Thursday, July 10, 2014

 ဘင်္ဂလားဒေ့ရှ် ​အစိုးရက ​မြန်မာနိုင်ငံ ကနေ လာတဲ့ ​ရိုဟင်ဂျာ ​ဒုက္ခသည်တွေနဲ့ ​ဘင်္ဂလားဒေ့ရှ် ​နိုင်ငံသား တွေကြား ​လက်ထပ်ခွင့် ​ပိတ်ပင်လိုက်ပါတယ်။ ကဲမှတ်ပီလားတစ်ခါ


 ဘင်္ဂလားဒေ့ရှ် ​အစိုးရက ​မြန်မာနိုင်ငံ ကနေ လာတဲ့ ​ရိုဟင်ဂျာ ​ဒုက္ခသည်တွေနဲ့ ​ဘင်္ဂလားဒေ့ရှ် ​နိုင်ငံသား တွေကြား ​လက်ထပ်ခွင့် ​ပိတ်ပင်လိုက်ပါတယ်။

မြန်မာနိုင်ငံကနေလာတဲ့ ​ရိုဟင်ဂျာ ​ဒုက္ခသည် ​တွေဟာ ​နိုင်ငံသား ​ခံယူချင်တဲ့ ​ရည်ရွယ်ချက်နဲ့ ​ဘင်္ဂလားဒေ့ရှ် ​နိုင်ငံသားတွေကို ​လက်ထပ် ​ချင်ကြတာ ​ဖြစ်တယ်လို့ ​ဘင်္ဂလားဒေ့ရှ် ​တရား ​သူကြီး ​Syed ​Anisul ​Haque ​က ​ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် ​နိုင်ငံသားတွေနဲ့ ​လက်ထပ်တဲ့ ​ရိုဟင်ဂျာ ​တွေအနေနဲ့ ​နိုင်ငံသားဖြစ် ​ခွင့်ရှိသွား ​တဲ့အတွက် ​ရိုဟင်ဂျာတွေ ​နဲ့ ​ဘင်္ဂလားဒေ့ရှ် ​နိုင်ငံသားကြား ​လက်ထပ်ခွင့် ​ပိတ်ပင်ပြီး ​လက်ထပ် ​စာချုပ်တွေ ​မလုပ်ပေးဖို့ ​ဘင်္ဂလားဒေ့ရှ် ​တရားသူကြီးက ​အမိန့် ​ထုတ်ပြန် ​လိုက်တာ ​ဖြစ်တယ်လို့ ​ဆိုပါတယ်။

မြန်မာနိုင်ငံက ​ဘာသာရေး ​လူမျိုးရေး ​ပဋိပက္ခ ​တွေကြောင့် ​ထောင်နဲ့ချီတဲ့ ​ရိုဟင်ဂျာတွေ ​ဘင်္ဂလားဒေ့ရှ် ​နိုင်ငံထဲကို ​ထွက်ပြေးနေကြ ​တာလည်းဖြစ်ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-07-11/1341768

မြန်မာနိုင်ငံကနေ ထွက်ပြေးကြတဲ့ ရိုဟင်ဂျာတွေ (Credit: ABC) 



