Saturday, February 22, 2014

19ရာစု ဦးပိုင်း အင်္ဂလိပ်မင်း စိုက်ပျိုးခဲ့သော အပင်ကြီး ခုတ်လှဲပြီ

    မော်လူး အထက ကျောင်းဝင်း ဖြစ်သွားသော
ယခင်သစ်တောဝင်း မှ ကုဣိပင် အမြစ်ကို တူးယူမထုတ်စဉ် ၊ တစ်ပင်တော့ သစ်မြစ်နုတ်ထုတ်ပြီးပြီ နောကထပ်တစ်ပင်ဒီကနေ့ မြေတူးနေပြီ ဒီကနေ့ ညနေစောင်းလောက်မှာပြီးမယ် မြေကျငိးတူးရတာ ပေ၃၀x ၄၀ ပတ်လည်လောက် ကျယ်ပါတယ် အနက် ၁၅ပေခန့်နက်ပါတယ်





Monday, February 17, 2014

အင်တာနက် မှ ခန့် မှန်းသော ယနေ မော်လူး မိုးလေဝသ

၎  ရက်စာ ခန့်မှန်း ထားပါသည်

gps  စနစ်ပါသော ဖုန်းမှတဆင့်

အင်တာနက် ရာသီ ဥတု ခန့်မှန်းချက်ကို

ကြည့်နိုင်ပါသည်




mail ထဲ ရောက်လာသော သတင်း

ကျွန်တော်တို့ အင်းတော်မြို့နယ်ကပြည်သူတွေ အခွန်ကို
တရားဝင် နိုင်ငံတော်သို့ ဆောင်ခွင့်ရပြီ

ဝမ်းသာတယ်ဗျာ ခါတိုင်းဆို အခွန်သာဆောင်လိုက်ရတယ်
ကိုယ် ပေးလိုက်တဲ့ငွေ ဘယ်ရောက်သွားတယ်ဆိုတာမသိဘူး

ခုတော့ ဘဏ်မှာ သွင်းရတော့မည်ဆိုတော့ဝမ်းသာတယ်ဗျာ
ဘဏ်ချလန်ဆိုတာကို ခုမှမြင်ဘူးတာဗျ

ဒီနှစ် ဘဏ်မှာ ဆောင်ရမယ် ဆိုတော့
ပြီးခဲ့သည့် နှစ်က ငွေဘယ်ရောက်သွားသလဲ ဆိုပြီးတော့
မမေးတော့ပါဘူးဗျာ နောက်ကြောင်း ပြန်မလှည့် ချင်ဘူးလေ

ရှေ့ဆက်ရမယ့် လမ်းကြောင်း မှန်ကန်ပါစေလို့ဘဲ ဆုတောင်ပါ့မယ်
အင်းတော်မြို့နယ်အတွင်းရှိ ပြည်သူပြည်သားအားလုံး ကျသင့်သော
အခွန်ငွေများကို အခုလို ဘဏ်ချလန်ဖြင့် နိုင်ငံတော်အတွက် ပေးသွင်း
ရမည်ဆိုတာကို မြို့နယ်အတွင်းနေထိုင် သူများကို အသိပညာပေး
ရန် လိုအပ်သည်မှာ အမှန်ပါ မည်သူ့မှာ တာဝန်ရှိတယ်ဆိုတာတော့ မသိဘူးဗျ

ကျွန်တော်သည်လည်း ယခုမှ ဘဏ်မှာ ပေးဆောင်တာ အကောင်းဆုံးဆိုတာ
ကိုယ်တွေကြုံမှ သဘောပေါက်ခဲ့တဲ့သူဖြစ်ပါတယ်

ဒါကြောင့် တာဝန်ရှိသူများမှ အခွန်ငွေဆိုပြီး ကောက်ခံလာခဲ့သော်
ဘဏ်ချလန်တာ တောင်းပြီးအခွန်ဆောင်ကြပါလို့
အင်းတော်မြို့နယ်အတွင်း နေထိုင်သော အခွန်ထမ်း ပြည်သူများကို
အကြံကောင်းပေးလိုက်ပါတယ်

ဘဏ်ချလန် မပါဘဲ တောင်းလာပါ သော နိုင်ငံတော်အတွက် စေတနာ ပလပွ ဖြင့်
မိမိကိုယ်စား သွင်းပေးမည့် ၀န်ထမ်း ဒီခေတ်မှ မရှိနိုင်တော့ဟု ကျွန်တော်ထင်မိပါသည်



                                     အခွန်ထမ်းပြည်သူတစ်ဦး




Friday, February 14, 2014

အမှတ် ၉၃၈ မြစ်ကြီးနား - မန္တလေး ကုန်တင်မီးရထား လမ်းချော်တိမ်းမှောက်ရခြင်း၏ သံသယဖြစ်ဖွယ် မီးရထားသံလမ်းပိုင်းအား စစ်ဆေးမှုပြု



 

 

အမှတ် ၉၃၈ မြစ်ကြီးနား - မန္တလေး ကုန်တင်မီးရထား လမ်းချော်တိမ်းမှောက်ရခြင်း၏ သံသယဖြစ်ဖွယ် မီးရထားသံလမ်းပိုင်းအား စစ်ဆေးမှုပြု

မော်လူး၊ ဖေဖော်ဝါရီ ၁၅
@@@@@@@@@@@@@@@@@@@@@@@@@@@@@@

ဖေဖော်ဝါရီ ၁၁ ရက်နေ့ နံနက် ၇ နာရီ ၅ မိနစ်အချိန်က မော်လူးအဝင်  မီးရထားမိုင်တိုင် အမှတ် ၆၀၆/၂၃ နှင့် ၆၀၆/၂၄ အကြား အမှတ် ၉၃၈ ကုန်တင်ရထား လမ်းချော်တိမ်းမှောက်ခဲ့ခြင်းနှင့် ပတ်သက်၍  သံလမ်းအဆက်နေရာနှင့် နှစ်ပေခန့် ပြတ်တောက်ခဲ့သည့် သံလမ်းပိုင်းအား မော်လူးဘူတာရုံတွင် မီးရထားဋ္ဌာနမှ တာဝန်ရှိသူအကြီးအကဲများက ဖေဖော်ဝါရီ ၁၅ ရက် ၁၀ နာရီ ၃၀ မိနစ်အချိန်၌  သံလမ်းပိုင်း ပြတ်တောက်ရခြင်းအား သာမန်ဖြစ်ရိုးဖြစ်စဉ် ဟုတ်မဟုတ် စစ်ဆေးမှုပြုလုပ်နေသည်။
 

လွမ်းလို့ ..... ရေးတဲ့.....စာ....


သမီးလေးရေ ….
 
စာရေးဆရာ မောင်သာချိုက သမီးလေးဖတ်ဖို့ ဆိုပြီး စာတွေရေးတယ်။ အဆိုတော် ထူးအိမ်သင်က 

သမီးလေးနားဆင်ဖို့ ဆိုပြီး သီချင်း ဆိုတယ်။ ကဗျာဆရာ စိုင်းဝင်းမြင့်ကလည်း သမီးလေး ရွတ်ဖို့ 

ကဗျာတွေဖွဲ့တယ်။ သူတို့ရဲ့ သမီးလေးတွေအတွက် သူတို့ 

တတ်နိုင်တဲ့အရာလေးတွေကို ရေးဖွဲသီကုံးစပ်ဆိုခဲ့ကြတယ် သမီးရေ……
 
@@@@@@@@@@@@@

ဖေဖေလည်း သမီးလေးအတွက် တစ်စုံတစ်ခုလောက်တော့ လုပ်ပေးချင်တဲ့ 

ဆန္ဒလေး ပြင်းပြနေမိတာပေါ့ကွယ်။ ခက်တာက ဖေဖေက ဆရာမောင်သာချိုလိုလည်း 

စာရေးမကောင်းဘူး။ အဆိုတော်ထူးအိမ်သင်လိုလည်း သီချင်းရေးဖွဲ့ပြီး မသီဆိုတတ်သလို ကဗျာဆရာ 

စိုင်းဝင်းမြင့်လိုလည်း ကဗျာမစပ်တတ်ဘူး သမီးရယ်။ ဒါပေမယ့် သမီးအပေါ်မှာထားတဲ့ 

ချစ်ခြင်းမေတ္တာတရားကတော့ သူတို့တွေ့ထက်မသာရင်နေမယ် လျှော့တော့မလျှော့ပါဘူး။ 

ဒီစာလေးကို ဖေဖေရေးနေချိန်မှာ သမီးလေးကတော့ သမီးမေမေရင်ခွင်မှာ အိပ်မောကျနေတော့မှာပါ။ 

