Monday, October 28, 2013

မြို့နယ်အဆင့်ကျောင်းသားအားကစားပွဲတော်အတွက် မော်လူးမှ အားကစားသမားများ အင်းတော်မြို့သို့ ထွက်ခွာ






မြို့နယ်အဆင့်ကျောင်းသားအားကစားပွဲတော်အတွက် မော်လူးမှ
အားကစားသမားများ အင်းတော်မြို့သို့ ထွက်ခွာ
မော်လူး၊ အောက်တိုဘာ ၂၈
@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးတိုက်နယ်အတွင်းရှိ အခြေခံပညာ ကျောင်းပေါင်းစုံမှ  အုပ်ချုပ်သူ ဆရာ/မများ ဦးဆောင်၍ အားကစားသမားဖြစ်ကြသည့် ကျောင်းသား/သူများသည် အခြေခံပညာ အထက်တန်းကျောင်း (မော်လူး)တွင် စုစည်းကြကာ အောက်တိုဘာလ ၂၈ရက် နံနက် ၁၁နာရီ အချိန်တွင် အားကစားပြိုင်ပွဲများကို ယှဉ်ပြိုင်ရန် အင်းတော်မြို့သို့ မော်တော်ယာဉ်များဖြင့် ထွက်ခွာသွားကြကြောင်း သိရသည်။
အင်းတော်မြို့နယ်တွင်းရှိ အခြေခံပညာ ကျောင်းပေါင်းစုံ အာကစားပြိုင်ပွဲကိုကျင်းပမည်ဖြစ်သဖြင့် မော်လူးတိုက်နယ် အခြေခံပညာ ကျောင်းပေါင်းစုံမှ အားကစားသမား ကျောင်းသား/သူများက သွားရောက်ယှဉ်ပြိုင်ကြခြင်းဖြစ်ကြောင်း၊ အားကစားပြိုင်ပွဲများမှာ မူလတန်းအဆင့် အသက် ၁၀ နှစ်အောက် (ကျား) ဘော့လုံးပြိုင်ပွဲ၊ အလယ်တန်းအဆင့်(ကျား/မ) အသက် ၁၆နှစ်အောက် ဘော့လုံးပြိုင်ပွဲနှင့် ပြေးခုန်ပစ်ပြိုင်ပွဲများကို ကျင်းပမည်ဖြစ်ကြောင်း၊ ထိုအားကစားပြိုင်ပွဲများသို့ မော်လူးတိုက်နယ်ရှိ အခြေခံပညာ ကျောင်းပေါင်းစုံမှ အားကစားသမား ကျောင်းသား/သူ (၅၃)ဦးအား အုပ်ချုပ်သူဆရာ/မ (၁၇)ဦးတို့က ဦးဆောင်ကာ သွားရောက်ယှဉ်ပြိုင်ကြခြင်းဖြစ်ကြောင်း၊ အဆိုပါ မြို့နယ်အဆင့် ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲကို အောက်တိုဘာ ၂၉ ရက်နေ့တွင် စတင်ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။
 

Saturday, October 26, 2013

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ကြီးမှူးဆောင်ရွက်သည့် အခမဲ့ ကွန်ပျူတာ သင်တန်းဆင်းပွဲ ကျင်းပ

 

 

 

 

 

 

 

 အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ကြီးမှူးဆောင်ရွက်သည့် အခမဲ့ ကွန်ပျူတာ သင်တန်းဆင်းပွဲ ကျင်းပ
မော်လူး၊ အောက်တိုဘာ ၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မော်လူးကျေးရွာ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ကြီးမှူးဆောင်ရွက်သည့် ပထမအကြိမ် ဒုတိယအသုတ် အခမဲ့ အခြေခံကွန်ပျူတာသင်တန်းဆင်းပွဲအခမ်းအနားကို အောက်တိုဘာ ၂၆ ရက်၊ စနေနေ့ နံနက် ၉ နာရီက မော်လူးကျေးရွာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ကွန်ပျူတာ သင်တန်းဆင်းပွဲ အခမ်းအနားသို့ အင်းတော်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ နာယက ဦးဥာဏ်၊ ဥက္ကဋ္ဌ ဦးဘိုသန်းညွှန့်၊  ဦးညွှန့်လွင်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်များ၊ မော်လူး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အုပ်စု နာယကများ၊ ဥက္ကဋ္ဌများ၊ သင်တန်းဆရာ/မများနှင့် သင်တန်းသား/သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ အင်းတော်မြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးဥာဏ်၊ ဥက္ကဋ္ဌ ဦးဘိုသန်းညွှန့်၊ မော်လူးအုပ်စု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နာယက ဦးအောင်ဝင်း၊ ဥက္ကဋ္ဌ ဦးစိုးမြင့်တို့မှ ဝမ်းမြောက် အမှာစကားများ အသီးသီးပြောကြခဲ့ကြကာ သင်တန်းတွင် စေတနာဖြင့် အခမဲ့ လာရောက် သင်ကြားပို့ချပေးခဲ့ကြသော ဆရာ/မများ၊ သင်တန်းပြီးဆုံးခဲ့ကြသည့် သင်တန်းသား/သူများအား ဂုဏ်ပြုမှတ်တမ်း၊ သင်တန်းပြီးဆုံးကြောင်း လက်မှတ်များကို အုပ်စု ဥက္ကဋ္ဌ အသီးသီးမှ ပေးအပ်ချီးမြင့်ခဲ့ကြပြီး နေ့လည် ၁၁ နာရီတွင် အခမ်းအနား ပြီးဆုံးခဲ့ကြောင်း သိရသည်။ ယခုသင်တန်းဆင်းပွဲသည် ဒုတိယအသုတ်ဖြစ်ပြီး သင်တန်းသား/သူ ၂၅ ဦး တက်ရောက်ခဲ့ကြောင်း ၊ သင်တန်းကာလမှာ စက်တင်ဘာလ ၂၅ ရက်နေ့မှ အောက်တိုဘာလ ၂၅ ရက်နေ့ အထိ တစ်လတိတိ ကြာမြင့်ခဲ့ကြောင်း၊ ကွန်ပျူတာ အခြေခံ ထိန်းသိမ်း အသုံးပြုနည်း၊ အင်တာနက် အီးမေလ်းအသုံးပြုနည်းများကို သင်ကြားပို့ချခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

 

 


Thursday, October 24, 2013

မော်လူး ဒေသမှ အလှတရားများ



ဟဲနုရွာ တပ်ဦး ဓာတ်ပေါင်းစု ဘုရားကုန်းပေါ်မှ အဝေးသို့ ရိုက်ချက်..... တောင်ခြေမှ ဇာတ်ရုံလေး....





ဟဲနုရွာ တပ်ဦး ဓာတ်ပေါင်းစု ဘုရားကုန်းပေါ်မှ အဝေးသို့ ရိုက်ချက်.....




ရွှေဘို - မြစ်ကြီးနား ဗျူဟာလမ်းမကြီးးး ဒီအတိုင်းကျတော့ လမ်းကကောင်းနေသလိုပဲနော်.......









ဟဲနုရွာ တပ်ဦး ဓာတ်ပေါင်းစု ဘုရားကုန်းပေါ်မှ အဝေးသို့ ရိုက်ချက်.....






အရင်ကတော့ စစ်တပ်ကုန်းးး အခုတော့ တပ်ဦး ဓာတ်ပေါင်းစု စေတီတော်လေးအား အဝေးမှ ဖူးတွေ့ရစဉ်....






မော်လူးသားတွေရဲ့ ချောင်းသာ ကမ်းခြေ......





စိမ်းပြာဖြူ




ဝေဘူဝေဘာ တောရကျောင်းက ရေကန်လေးရယ်..ရေလည်ကျောင်းလေးရယ်..