Posted via Blogaway

"ဥပုသ်စောင့်လိုသူများအတွက် ရှစ်ပါး သီလ၊ ကိုးပါးသီလ ရှင်းတမ်း





"ဥပုသ်စောင့်လိုသူများအတွက် ရှစ်ပါး သီလ၊ ကိုးပါးသီလ ရှင်းတမ်း"
ဥပုသ်နှင့်ပတ်သတ်တဲ့ အကြောင်းအရာလေးကို နည်းနည်းရှင်းပြပါ့မယ်။ ဥပုသ်ဆိုတာ “ဥပေါသထ” ဆိုတဲ့ပါဠိကနေဆင်းသက်လာတာပါ။ (ဥပ) ဆိုတာက ညစာမစားခြင်း၊ သူ့အသက်ကို မသတ်ခြင်းဆိုတဲ့ အကျင့်ကောင်းတွေနဲ့ ပြည့်စုံပြီး (ဝသထ) ဆိုတာက နေတာ။ နှစ်ခုပေါင်းလိုက်တော့ ဥပဝသထ- ဥပေါသထ= ဥပုသ်ဆိုတာ ညစာမစားခြင်း၊ သူ့အသတ်မသတ်ခြင်း စသော အင်္ဂါရှစ်ပါးနဲ့ ပြည့်စုံတဲ့ အကျင့်ကောင်း သီလတွေနဲ့ ပြည့်စုံပြီး စောင့်စည်းနေထိုင်တာကို ဥပုသ်စောင့်ခြင်းလို့ခေါ်ဆိုခြင်း ဖြစ်ပါတယ်။ ဒါက ဥပုသ်ရဲ့ အဓိပ္ပါယ်ပါ။
နောက်တစ်ချက်က ဥပုသ်ဆိုတာကို လဆန်း(၈)ရက်၊ လဆုတ်(၈)ရက်၊ လပြည့် လကွယ်တွေမှာသာ စောင့်ထိန်းအပ်သည်မဟုတ်သေး၊ မည်သည့်နေမဆို စောင့်ထိန်းလိုက စောင့်ထိန်းနိုင်ကြောင်း မဟာသုဒဿနာသုတ်မှာ ဖွင့်ပြထားပါတယ်။ ဒီလိုဖွင့်ပြထားခြင်းကြောင့် ဘယ်နေ့မှာမဆို ဥပုသ်စောင့်နိုင်ပါတယ်။ သဘာဝကျကျစဉ်းစားကြည့်မယ်ဆိုရင်လည်း ကုသိုလ်ကောင်းမှုပြုခြင်းလို့ ခေါ်တဲ့ ဥပုသ်စောင့်ထိန်းခြင်းဟာ ဥပုသ်နေ့ ဥပုသ်စောင့်မှ ကုသိုလ်ရတယ်၊ ဥပုသ်နေ့ မဟုတ်တဲ့နေမှာဆို ဥပုသ်စောင့်ရင် ကုသိုလ်မရဘူးလို့ မဖြစ်သင့်ပါဘူး။ ဒါကြောင့် ဥပုသ်ကို ဘယ်နေ့မဆို စောင့်သုံးနိုင်တယ်လို့ မှတ်သားထားရပါမယ်။
နောက်တစ်ချက် ဥပုသ်သီလကို မြတ်စွာဘုရားရှင်ထံတော်မှောက်၌ဖြစ်စေ၊ ရဟန်းတစ်ပါးပါး ထံတော်၌ ဖြစ်စေ၊ ဆယ်ပါးသီလနားလည်တတ်ကျွမ်းတဲ့ မိမိထက် အသက် ဂုဏ်ဝါ သိက္ခာ သီလ သမာဓိ ပညာ ကြီးမြတ်ကြတဲ့ လူပုဂ္ဂိုလ်ထံ၌ဖြစ်စေ ဆောက်တည်နိုင်ပါတယ်။ ပါဠိတော်တွေ ဆိုလို့မတတ်ရင်လည်း မြန်မာပြန်သက်သက် ဆောက်တည်နိုင်သေး၏။ ရဟန်းတော်များ ရှားပါးတဲ့နေရာဒေသများမှာဆိုရင်တော့ မြတ်စွာဘုရားထံတော်၌ပင်ဆောက်တည်နိုင်ပါ၏။
ရဟန်းသံဃာတော်တွေရှေ့မှာဆိုရင်တော့ ရဟန်းတော်များက တိုင်ကြားပေးပြီးဆောက်တည်စေတာကြောင့် မိမိသီလအပေါ် ပိုဂရုစိုက်တာပေါ့။ သြော်..ဆရာတော်တွေဆီမှာ (အာမဘန္တေ) ခံလာခဲ့တာပဲဆိုပြီး တော်ရုံ တန်ရုံ သီလကျိုးဖို့ တွေ့လာပေမယ့် မကျိုးအောင် ဇွဲတင်းပြီး ထိန်းသိမ်းဖြစ်တာပါ။ ဒါကြောင့် ဥပုသ်သီလကို ပါဠိလိုမရလျှင် မြန်မာပြန်သက်သက်သော်လည်းကောင်း၊ ရဟန်းတော်များရှားပါးတဲ့အရပ်ဒေသများမှာ မြတ်စွာဘုရားထံတော်၌လည်းကောင်း၊ ဆယ်ပါးသီလ တတ်ကျွမ်းတဲ့ သီလ သမာဓိ ပညာကြီးမြတ်တဲ့ လူပုဂ္ဂိုလ်ထံ၌လည်းကောင်း၊ ရဟန်းတော် တစ်ပါးပါးထံ၌သော်လည်းကောင်း ဆောက်တည်နိုင်ပါ၏။