သမီးနဲ့ ဖေဖေ ဝေးနေချိန်တွေမှာ ခံစားရတဲ့ လွမ်းတဲ့စိတ်လေးတွေကို စာသားလေးတွေအဖြစ် 

တတ်နိုင်သမျှ သီကုံးရေးဖွဲ့ထားတာတွေပါ။ သမီးလေးကို ပြောပြချင်တဲ့ အကြောင်းအရာလေးတွေကို 

စာတစ်ပိုဒ်ခြင်းရေးပြီး မှတ်ထားမယ်လေ။ သမီးလေး စာတွေဖတ်နိုင်တဲ့ 

အချိန်ကျရင် ဖေဖေရေးထားတာတွေကို သမီးလေးကပြန်ဖတ်ပြ ဖေဖေက နားထောင်မယ်ဆိုတဲ့ 

အတွေးလေးနဲ့ ရေးဖြစ်တာပါ သမီးရယ်။ သမီးလေးကို သမီးမေမေရဲ့ ဇာတိမြို့မှာ မွေးဖွားခဲ့တာပေါ့။ 

သမီးလေး မေမေရဲ့ ဇာတိမြို့က တောင်ဖီလာ၊ မြစ်ကန့်လန်၊ လေယာဉ်ကွင်းကြီး မြို့လယ်ကောင်မှာ 

ရှိနေတဲ့၊ စာရေးဆရာတွေ ရေးဖွဲ့တဲ့ အဆိုအရ မြို့သက်တမ်းနှစ်ပေါင်း 

တစ်ထောင်ကျော်နေပြီဆိုတဲ့ ယောသူယောသားတွေရဲ့ မြို့ကလေးပေါ့။ သမီးလေးကို မြန်မာနိုင်ငံ 

လွတ်လပ်ရေးနေ့ရဲ့ နောက်တစ်ရက်ဖြစ်တဲ့ ဇန်နဝါရီ ၅ ရက်နေ့မှာမွေးခဲ့တာလေ။ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ 

သမီးရယ်။ 

ဇန်နဝါရီ ၅ ရက်နေ့ဟာ ပြာသိုလဆန်း ၅ ရက်နေ့လည်း ဖြစ်နေပြန်တယ်။ ယောက်ျားမှာ ဝါဆို၊ 

မိန်းမမှာ ပြာသိုတဲ့ သမီးရဲ့… ရှေးစကားပုံ ပြောပါတယ်။ ယောကျာ်းလေးဆိုရင် 

ဝါဆိုလမွေးတဲ့ကလေးတွေက ကောင်းသလို မိန်းကလေးဆို ပြာသိုလမှာ မွေးတဲ့ 

ကလေးက ကောင်းတယ်ဆိုကြတာပါပဲ။ သမီးလေးမမွေးခင် ဖေဖေနဲ့ မေမေတို့မှာ 

သမီးလေး ကောင်းကောင်းမွန်မွန်နဲ့ လူ့လောကထဲ ရောက်လာဖို့ရာ ဆုတောင်း လိုက်ကြရတာ အမောပါပဲ။ 

အမ်ထရာဆောင်း ရိုက်ပြီး မိန်းကလေးဆိုတာ သိလိုက်ရတော့ ဖေဖေဆုတောင်း ပြည့်ခဲ့တာပေါ့။ 

သမီးမေမေက ဘာလေးရချင်လဲ မေးတော့ ဖေဖေက မိန်းကလေးလိုချင်တယ်ပြောလို့ သမီးမေမေက 

ဘာလို့ ယောကျာ်းလေး မရချင်တာလဲလို့မေးတယ်။ သမီးမေမေမှာ သမီးလေးကိုယ်ဝန်ရှိစဉ်က သမီးရဲ့ 

ဦးလေးငယ် အိမ်မှာ အရမ်းသောင်းကျန်းလွန်းနေတဲ့ အချိန်တွေလေ…။ ဖေဖေက အိမ်မှာ 

ဒီလိုဘယ်တော့မှ 

မသောင်းကျန်းဘူးဘူး…။ ဒီတော့ ဖေဖေတွေးမိတာက ဦးလေးငယ်နေရာမှာ မိန်းကလေးသာဆို 

ဒီလိုဖြစ်လာစရာ မရှိဘူးလို့လေ။ ပြီးတော့ ဖေဖေ ဒီလို အဖြစ်မျိုးတွေကို မတွေ့ကြုံ မခံစားချင်ဘူး 

သမီးရယ်။ သမီးမေမေကလည်း ဘာလေးပဲမွေးမွေး ချစ်ရမှာပေါ့နော်လို့ ပြောတာပေါ့ကွယ်။ သမီးလေးကို 

ဝမ်းနဲ့လွယ်ပြီး မွေးရတဲ့ မေမေကို သမီးပိုပြီးချစ်သင့် ကျေးဇူးတင်သင့်တယ်နော်။ ဖေဖေက 

သမီးလေးအတွက် လိုအပ်မဲ့ ရုပ်ပိုင်းဆိုင်ရာတွေလောက်ပဲ ဖြည့်ဆည်းပေးနိုင်တာ။ သမီးမေမေကတော့ 

သမီးလေးကို ကိုယ်ဝန်လွယ်ရချိန်ကတည်းက 

အစားတွေရှောင်ရတာတစ်မျိုး၊ အော့အန်ပြီး နေထိုင်မကောင်း ဖြစ်ရတာ တစ်ဖုံ တော်တော်လေး 

ဒုက္ခရောက်ရှာတာပါ။ ဖေဖေပြောချင်တာက သမီးလေးဟာ မိဘရဲ့ ကျေးဇူးတရားကို 

မဆပ်နိုင်ရင်နေပါစေ ကျေးဇူးတော့မကန်းပါနဲ့လို့ ပြောချင်တာပါ။ 

သမီးလေးကို မွေးကာနီးတော့ ဖေဖေတို့ရွာကနေ သမီးမေမေရဲ့ ဇာတိမြို့လေးဆီကို သွားခဲ့ကြတယ် 

သမီးရဲ့။ သမီးရဲ့ ဖိုးဖိုး၊ ဖွားဖွားတွေရှိတဲ့မြို့လေးကိုပေါ့။ ဖေဖေနေတဲ့ နေရာက ရွာဆိုတော့ 

ကျန်းမာရေးစောင့်ရှောက်မှုတွေက မပြည့်စုံသလို သမီးမေမေကလည်း သမီးဖိုးဖိုး၊ 

ဖွားဖွားတွေရှိတဲ့နေရာမှာ မီးဖွားချင်တယ်ဆိုလို့လေ။ သမီးမေမေရဲ့ ဇာတိမြို့ကိုရောက်တော့ ဖေဖေတို့ 

သမီးလေး မေမေ့ဗိုက်ထဲမှာ နေရတာ အဆင်ပြေမပြေ ကျန်းမာရေးကောင်းမကောင်းတွေ သိနိုင်ဖို့ 

သားဖွားမီးယပ် အထူးကု ဆရာဝန်မကြီးရဲ့ ဆေးခန်းမှာ သွားပြရတာပေါ့။ ဆရာဝန်မကြီးက 

နားကြပ်လေးနဲ့ 

သမီးမေမေရဲ့ ဗိုက်ကလေးကိုစမ်းပြီး အခြေနေကောင်းကြောင်း၊ အနေအထားမှန်ကြောင်းပြောပြသလို 

ဘယ်မှာမွေးမှာလဲမေးတော့ သမီးမေမေက ပြည်သူ့ဆေးရုံကြီးမှာ မွေးမှာလို့ ဖြေလိုက်တယ်။ 

ဆရာဝန်မကြီးက စမ်းသပ်ခတောင်းပြီး သမီးမေမေကို သွေးစစ်ခိုင်းလို့ 

အပြင်ကဆေးခန်းတစ်ခုမှာ သွေးသွားစစ်ရတယ်။ စမ်းသပ်ခနဲ့ သွေးစစ်ခ ငွေ 

ငါးသောင်းလောက်ကုန်သွားတယ်သမီးရဲ့…သမီး ဒီစာလေးကို ဖတ်နိုင်တဲ့အချိန်မှာ  

ငါးသောင်းဆိုတဲ့ ငွေဟာ 

တန်ဖိုးနည်းကောင်းနည်းနေပေနိုင်မယ့် လက်ရှိအချိန်မှာ ငွေငါးသောင်းဆိုတာ 

သာမန်ဝန်ထမ်းလေးတစ်ဦးရဲ့ တစ်လစာဝင်ငွေပေါ့။ ဖေဖေ ဆရာမောင်သစ်ဆင်းရေးတဲ့ စာလေးတစ်ခုကို 

သွားသတိရမိတယ်။ "လောကမှာ ငွေမရှိရင် သေတတ်တယ်"တဲ့ သမီးရဲ့….။ ဖေဖေတို့က အများကြီး 

မချမ်းသာပေမယ့် နည်းနည်းတော့ အဆင်ပြေလို့ တော်သေးတာပေါ့ သမီးရယ်။ ငွေကြေးမတတ်နိုင်တဲ့ 