လှေကလေးတစ်စင်းရယ်





       မော်လူးမှာ နံနက် လေးနာရီထိုးရင် ကြားရလေ့ရှိတဲ့ အုန်းမောင်းခေါ် သစ်စည် ခေါက်တဲ့ နေရာလေးးးး။



























Saturday, October 19, 2013

ဒေးဗစ်ချန်း

ဒီစာလေးရေးထားတာ ကြာပါပြီ.. ၂၀၁၀ ခုနှစ်လောက်ကပါ.. အရင်က Multiply နဲ့ Mandalaygazette.com မှာ တင်ဘူးပါတယ်..ပြီးတော့ ကျွန်တော် စာလေးတွေရေးဖြစ်တဲ့ ဝဘ်ဆိုဒ်လေးမှာလည်း တင်ဖြစ်ပါတယ်.. အခုတလော စာမရေးမဖြစ်လို့ အဟောင်းလေးထဲက ပြန်တင်လိုက်တာပါ...

 

 ရွာကလူတွေက ဒေးဗစ်ချန်းတဲ့ ... ဘာလို့ခေါ်မှန်းမသိပေမယ့် ကျုပ်မှာ

ဘယ်ဘက်လက်တစ်ဘက်မရှိဘူး ... လက်ကောက်ဝတ်ကနေဖြတ်ထားရတာ။

အသက်လား ၁၈ နှစ်ပါ .. မိသားစုနဲ့ အတူနေတယ် ။ လက်ရှိမိသားစုထဲမှာ အကြီးဆုံးပေါ့။

အထက်ကအစ်မတွေတော့ အိမ်ထောင်ကျကုန်ပါပြီ။ အမေလည်းဆုံးသွားတာ သုံးနှစ်လောက်

ရှိပါပြီ။ အဖေကတော့ ရထားပေါ်မှာ ဈေးလိုက်ရောင်းတယ်။ အဆင်ပြေတယ်မရှိလှပါဘူးဗျာ။

အဖေက အကျင့်မကောင်းဘူးလေ ။ လက်ထဲမှာငွေရှိလာရင် အရက်သောက် ဖဲရိုက်

မူးလာရင် ကျုပ်နဲ့ ညီ ၊ ညီမလေးတွေကို ရိုက်တယ်။ အဓိကတော့ ကျုပ်ကိုပေါ့

သောက်သုံးမကျတဲ့ကောင် ၊ သောက်ရူး ၊ သူတောင်းစား အစရှိသဖြင့်ပေါ့ ။ ကျုပ်ကို အမေ

မွေးတုန်းကတော့ ခြေစုံလက်စုံပါပဲ ။ ရုပ်ရည်ကလည်း မိသားစုထဲမှာ အချောဆုံးပေါ့ ။

ကျုပ်တို့မိသားစုကများ အဖေကလည်း မူးရူးနေတော့ ထမင်းနပ်မမှန်ဘူး ။ ကျုပ်စာသင်ကျောင်း

ကိုလည်းနှစ်တန်းထိပဲနေရတယ်။ ၈ နှစ် ၉ နှစ်သားလောက်ကစပြီး အလုပ်လုပ်ရတယ်။

လ္ဘက်ရည်ဆိုင်မှာ စားပွဲထိုး ၊ လက်သမားနေ့စား ၊ ပန်းရံနေ့စား ၊ သူရင်းငှား..အို.. အစုံပါပဲဗျာ။

ကျုပ်မငြီးမငြူလုပ်ခဲ့ပါတယ်။ နောက်တော့ခေါက်ဆွဲစက်မှာ လစားအလုပ်ရတယ်။

အဲ့တုန်းက အသက် ၁၃ နှစ်လောက်ရှိပြီလေ။ ခေါက်ဆွဲစက်က မနက်သုံးနာရီခွဲမှာ

စဆင်းရတယ်။ မနက် ၆ နာရီဆို အလုပ်ပြီးပြီ။ ကျုပ်က ပေါင်းထားတဲ့ ထမင်းတွေကို

အမှုန့်ကြိတ်တဲ့နေရာမှာ အမှုန့်ကြိတ်စက်ကိုင်ရတယ်။ ခေါက်ဆွဲမျှင်တွေမဖြစ်ခင် အပြားလိုက်

ထုတ်ပေးတဲ့နေရာပေါ့ ။ အဲ့နေ့ကို ကျုပ်မှတ်မိနေသေးတယ်။ကျုပ်တို့ဆီကနှစ်စဉ်ဘုရားပွဲပေါ့။