နောက်ဆုံးအချက် “ဗုဒ္ဓဘာသာမှာ တစ်ပါးသီလ ရှိသလား” ဟုမေးကြ၏။ ဗုဒ္ဓဘာသာမှာ “တစ်ပါးသီလ၊ နှစ်ပါးသီလ၊ သုံးပါးသီလ၊ လေးပါးသီလဟု” ဘုရားဟောပါဠိတော်များမှာ မတွေ့ရပါ။ သို့ရာတွင် “တစ်ပါးတတ်နိုင်လျှင် တစ်ပါး၊ နှစ်ပါးတတ်နိုင်ရင်နှစ်ပါး၊ စသည်ဖြင့် စောင့်သုံးနိုင်ကြောင်း အဋ္ဌကထာကျမ်းများမှာ ဖွင့်ဆိုထားသည့်အတွက် တစ်ပါးသီလ၊ နှစ်ပါးသီလ အဖြစ်ဖြစ်ဖြင့် စောင့်ကောင်းပါသည်။”
တစ်ပါးသီလ၊ နှစ်ပါးသီလ စသည်ဖြင့် မြတ်စွာဘုရားရှင် မဟောကြားခဲ့သော်လည်း သမ္မောဟဝိနောဒနီ အဋ္ဌကထာ၊ သိက္ခာပဒဝိဘင်းအဖွင့်၌”လူဝတ်ကြောင်များမှာ သီလခံယူပြီးနောက် ကျူးလွန်သည့် သိက္ခာပုဒ် သာ ပျက်၏။ ကျန်သိက္ခာပုဒ်များမပျက်။ အကြောင်းမှာ လူများသည် သီလမမြဲကြ၊ အမြဲစောင့်နိုင်မှ စောင့်ရမည့် သီလမရှိသည့်အတွက်ကြောင့် ဖြစ်သည်။ စောင့်နိုင်သမျှ သိက္ခာပုဒ်ကိုသာ စောင့်ထိန်းကြသည်”ဟု မိန့်ဆိုထား ၏။ အဓိပ္ပာယ်မှာ ရှင်သာမဏေတို့မှာ ဆယ်ပါးသီလကို အမြဲစောင့်ထိန်းကြရ၏။ သိက္ခာပုဒ် တစ်ပါးပျက်လျှင် ဆယ်ပါးလုံးပျက်သွားကာရှင်သာမဏေ မဟုတ်တော့သည့်အတွက် ရှင်သာမဏေများ၌ ဆယ်ပါးသီလ အမြဲရှိရသကဲ့သို့ လူဝတ်ကြောင်များမှာ “သီလရှိမှ လူဖြစ်မယ်။ သီလမရှိရင် လူမဖြစ်” ဟု အမြဲစောင့်ထိန်းရမည့် သီလမရှိဟု ဆိုလိုပေသည်။
ဤအဋ္ဌကထာ အဆိုအမိန့်အရ လူဝတ်ကြောင်များသည် ဆယ်ပါးသီလကို မဆိုထားနှင့် ငါးပါးသီလကိုပင် တတ်နိုင်သမျှ စောင့်ရမည်။ ငါးပါးလုံးကို မစောင့်နိုင်ဘဲ တစ်ပါး၊ နှစ်ပါးသာ စောင့်ထိန်းလျှင်လည်း ငါးပါးလုံး မပြည့်၍ မစောင့်ကောင်း၊ စောင့်သော်လည်း ကုသိုလ်မရ၊ သီလမဖြစ်ဟု မဆိုနိုင်ပါချေ။ ငါးပါးမပြည့်ဘဲ စောင့်နိုင်သမျှ စောင့်ရာမှာ ကုသိုလ်လည်းရ၏။ သီလအစစ်လည်းဖြစ်၏ ဟု မှတ်ယူရမည်။ ဆက်၍ဆိုပါဦးမည်။ ပဋိသမ္ဘိဒါမဂ်ပါဠိတော်လာ “ ပရိယန္တပါရိသုဒ္ဓိသီလ”(ပိုင်းခြားဆောက်တည်၍ စင်ကြယ်သောသီလ) ဟူသောပုဒ် ကို အဋ္ဌကထာဖွင့်ဆိုရာ၌ ပိုင်းခြားဆောက်တည်၍ စင်ကြယ်သောသီလသည်