ကိုယ်ဝန်ဆောင်တွေကျ ဘယ်လိုလုပ်မလဲလို့လည်း တွေးမိရင်း ဆရာ့ရဲ့ စာလေးကို သတိရသွားမိတာပါ။ 

ဆရာဝန်မကြီးက နောက်တစ်ပတ်ပြန်လာပြဖို့ 

ရက်ချိန်းပေးလိုက်ပြန်တာပေါ့။ ဖေဖေနဲ့မေမေလည်း ပြန်လာပြီး နောက်ရက်မှာ ပြည်သူ့ဆေးရုံကြီးမှာ 

ကိုယ်ဝန်ဆောင်တွေကို ကြည့်ရှု့ပေးတဲ့ ဗုဒ္ဓဟူးနေ့မှာ သွားပြကြပြန်တယ်။ ဆေးရုံကြီးက 

တာဝန်ကျဆရာ/မတွေက ဂရုတစိုက်ရှိကြပါတယ်။ ရက်ချိန်းပြည့်လို့ သားဖွားမီးယပ်အထူးကု 

ဆရာဝန်မကြီးကိုသွားပြတော့ သူပြောတဲ့ စကားတွေ နားထဲမှာ ကြားယောင်နေမိတုန်းပဲ သမီးရေ။ 

"ဆေးရုံကြီးမှာ မွေးမယ်ဆိုရင် သူနဲ့ မွေးရမှာ မဟုတ်ဘူး ဆေးရုံမှာ တာဝန်ကျတဲ့ 

အကူဆရာ/မလေးတွေနဲ့ မွေးရမှာ သူတို့ကို လက်တွေ့ 

သင်တန်းပေးတဲ့အနေနဲ့ပေါ့…သူနဲ့မွေးချင်တယ်ဆိုရင် အပြင်ဆေးခန်း( အမည်တော့ 

မရေးပြတော့ပါဘူး)မှာ မွေးပါတဲ့ သမီးရဲ့..ဘယ်လောက်မှလည်း ကုန်တာ မဟုတ်ဘူးဆိုပဲ။ ပြီးတော့ 

ကလေးဆိုတာလည်း အမြဲတမ်းမွေးနေတာ မဟုတ်ဘူးတဲ့လေ။ နှစ်နှစ် သုံးနှစ်နေမှ 

တစ်ခါမွေးရတာတဲ့လေ…" သူပြောတာလဲ ဟုတ်သလိုလိုပဲပေါ့…။ ဒါပေမယ့် ဖေဖေ့အမြင်ကတော့ 

သူဒီလိုမပြောသင့်ဘူး ထင်တာပဲ သမီးရဲ့.. ဘယ်မှာ မွေးမွေးပေါ့နော်။ 

အကောင်းဆုံးဖြစ်အောင်တော့ ဆောင်ရွက်ပေးပါမယ်..စိတ်မပူပါနဲ့ ဒါမျိုး ပြောသင့်တယ် ထင်တာပါပဲ။ 

ကလေးဆိုတာကလည်း တစ်နှစ် နှစ်နှစ်နေမှ တစ်ယောက်မွေးရတာပဲလေ.. 

ဘာလို့လဲဆိုတော့ ဖေဖေတို့က လူတွေလေ ခွေးတွေ ဝက်တွေမှ မဟုတ်တာ…. ငွေက ဘယ်လောက်မှ 

ကုန်တာ မဟုတ်ဘူးဆိုလည်း သူအိတ်ထဲကစိုက်ပြီး အလကားခွဲပေးလိုက်ပေါ့။ သူက မြို့လယ်ကောင်မှာ 

တိုက်ကြီးကို ဟီးလို့.. တိုက်ကြီးရှေ့မှာ ရပ်ထားတဲ့ ကားကြီးကလည်း 

အရောင်တလက်လက်နဲ့ပေါ့…ဖေဖေ့မျက်စိထဲမှာတော့ ဆရာဝန်မကြီးကို လက်က ဓားတရမ်းရမ်းနဲ့ 

ပါတာအကုန်ထုတ်ဆိုပြီး ပြောနေတဲ့ ဗီဒီယို ရုပ်ရှင်တွေထဲက 

လူဆိုးဗိုလ်ကြီးလို  မြင်နေထင်နေမိတော့တာ… ဖေဖေတို့ ရွာလေးက တိုက်နယ်ဆေးရုံမှာ 

တာဝန်ကျသွားတဲ့ ဗိုက်နာတဲ့ လူနာဆိုရင် ခွဲခွဲနေလို့ ဓားဆရာဝန်ခေါ်တဲ့ 

ဆရာဝန်မျက်နှာကိုလည်း မြင်ယောင်နေမိတော့တာပါပဲ….။သူပြောတဲ့ ဆေးခန်းမှာ မွေးခဲ့တဲ့ 

သူတွေကို မေးကြည့်တော့ ခွဲမွေးတဲ့ လူဆိုရင် ခွဲတဲ့နေ့တစ်နေ့ထဲ လေးသိန်းခွဲကုန်သတဲ့ …ဖေဖေ ဘုရား 

တမိတော့တာပါပဲ..။ ပြီးတော့ ဆေးခန်းမှာ ဆိုရင် ရိုးရိုးမမွေးပေးဘူးတဲ့ ခွဲမွေးပေးတာချည်းပဲတဲ့ သမီးရယ်။ 

အခွဲမခံချင်တဲ့ သမီးမေမေကတော့ ရိုးရိုးပဲ မွေးမယ် ဆေးရုံကြီးမှာပဲ တက်မွေးမယ်ပြောတော့ 

ဆရာဝန်မကြီးက 

သိပ်မကြည်ချင်တော့ဘူးပေါ့။ နောက်တစ်ပတ်ထပ်ချိန်းပြန်တယ်။ ဖေဖေတို့လည်း ဆေးရုံကြီးမှာ 

မှန်မှန်ပြနေတာပေါ့။ ဒီလိုနဲ့ တစ်ရက်ကျတော့ သမီးမေမေက 

ဗိုက်နာသလိုဖြစ်လာလို့ ဆေးရုံကြီးကိုသွားကြတယ် သမီး… မှတ်မှတ်ရရ 

တနင်္ဂနွေနေ့ကြီးပေါ့။ ဆေးရုံကြီးရောက်တော့ ပြင်ပလူနာဋ္ဌာနမှာ ပြဖို့ ဆေးရုံစာအုပ်လေးထပ်ပြီး စောင့်နေကြရတယ်။ ဖေဖေတို့ ဆေးရုံကြီးကို 

သွားတယ်ဆိုတာကလည်း ဗုဒ္ဓဟူးနေ့တိုင်း သမီးမေမေကို ကြည့်ရှု့ပေးနေတဲ့ ဆရာ/မလေးတွေက 

ဗိုက်နာတဲ့ အချိန် ဆေးရုံလာခဲ့ဖို့ မှာထားလို့လေ… ဖေဖေတို့ အလှည့်ကျလို့ ဆရာဝန်နဲ့တွေ့ဖို့ဝင်ကြတော့ 

သူနာပြုဆရာမလေးက မေးလို့ သမီးမေမေက ကျွန်မ ဗိုက်နည်းနည်းနာလာလို့ပါ ပြောတော့.. 

သူနာပြုဆရာမက ဘာပြောတယ်ထင်လည်း သမီးရဲ့…. အပြင်မှာ ဆေးခန်းထိုင်တဲ့ သားဖွားမီးယပ် 

အထူးကု ဆရာဝန်မကြီးဆီမှာ သွားပြလိုက်ပါ..သူက ဆေးရုံတက်ခိုင်းရင် 

လာတက်လိုက်ပါတဲ့..ဒီနေရာက ပြင်ပလူနာဋ္ဌာနဆိုတော့ ကိုယ်ဝန်ဆောင်တွေ အတွက် မပါဘူးဆိုပဲ ... 