တပို့တွဲလဆန်း ၁၀ ရက်ကနေ စပြီး လပြည့်နေ့မှာ ပွဲပြီးတယ်လေ။ နယ်စုံကဈေးသည်တွေ

နဲ့ ဘုရားဖူးလာတဲ့ လူတွေပါတော်တော် စည်တယ်ဗျ ။ တပို့တွဲလဆန်း ( ၁၂ ၊ ၁၃ ၊ ၁၄ )

ရက်တွေဆို လူတွေတိုးမပေါက်အောင် အစည်ဆုံးပဲ ။ ကျုပ်အလုပ်လုပ်တဲ့ ခေါက်ဆွဲစက်က

ပွဲရက်အတွင်းဆိုရောင်းအားကောင်းလို့ နားရက်မရဘူး ။ နေ့ဘက်ကိုလည်းမနက်စောစောထရတာမို့

နေ့ပွဲကို မသွားနိုင်ဘူးလေ။ ဒါနဲ့ ( ၁၃ ) ရက်နေ့ညကို ကျုပ်ပွဲသွားခဲ့တယ်။ကျုပ်ကပွဲတော့တော်တော်

ကြိုက်တာ။ ပွဲခင်းထဲရောက်တော့ ဈေးတန်းထဲမှာ တောင်လျှောက်မြောက်လျှောက်လှည့်ကြည့်ပြီး

ပွဲကနေတဲ့ ဇာတ်ရုံထဲဝင်ခဲ့တယ် ။ ဇာတ်ကမန္တလေးကဇာတ်လေ ။ နာမည်တော့မမှတ်မိတော့ဘူး။

ကြည့်ကောင်းကောင်းနဲ့ ကြည့်နေလိုက်တာ မနက်နှစ်နာရီထိုးသွားတယ်။ ပြန်ဖို့ပွဲခင်းထဲက ထွက်လာပြီး

ပွဲခင်းအစပ်မှာ မြင်းလှည်းစောင့်နေလိုက်တယ်။ သြော်..ပွဲခင်းနဲ့ကျုပ်တို့ရွာကတစ်မိုင်လောက်ဝေးတယ်လေ။

ပွဲခင်းကနေ အိမ်ပြန်ရောက်တော့ မနက်သုံးနာရီထိုးတော့မယ် ဒါနဲ့ ကျုပ်အလုပ်ရှိရာကို ထွက်လာခဲ့တာ။

တပို့တွဲလ ဆောင်းရာသီက ကျုပ်တို့ဆီမှာ တော်တော်အေးတာဗျ ။အလုပ်ဆီရောက်တော့ ထမင်းပေါင်းမရ

သေးလို့ မီးလှုံရင်းစောင့်နေလိုက်တယ် ။ အနွေးဓာတ်လေးရလာတော့ ကျုပ်အိပ်ချင်လာပြီ။

ဒါပေမယ့်အိပ်လို့ မဖြစ်သေးဘူး.... ထမင်းပေါင်းကျက်တော့ကျုပ်အလုပ်စရတယ်.... ကြိတ်ဆုံထဲကို

ထမင်းတွေထည့်ကြိတ်ပေါ့ဗျာ... အလုပ်သာလုပ်နေရပေမယ့် အိပ်ချင်စိတ်က ပျောက်မသွားဘူး။

ကြိတ်ဆုံထဲက လျှံထွက်လာတဲ့ ထမင်းတွေကို ခါတိုင်းတော့ သစ်သားယောင်းမနဲ့ပြန်ပြန်ဖိချပေးရတာလေ။

ဒီနေ့တော့ လက်နဲ့ပဲ ပြန်ဖိချနေမိတယ်။ တစ်ကြိမ်တော့ လျှံတက်လာတဲ့ ထမင်းတွေကို လက်နဲ့ဖိအချ