(၁)။ သိက္ခာပုဒ်အပိုင်းအခြား( သိက္ခာပဒ ပရိယန္တ)
(၂)။ ကာလအပိုင်းအခြား (ကာလပရိယန္တ) ဟု နှစ်မျိုးရှိ၏။
ထို့တွင် သိက္ခာပုဒ်အပိုင်းအခြားဆိုသည်မှာ ဥပါသကာယောက်ျား၊ ဥပါသိကာမိန်းမတို့သည် အလိုရှိရာ ဆောက်တည်ရိုး အစဉ်အတိုင်း သိက္ခာပုဒ်တစ်ပါးသော်လည်းကောင်း၊ နှစ်ပါးသော်လည်းကောင်း၊ သုံးပါးသော် လည်းကောင်း၊ လေးပါးသော်လည်းကောင်း၊ ငါးပါးသော်လည်းကောင်း၊ ရှစ်ပါးသော်လည်းကောင်း၊ ဆယ်ပါးသော်လည်းကောင်း၊ စောင့်ထိန်းကြကုန်၏။ သိက္ခမာန်၊ သာမဏေယောက်ျား သာမဏေမိန်းမတို့မှာမူ ဆယ်ပါးသော သိက္ခာပုဒ်တို့ကို ဆောက်တည်ကျင့်သုံးကြ၏ဟု ဖွင့်ဆိုထားသည်။
ဤအဋ္ဌကထာဖွင့်ဆိုချက်အရလည်း လူဝတ်ကြောင်တို့သည် သိက္ခာပုဒ်တစ်ပါးကိုပဲဖြစ်ဖြစ်၊ နှစ်ပါး၊ သုံးပါး၊ လေးပါး၊ငါးပါး၊ ရှစ်ပါး၊ ဆယ်ပါးကိုပဲဖြစ်ဖြစ်ဆောက်တည်ပြီး လုံလုံခြုံခြုံစောင့်ထိန်းနိုင်လျှင် သိက္ခာပဒပရိယန္တ ပါရိသုဒ္ဓိသီလ( သိက္ခာပုဒ် အပိုင်းအခြားရှိ၍ စင်ကြယ်သောသီလ) အမှန်ဖြစ်၏။ ထို့ကြောင့် ဗုဒ္ဓဘာသာမှာ တစ်ပါးသီလ၊ နှစ်ပါးသီလ၊ သုံးပါးသီလ၊ လေးပါးသီလဟူ၍မရှိ။ ငါးပါးသီလသာ ထင်ရှားရှိစေကာမူ ငါးပါးလုံး ဆောက်တည်နိုင်မှ ဆောက်တည်ကောင်း၊ စောင့်ထိန်းကောင်းသည်မဟုတ်၊ တစ်ပါးတတ်နိုင်လျှင်တစ်ပါး၊ နှစ်ပါးတတ်နိုင်လျှင် နှစ်ပါး၊ သုံးပါးတတ်နိုင်လျှင် သုံးပါး၊ လေးပါးတတ်နိုင်လျှင် လေးပါး ဆောက်တည်ကျင့်သုံး ကောင်းကြောင်း မင်းကွန်းတိပိဋကဓရ ဆရာတော်ဘုရားကြီးဆုံးဖြတ်တော်မူထား၏။ ထို့ကြောင့် ဗုဒ္ဓဘာသာမှာ တစ်ပါးသီလဟူ၍ကားမရှိ။ သို့သော် စောင့်ထိန်းလိုလျှင် စောင့်ကောင်း၏။ ကုသိုလ်လည်းရ၏ သီလလည်း ဖြစ်၏။
တစ်ထိုင်သီလ၊ ကျောင်းနေသီလ
ပဋိသမ္ဘိဒါမဂ်အဋ္ဌကထာ၊ သီလမယဥာဏနိဒ္ဒေသ အဖွင့်မှာလည်း ကာလအပိုင်းအခြားရှိသည့် သီလ (ကာလပရိယန္တ)သီလဆိုသည်မှာ ရတနာသုံးပါးကို ဆည်းကပ်ကိုးကွယ်လေ့ရှိကြသော ဥပါသကာယောက်ျား၊ ဥပါသိကာမိန်းမတို့သည် အလှူလှူဒါန်းကြသည့်အခါ မိမိကျွေးမွေးလှူဒါန်းသည့်အချိန်တွင်း ပိုင်းခြား၍ သီလကို ဆောက်တည်ကြကုန်၏။ (ယခုခေတ်၊ တစ်ထိုင်သီလဟု ပြောဆိုနေကြသည့် သီလမျိုးဖြစ်၏။)