အံ့သြလို့ မကုန်နိုင်အောင်ပါပဲ… ဗိုက်နာတယ်ဆိုရင် ဆေးရုံကို လာခဲ့ပါဆိုလို့  သွားလိုက်တဲ့ လူနာကို 

 အပြင်ဆေးခန်းမှာ ပြန်ပြခိုင်းတယ်ဆိုတော့ စဉ်းစားသာကြည့်ပေတော့ သမီးရေ.. ဖေဖေတို့ကလည်း 

သမီးလေးအတွက် စိုးရိမ်သောကနဲ့ ပူပန်နေရတဲ့ အချိန်ဆိုတော့ သူနာပြုဆရာမလေး ပြောတဲ့အတိုင်း 

ဆရာဝန်မကြီးရဲ့ ဆေးခန်းကို ပြေးကြရပြန်တာပေါ့… ဖေဖေကတော့ ပြည်သူ့ဆေးရုံ ( 

ကိုယ်ဝန်ဆောင်များ 

မပါ) ဆိုပြီး ဆိုင်းဘုတ် တင်လိုက်ချင်တော့တာပါပဲ…. ဆရာဝန်မကြီးဆီရောက်တော့ ဘယ်မှာမွေးမှာလဲ 

ထပ်မေးပြန်ရော.. ဆေးရုံးကြီးမှာ မွေးမှာလို့ ဖြေတော့ .. နားကြပ်လေးနဲ့ ဗိုက်ကလေးကို ထောက်ပြီး 

မစမ်းတော့ဘူး သမီးရဲ့… ဆေးရုံပေးထားတဲ့ လူနာမှတ်တမ်းစာအုပ်လေးထဲမှာ "ဆေးရုံကြီးမှာ 

ရိုးရိုးမွေးမည်" လို့ ရေးပြီး 

လက်မှတ်လေးထိုးပေးလိုက်တယ်။ ဆေးရုံတက်ချင်တက်လိုရပြီတဲ့လေ…။ ဖေဖေနဲ့မေမေလည်း 

မကျေမနပ်နဲ့ ပြန်လာခဲ့ကြတာပေါ့…။ ဖေဖေတို့ မကျေနပ်တာကို သိလိုလား မသိဘူး ဗိုက်ထဲက 

သမီးလေးက ပြန်ငြိမ်ပြီး သမီးမေမေဗိုက်နာတာ သက်သာသွားပြန်လို့ ဆေးရုံလည်း သွားမတက်ဖြစ်ဘူး ။ 

သမီးမေမေနဲ့ ဖေဖေ သမီးလေးကို မီးဖွားဖို့ တိုင်ပင်ရတာပေါ့။ ဆရာဝန်မကြီးပြောတဲ့ 

အပြင်ဆေးခန်းဆိုရင် ဖေဖေတို့ ငွေကြေးမတတ်နိုင်တာသလို ဆေးရုံကြီးမှာ မွေးဖို့ဆိုတာလည်း 

အခြေအနေက 

သိပ်မကောင်းဘူးဆိုပြီး .. တခြားသားဖွားမီးယပ်ဆရာဝန် ရှိသေးလားဆိုပြီး စုံစမ်းရပြန်တာပေါ့။ 

ကံကောင်းထောက်မစွာပဲ စစ်ဆေးရုံမှာ တာဝန်ကျနေတဲ့ မေ့ဆေးအထူကု 

ဆရာဝန်ကြီးဆီရောက်သွားရတယ် သမီးရဲ့…။ ဆရာဝန်ကြီးဆိုပေမယ့် အသက်က ဖေဖေတို့နဲ့ 

အတူတူလောက်ပဲရှိမယ်ထင်ရတာပဲ…။ ဆရာဝန်ကြီးက သေသေချာချာ 

စမ်းသပ်ပြီး။ နောက်တစ်ပတ်ထပ်ချိန်းတာပေါ့။ စမ်းသပ်ခဆိုတာကလည်း ဆရာဝန်မကြီးကိုပေးရတဲ့ 

စမ်းသပ်ခထက် သုံးပုံတစ်ပုံလောက်ပဲ ပေးရတယ်။ ကြားထဲမှာ ဗိုက်နာရင် သူ့ကို ဆက်သွယ်ဖို့ 

ဖုန်းနံပါတ်နဲ့ 

လိပ်စာကတ်လေးပါ တစ်ခါတည်း ပေးလိုက်တာပေါ့။ နောက်တစ်ပတ်ရက်ချိန်းရောက်တော့ ဆရာဝန်က 

အမ်ထရာဆောင်းပြန်ရိုက်ခိုင်းပြန်တယ်။ အမ်ထရာဆောင်းအဖြေရလာတော့ ဆရာဝန်ကြီးက 

စစ်ဆေးရုံကြီးမှာပဲ တာဝန်ကျနေတဲ့ သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီးနဲ့ ဆက်သွယ်ပေးလို့ 

သွားပြရပြန်ရော… အမ်ထရာဆောင်းအဖြေကိုကြည့်ပြီး ဆရာဝန်ကြီးက ရိုးရိုးမွေးလို့ 

မလွယ်လောက်ဘူးပြောတယ်.. ပြီးတော့ အမ်ထရာဆောင်းထဲက အဖြူကွက်လေးတစ်ခုကိုလည်း 

သဘောသိပ်မကျသလို.. သမီးမေမေကလည်း သွေးတိုးနေတာတဲ့လေ....

သူကလည်းသင်တန်းတက်နေတာမို့ သမီးမေမေမွေးတဲ့အချိန်မှာ သူမရှိရင် 

အခက်အခဲတွေ့မှာစိုးတယ်လို့လည်း သေသေချာချာရှင်းပြပြီး ဇန်နဝါရီ ၅ ရက်နေ့ တနင်္ဂနွေနေ့မှာ 

ခွဲမွေးပေးမယ်လို့ ပြောတော့ ဖေဖေတို့လက်ခံလိုက်ရတာပေါ့ ။ တနင်္ဂနွေနေ့ ခွဲမွေးမှာဆိုတော့ 

စနေနေ့ညနေမှာ ဆေးရုံတက်ရတယ်လေ… ပြည်သူ့ဆေးရုံကြီး မဟုတ်ဘူး သမီးရဲ့ ကုတင် ၁၀၀ 

လို့ ခေါ်ကြတဲ့ စစ်ဆေးရုံကြီးကိုလေ… စစ်ဆေးရုံဆိုတာက နိုင်ငံ့တာဝန်ကို ထမ်းဆောင်နေကြတဲ့ 

စစ်သားကြီးတွေ နေမကောင်းဖြစ်ရင် ဆေးကုသပေးတဲ့ ဆေးရုံပေါ့….။ ဆေးရုံရောက်

လူနာစာရင်းသွင်းပြီး နေရမဲ့ အခန်းကို လိုက်ပြတယ်။ ဆေးရုံကို သမီးရဲ့ ဖွားဖွားလေး၊ ဘဒွေးငယ်နဲ့ 

တီတီလေးတို့က လိုက်ပို့ပေးကြတယ်…။ သမီးလေးရဲ့ ဖိုးဖိုး၊ ဖွားဖွားတွေက လယ်မှာ 

စပါးသိမ်းနေကြတာမို့ 

မလိုက်လာနိုင်ဘူးလေ။ ညမိုးချုပ်ခါနီးမှ သမီးဖွားဖွားရောက်လာတယ်။ ဆေးရုံမှာ သမီးမေမေ၊ ဖေဖေ၊ 

ဖွားဖွားတို့ အိပ်ကြရတာပေါ့။ စနေနေ့က  မြန်မာနိုင်ငံရဲ့ ၆၆ နှစ်မြောက် လွတ်လပ်ရေးနေ့လေ… 

စစ်ဆေးရုံကြီးရဲ့ အနားက အားကစားကွင်းကြီးမှာ လွတ်လပ်ရေးနေ့ 

အထိမ်းအမှတ် ဈေးရောင်းပွဲတော်တွေ ပျော်ပွဲရွှင်ပွဲတွေ ကျင်းပတယ် သမီးရဲ့…. 

လွှတ်လပ်ရေးနေ့ဆိုတာက ဖေဖေတို့ရဲ့ မြန်မာနိုင်ငံကြီး သူကျွန်ဘဝက လွှတ်မြောက်ခဲ့တဲ့နေ့ပေါ့ 

သမီးရယ်။ လွှတ်လပ်ရေးနေ့ ပျော်ပွဲရွှင်ပွဲတွေကို ဖေဖေတို့ ငယ်ငယ်လေးက ကျင်းပပြီး 

မကျင်းပဖြစ်တာ နှစ်ပေါင်းတော်တော်ကြာနေပြီ ဖြစ်တဲ့ ပျော်ပွဲရွှင်ပွဲကြီးပေါ့… ညပိုင်းမှာတော့ 

ဇာတ်အဖွဲ့ကြီးရဲ့ ဖျော်ဖြေမှု၊ ခေတ်ပေါ် အဆိုတော်တွေရဲ့ (ရဲရင့်အောင်၊ဗျူဟာ၊…..)သီဆိုဖျော်ဖြေမှုတွေနဲ့ 

ကြိတ်ကြိတ်တိုး စည်ကားနေတာပေါ့။ ညာဥ့်နက်တဲ့အထိ ဖေဖေ အိပ်မပျော်ဘူး 

သမီးရေ…။ နောက်တစ်ရက်ရောက်ရင် သမီးလေးရဲ့ မျက်နှာလေးကို မြင်ရတော့မှာ 

မဟုတ်လား….။ ဖေဖေ ရင်ခုန်နေသလို ဝမ်းလည်းသာမိပါတယ်…ပြီးတော့ သမီးလေး ဘေးမသီရန်မခ 

ကျန်းမာစွာနဲ့ လူ့လောကကြီးထဲကို ရောက်လာနိုင်ပါစေလို့လည်း ဆုတောင်းနေမိတယ်။ 

ဇန်နဝါရီလ ၅ ရက် 

နံနက် ၈ နာရီ ၃၈ မိနစ်မှာ သမီးလေးဟာ လူ့လောကကြီးထဲကို ဖေဖေတို့ မျှော်လင့်ဆုတောင်းတဲ့ 

အတိုင်း ဘေးမသီရန်မခ ကျန်းမာစွာနဲ့ ရောက်ရှိလာတာပေါ့…။ သူနာပြုဆရာမလေးက 

အနှီးအဖြူလေးနဲ့ ထွေးထားတဲ့ သမီးလေးကို ဖေဖေ့လက်ထဲ ထည့်ပေးရင်း ဖြူဖြူဖွေးဖွေး ဝဝတုတ်တုတ် 

 ချစ်စရာကြီး ကလေးအဖေရေတဲ့……ခွဲမွေးလိုက်တာ မှန်သွားတယ်..ကလေးကထွားသလို.. 

