ သို့မဟုတ် အပြစ်ကို ဝေဖန်စောကြောဖို့ မည်သည့်အခါမျှ အားမထုတ်ပေ။ ဘာသာတရားတို့၏ အနှစ်သာရ ထွန်းကားတိုးတက်ရေးအတွက် နှုတ်စောင့်စည်း ချုပ်တည်းခြင်းကို အလေးထားလေသည် (ကျောက်စာ - ၁၂)။ မိမိဘာသာတရားကိုသာ လေးစားပြီး အခြားဘာသာတရားကို ပြစ်တင်ရှုတ်ချသည့် အလုပ်ကို မလုပ်စေလိုပေ (ကျောက်စာ - ၁၂)။ အသောကမင်းကြီးသည် အခြားသော ဘာသာတရားကို ပြစ်တင်ရှုတ်ချသူများကို တရားဓမ္မ၏ ရန်သူဟု သဘောထားသည်။ ယင်းအချက်နှင့် စပ်လျဉ်းပြီး ဤသို့ ပြတ်ပြတ်သားသား ကြေညာထားလေသည်။ " မိမိ၏ ဘာသာတရား၊ သို့မဟုတ် ဂိုဏ်းဂဏ ဂုဏ်သိက္ခာတက်စေရန်အတွက် မိမိဘာသာတရား သို့မဟုတ် မိမိဂိုဏ်းဂဏကို အမွှမ်းတင်ပြီး အခြားဘာသာရေး၊ သို့မဟုတ် အခြားဂိုဏ်းဂဏကို ရှုတ်ချကဲ့ရဲ့သူသည် အမှန်စင်စစ် မိမိဘာသာတရား သို့မဟုတ် မိမိဂိုဏ်းဂဏကို အကျိုးဆုတ်ယုတ်အောင်ပြုသူမည်ပေ၏။" (ကျောက်စာ - ၁၂) ဆရာ ပါရဂူ ဘာသာပြန်သည့် မင်းနှင့် ပြည်သူ စာအုပ် (နှာ - ၁၉ နှင့် ၂၀)မှ စာသားများးးးးးးး

မော်လူးတွင် မက်သဒုံးဆေးဖြင့် မူးယစ်ဆေးစွဲသူများအား ဆေးဖြတ်ပေးနိုင်ရန် ကြိုးပမ်းကြမည်

မော်လူးဒေသတွင် မူးယစ်ဆေးစွဲသူများအတွက် မက်သဒုံးဆေးပေးပြီး ဆေးဖြတ်ပေးမည့်(ဋ္ဌာနခွဲ) ဖွင့်လှစ်နိုင်ရန် ကြိုးပမ်းကြမည် မော်လူး၊ အောက်တိုဘာ ၂၁ @@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မော်လူးဒေသတွင် မူးယစ်ဆေးစွဲသူများအတွက် ဆေးဖြတ်နိုင်ရန် မက်သဒုံးဆေးပေးပြီး ဆေးဖြတ်ပေးမည့်(ဋ္ဌာနခွဲ) ဖွင့်လှစ်နိုင်ရန်အတွက် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်တိုက်ဖျက်ရေးအတွက် လှုပ်ရှားဆောင်ရွက်နေသူများထံမှသိရသည်။ မော်လူးဒေးသတွင် လူကြီး၊ လူလတ်၊ လူငယ်များအကြားတွင် မူးယစ်ဆေးဝါးများ ( ဘိန်းဖြူ၊ ယာမ) သုံးစွဲသူများပြားလျှက်ရှိပြီး တာဝန်ရှိသူများမှ ဖမ်းဆီးအရေးယူမှုများရှိသော်လည်း သုံးစွဲသူအများစုသာ အဖမ်းခံနေရခြင်း၊ လက်ကြီးရောင်းချသူများကို