ဘုန်းတော်ကြီးများကျောင်းသို့ သွားရောက်ကြသောအခါ ကျောင်းမှ မပြန်မီ အတောအတွင်း သီလကို ဆောက်တည်ကြကုန်၏။( ကျောင်းမှာနေသည့် ကာလအပိုင်းအခြား ဆောက်တည်သော သီလမျိုးဖြစ်၏။) တစ်ရက်၊နှစ်ရက်၊ သုံးရက်၊ ထိုထက်များသောရက်တို့ကို ညဥ့်နေ့ပိုင်းခြားပြီး ဆောက်တည်ကြ၏။ ဤသို့စွမ်းနိုင် သမျှ အချိန်ကာလကို ပိုင်းခြားသတ်မှတ်၍ ဆောက်တည်သော သီလမျိုးဖြစ်သည်။)
ဤအဋ္ဌကထာကျမ်း၏ အဆိုအမိန့်အရ တစ်နေ့လုံး မဟုတ်ဘဲ သံဃာတော်များကို အိမ်သို့ပင့်ပြီး လှူဒါန်းနေ သည့် အချိန်ပိုင်း၌ဖြစ်စေ၊ ကျောင်းသို့သွားသည့်အခါ ကျောင်းမှနေသရွေ့အချန်ပိုင်း၌ဖြစ်စေ၊ သီလစောင့်သုံး နိုင်ကြောင်း၊ ကာလပရိယန္တသီလမျိုးဖြစ်ကြောင်း သိသာထင်ရှားသည့်အတွက် ညဘက်မှာ ပိုင်းခြားသတ်မှတ်ပြီး ဆောက်တည်လိုကလည်း ဆောက်တည်နိုင်၏။
ထို့ကြောင့် “ဥပုသ်နေ့မှာ ညစာမစားဘဲ မနေနိုင်သေးသည့် ကလေးသူငယ်များ၊ အစာအိမ်ရောဂါ အခံရှိသူများကို နံနက်ပိုင်းအတွက် ကာလသတ်မှတ်ကာ ဥပုသ်သီလဆောက်တည်စေကောင်းသည်” ဟု ဆရာတော်ကြီးများမိန့်ဆိုတော်မူခြင်း ဖြစ်သည်။ မြတ်သည့်အကျင့်ကို တစ်နေ့လုံးကျင့်မှ ကုသိုလ်ရမည်။ အချိန်တစ်စိတ်တစ်ပိုင်းကျင့်လျှင် ကုသိုလ်မရဟု မဆိုနိုင်။ ကျင့်နိုင်သမျှ ကုသိုလ်ရသည့်အတွက် ဆရာတော်ကြီးများ၏ မိန့်ဆိုချက်အတိုင်း စွမ်းနိုင်သမျှ အချိန်ပိုင်းဖြင့် သီလဆောက်တည် ကျင့်သုံးကောင်းသည်ဟု အသိပေးရေးသားလိုက်ရပါသည်။
ရှစ်ပါးသီလ(ကိုးပါးသီလ)တောင်းခြင်း
အဟံ ဘန္တေ တိသရဏေန သဟ အဋ္ဌင်္ဂသမန္တွာဂတံ(နဝင်္ဂ သမန္တွာဂတံ) ဥပေါသထ သီလံ ဓမ္မံ ယာစာမိ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။
ဒုတိယမ္ပိ။ ။ အဟံဘန္တေ…… ဒေထ မေ ဘန္တေ။(ဆက်ဆိုရန်)
တတိယမ္ပိ။ ။ အဟံဘန္တေ…….ဒေထ မေ ဘန္တေ။(ဆက်ဆိုရန်)
ဘုန်းကြီး။ ။ ယမဟံ ဝဒါမိ တံ ဝဒေထ။
လူများ ။ ။ အာမ ဘန္တေပါ ဘုရား။
ဘုရားရှိခိုးခြင်း
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ(သုံးကြိမ်)
သရဏဂုံဆောက်တည်ခြင်း။
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။ ဓမ္မံ သရဏံ ဂစ္ဆာမိ။ သံဃံ သရဏံ ဂစ္ဆာမိ။
(ဒုတိယမ္ပိ။ တတိယမ္ကိ)
ဘုန်းကြီး။ ။ တိ သရဏ ဂမနံ ပရိပုဏ္ဏံ။
လူများ ။ ။ အာမ ဘန္တေပါ ဘုရား။
ရှစ်ပါးသီလ၊ (ကိုးပါးသီလ) ဆောက်တည်ခြင်း
၁။ ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဓိယာမိ။ (သူ့အသက် သတ်ခြင်းမှ ရှောင်ကြဉ်ပါ၏။)