အချင်းကလည်း ကလေးလည်ပင်းမှာပတ်နေတာ ရိုးရိုးမွေးရင်လည်း မလွယ်လောက်ဘူး..

လို့ပြောပြတယ်..။ သမီးလေးရဲ့ ကိုယ်အလေးချိန်က ၉ ပေါင် ၆ အောင်စ ရှိတယ်လေ… ဝနေတာမို့ 

ကလေးအထူးကု ဆရာဝန်က သွေးချို၊ ဆီးချိုရှိနေမှာ စိုးလို့ မွေးကာစ သမီးလေးရဲ့ 

ဖနောင့်လေးကို သွေးဖောက်ပြီး စစ်ရသေးတယ်….။ ဘာမှမတွေ့ဘူးလို့ ဆရာမလေးကပြောမှ 

သက်ပြင်းချနိုင်တော့တယ် သမီးရေ…. ဖေဖေပြောချင်တာက တကယ်လို့ သမီးအရွယ်ရောက်လာတဲ့ 

အချိန်မှာ ဖေဖေတို့ကြုံတွေ့ခဲ့ရတဲ့ သားဖွားမီးယပ် အထူးကု ဆရာဝန်နှစ်ယောက်ထဲက 

ဘယ်ဆရာဝန်လိုမျိုး ဖြစ်သင့်တယ်ဆိုတာ သမီးလေးစဉ်းစားနိုင်ဖို့ပါ။ ဒီလိုပြောလို့ သမီးလေးကြီးလာရင် 

ဆရာဝန်မကြီး ဖြစ်ရမယ်လို့ ဖေဖေဆိုလိုတာ မဟုတ်ဘူးနော်။ ဆရာဝန်မှ မဟုတ်ဘူး ဘယ်လိုလူပဲဖြစ်ဖြစ် 

ကိုယ်ကျိုးတစ်ခုတည်းကိုပဲ မကြည့်နဲ့လို့ပြောချင်တာပါ။ ပြီးတော့ ကိုယ်ပြောလိုက်တဲ့ စကားတစ်ခွန်းဟာ 

သူတစ်ပါးအပေါ်မှာ ဘယ်လိုထိခိုက်ခံစားရမှုတွေ ရှိသွားနိုင်မလဲဆိုတာလည်း တွေးရမှာပေါ့ သမီးရယ်။ 

ကိုယ့်ကိုအားကိုးလို့ရောက်လာတဲ့ သူတွေကို ကိုယ်ကျိုးအတွက် အသုံးချဖို့ပဲ စဉ်းစားတာမျိုး ၊ 

ကိုယ့်အတွက် အသုံးမဝင်ရင် အဖက်မတန်သလို ပြောဆိုဆက်ဆံတာမျိုးတွေ ရှောင်ရှားပါ။ ဖေဖေကတော့ 

သမီးလေးကို ပေါင်းသင်းဆက်ဆံရေး ဖော်ရွေပြီး လူတိုင်းကို ပြုံးရွှင်တဲ့ မျက်နှာလေးနဲ့ 

ချိုသာယဉ်ကျေးစွာ ပြောဆိုတတ်တဲ့ သမီးလေး ဖြစ်စေချင်တာပဲ သမီးရယ်…..။
 
                                                     ပျော်ရွှင်ချမ်းမြေ့ကြပါစေ.......

Monday, February 10, 2014

မော်းလူး ဗျူဟာလမ်း ကတ္တရာ လမ်း ခင်းတော့မည်

မော်လူး ချောင်း တံတား  မှ ဟဲနု တပ်ကုန်း ဘုရား  ထိ

ခင်းမည်ထင်ရ


အမှတ် ၉၃၈ မြစ်ကြီးနား - မန္တလေး ကုန်တင်မီးရထား လမ်းချော်တိမ်းမှောက်





အမှတ် ၉၃၈ မြစ်ကြီးနား - မန္တလေး ကုန်တင်မီးရထား လမ်းချော်တိမ်းမှောက်

မော်လူး၊ ဖေဖော်ဝါရီ ၁၁
@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးမီးရထားဘူတာနှင့် နန့်စီးအောင် မီးရထားဘူတာကြားတွင် မြစ်ကြီးနားမီးရထားဘူတာမှ ထွက်ခွာလာသော အမှတ် ၉၃၈ ကုန်တင်မီးရထားသည် ဖေဖော်ဝါရီ ၁၁ ရက် နံနက် ၇ နာရီ ၅ မိနစ်အချိန်က ရထားတွဲချော် တိမ်းမှောက်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မြစ်ကြီးနားမှ မန္တလေးဘက်သို့ မောင်းနှင်လာသော စက်ခေါင်းအမှတ် DD 1118 ၊ စက်ခေါင်းမောင်း ဦးရဲသန်း၊ ရထားထိန်း ဦးလှမြင့် ပါရှိသည့် ကုန်တင်ရထားသည် နန့်စီးအောင်ဘူတာမှ နံနက် ၆ နာရီ မိနစ် ၄၀ တွင် ထွက်ခွာလာရာ မိုင်တိုင်အမှတ် ၆၀၆/၂၃၊ ၆၀၆/၂၄ ကြားအရောက်တွင် သံလမ်းအဆက်နေရာအနီး မီးရထားသံလမ်း နှစ်ပေခန့်ပြတ်ထွက်ပြီး ရထားတွဲများ လမ်းချော် တိမ်းမှောက်ခဲ့သည်။
တွဲအမှတ် GBHAH 40819( 1,2,7,8), GBHAH 40902(2,4,5,7) တွဲများ လမ်းချော်ကျပြီး တွဲအမှတ် GBHAH 40894 တွဲသည် မီးရထားသံလမ်း၏ ညာဘက် ၁၅ ပေခန့် အကွာသို့ လွင့်စင်တိမ်းမှောက်ကျခဲ့ပြီး လိုက်ပါလာကြသည့် ဝန်ထမ်းများတစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာရရှိခြင်း မရှိကြောင်း၊ မီးရထားတွဲချော် တိမ်းမှောက်ရာသို့ မော်လူး မီးရထားဘူတာ တာဝန်ရုံပိုင်ကြီး ဦးစိုးလင်း၊ နယ်မြေခံတပ်ရင်း (၉၈)မှ တပ်မတော်သားများ၊ မီးရထားလမ်း အင်ဂျင်နီယာ ဦးထင်လှအောင်(အငယ်တန်းအင်ဂျင်နီယာ)နှင့်အဖွဲ့ တို့မှ သွားရောက်ကြပြီး မီးရထားလမ်းပိုင်း အမြန်ဆုံး ပြန်လည်ကောင်းမွန်ပြီး မီးရထားများ ပုံမှန်သွားလာနိုင်စေရန်အတွက် စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။

Sunday, February 9, 2014

ဘုရားပွဲတော် နွှဲလို့ပျော်.....



