Thursday, July 31, 2014

နိုင်ငံတော်ဘာသာနေ့ အခမ်းအနားများ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျင်းပမည်

ရန်ကုန်၊ ဗုဒ္ဓဘာသာနေ့မှ ပြောင်းလဲသတ်မှတ်ခဲ့သည့် (၅၃)နှစ်မြောက် နိုင်ငံ တော်ဘာသာနေ့ အခမ်းအနားများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သုံး ရက်ကြာကျင်းပ သွားမည်ဖြစ်ကြောင်း ဝံသာနုရက္ခိတအဖွဲ့မှ သိရသည်။

အဆိုပါနိုင်ငံတော်ဘာသာနေ့အား ယမန်နှစ်က စတင်ကျင်းပခဲ့ခြင်း ဖြစ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် ပြုလုပ်နိုင်ခဲ့ခြင်းမရှိခဲ့ဘဲ ယခုအခါ တွင်မူ တစ်နိုင်လုံး အတိုင်းအတာဖြင့် ပြုလုပ်ရန်စီစဉ်ထားကြောင်း ဝံသာနုရက္ခိတ အဖွဲ့ ဥက္ကဋ္ဌ ဓမ္မစက္ကဦးမောင်မောင်ကပြောသည်။

ယခုပြုလုပ်မည့် အခမ်းအနားသည် ဒုတိယအကြိမ်မြောက်ဖြစ်သော် လည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြုလုပ်ခြင်းသည် ပထမဆုံးအကြိမ် ဖြစ်ကာ အခမ်းအနားနေ့များတွင် ဘာသာရေးနှင့် ပတ်သက်သည့် လုပ်ဆောင် မှုများ၊ တရားတော်များ၊ ဓမ္မစကြာရွတ်ဖတ်ခြင်းများ ပြုလုပ်သွားမည်ဖြစ် ကြောင်းသိရသည်။

''အခမ်းအနားကျင်းပတဲ့နေ့တွေမှာ သာသနာ့အလံတွေ လွှင့်ထူသွား မယ်''ဟု ဦးမောင်မောင်က ပြောသည်။ နိုင်ငံတော်ဘာသာနေ့ အခမ်းအနားများကို လာမည့် ဝါခေါင်လဆန်း ၁၄ရက်၊ ၁၅ရက်(လပြည့်နေ့)၊ ဝါခေါင်လပြည့်ကျော် ၁ ရက်(သြဂုတ် ၉၊ ၁ဝ၊ ၁၁)ရက်များတွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

အမျိုးဘာသာစောင့်ရှောက်ရေးမှ ဒေါက်တာဓမ္မပီယက ''နိုင်ငံတော် အစိုးရအနေနဲ့ တစ်နိုင်ငံလုံး လုပ်တယ်ဆိုရင်တော့ သက်ဆိုင်တဲ့အဖွဲ့အစည်း တွေ အကုန်သိဖို့လိုတယ်။ အသင်းအဖွဲ့တစ်ခုအနေနဲ့ လုပ်တယ်ဆိုရင်တော့ သူ့ခံယူချက်နဲ့သူလုပ်တဲ့အတွက် ဘာမှမပြောလိုပါဘူး''ဟု ပြောသည်။

ယခုကဲ့သို့ ဝါခေါင်လပြည့်နေ့တွင် ပြုလုပ်ရခြင်းသည် ဗုဒ္ဓဘာသာနေ့မှ နိုင်ငံတော်ဘာသာနေ့အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့သည့် ၁၉၆၁ခုနှစ် သြ ဂုတ်၂၆ရက်၊ ဝါခေါင်လပြည့်နေ့တွင် ပြောင်းလဲသတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုသတ်မှတ်သည့်နေ့များတွင် ပြုလုပ်ကြောင်း သိရသည်။

အဆိုပါနေ့အား ထေရဝါဒဓမ္မကွန်ရက်မှ ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး ၁၉၆၂ခုနှစ် စစ်တပ်အာဏာသိမ်းခဲ့ပြီးသည့်အချိန်မှ ပျောက်ကွယ်လုဖြစ် ခဲ့သည့် ယင်းနေ့အား ဂုဏ်ယူစရာကောင်းသည့်နေ့တစ်နေ့အဖြစ် သမိုင်း ပြန်လည်သိရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်

ဗိုလ်ချုပ်အလွမ်းပြေ (အသေးအဖွဲလေးတွေ မှတ်မိသလောက် ရေးလိုက်တယ်) ဗကသ ကိုယ်စားလှယ်..