၂။ အဒိန္တွာဒါနာ ဝေရမဏိ သိက္ခာပဒံ သမာဓိယာမိ။ (သူတစ်ပါး ပစ္စည်း ခိုးယူခြင်းမှ ရှောင်ကြဉ်ပါ၏)
၃။ အဗြဟ္မစရိယာ ဝေရမဏိ သိက္ခာပဒံ သမာဓိယာမိ။ ( မမြတ်သော မေထုန်အကျင့်ကို ကျင့်ခြင်းမှ ရှောင်ကြဉ်ပါ၏)
၎။ မုသာဝါဒါ ဝေရမဏိ သိက္ခာပဒံ သမာဓိယာမိ။ ( လိမ်ညာ ပြောဆိုခြင်းမှ ရှောင်ပါ၏)
၅။ သုရာ မေရယ မဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိ သိက္ခာပဒံ သမာဓိယာမိ။ (သေရည် သေရက် သောက်ခြင်းမှ ရှောင်ကြဉ်ပါ၏)
၆။ ဝိကာလ ဘောဇနာ ဝေရမဏိ သိက္ခာပဒံ သမာဓိယာမိ။ ( နေ့လွဲ ညစာ စားခြင်းမှ ရှောင်ကြဉ်ပါ၏)
၇။ နစ္စ ဂီတ ဝါဒိတ ဝိသုက ဒဿန မာလာဂန္ဓ ဝိလေပန ဓာရဏ မဏ္ဍန ဝိဘူသနဋ္ဌာနာ ဝေရမဏိ သိက္ခာပဒံ သမာဓိယာမိ။ ( ကခြင်း သီဆိုခြင်း တီးမှုတ်ခြင်း ပွဲလမ်းသဘင်ကြည့်ရှုခြင်း ပန်းနံ့သာ နံ့သာပြောင်းကို လိမ်းကျံခြင်းမှ ရှောင်ကြဉ်ပါ၏)
၈။ဥစ္စာသယန မဟာသယနာ ဝေရမဏိ သိက္ခာပဒံ သမာဓိယာမိ။ ( မြင့်သောနေရာ မြတ်သောနေရာ၌ ထိုင်ခြင်း နေခြင်းမှ ရှောင်ကြဉ်ပါ၏)
၉။ မေတ္တာသဟဂတေန စေတသာ သဗ္ဗပါဏဘူတေသု ဖရိတွာ ဝိဟရာမိ။ (မေတ္တာနှင့် တကွဖြစ်သော စိတ်ဖြင့် အလုံးစုံများစွာ သတ္တဝါတို့၌ ပျံ့နှံ့စေ၍ နေပါမည်။
မှတ်ချက်။ ။ ရှစ်ပါးသီလကို လုံခြုံအောင် စောင့်ထိန်း၍ မေတ္တာတရားကို ပွားများနေလျှင် ထိုသူသည် နဝင်္ဂဥပုသ်(ကိုးပါးသီလ)ကို ကျင့်သုံးနေထိုင်သူဖြစ်တော့၏။ မေတ္တာသည် ဘာဝနာဖြစ်၏။ သီလကိုသာ ဆောက်တည်ရသည်။ ဘာဝနာဟူသည် မပြတ်ပွားများရသော တရားမျိုးဖြစ်တော့၏။ သို့ဖြစ်၍ နဝင်္ဂဥပုသ်ကို ကျင့်သုံးလိုသော ပုဂ္ဂိုလ်သည် မေတ္တာအတွက် သိက္ခာပုဒ်တစ်ခု ပြုလုပ်၍ ဆောက်တည်ရန်မလို၊ ထို့ကြောင့် မြတ်စွာဘုရားရှင်က သမာဒိယာမိဟူသောပုဒ်ကို ထည့်၍ဟောတော်မမူ၊ ရိုးရိုးရှစ်ပါးသီလကို ဆောက်တည်ပြီးနောက်မှ မေတ္တာတရားကို စွမ်းနိုင်သမျှ ပွားများအားထုတ်နေလျှင် အင်္ဂါကိုးပါရှိသော နဝင်္ဂ (ကိုးပါးသီလ) ဥပုသ်ကို ကျင့်သုံးပြီးဖြစ်ကြောင်း မှတ်အပ်၏။
သံဃာ။ ။ တိသရဏေန သဟ အဋ္ဌင်္ဂသမန္တွာဂတံ ဥပေါသထ သီလံ ဓမ္မံ သာဓုကံ ကတွာ အပ္ပမာဒေန သမ္ပာဒေထ။
လူများ ။ ။ အာမ ဘန္တေပါ အရှင်ဘုရား။
စာဖတ်သူအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာပြီးလိုရာဆန္ဒများတစ်လုံး တစ်ဝတည်းပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်