ဘုရားပွဲတော်နွှဲလို့ပျော်….
@@@@@@@@@@@@@@@@@@

ဘုရားပွဲကြီး ရောက်လာပြီ….
သေရည် သေရက် မရောင်းရပါ….
အစည်းအဝေးတွင် ဆုံးဖြတ်ကြသည်။
လူကြီးများ သဘောတူကြ၏။

နောက်တစ်ရက် ရောက်လာပြီ…..
ပွဲတော်ကြီး မစည်ကားနိုင်ပါ….
အကြောင်းပြချက် ပေးကြသည်။
ပြန်လည်ကာ ညှိနှိုင်းကြ၏။

ဗိုလ်ကလေးက တာဝန်ယူသည်…
မီဒီယာသမားများကို နှုတ်ပိတ်ပါ…
ခြင်္သေ့ဟိန်းပြီး ဆင်ဖြူစီးကြမည်။
မဲခွဲ၍ ဆုံးဖြတ်ရာ
နှစ်မဲတစ်မဲဖြင့် နိုင်၏။

အားလုံး ညီညီ ညာကြပြီ….
ပွဲတော်ကြီး စည်ကားရေးကို ဦးတည်ရမည်…
သိသာသိစေ မမြင်ပါစေနှင့်…
ဥပဒေ အထက်တွင် မည်သူရှိသနည်း…
ဘယ်လိုဖြစ်ဖြစ် အဆင်ပြေ၏။

လိုင်စင် ရှိစရာမလိုပါ….။
ညကြေးများ မှန်မှန်ဆက်သရမည်။
လူကြီးများလာလျှင် မရောင်းရ…..
လက်ဆောင်အဖြစ် ပေးကြသည်။
အကောင်းစား အရက် ဖြစ်ပါစေ….
လူငယ်များကို ရောင်းချပါ….
တိုင်းပြည်အနာဂတ်ကို သေရည်သေရက်လွှမ်းစေရမည်။

သောက်သုံးသူများ ပျော်ရွှင်ကြပြီ….
စိတ်ကြိုက် သုံးဆောင်ကြပါ….
မူးလာလျှင် ပြဿနာ မရှာနှင့် …
ရန်ဖြစ်လျှင် ငွေကုန်မည်။
သူတို့ ဂွင်ဖန်ကြလေပြီ….
ဘုရားပွဲကို အရက်ဖြင့် ပူဇော်ကြမည်။

ငရဲမင်းကြီး စောင့်နေပါသည်။
ဒယ်အိုးကြီး မြင်နေရပြီ…..
ဆက်ရေးလျှင် အဖမ်းခံရနိုင်၏။
                             
                                  Canape'


ဆက်သွယ်ရန်လိပ်စာ
@@@@@@@@@@
Canape' ( ရှမ်းဂဒူးမြေ)
အိမ်အမှတ် (4)
အနာဂတ်မဲ့အရက်ဆိုင်အနီး
မူးယစ်လမ်းသွယ်
ဥပဒေကင်းမဲ့ဇုန်
လာဘ်ပေးသူများရပ်ကွက်
ဖေ့စ်ဘုတ်ကျေးရွာ၊အွန်းလိုင်းမြို့နယ်

ဤကဗျာသည်  satire (သရော်စာ) သာ ဖြစ်ပါသည်။ မည်သူ တစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်စေလိုခြင်း မရှိပါ။ ဆင်ခြင်သုံးသပ်နိုင်ကြစေရန်သာ ရည်ရွယ်ပါသည်။


Friday, February 7, 2014

လေယာဉ်စီးကြမည် ဆိုလျှင် .....




ကျွန်တော်တောသားတစ်ယောက် ၂၀၁၃ ခုနှစ်ရဲ့ နှစ်ကုန်ပိုင်းမှာ မွေးရပ်မြေကို စွန့်ခွာပြီး ချစ်သော 


မဟေသီ( မဂ္ဂဇင်းအမည်မဟုတ်ပါ)ရဲ့ ဇာတိမြို့လေးကို ခရီးထွက်ခဲ့ရပါတယ်။ ဟန်နီးမွန်းမဟုတ်တာတော့ 

 

အသေအချာပေါ့။ မဟေသီက သူနဲ့ ကျွန်တော်စုထားတဲ့ စုဗူးလေးကို သူ့ဇာတိမြို့မှာ 

 

သွားဖွင့်ချင်တယ်ဆိုလို့ ဆံထုံးနောက်ယောင်ပါ လိုက်သွားရတယ်ဆိုပါတော့။ ကျွန်တော်နေတာက ရွာ 

 

သူနေတာကမြို့ဆိုတော့ သူနဲ့ကျွန်တော်ရဲ့ စုဗူးလေးအတွက် ကျန်းမာရေး အစောင့်အရှောက်တွေ 

 

ဝန်ဆောင်မှုတွေက ပိုကောင်းဆိုလို့ပါ။ သိကြတဲ့အတိုင်း အမေပြောတော့ တစ်လ မယားပြောတော့ 

 

တစ်ညဆိုသလို သကောင့်သား ကျွန်တော်ဟာလည်း ချစ်မယားပြောတဲ့အတိုင်း 

 

လိုက်လုပ်ပေးရတာပေါ့။ ကြောက်လို့မဟုတ်တာတော့ အမှန်ပါ။ 

 

ချစ်လို့ဆိုတာတော့ ပြောစရာလိုမည်မထင်။ စုဗူးဆိုတာက ကျွန်တော့် ချစ်မဟေသီမှာ 

 

ကိုယ်ဝန်ရှိနေတာပါ။ 

 

မီးဖွားချိန်နီးလာလို့ မိဘတွေရှိရာမြို့ကို သွားပြီး မီးဖွားမယ်ဆိုလို့ ကျွန်တော်လည်း လိုက်ပါသွားရတယ်။ 

 

ကျွန်တော်နေထိုင်ရာရွာကနေ မန္တလေးမြို့ကြီးဆီ ရကောက်ရထားကြီး ပျော်ပျော်စီးပြီး ခရီးထွက်ခဲ့တယ် 

 

ဆိုပါတော့။ ရထားပေါ်မှာ ကြုံတွေ့ရတဲ့ အတွေ့အကြုံတွေတော့ မရေးပြတော့ပါဘူး။ ဆင်လို 

 

မယိမ်း၊ မြင်းလို မခုန်၊ လိပ်လိုမနှေးစေရဆိုတဲ့ စကားလေးကိုတော့ သတိရမိသား….။ ကျွန်တော်တို့ရဲ့ 

 

ခရီးစဉ်က မန္တလေးမြို့ကနေမှတဆင့် မော်တော်ကားနဲ့ ပြန်ပြီး 

 

ခရီးဆက်ရမှာပါ။ မော်တော်ကားနဲ့ဆိုပေမယ့် 

 

သက်သောင့်သက်သာ ခရီးတော့ မဟုတ်ဘူးရယ်။ ရိုးရိုး မှန်လုံ ကားကြီးတွေနဲ့ဆိုရင် မန္တလေးက 

 

ညနေပိုင်းထွက် ဟိုကို နောက်တစ်နေ့ နံနက်ပိုင်းမှာရောက်.. လမ်းမှာ ကားက တစ်ခုခု 

 

မဖြစ်ဘူးဆိုရင်ပေါ့လေ…။ နံနက်ပိုင်းမှာ ထွက်တဲ့ ကားသေးတွေကတော့ မနက်ပိုင်းထွက် 

 

ညနေပိုင်းရောက်ပေါ့။ လမ်းကကြမ်း ဖုန်တွေက တလုံးလုံးနဲ့လေ…။သူမရဲ့ 

 

ဇာတိမြို့က ယောသူ/ယောသားတွေနဲ့ ချင်းတိုင်းရင်းသားတွေ နေထိုင်တဲ့ ခရိုင်မြို့လေးလေ။ 

 

မန္တလေးရောက်တော့ မီးရထားစီးလာခဲ့ရတဲ့ ကျွန်တော့် မဟေသီဟာ ခြေတွေလက်တွေယောင်လာတယ်။ 

 

ဒါကြောင့် မော်တော်ကားနဲ့ ခရီးဆက်ဖို့ မဖြစ်နိုင်ကြောင်း ဆုံးဖြတ်ပြီး ဒီအသက်ဒီအရွယ်ထိ 

 

မစီးဘူးတဲ့ လေယာဉ်ပျံကြီးနဲ့ သွားမယ်ဆိုပြီး…. မန္တလေး လမ်း ၃၀ ပေါ်က ကား၊ လေယာဉ်လက်မှတ် 

 

အရောင်းဋ္ဌာနဆိုပြီး ဆိုင်းဘုတ်ကြီးတင်ထားတဲ့ နေရာလေးမှာ  လေယာဉ်လက်မှတ်သွားဝယ်ပါတယ်။ 

 

သိတော်မူကြတဲ့အတိုင်း လေယာဉ်လက်မှတ်ဝယ်တယ်ဆိုတာ မှတ်ပုံတင်လိုတာပေါ့နော်။ ခရီးသွားမယ့်သူ 

 

ကိုယ်တိုင် မှတ်ပုံတင်လေးကိုင်ပြီး လေယာဉ်လက်မှတ်သွားဝယ်တာပါ။ 

 

အရောင်းစာရေးမလေးကလည်း ဖော်ဖော်ရွေရွေနဲ့ လေယာဉ်လက်မှတ်ရောင်းပေးခဲ့ပါတယ်။ 

 

ကျွန်တော်ပြောချင်တဲ့ အကြောင်းအရာက ဒီမှာမှ စတာပါ။ လေယာဉ်လက်မှတ်ရပြီး လေယာဉ်စီးမဲ့နေ့မှာ 

 