ဖမ်းဆီးရမိခြင်း မရှိသောကြောင့် ဒေသတွင်း လူကြီး၊ လူလတ်၊ လူငယ်များအကြားတွင် မူးယစ်ဆေးဝါးသုံးစွဲသူ များပြားလာလျှက်ရှိကြောင်း သိရသည်။ မူးယစ်ဆေးဝါးသုံးစွဲသူများပြားလာခြင်းကြောင့် မလိုလားအပ်သည့် ဥပဒေချိုးဖောက်မှုများ မကြာခဏဖြစ်ပွားနေကြောင်းလည်း သိရသည်။ "လွန်ခဲ့တဲ့ မေလ ၁၈ရက်တုန်းက ရွှေဘို -မြစ်ကြီးနား မော်တော်ကားလမ်းမ မော်လူး-ပင်ဝယ်ကြားမှာ မော်တော်ဆိုင်ကယ်စီးနင်းလာတဲ့ အမျိုးသမီးတစ်ဦးကို ဆေးစွဲနေတဲ့ အမျိုးသားတစ်ဦးက ရိုက်နှက်လုယက်မှု ဖြစ်ပွားခဲ့သလို၊သြဂုတ်လ ၂၃ရက်နေ့က မော်လူး-လေးတန်းရိုးရွာဆက်သွယ်ထားတဲ့ ကျေးရွာချင်းဆက်လမ်းမပေါ်မှာလည်း အမျိုးသမီးလေးဦးကို အမျိုးသားတစ်ဦးက ရိုက်နှက်ရာမှာ အမျိုးသမီးတစ်ဦးသေးဆုံးသွားခဲ့ရတဲ့ ဖြစ်စဉ်ဟာလည်း မူးယစ်ဆေးနဲ့ ဆက်စပ်နေတာပါပဲ။ ဒါတွေဟာ မူးယစ်ဆေးဝါးကြောင့် ဖြစ်ပေါ်လာရတဲ့ ဆိုးကျိုးတွေပါ။ ဒီတော့ ကျနော်တို့ ဒေသခံတွေအနေနဲ့ မူးယစ်ဆေးဝါးအန္တရာယ်ကို တားဆီးကာကွယ်ဖို့ ဘာလုပ်ကြမလဲလို့ ဆွေးနွေးကြတဲ့အခါမှာ ပထမဆုံးစဉ်းစားမိကြတာက ဆန္ဒထုတ်ဖော်ကြဖို့ပါ။ ဒါပေမယ့် ဆန္ဒထုတ်ဖော်ရုံနဲ့ မူးယစ်ဆေးပပျောက်နိုင်ပါ့မလား.... နောက်တစ်ခုက ဒီလိုလုပ်လိုက်ရင် ကျနော်တို့လုပ်တဲ့လူတွေအပေါ် မူးယစ်ဆေးဝါးသုံးစွဲသူတွေက ရန်ငြိုးထားလာနိုင်ပါတယ်။ ဒါတွေကြောင့် နောက်ထပ်ဆွေးနွေးတဲ့အခါမှာ မူးယစ်ဆေးသုံးသူတွေကို ဆေးဖြတ်ပေးဖို့ မက်သဒုံးနဲ့ ဆေးဖြတ်ပေးမယ့်နည်းကို စဉ်းစားမိလို့ အကောင်အထည်ဖော်ဖို့ရာ ကြိုးစားရတာပါ"ဟု မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်တိုက်ဖျက်ရေးအတွက် လှုပ်ရှားဆောင်ရွက်နေသူ တစ်ဦးမှ ပြောပြသည်။ "ကျနော်တို့ရွာက သုသာန်မှာ မူးယစ်ဆေးရောင်းချမှုတွေရှိနေပါတယ်။ နေ့စဉ်လာရောက်သုံးစွဲနေသူတွေကို မြင်ရတာ စိတ်မချမ်းသာပါဘူး။ တကယ့်လူငယ်လေးတွေပါ။ ရုပ်ရည်သန့်သန့်ပြန့်ပြန့်လေးတွေနဲ့ မထင်ရက်စရာပါ။ ဒါကို