ဗိုလ်ချုပ်အလွမ်းပြေ
(အသေးအဖွဲလေးတွေ မှတ်မိသလောက် ရေးလိုက်တယ်)

ဗကသ ကိုယ်စားလှယ် ကျောင်းသားခေါင်းဆောင် ကိုအောင်ဆန်းနဲ့ နေရူးကြီးတို့တွေ့ပြီး ဟောပြောပွဲ လုပ်ကြတယ်။ အင်ဒီရာဂန္ဒီလည်း ပါတယ်။ ကိုအောင်ဆန်းက တရားဟောနေရင်း ပုဆိုးကျွတ်ကျတယ်။ အင်ဒီရာဂန္ဒီက အပျိုအရွယ်လေး ဆိုတော့ ပြုံးစိစိ ဖြစ်သွားတယ်။ ကျောင်းသားတွေက ဝါးခနဲ ဝိုင်းရယ်ကြသတဲ့။ ဗိုလ်ချုပ်လောင်းလျာ ကိုအောင်ဆန်းကတော့ ခပ်တည်တည်နဲ့ပဲ ဆက်ပြောသတဲ့။ သူ့ပုဆိုး ကျွတ်ကျပေမယ့် သူ့အင်္ကျီကြီးက ဒူးလောက် ရှည်သတဲ့လေ။

သူ့မယား ညီအစ်ကို ဖြစ်လာမယ့် ကွန်မြူနစ်ပါတီ ဥက္ကဋ္ဌ သခင်သန်းထွန်းကိုလည်း အားကြီး နိုင်စားပေးတယ် ပြောတယ်။ ရုပ်ဆိုးသလောက် အနု၊ အလှ ကြိုက်တတ်တဲ့ သခင်သန်းထွန်းရဲ့ အင်္ကျီတွေကို အတင်းယူဝတ်ပြီး ပစ်ထားတတ်တယ်လို့ ဆိုတယ်။

ဒေါက်တာဘမော်ဆီက နိုင်ငံရေးစာအုပ်တွေလည်း ငှားရမ်း ဖတ်ရှုတတ်တယ်လို့ ပြောတယ်။ နတ်မောက်ကို တစ်ခါတစ်ခါပြန်ရင် အိတ်တစ်လုံးနဲ့ ဖိနပ်ပါချင်မှ ပါတယ်။ သဲချောင်းကိုဖြတ်ပြီး တစ်ယောက်တည်း အံကြိတ်ခေါင်းငုံ့ပြီး ဘာတွေပြောမှန်းမသိ ရွတ်နေတတ်တယ်လို့ ပြောတယ်။

ပါတာက ပုဆိုးက နှစ်ထည်တည်း။ သူ့အစ်ကို ဦးအောင်သန်းအိမ်မှာ ပုဆိုးတစ်ထည် မေ့ကျန်ခဲ့တာ။ မြင်းလှည်းပေါ် ပါသွားတော့ သူ့မရီးက သူ့အစ်ကိုကို လိုက်ပေးခိုင်းသတဲ့။ နောက်ကနေ တကြော်ကြော်အော်ပြီး ခေါ်တာတောင် ကိုယ်တော်ချောက တုပ်တုပ်မှမလှုပ်၊ ဘာတွေ စဉ်းစားခန်း ဝင်နေလဲ မသိဘူးလို့ ဆိုသတဲ့။

သူတော်တော်လေးစားတဲ့ ကိုဗဟိန်း နေမကောင်းဖြစ်လို့ မန္တလေးဆေးရုံကြီးမှာ သွားတွေ့မယ် လုပ်တော့ ကိုဗဟိန်းက သူ့ကို ဖဆပလကနေ ကွန်မြူနစ်ပါတီကို ထုတ်ပစ်လိုက်လို့ စိတ်ဆိုးပြီး အတွေ့မခံဘူး။ တော်တော်လေး စိတ်မကောင်း ဖြစ်သွားတယ်လို့ ပြောတယ်။

သူ့နာမည်ပြောင်က ငမိုး။ ရဲဘော်တွေ ခေါ်တယ်လို့ ပြောကြတယ်။ ငမိုးဆိုတာ ဗိုလ်တထောင် လူမိုက်။ လက်ရဲဇက်ရဲနဲ့ လက်မြန်တယ်လို့တော့ ပြောကြတာပဲ။ ဗိုလ်တာရာ မင်္ဂလာဆောင်မှာ လူတွေမွဲနေတုန်း အင်္ကျီအကောင်းစားတွေ မဝတ်ရဘူးကွလို့ ပြောလို့ ငမိုးအင်္ကျီတွေ မထော်မနန်းနဲ့ ဝတ်ခဲ့ကြရတယ်။ ချဉ်စော်လည်း အတော်နံသတဲ့။