လက်မှတ်အရောင်းဋ္ဌာနက စီစဉ်ပေးတဲ့ ကားနဲ့ တံတားဦး အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ကျွန်တော်တို့ 

 

ဇနီးမောင်နှံရောက်ရှိသွားပါတော့တယ်။ 

 

ကျွန်တော်တို့စီးရမဲ့လေယာဉ်က မြန်မာ့လေကြောင်းက လေယာဉ်မဟုတ်ပါဘူး။ Air KBZ 

 

ပါ လေဆိပ်ရောက်တော့ ပစ္စည်းတွေကို 

 

ဝန်ထမ်းတစ်ဦးကသယ်သွားပြီး လေယာဉ်လက်မှတ်စိစစ်တဲ့နေရာလားဘာလား မသိပါဘူး 

 

ဝန်ထမ်းမလေးတွေရှိတဲ့နေရာကို ရောက်သွားတယ်ပေါ့။ လေယာဉ်လက်မှတ်ပြပြီးတော့ ဝန်ထမ်းမလေးက 

 

"အစ်မကိုယ်ဝန်က ဘယ်နှစ်လရှိပြီလဲ"လို့ မေးပါတယ်။ ကျွန်တော့်မဟေသီက 

 

ရှစ်လပါလို့ ပြန်ဖြေလိုက်တော့ "ဒါဆို လေယာဉ်စီးလို့မရပါဘူးရှင်… 

 

ဆရာဝန်ရဲ့ ထောက်ခံချက်ပါမှ လေယာဉ်စီးခွင့် ပြုပါတယ်" လို့ပြန်ဖြေတော့ … ကျွန်တော်တို့ နှစ်ယောက် 

 

ဘာပြန်ပြောရမှန်းမသိတော့ပါဘူး။ ဒီလိုနဲ့ ကျွန်တော်တို့ 

 

လင်မယားနှစ်ယောက် လေယာဉ်ရုံးခန်းထဲ ရောက်သွားရတာပေါ့။ လေယာဉ်ရုံးခန်းက 

 

ဝန်ထမ်းတွေကလည်း အပြင်က ဝန်ထမ်းမလေးပြောသလိုပဲ ပြောပါတယ်။ 

 

ပြီးတော့ လေယာဉ်စီးနင်းလိုက်ပါနိုင်ကြောင်း 

 

ကျန်းမာရေးထောက်ခံချက်ကို ဆေးရုံဒါမှမဟုတ် ဆေးခန်းတစ်ခုခုကနေ ဖက်စ်(fax)နဲ့ ပို့ခိုင်းပါလားတဲ့။ 

 

လွယ်လိုက်တာပါလား…မြန်မာနိုင်ငံမှာ ဆက်သွယ်ရေးစနစ်တွေ 

 

ဒီလောက်လွယ်ကူမြန်ဆန်ချောမွေ့နေမှန်း 

 

ကျွန်တော်တောသား မသိရိုး အမှန်ပါ။ ဘာလုပ်ရမှန်း မသိဖြစ်နေတဲ့ ကျွန်တော် 

 

အားကိုးရာ ကောက်ရိုးတစ်မျှင်ဖြစ်တဲ့ မန္တလေး ဗဟိုအမျိုးသမီးဆေးရုံမှာ တာဝန်ကျနေတဲ့ 

 

အစ်မဆီဖုန်းလှမ်းဆက်ပြီး အကျိုးအကြောင်းပြောတော့ သူတို့ဆေးရုံမှာ 

 

ဖက်စ်စက်မရှိသလို ထောက်ခံချက်ကလည်း မလွယ်ကူကြောင်းပြောလာတော့ ကျွန်တော် 

 

ပျာယာခတ်သွားတာပေါ့။ ဒါပေမယ့် စိတ်ကိုအေးအေးထားပြီး ပြန်စဉ်းစားတော့ ဒါ….ကျွန်တော်တို့ 

 

အမှားမဟုတ်ဘူးဆိုတာ သိလာတယ်။ ဒီတော့ ကျွန်တော်လည်း ရုံးခန်းထဲက ဝန်ထမ်းတွေကို 

 

"လေယာဉ်စီးဖို့ လက်မှတ်သွားဝယ်တာ ကျွန်တော့်အမျိုးသမီးကိုယ်တိုင်ပါ သူ့မှတ်ပုံတင်နဲ့ 

 

ကျွန်တော့်မှတ်ပုံတင်ပြပြီး ဝယ်ရတာပါ။ လက်မှတ်ဝယ်တုန်းက အစ်မကိုယ်ဝန်ဘယ်နှစ်လရှိပြီလဲလို့ 

 

ဘာလို့ မမေးတာလဲ။ မေးပြီး ကျန်းမာရေးထောက်ခံချက်လိုတဲ့ အကြောင်း ဘာလို့ အသိမပေးတာလဲ။ 

 

သိပြီးသားလို့ ထင်လို့လား။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ကြိုပြောသင့်တာပေါ့။ ဒါဆို ကျွန်တော်တို့ဘက်က 

 

လိုအပ်တာမှန်သမျှ အကုန်လုပ်လာမှာပေါ့။ အခုတော့ လေယာဉ်တက်ခါနီးမှ ဒါမျိုးပြောတာ 

 

ဘယ်နည်းလမ်းကျပါ့မလဲလို့ ပြောတော့ ဝန်ထမ်းတွေထဲက အကြီးဖြစ်သူက သူအဆင်ပြေအောင် 

 

လုပ်ပေးပါမယ့်လို့ လေသံပြောင်းသွားပါတယ်။ ကျွန်တော်ရှေ့မှာ ရေးခဲ့သလိုပဲ 

 

ကျွန်တော်ဟာ တောသားပါ အသက်သုံးဆယ်ကျော်လာချိန်ထိ လေယာဉ်ပျံဆိုတာကြီးကို 

 

မစီးခဲ့ဘူးပါဘူး။ လေယာဉ်ပျံစီးသူတွေအတွက် ချမှတ်ထားတဲ့ စည်းကမ်းတွေကိုလည်း မသိပါဘူး။ ဒီတော့ 

 

သိတော်မူကြတဲ့ ဝန်ထမ်းတွေက ရှင်းပြသင့်တာပေါ့။ လက်မှတ်ဝယ်တဲ့အချိန်မှာ ဘယ်လိုအချက်၊ 

 

ဘယ်လိုစည်းကမ်းတွေရှိတယ်ဆိုတာ ပြောသင့်တာပေါ့နော်။ လေယာဉ်လာစီးတဲ့ လူတိုင်း အမြဲစီးနေကျ 

 

သွားနေကျလူတွေမှ မဟုတ်တာ။ ဒီလိုနဲ့ ကျွန်တော်တို့ ဇနီးမောင်နှံဟာ မန္တလေး 

 

အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီးက ဆေးခန်းလေးဆီရောက်သွားရပါတယ်။ လေဆိပ်ဆရာဝန်က 

 

ကိုယ်ဝန်ဘယ်နှစ်လရှိပြီလဲ။ ဘယ်ကိုသွားမှာလဲ။ အစရှိတဲ့ မေးခွန်းတွေမေးပြီး "ရပါတယ်။ စီးသွားပါ။ 

 

စိုးရိမ်စရာ မရှိပါဘူး" ဆိုပြီး ဝန်ထမ်းရှေ့မှာ ပြောလိုက်မှ လေယာဉ်ရုံးခန်းကို ပြန်လာပြီး အကြောင်းပြန် 

 

ဒါကိုပဲ ကိုရွှေဝန်ထမ်းတွေက ခံဝန်လက်မှတ်လေး ထိုးပေးပါဆိုလို့ ထိုးပေးလိုက်ရသေးတယ်။ ကျွန်မသည် 

 

မိမိသဘောဆန္ဒအလျှောက် စီးနင်းလိုက်ပါခြင်းဖြစ်ပါသည်။ လေယာဉ်ပေါ်တွင် တစ်စုံတစ်ရာဖြစ်ခဲ့ပါက 

 

မည်သူ့တစ်ဦးတစ်ယောက်တွင်မှ တာဝန်မရှိစေရပဲ မိမိ၏ တာဝန်သာဖြစ်ပါကြောင်း ဆိုပြီး 

 

လက်မှတ်ထိုးပေးလိုက်သောအခါမှသာ လေယာဉ်စီးဖို့ရာ အတွက် 

 

အဆင်ပြေချောမွေ့သွားရပါတော့တယ်။ 

 

ကျွန်တော့်စိတ်ထဲမှာတော့ "သြော်… ဖြစ်ရလေခြင်း… ငါ့နှယ်..လေယာဉ်စီးမယ်ဆိုလည်း.. 