Posted via Blogaway

_(())_ ၀ါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ ဆိုတာ သိသလိုလို ဝါးတားဖြစ်နေလျှင် ဖတ်ကြည့်လိုက်ပါ(())




_(())_ ၀ါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ _(())_
မြန်မာသက္ကရာဇ် ၁၃၇၆ ခုနှစ်၊ သာသနာတော်နှစ် ၂၅၅၈ခုနှစ်၊
ခရစ်နှစ်၂၀၁၄ခုနှစ် ယနေ့ ဇူလိုင်လ ၁၁-ရက်နေ့သည် ဝါဆို
လပြည့်နေ့ဖြစ်ပါသည် ။
ဝါဆိုလပြည့်နေ့ကို ဓမ္မစကြာအခါတော်နေ့ အထိမ်းအမှတ်အဖြစ်
ကျင်းပရခြင်းမှာ ထိုနေ့၌ ဓမ္မစကြာတရားတော်ကို မြတ်စွာဘုရားက
ဟောကြားတော်မူသည်ကို အကြောင်းပြု၍ ကျင်းပရခြင်း ဖြစ်ပါသည်။
ဓမ္မစကြာတရားတော်ကို မြတ်စွာဘုရားသည် အိန္ဒိယနိုင်ငံ ဗာရာဏသီပြည်
မိဂဒါဝုန်တော၌ မဟာသက္ကရာဇာ် ၁၀၃ ခုနှစ် ၀ါဆိုလပြည့်နေ့ နေ၀င်
လထွက်အချိန် ပဉ္စ၀ဂ္ဂီငါးဦးတို့အား ဘုရားအဖြစ်ကို ၀န်ခံသောအားဖြင့်
ဟောကြားတော်မူခဲ့ပါသည်။
ဓမ္မစကြာတရားတော်သည် ၀ိနည်းမဟာဝါ ပါဠိတော် “ပဉ္စ၀ဂ္ဂိယကထာ”
အမည်ဖြင့် လာရှိပါသည်။ ပဋီသမ္ဘိဒါမဂ္ဂ ပါဠိတော်၌ “ဓမ္မစက္က ပ၀တ္တန၀ါရ”
မည်ဖြင့် လာရှိပါသည်။ မဟာဝဂ္ဂသံယုတ် ပါဠိတော်၌ “ဓမ္မစက္က ပ၀တ္တန
သုတ္တ”အမည်ဖြင့် လာရှိပါသည်။
ဓမ္မစက္က ပ၀တ္တန၏အဓိပ္ပါယ်မှာ- တရားတည်းဟူသော အသိစက်ကိုဖြစ်စေ၊
လည်စေတော်မူခြင်းဟု အဓိပ္ပါယ်ရပါသည်။ ( ဓမ္မစက္က = တရားတော် +
ပ၀တ္တန = ဖြစ်စေ၊ လည်စေခြင်း)
ဓမ္မစကြာတရားတော်သည် သစ္စာလေးပါးတရားကို ညွှန်းဆိုဟောကြားသော
ဒေသနာဖြစ်၍ ပိဋကတ်သုံးပုံ၏ အနှစ်ချုပ်တရားကို ဆိုထိုက်ပါသည်။
ဓမ္မစကြာတရားတော်ကို စိစစ်သုံးသပ်ကြည့်ပါလျှင် လမ်းစဉ်မှာ “အစွန်း
၂ ခု”ကို ရှောင်ကြဉ်ရေး၊ မဇ္ဈိမ ပဋိပဒါ လမ်းစဉ်မှန်ကို ကျင့်သုံးရေးတို့ကို
ညွှန်ကြားထားပြီး သစ္စာလေးပါးတရားကို သိမြင်စေရန် ဟောကြားထား
သောကြောင့် ဗုဒ္ဓ၀ါဒ၏ တိကျခိုင်မာသော သဘောတရားကို တွေ့မြင်
နိုင်ပါသည်။
မြတ်စွာဘုရား၏ ဓမ္မစကြာ တရားတော်ကို နာကြားရသဖြင့် ကောဏ္ဍည၊
ဝပ္ပ၊ ဘဒ္ဓိယ၊ မဟာနံ၊ အဿဇိ တည်းဟူသော ပဉ္စ၀ဂ္ဂီ ငါးဦးနှင့်တကွ
များစွာသော နတ်ဗြဟ္မာတို့ အကျွတ်တရား ရရှိကြ သည်။ ပဉ္စ၀ဂ္ဂီ
ငါးဦးလည်း မြတ်စွာဘုရားထံတွင် ရဟန်းအဖြစ်ကို ပြုခွင့် ပန်ကြ၏။
မြတ်စွာ ဘုရား ခွင့်ပြုသဖြင့် ဧဟိဘိက္ခု ရဟန်း အဖြစ်ကို ရရှိကြသည်။
ဧဟိဘိက္ခု ရဟန်း ဆိုသည်မှာ ဘုရားရှင် က ရဟန်းဖြစ်စေဟု မိန့်တော်
မူသဖြင့် ပရိက္ခရာ အစုံအလင်ဖြင့် ချက်ချင်း ရဟန်း အဖြစ်ကို ရခြင်းပင်
ဖြစ်သည်။
ဤသို့ ပဉ္စ၀ဂ္ဂီငါးဦးအား အမှူးထား၍ ဓမ္မစကြာ တရားဦးကို ဟောကြားခြင်း၊
ပဉ္စ၀ဂ္ဂီငါးဦးအား ဧဟိဘိက္ခု ရဟန်းအဖြစ်သို့ ခေါ်ဆောင်တော် မူခြင်းမှာ
ဤ၀ါဆိုလပြည့်နေ့ပင် ဖြစ်၍ ၀ါဆို လပြည့်နေ့ကို ဓမ္မစကြာ အခါတော်
အဖြစ်ဖြင့် သတ်မှတ်ကြခြင်း ဖြစ်သည်။ ၀ါဆိုလတွင် ပဉ္ဇင်းခံ ရှင်ပြုခြင်းကို
ရှေးအခါက ပြုခဲ့ကြခြင်း ဖြစ်သည်။
ဤကဲ့သို့ အနှစ်သာရပါရှိသော တရားဖြစ်၍ ဗုဒ္ဓဘာသာဝင်ရဟန်းရှင် လူတို့က
ဓမ္မစကြာတရားတော်ကို အထူးပင် အာရုံစိုက်၍ ရွတ်ဖတ်သရဇ္ဈာယ်တော်
မူကြပါသည်။ အမြို့မြို့အရွာရွာ၌ ဓမ္မစကြာအသင်းများ ဖွဲ့စည်းပြီး ပြန့်ပွားအောင်
ဆောင်ရွက်လျက်ရှိကြပါသည်။
ဝါဆိုလပြည့်နေ့၏ ထူးခြားချက်များ
မြန်မာ့ရိုးရာ ၁၂ လ ရှိသည့်အနက် ၀ါဆိုလပြည့်နေ့သည်-
၁။ ဂေါတမဘုရားလောင်း ပဋိသန္ဓေနေသော နေ့ဖြစ်၍ ထူးခြားခြင်း၊
၂။ ဂေါတမဘုရားလောင်း၊ တောထွက်တော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း၊
၃။ ဂေါတမဘုရားလောင်း၊ ဓမ္မစကြာတရား စတင်ဟောတော်မူသော
နေ့ဖြစ်၍ ထူးခြားခြင်း၊
၎။ ရေမီး အစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို ပြတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း၊
၅။ ဘုရားအဖြစ်ကို ၀န်ခံတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း၊
၆။ တရားရတနာ စတင်ပေါ်ပေါက်သောနေ့ဖြစ်၍ ထူးခြားခြင်း၊
၇။ သံဃာရတနာ စတင်ပေါ်ပေါက်သောနေ့ဖြစ်၍ ထူးခြားခြင်း၊
၈။ “ဧဟိ ဘိက္ခု”ဟူသောစကားကို စတင်ကြားရသောနေ့ဖြစ်၍ ထူးခြားခြင်း။
ဟူ၍ဖြစ်ပါသည်