အိပ်ချင်စိတ်ကလည်းထိန်းမရဖြစ်ပြီး အိပ်ငိုက်သလိုဖြစ်သွားတာနဲ့ ကွက်တိဖြစ်ပြီး

လက်ကစက်ထဲပါသွားရော။

ကျုပ် အသံကုန်အော်ပြီး ပြန်ဆွဲထုတ်လိုက်တယ်... ပြန်ထွက်လာတဲ့ ကျုပ်လက်မှာလက်ချောင်းတွေရော

လက်ဝါးပါ ပြန်ပါမလညတော့ဘူး။ သွေးတွေလည်း ရဲသွားတာပါပဲ။ နောက်ပိုင်းတော့

ကျုပ်ဘာမှမသိတော့ဘူး။

အဲ့လိုနဲ့ ကျုပ်ဟာ လက်ကောက်ဝတ်ကနေဖြတ်လိုက်ရပြီး လက်တစ်ဘက်ပြတ်ဖြစ်သွားရတာပါ။

အလုပ်ရှင်က နစ်နာကြေးအဖြစ် ပေးပါတယ်။ အဲ့ငွေနဲ့ ကျုပ်သင်္ကန်းဝတ်လိုက်ရတယ်။

ကျန်တာတွေတော့ အဖေ ဘာလုပ်လိုက်တယ်မသိဘူး။ နောက်ဆုံးတော့ ဒုံရင်း ဒုံရင်းဘ၀ပဲ

ပြန်ရောက်သွားတော့တာပါ။

ကျုပ်လက်ဖြတ်ရပြီးတဲ့နောက်ပိုင်းမှာ အားငယ်မိတယ်။ ပိုဆိုးတာက ဘာမှန်းမသိတဲ့ရောဂါ

တစ်ခုက ပေါ်လာတာပါပဲ။ ပါးစပ်ကနေအမြုပ်တွေထွက်ပြီး ပစ်ပစ်လဲတယ်။ ရွာသားတွေ

အပြောအရတော့ ၀က်ရူးပြန်တာတဲ့။ ကျုပ်တော်တော် စိတ်ဓာတ်ကျသွားတယ်။ လုပ်ချင်ကိုင်ချင်

စိတ်လည်း မရှိတော့ဘူး။ အိမ်မှာလည်း အဖေကမူးရူးပြီး ပြသနာရှာ ကျုပ်သေသွားရင်

ကောင်းမှာပဲလို့တွေးပြီး အိမ်နားက ရထားသံလမ်းမှာ ခေါင်းတင်ပြီး သွားသွားအိပ်ပေမယ့်

တွေ့တဲ့လူတွေက ပြန်ပြန်ခေါ်လာကြတယ်။ ကျုပ်အိမ်မှာလည်းမနေချင်ဘူး။ ကြာလာတော့

ကျုပ်မကျေနပ်တာတွေကို ပါးစပ်ကနေ တစ်ယောက်တည်း တတွတ်တွတ်ရွတ်နေမိတယ်။

ညညဆိုလည်း အိပ်မပျော်ဘူး ..မဟုတ်ဘူး..မအိပ်ချင်တာ... အတွေးတွေက အားငယ်လိုက်

အားတက်လိုက် ... ဒီတော့ အားငယ်တဲ့အခါ ငိုလိုက် အားတက်တဲ့ အခါရယ်လိုက်နဲ့ပေါ့။

ကျုပ်ဘာမှမလုပ်တော့ အဖေကထမင်းမကျွေးဘူး ။ ဆူတယ်၊ ဆဲတယ်၊ ရိုက်တယ် ကြာတော့

ကျုပ်မခံနိုင်တော့ဘူး ။ ကျုပ်အဖေကို ပြန်ပြောတယ် ၊ ပြန်ဆဲတယ် ၊ သူရိုက်ဖို့လိုက်ရင်

ထွက်ပြေးတယ်။ ခုတော့ ကျုပ်အိမ်မှာ အဖေနဲ့ အဆင်ပြေတဲ့ အခါနေတယ်။ အဆင်မပြေရင်

ဘူတာရုံမှာ အိပ်တယ်။ ဘုန်းကြီးကျောင်းမှာ ထမင်းဟင်းတောင်းစားတယ်။ တစ်ခါတစ်လေ

စားစရာမရှိရင် ဆိုင်တွေ အိမ်တွေမှာ အလစ်သုတ်တာပေါ့။ ပတ်ဝန်းကျင်က ကျုပ်ကိုပြောတယ်

အရူးပါးတဲ့ ။ ဘာပဲဖြစ်ဖြစ် ကျုပ်ဂရုမစိုက်ပါဘူး ။ ရဲတွေလား ဖမ်းတာပေါ့။အချုပ်ထဲမှာ တစ်ည