 

စည်းကမ်းနည်းလမ်းတွေကို သေချာမလေ့လာခဲ့မိတာမှားတာပဲလို့ တွေးရမလား…. ကျေးဇူးကြီးမားတော်မူတဲ့ 

 

ဝန်ထမ်းတွေကြောင့်သာ လက်မှတ်ခမရှုံးတယ်လို့ တွေးရမလား….စသဖြင့် စသဖြင့်ပေါ့။ 

 

ဒါတောင်မှ လေယာဉ်တက်ခါနီးမှာ ဝန်ထမ်းတစ်ဦးက အနားနားကပ်ပြီး "အစ်မရေ.. လေယာဉ်ပေါ်က 

 

ဝန်ထမ်းတွေက ကိုယ်ဝန်ဘယ်နှစ်လလည်း မေးရင် ခုနှစ်လလို့ ဖြေပေးပါ" ဆိုပြီး 

 

တိုးတိုးကပ်မှာနေပါသေးတယ်။ အမှန်တကယ်ပြောရရင် လေယာဉ်လက်မှတ်စဝယ်ကတည်းက 

 

ကြိုပြောထားရင် ကျွန်တော်တို့ အလုပ်ရှုပ် စိတ်ရှုပ်ရမှာ မဟုတ်ပါဘူး။ လက်မှတ်အရောင်းဋ္ဌာနက 


လုပ်ချလိုက်တဲ့ လက်မှတ်ရောင်းရရင်ပြီးရော ကျန်တာ သူတို့နဲ့ မဆိုင်ဆိုတဲ့ အချိုးကြောင့် 


 ဒီလိုအခက်အခဲတွေ ဖြစ်ရတာပါ။ ခရီးသွားတဲ့ လူတွေ အဆင်ပြေစေရေးအတွက် ရှေးမရှုပဲ မိမိတို့ 


လက်မှတ်ရောင်းချရရေးကိုသာ ဦးတည်လိုက်တဲ့ အတွက် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာရတာပါ။


ပွင့်လင်းလာနေတဲ့ ယနေ့ခေတ်ကြီးထဲမှာ ဝန်ဆောင်မှုတွေကို ကောင်းသထက်ကောင်းအောင် 


လုပ်ဆောင်နေကြချိန်မှာ အကယ်၍များ ကျွန်တော်တို့ နောက်တစ်ကြိမ် လေယာဉ်စီးရမယ်ဆိုရင် 


ဒီလေကြောင်းလိုင်းကို ရွေးချယ်တော့မှာ မဟုတ်ဘူးဆိုတာတော့ အသေအချာပါပဲ။ ဒါပေမယ့် 


သည်းခံတတ်တဲ့ ကျွန်တော်တို့ လူမျိုးတွေရဲ့ အကျင့်စရိုက်အတိုင်း သြော်…. ငါကိုက အ 


လွန်းလို့ဖြစ်ရတာပါဆိုပြီး ဖြေတွေးလေး တွေးမိပါတယ်…။ ဒါကြောင့် အဆုံးသတ်အနေနဲ့

 

ကျွန်တော်ပြောချင်တာကတော့ လေယာဉ်ပျံကြီးစီးပြီး ခရီးသွားကြမည့် ကိုယ်ဝန်ဆောင် အမျိုးသမီးများ 


ကိုယ်ဝန်ရှစ်လဆိုလျှင် ကျန်းမာရေးထောက်ခံချက်လေး ယူသွားကြပါ။ လေယာဉ်လက်မှတ်ဝယ်ပြီဆိုလျှင် 


မိမိတို့ဘက်က ဘာတွေ ဆောင်ရွက်လုပ်ကိုင်စရာများ ရှိနေပါမလဲဆိုတာတွေကို မေးမြန်းပါ..ဟု 


အကြံပြုချင်ပါတယ်။ ဒါမှသာ ကျွန်တော်တို့ ဇနီးမောင်နှံ ကြုံတွေ့သလို 


အဖြစ်မျိုးမကြုံတွေ့ရမှာ ဖြစ်ပါကြောင်း အသိပေးရေးသားလိုက်ရကြောင်းပါ ခင်ဗျာ….။


ပျော်ရွှင် ချမ်းမြေ့ကြပါစေ....

K.T.W.L

Wednesday, February 5, 2014

မော်လူး အင်းတော် ၂၄ နာရီ ဓာတ်အားလိုင်း ပြုပြင်

မော်လူး သို့ သွယ်တန်းထားသော ၂၄ နာရီဓတ်အားလိုင်း  မှ

ပင်းတင် နှင့်  ပင်ဝယ် ကြား သစ်သားဓာတ်တိုင်များကို

ကွန်ကရစ်  တိုင်ဖြင့် အစားထိုးတော့မည်









တရုတ် လုပ် ပုံစံတူ ကြက်ဥ များ မော်လူးဘူတာတွင် အလုံး ၂၀၀၀၀ ခန့် တွေ့

စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးကျေးရွာ၊ မော်လူးဘူတာတွင် တရုတ်ပြည် မှ
တင်သွင်းခဲ့သည်ဟု ခန့်မှန်းရသော ကြက်ဥဖာ ၅၇ ဖာ သည် မြစ်ကြီးနားဘူတာမှ တဆင့် ရောက်
ရှိခဲ့သဖြင့် စစ်ဆေးရာတွင် အတုဖြစ်ကြောင်း သက်ဆိုင်ရာ အဖွဲ့အစည်းများမှ
သက်သေမပြနိုင်သဖြင့် မော်လူးဒေသ အတွင်းသို့ ဖြန့်ဖြူးခွင့် ရရှိခဲ့သည်။ ကြက်ဥများ၏ ထူးခြားမှုမှာ
ကြက်ဥအားလုံး အရောင်အတူတူ ၊ အရွယ်အစားအတူ တစ်ပုံစံတည်းပင်ဖြစ်သည်။
သက်ဆိုင်ရာ တာဝန်ရှိသူတို့၏ စမ်းသပ်ပုံမှာ လည်း ကြော်စား ကြည့်ပြီးစမ်းသပ်ခြင်း
လွန်ခဲ့သော (၃)နှစ်ခန့်က သတင်းစာပါ ကြက်ဥအတုအစစ် ခွဲခြားနည်းဖြင့် စမ်းသပ်ကြည့်ခြင်း
များသာ ပြုလုပ်နိုင်ခဲ့ပါသည်။ အမှန်တကယ်အားဖြင့် ဓာတုဗေဒ ဓာတ်ခွဲ ခန်းသို့ ပို့ပြီး
စမ်းသပ်မှသာ ပြည့်စုံနိုင်မည်ဟုထင်မိပါသည်။ မည်သို့ပင် ဆုံးဖြတ်စေကာမှု တစ်ဖက်နိုင်ငံမှ
ဝင်ရောက်လာသော ကြက်ဥများဖြစ်နေမည် ဆိုပါက နိုင်ငံတော်မှ တာဝန်ရှိသူများ၏
ခွင့်ပြုမိန့်ပါရမည်ထင်ပါသည်။ ယခု ကြက်ဥ ပိုင်ရှင်များမှ ဘာသက်သေအထောက်အထားမျှ
ပြနိုင်ခြင်းမရှိခဲ့ပေ။ မသင်္ကာဖွယ် ကြက်ဥများဖြစ်နေသည်မှာ အမှန်ပါ။ ကြက်ဥ အတု ဖြစ်ပါလျှင်
လည်း စစ်ဆေးသူများ ၏ ကြော်စားသော နည်းဖြင့် ခွဲခြား၍ မရနိုင်ဘူး ဆိုတာ မူလတန်း ကျောင်း
သားလျှင်ပင်သိနိုင်ပါလိမ့်မည်။ တာဝန်ရှိသူများ ၏ မှားယွင်းသော ဆုံးဖြတ်ချက်များကြောင့်
ကြက်ဥ အစစ် (သို့) အတု များသည် မော်လူးဒေသတွင်းရှိ ပြည်သူများထံသို့ ချိုသာသော ဈေးနှုန်းဖြင့်
ရောက်ရှိသွားတော့မည်ဖြစ်သည်။ ဒေသခံပြည်သူပြည်သားများမှာ ဈေးနှုန်းချိုသာသဖြင့်
ဝမ်းသာမဆုံး ဖြစ်ကြမည်မှာ ဧကန်မုချပင်။
မည်သို့ပင်ဆိုစေကာမှု နိုင်ငံခြားမှာ တရားမ၀င် ၀င်ရောက်လာသော ဈေးနှုန်းအလွန်ချိုသာသည့်
 ကြက်ဥများသည် စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသတွင် လွတ်လပ်စွာဖြန့်ဖြူး
ရောင်းချသဖြင့် ရိုးသားသော ကျေးလက်နေ ပြည်သူများမှာ အတွက် လတ်တလော အခြေအနေ
အတွက် အဆင်ပြေသွားသော်လည်း

နောက်ဆက်တွဲ  အကျိုးဆက်ကိုတော့
&%$@*$-%=%*-#=((--*$


                      ဒေသခံတစ်ဦး