Wednesday, November 6, 2013

မော်လူး လမ်းမတော်လမ်း ကတ္တရာ ခင်းရန် စတင်

လမ်းခင်းရန်ပြင်ဆင်မှု စတင်နေပြီ

 

နဘား - မော်လူး မော်တော်ကားလမ်းပိုင်း ကတ္တရာလမ်းခင်းရန် လမ်းမြေသားညှိခြင်း လုပ်ငန်းဆောင်ရွက်

မော်လူး ၊ နိုဝင်ဘာ ၁၀

@@@@@@@@@@@@@@@@@@@@@

စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်ကို ဖြတ်သန်းသွားသည့် ရွှေဘို - မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီး၏ အစိတ်အပိုင်း တစ်ခုဖြစ်သည့် နဘား - မော်လူး မော်တော်ကားလမ်းပိုင်းအား ကတ္တရာခင်းရန်အတွက် လမ်းမြေသားညှိခြင်းလုပ်ငန်းကို ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

" ကျွန်တော်တို့ အထူးစီးမံကိန်း လမ်းအဖွဲ့ (၁)က လမ်းအင်ဂျင်နီယာ AE ဦးထင်လင်းမှ ဦးစီးပြီး ရွှေဘို - မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီးပေါ်က နဘားလမ်းခွဲ မိုင်တိုင်အမှတ် ၁၄၅ ကစပြီး မိုင်တိုင်အမှတ် ၁၆၈ အထိ လမ်းမြေသားညှိခြင်းကို 3 wheel roller (၁)စီး၊ Grader (၁)စီးနဲ့ နံနက် ၇ နာရီကနေ ညနေ ၅ နာရီအထိ ဆောင်ရွက်နေတာ နှစ်လနီးပါးရှိပါပြီ။ လမ်းမြေသားညှိခြင်းလုပ်ငန်းနဲ့အတူ လမ်းရဲ့ အကျယ်ကိုလည်း တစ်ခါတည်း သတ်မှတ်ခဲ့တာပါ။ သတ်မှတ်ထားတဲ့ လမ်းအကျယ်ကတော့ ပေ ၅၀ ပါ။ ကတ္တရာခင်းဖို့အတွက် ပထမအဆင့်အနေနဲ့ လမ်းမြေသားညှိခြင်းလုပ်ငန်းကို ဆောင်ရွက်နေခြင်းဖြစ်ပါတယ်။ ကတ္တရာခင်းခြင်းလုပ်ငန်းကိုတော့ ပွင့်လင်းရာသီရောက်ရှိမှ ဆက်လက်ဆောင်ရွက်သွားမှာပါ" ဟု အထူးစီမံကိန်း လမ်းအထူးအဖွဲ့(၁)မှ တာဝန်ရှိသူတစ်ဦးမှ ပြောပြသည်။

"ကျွန်တော်တို့ဒေသကို ဖြတ်သန်းသွားတဲ့ ရွှေဘို - မြစ်ကြီးနား မော်တော်ကားလမ်းမကြီးကို ပြည်ထောင်စုလမ်းမကြီး၊ ဗျူဟာလမ်းမကြီးလို့ ခေါ်ကြပါတယ်။ တကယ်လည်း ပြည်ထောင်စုကြီးလမ်းမကြီး ဗျူဟာလမ်းမကြီးပါ။ အထက်မြန်မာပြည်နဲ့ အောက်မြန်မာပြည်ကို ချိတ်ဆက်ပေးထားတဲ့ လမ်းမကြီးပေါ့။ ဒီလမ်းမကြီးဟာ ပြုပြင်ထိန်းသိမ်းမှု မရှိလို့ ပျက်စီးနေတာကြာပါပြီ။ ကျွန်တော်တို့ ဒေသခံတွေရဲ့ လုပ်အားနဲ့ ကတ္တရာလမ်းဖြစ်အောင် ကြိုးစားခဲ့ကြပေမယ့် တန်ပိုယာဉ်ကြီးတွေ ဖြတ်သန်းမောင်းနှင်ကြတာ၊ ပြုပြင်ထိန်းသိမ်းမှု မရှိတာတွေကြောင့် အခုလို ကျောက်ခင်းလမ်းပြန်ဖြစ်သွားတာပါ။ ပြီးခဲ့တဲ့ နှစ်တွေတုန်းက အင်းတော် - မော်လူး - နန့်စီးအောင် လမ်းပိုင်းကို တာဝန်ယူသွားတဲ့ ဆုထူးပန်ဆိုတဲ့ ကုမ္ပဏီကလည်း အခုလိုပဲ လမ်းမြေသားညှိတာတွေလုပ်တယ်။ ပြီးတော့ ဂိတ်တွေဆောက်ပြီး လမ်းအသုံးပြုခတွေကောက်ခံတယ် သူတို့တာဝန်ယူတဲ့ အချိန်တွေမှာ လမ်းမြေသားညှိတာနဲ့တင် အချိန်ကုန်သွားခဲ့တာပါ။ အခုလည်း ကတ္တရာခင်းဖို့ လမ်းမြေသားညှိပြန်ပြီဆိုတော့ တကယ်ရော ကတ္တရာခင်းမှာလားဆိုတာတော့ လက်တွေ လာခင်းမှပဲ သြော်...တကယ်ကတ္တရာခင်းတာပါလားလို့ ယုံရမဲ့ အဖြစ်မျိုးပါ။ လောလောဆယ်ဆယ်တော့ လမ်းမြေသားညှိဖို့ သဲတွေဖို့ပြီး လမ်းကြိတ်စက်တွေနဲ့ ကြိတ်သွားတော့ သဲတွေကြပ်သွားတာပေါ့။ ကြာရင် သဲတွေကနေ ဖုန်တွေဖြစ်ပြီး ကျွန်တော်တို့လို ပြည်ထောင်စု လမ်းဘေးနေသူတွေ ခံပေဦး ရှူပေဦးတော့ ဖုန်မှုန့် သဲမှုန့်တွေပေါ့။ ဒီလမ်းမကြီးကို အမှန်တကယ် အဆင့်မြင့်တင်နိုင်ရန် ဒီမော်တော်ကားလမ်းတစ်လျှောက်က မြို့တွေ ရွာတွေအတွက် သွားလာဆက်သွယ်ရေး အဆင်ပြေတာပေါ့။ အခုတော့ မိုင်လေးဆယ်နီးပါးရှိတဲ့ ကသာမြို့ကို မော်တော်ဆိုင်ကယ်နဲ့ သွားတာ ၁ နာရီခွဲလောက် သွားနေရတာလေ။ မြင်ကောင်းအောင်၊ ကြားကောင်းအောင်၊ လုပ်နေ ပြောနေတာမျိုးမဟုတ်ပဲ အမှန်တကယ် ကတ္တရာလမ်းအဖြစ် ဆောင်ရွက်ပေးရင်တော့ တကယ်ဝမ်းသာမိမှာပါ"ဟု ပြည်ထောင်စု လမ်းမကြီးဘေးတွင်နေထိုင်သော မော်လူးဒေသခံတစ်ဦးမှ ပြောသည်။