အိပ် နောက်ရက်ပြန်လွှတ် ... အချုပ်ထဲမှာနေရတာက ကျုပ်အတွက် ပိုတောင်လုံခြုံသေး.....

ဒါပေမယ့် သူတို့ကကျုပ်ကို တစ်ရက်အပြင်ပိုမထားကြဘူး။ နောက်မလုပ်ဘို့ ဆုံးမ

စကားတွေပြောပြီး ပြန်လွှတ်ပေးတာပါပဲ။ ကျုပ်ကတော့ ရယ်လိုက် ၊ ငိုလိုက် ၊

ပါးစပ်ကအမြုပ်တွေထွက်ပြီး ပစ်လှဲလိုက် ၊ အဖေနဲ့ စကားများပြီး ပြေးတမ်း

လိုက်တမ်းကစားလိုက်နဲ့ ဘ၀ရဲ့ခရီးကို ဖြတ်သန်းနေပါတယ်။

ကျုပ်မှာ သိတာကဆာရင် တောင်းစားမယ် မရရင်ခိုးစားမယ်.....

အလုပ်ကတော့မလုပ်တော့ဘူးဗျို့ ...ကျုပ်အလုပ်တွေလုပ်ခဲ့ပေမယ့်

မနက်စာတစ်နပ် ညစာတစ်နပ်အပြင်ပိုမစားရပါဘူး။ ခု ကျုပ်အလုပ်မလုပ်ပေမယ့်

မနက်စာတစ်နပ်ညစာတစ်နပ်တော့ စားနေရတာပဲလေ.....

ကဲ..ဒီတော့ ကျုပ် အလုပ်မလုပ်တော့ပါဘူး..........
 

လေးစားစွာဖြင့်....

K.Latt

facebook ကထူးထူးဆန်းဆန်း

နိုင်ငံတော်အဆင့် ဆိုကရေးတီး ပြိုင်ပွဲ တွင် ဆုတံဆိပ် ရရှိခဲ့သော

မော်လူးဒေသမှ အနုပညာရှင်လေးများ ရဲ့

ကြိုးစားအားထုတ်မှု အား  မှတ်တမ်းတင်နိုင်ရန် 

**************






Wednesday, October 16, 2013

တန်ဖိုးနည်း ဆင်မ်းကတ်များခွဲဝေမှုနှင့် ပတ်သက်၍ မော်လူးဒေသခံတို့၏ အသံများ

တန်ဖိုးနည်း ဆင်မ်းကတ်များခွဲဝေမှုနှင့် ပတ်သက်၍ မော်လူးဒေသခံတို့၏ အသံများ

မော်လူး၊ အောက်တိုဘာ ၁၆

@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မော်လူးဒေသတွင် GSM မိုဘိုင်းဖုန်း တန်ဖိုးနည်း ဆင်မ်းကတ်များကို သြဂုတ်လမှစ၍ ၁၅၀၀ ကျပ်ဖြင့် မဲနှိုက် ဖြန့်ချီပေးခဲ့ရာ ယနေ့ထိ တတိယအကြိမ်သို့ ရောက်ခဲ့ပြီဖြစ်ကြောင်း သိရသည်။ ပထမအကြိမ် ဖြန့်ဝေမှုမှာ ၂၀၀ ကတ်၊ ဒုတိယအကြိမ်ဖြန့်ဝေမှုမှာ ၃၀၀ ကတ်၊ တတိယအကြိမ် ဖြန့်ဝေမှုမှာ ၂၀၀ ကတ်ဖြစ်ပြီး သုံးကြိမ်စုစုပေါင်း ဆင်မ်းကတ်အရေအတွက် ၇၀၀ ဖြစ်ကြောင်း သတင်းရရှိသည်။