တားဆီးကာကွယ်ဖို့အတွက် ကျနော်တို့ကျေးရွာ အုပ်ချုပ်ရေးမှူးနဲ့ ပေါင်းပြီး မူးယစ်ဆေးဝါးအန္တရာယ် သတိပေးစာတမ်းတွေကပ်တယ်။ မူးယစ်ဆေးဝါးလာရောက် သုံးစွဲသူတွေကိုလည်း နောက်ရက်မလာဖို့ ပြောပြကြပါတယ်။ ဒါပေမယ့် မရပါဘူး။ နောက်ရက်ကျတော့လည်း လာကြပြန်တာပါပဲ။ သူတို့လေးတွေ ဖမ်းမိသွားရင် မိဘတွေလည်း ရင်ကျိုးရမယ်။ သူတို့လေးတွေရဲ့ ဘဝတွေလည်း ထောင်ထဲမှာ နှစ်အကြာကြီး သွားနေရမယ်။ ထောင်ကျသွားတယ်ဆိုပေမယ့် ပြန်ထွက်လာရင်လည်း လူကောင်းဖြစ်လာဖို့ မလွယ်လှပါဘူး။ ဒီအတွက် မူးယစ်ဆေးစွဲသူတွေအတွက် ဆေးဖြတ်ဋ္ဌာနခွဲ ရအောင်လုပ်နိုင်ရင် ကောင်းတာပေါ့" မော်လူးဒေသ၊ စဥ့်ခိုးကျေးရွာသားတစ်ဦးမှ ပြောပြသည်။ "မက်သဒုံးဆေးဆိုတာက ဒုတိယကမ္ဘာစစ်တုန်းက ဂျာမနီနိုင်ငံက တိုက်ပွဲမှာ ဒဏ်ရာရတဲ့ စစ်သားတွေကို တိုက်ကျွေးခဲ့တဲ့ ဆေးပါ။ အခု မူးယစ်ဆေးဖြတ်ရာမှာ သုံးနေတာပါ။ ဒီလို အသုံးပြုဖို့အတွက် ဂျာမနီနိုင်ငံက လှူဒါန်းပေးတာလို့ သိရပါတယ်။ ဒီဆေးဟာ မူးယစ်ဆေးစွဲနေသူကို တိုက်ကျွေးရာမှာ ဥပမာဗျာ... တစ်စက်ပဲသောက်နိုင်တဲ့သူကို တစ်စက်ပဲတိုက်ပါတယ်။ ပုံမှန်တစ်စက်သောက်နေနိုင်တဲ့သူဟာ တစ်စက်မသောက်နိုင်ဘူးဆိုရင် ဒီဆေးစွဲသူဟာ ဆေးမဖြတ်သေးဘူးဆိုတာ သေချာပါတယ်။ ကျွမ်းကျင်တဲ့ ဆရာဝန်တွေက ဆေးတိုက်ပြီး သူတို့တွေရဲ့ မျက်ခွံကို လှန်ကြည့်ပြီး ဒီဆေးစွဲသူ ယင်းကျန်သေးလား မကျန်တော့ဘူးလား အထိ ပြောနိုင်ပါတယ်။ ဒီဆေးလည်းသောက် မူးယစ်ဆေးလည်း သုံးစွဲနေတဲ့ ဆေးစွဲသူကို ဆရာဝန်က သိပါတယ်။ အနည်းဆုံး ခြောက်လ တစ်နှစ်သောက်လိုက်ရင် ဆေးစွဲသူဟာ ဆေးလုံးဝပြတ်ပြီး ပုံမှန်လူလို ဖြစ်သွားပါတယ်။ ကျနော်တို့ အင်တော်မြို့ မက်သဒုံးနဲ့ ဆေးဖြတ်ပေးတဲ့ဋ္ဌာနမှာ ဆေးဖြတ်ချင်သူတစ်ယောက်ဟာ တစ်နှစ်စာ သုံးသောင်းကျပ်ပေးသွင်းရပါတယ်။ ဒါကလည်း တတ်နိုင်တဲ့သူသွင်းပေါ့ မတတ်နိုင်တဲ့သူ မသွင်းလည်းရပါတယ်။ သုံးသောင်းဆိုတာကလည်း သူတို့ မက်သဒုံးဆေးသောက်ရာမှာ အသုံးပြုတဲ့ တစ်ခါသုံးခွက်ဖိုးပဲရှိတာပါ။ ဆေးဖြတ်ချင်သူတွေအနေနဲ့ မိမိပတ်ဝန်းကျင်က မက်သဒုန်းဆေးနဲ့ မူးယစ်ဆေးဖြတ်နေသူတွေကို မေးကြည့်ပါ။ ဆေးစွဲနေသူတွေအတွက် ငွေသုံးသောင်းဆိုတာ ဘာမှ မများပါဘူး သူတို့တစ်ခါနှစ်ခါသုံး ဆေးဘိုးလောက်ပဲရှိတာပါ။ မူးယစ်ဆေးကို တစ်ကယ်ဖြတ်ချင်တယ် တကယ်ပြတ်ချင်တယ်ဆိုရင် မက်သဒုံးဆေးနဲ့ ဖြတ်သင့်ပါတယ်" ဟု အင်းတော်မြို့မှ မက်သဒုံးဆေးဖြင့် မူးယစ်ဆေးဖြတ်နေသူ တစ်ဦးမှ ပြောပြသည်။ "ကျနော်တို့ မော်လူးမှာ မက်သဒုံးဆေးနဲ့ မူးယစ်ဆေးဖြတ်တဲ့ ဋ္ဌာနခွဲရအောင် ကြိုးပမ်းမယ်ဆိုပေမယ့် ... ကျနော်တို့နဲ့ ဒေသခံ ကျန်းမာရေးဋ္ဌာန၊ အုပ်ချုပ်ရေးပိုင်း၊ ရပ်မိရပ်ဖ၊ နောက် ဆေးစွဲနေသူတွေကိုယ်တိုင် ဒါမှမဟုတ် မိဘညီအစ်ကိုတွေ ပူးပေါင်းပါဝင်ပေးမှ ဖြစ်နိုင်မှာပါ။ အခုလောလောဆယ်ဆယ်တော့ ကျနော်တို့ အင်းတော်မြို့ကို မက်သဒုံးဆေးရအောင် ဆောင်ရွက်ပေးခဲ့တဲ့ လူတွေနဲ့ တွေ့ဆုံပြီး လုပ်နည်းကိုင်နည်းတွေကို လေ့လာနေပါတယ်။ သူတို့ပြောစကားအရဆိုရင် ကျနော်တို့အတွက် မူးယစ်ဆေးဖြတ်ခြင်တဲ့သူ အနည်းဆုံး ၁၀ ဦးလောက်တော့ လိုပါတယ်။ သူတို့တွေနဲ့အတူ မြို့နယ် မက်သဒုံးဆေးပေးတဲ့နေရာကိုသွားပြီး တင်ပြတောင်းဆိုရမှာပါ။ ရမယ်မရဘူးမသေချာပေမယ့် မရရအောင်တော့ ကြိုးစားမှာပါ။ ဒီလိုလုပ်ခြင်းအားဖြင့် ဘာဖြစ်လာမလဲဆိုတော့ အနည်းဆုံး မူးယစ်ဆေး ဝယ်လိုအားလျှော့နည်းသွားမယ်ဗျာ...။ ဝယ်လိုအားလျှော့နည်းသွားရင် ရောင်းချသူတွေလည်း နည်းပါးသွားမယ်လို့ တွေးမိပါတယ်။ ဒီလိုနည်းနဲ့ ဖြည်းဖြည်းချင်း မူးယစ်ဆေးကို တိုက်ဖျက်သွားရမယ်လို့ ထင်ပါတယ်။ " ဟု မော်လူးဒေသတွင် မက်သဒုံးဆေးပေးပြီး ဆေးဖြတ်ပေးမည့်(ဋ္ဌာနခွဲ) ဖွင့်လှစ်နိုင်ရန် ကြိုးပမ်းကြမည့် သူများထံမှ ကြားသိရသည်။ မော်လူးဒေသတွင် မူးယစ်ဆေးသုံးစွဲသူဦးရေ အနည်းဆုံးတစ်ထောင်ကျော်ခန့် ရှိနိုင်ပြီး အများစုမှာ လူငယ်များဖြစ်ကြောင်းလည်း သိရသည်။
မော်လူးဒေသ စဥ့်ခိုးကျေးရွာသားများ မူးယစ်ဆေးဝါးတားဆီးရေး စာရ