နောက်နာမည်တစ်မျိုးက ဦးနောင်ချို။ မြေအောက်တော်လှန်ရေး ကာလတုန်းက နာမည်ဝှက်။
နေမကောင်းလို့ ကျောင်းသားဘဝ ဆေးရုံတက်ရတုန်းက ကိုယ်လုံးတောင့်တောင့် သူနာပြုဆရာမကို ကြည့်ပြီး မိန်းမယူရင် သူနာပြုတွေက သင့်တော်မယ်လို့ ပြောဖူးသတဲ့။ ဆေးရုံဆင်းခွင့် မပေးဘဲထားလို့ တားတဲ့ကုလားကို လက်သီးနဲ့ တစ်အားပိတ်ထိုးပြီး ဆေးရုံဆင်းသွားဖူးတဲ့သူ။ အမွိုင်မှာ ခိုနေတုန်းကလည်း ဘေးက တရုတ်မလေးကို လက်မောင်းကြွက်သားတွေ ညှစ်ပြပြီး စသတဲ့။

သူမင်္ဂလာဆောင်တော့ ရဲဘော်ငယ်တွေ ငိုကြတယ်လို့ ပြောတယ်။ စစ်ဗိုလ်ချုပ်တစ်ယောက် မင်္ဂလာဆောင်လို့ ရဲဘော်တွေ ဘယ်လိုခံစားရသလဲလို့ ဖြစ်ရတာ သူတစ်ယောက်တည်း ရှိမယ်ထင်တယ်။

(မျိုးဆက်

Viber တွင် မြန်မာစာနှင့် မြန်မာစတစ်ကာများ လပိုင်းအတွင်း သုံးနိုင်တော့မည်ဟုဆို

Viber တွင် မြန်မာစာနှင့် မြန်မာစတစ်ကာများ လပိုင်းအတွင်း သုံးနိုင်တော့မည်ဟုဆို

ရန်ကုန်၊ ဇူလိုင် ၃၀

မြန်မာနိုင်ငံတွင် လူဦးရေ ငါးသန်းခန့် အသုံးပြုနေသော Viber မိုဘိုင်းလ် ဆက်သွယ်ရေးစနစ်တွင် မြန်မာစာနှင့် မြန်မာစတစ်ကာများ အသုံးပြုနိုင်ရန် စီစဉ်လျက်ရှိရာ လပိုင်းအတွင်း အသုံးပြုနိုင်ဖွယ် ရှိကြောင်း Viber ကုမ္ပဏီ၏ ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ မန်နေဂျာ Mrs. Crystal Lee ၏ အဆိုအရ သိရသည်။

“မြန်မာပြည်ရဲ့ ယဉ်ကျေးမှုကို အခြေခံပြီး မြန်မာစာလုံးပါသော ပျော်ရွှင်စရာ ပုံတွေကို မြန်မာနိုင်ငံမှာ အသုံးပြုနိုင်အောင် လုပ်ဆောင်နေတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါစနစ်တွင် မြန်မာစာနှင့် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်ဆိုင်ရာ ရုပ်ပုံစတစ်ကာများကို လပိုင်းအတွင်း အသုံးပြုနိုင်ရန် စီစဉ်လျက်ရှိကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်ဆိုင်ရာ ရုပ်ပုံစတစ်ကာများကို လတ်တလောတွင် အခမဲ့ဝန်ဆောင်မှု ပေးမည်ဖြစ်ပြီး နောက်ပိုင်းတွင် အခကြေးငွေဖြင့် ဝန်ဆောင်မှု ပေးသွားမည် ဖြစ်ကြောင်း Gulixo မှ CEO Mr. Raphael Dana က ဆိုသည်။

ကမ္ဘာ့ထိပ်တန်း သုတေသန အဖွဲ့အစည်းဖြစ်သော On Device Research ၏ စစ်တမ်းတစ်ခုအရ မြန်မာနိုင်ငံအတွင်း မိုဘိုင်းလ်စာတိုပို့စနစ် Applications အသုံးပြုသူများ၏ ၇၅ ရာခိုင်နှုန်းမှာ Viber ကို အသုံးပြုကြပြီး အခြားမိုဘိုင်းလ် စာတိုပို့စနစ်ထက် အသုံးပြုသူ များပြားကြောင်း ဖော်ပြထားသည်။

(အောင်သီဟ