Posted via Blogaway

မော်လူး မီးရထား ဘူတာတွင် စာပေရေချမ်းစင် စာအုပ်အသစ်များ လဲလှယ်



မော်လူး မီးရထား ဘူတာတွင် စာပေရေချမ်းစင် စာအုပ်အသစ်များ လဲလှယ်
မော်လူး၊ ဇူလိုင် ၁၀
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူး
မီးရထားဘူတာတွင်ရှိသည့် စာပေရေချမ်းစင်မှ စာအုပ်များအား
စာအုပ်အသစ်များဖြင့် လဲလှယ်ခြင်းကို ဇူလိုင် ၉
ရက်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။
၎င်းစာပေရေချမ်းစင် စာအုပ်အသစ်များ လဲလှယ်ထားရှိပေးခြင်းသို့
အင်းတော်မြို့နယ် ပြန်/ဆက် ဦးစီးဋ္ဌာနမှ ဦးကျော်သီဟ၊
ဒေါ်ငြိမ်းအိအိဖြိုးနှင့် ဝန်ထမ်းများလာရောက်ကြပြီး စာအုပ်အသစ်များ
လဲလှယ်ထားပေးကြသည်။ စာပေရေချမ်းစင်ထားရှိရခြင်းမှာ စာဖတ်သူများ
စာဖတ်ရှိန်မြင့်မားစေရေးနှင့် ဒေသခံပြည်သူများ၊ ခရီးသွား ပြည်သူများ၊
ခရီးမသွားမှီ ယာဉ်ရထား စောင့်ဆိုင်းနေရင်း၊ ခရီးသွားလာရင်းဖြင့်
လွယ်ကူစွာ စာပေများ ဖတ်ရှုနိုင်ရန်ရည်ရွယ်လျက် အင်းတော်မြို့နယ်၊ မော်လူး
မီးရထားဘူတာတွင် ဖွင့်လှစ်ထားရှိပြီး ဖြစ်သည့် စာပေရေချမ်းစင်အား
စာအုပ်အသစ်များဖြင့် ထပ်မံဖြည့်တင်းပေးခြင်းဖြစ်ကြောင်း၊ ကဏ္ဍအလိုက်
စာအုပ်များကို သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများတဆင့်
လဲလှယ်ပေးမည်ဖြစ်ကြောင်း ၊အဆိုပါ စာပေရေချမ်းစင်
ရေရှည်ခိုင်မြဲတည်တံ့နိုင်ရေးအတွက် မော်လူးကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်
ရပ်မိရပ်ဖများ၊ မော်လူး မီးရထားဘူတာ တာဝန်ခံရုံပိုင်ကြီး
ဦးစိုးလင်းတို့မှ တာဝန်ယူဆောင်ရွက်ပေးကြမည်ဖြစ်ပြီး ဇူလိုင် ၉ ရက် နံနက်
၁၀ နာရီမှ စတင်ကာ ဒေသခံပြည်သူများ၊ ခရီးသွားပြည်သူများ မိမိနှစ်သက်ရာ
ကဏ္ဍအလိုက် စာအုပ်စာပေများကို မော်လူးမီးရထားဘူတာ စာပေရေချမ်းစင်တွင်
အလွယ်တကူ ဖတ်ရှုလေ့လာနိုင်ပြီဖြစ်ကြောင်း၊ ကဏ္ဍအလိုက် စာအုပ်များကို
တစ်လလျှင်တစ်ကြိမ် လဲလှယ်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်
ပြန်/ဆက်ဦးစီးဋ္ဌာနထံမှ သိရသည်။
kms

Posted via Blogaway

နန့်စီးအောင်-ပေကုန်းကျေးရွာတွင် ကျန်းမာရေးအခမဲ့ ကုသစောင့်ရှောက်မှုပေး နန့်စီးအောင်၊ ဇူလိုင် ၁၀




နန့်စီးအောင်-ပေကုန်းကျေးရွာတွင် ကျန်းမာရေးအခမဲ့ ကုသစောင့်ရှောက်မှုပေး
နန့်စီးအောင်၊ ဇူလိုင် ၁၀
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မံဟဲကျေးရွာအုပ်စု၊ နန့်စီးအောင်-ပေကုန်းကျေးရွာတွင် ကျောင်းသား/သူများနှင့် သက်ကြီးရွယ်အိုများကို နန့်စီးအောင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် အခမဲ့ကျန်းမာရေး ကုသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
၎င်းအခမဲ့ ကျန်းမားရေး စောင့်ရှောက်ကုသမှုပေးရန်အတွက် မြို့နယ်ကျန်းမာရေး ဦးစီးဋ္ဌာန၊ မြို့နယ်အုပ်ချုပ်ရေး ဦးစီးဋ္ဌာနတို့၏ ညွှန်ကြားမှုအရ အင်းတော်မြို့နယ် ကျန်းမာရေးဋ္ဌာနမှ ဝန်ထမ်းနှစ်ဦး၊ မော်လူးတိုက်နယ် ဆေးရုံမှ ဒေါက်တာ ဒေါ်လာမာမီးနှင့် ကျန်းမာရေးဝန်ထမ်းနှစ်ဦး၊ ကျန်းမာရေးကြီးကြပ်နှစ်ဦး၊ မံဟဲကျေးရွာမှ သားဖွားဆရာမနှင့် အရံသားဖွားဆရာမများမှ လာရောက်ကြပြီး နန့်စီးအောင်းကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့တို့မှ လိုအပ်သည်များကို ကူညီပေးကြကာ ဇူလိုင် ၆၊၇။ဂ၊၉ ရက်နေ့များတွင် ကွင်းဆင်းဆောင်ရွက် ကုသပေးခဲ့ခြင်းဖြစ်ကြောင်း၊ လူနာဦးရေ ၂၂၉ ဦးတို့အား အခမဲ့ ကျန်းမာရေး ကုသဆောင်ရွက်မှုများ ပြုလုပ်ပေးခဲ့ကြောင်း ကျန်းမာရေးဋ္ဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။ မော်လူးတိုက်နယ် ဆေးရုံတွင်လည်း ကြာသာပတေးနေ့တိုင်း အသက် ၆၀နှင့်အထက် သက်ကြီးရွယ်အိုများအား ကျန်းမာရေးစောင့်ရှောက်မှု အခမဲ့ ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်

Posted via Blogaway