ထိုဆင်းမ်ကတ်များကို သက်ဆိုင်ရာ မော်လူးဒေသ ဖုန်းကတ်ခွဲဝေရေး ကော်မတီ၏ ဖုန်းကတ်ခွဲဝေမှု နည်းစနစ်နှင့် ပတ်သက်၍ ဒေသခံကျေးလက်ပြည်သူတို့၏ အသံများကို ဖော်ပြလိုက်ပါသည်။

" ကျွန်တော်တို့ မော်လူးဒေသဟာ ကသာခရိုင်၊ အင်းတော်မြို့နယ်ထဲ ပါရှိပါတယ်။ မော်လူးမှာ GSM ဖုန်းတာဝါတိုင် စိုက်ထူခဲ့စဉ်ကတည်းက တန်ဖိုးနည်း ဖုန်းတွေ ဖြန့်ချီ ရောင်းချပေးမယ်ဆိုပြီး ကြေညာတဲ့ အချိန်ကစလို့ မျှော်လင့်ခဲ့ပါတယ်။ ဆင်းမ်ကတ် တန်ဖိုးက ၁၅၀၀ ဆိုတော့ လူတိုင်းနီးပါး သုံးစွဲနိုင်တဲ့ တန်ဖိုးမို့ မျှော်မိတာပါ။ ဒါပေမယ့် ရွှေပြည်တော် မျှော်လေတိုင်းဝေး ဆိုတာလို သုံးကြိမ်မဲနှိုက်ပေမယ့် မပေါက်တော့ မရဘူးလေ။ လုပ်ငန်းသုံးလိုပေမယ့် မဲမပေါက်တော့ မရဘူးပေါ့" ဟု ပဲခူးကျေးရွာ လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

"ကျွန်မတို့မော်လူးဒေသက ကျေးရွာအုပ်စုပေါင်း ၁၀ အုပ်စုရှိပြီး ကျေးရွာပေါင်း ၄၃ ရွာရှိပါတယ်။ တစ်ချို့ရွာတွေမှာ ဖုန်းလိုင်းမမိပါဘူး။ တစ်ချို့ကျေးရွာတွေတော့ မိပါတယ်။ ဆင်းမ်းကတ် ဖြန့်ဖြူးရာမှာ မော်လူးမှာရှိတဲ့ အုပ်စုအလိုက် ခွဲတမ်းတွေ ချပေးတာဆိုတော့ လိုင်းမမိတဲ့ ရွာတွေကလည်း ရသွားတယ်လေ။ လိုင်းမိတဲ့ ရွာတွေမှာတော့ ခွဲတမ်းက မလုံလောက်ဘူး ဖြစ်နေတယ်။ လိုင်းမမိတဲ့ရွာက မဲပေါက်တော့ ရောင်းစားသွားတာပေါ့။ တကယ်သုံးမယ့် လူကျတော့ မရဖြစ်ရတယ်။ ဒါပြုပြင်ဖို့ကောင်းတယ်လို့ ကျွန်မပြောချင်ပါတယ်" ဟု မင်းသာရွာ လယ်သူမကြီး တစ်ဦးက ပြောသည်။

" မော်လူးဒေသအတွက်ရတဲ့ ခွဲတမ်းကို ဒေသတွင်းရှိ ရွာတွေအတွက် ခွဲတမ်းချတာ ကော်မတီက ဘယ်နှစ်ယောက်ရှိမှန်းတော့ မသိဘူး။ ကျွန်တော်သိသလောက်တော့ အုပ်စု အုပ်ချုပ်ရေးမှူးတွေဆီကို တိုက်ရိုက်တာဝန်ပေးတာပါ။ ကျွန်တော်က ဖုန်းကတ်မဲပေါက်လို့ ကံတော့ကောင်းပါရဲ့၊ သွားထုတ်တဲ့အခါ အုပ်စု အုပ်ချုပ်ရေးမှူး လက်မှတ်နဲ့ ဖုန်းအော်ပရေတာရဲ့ လက်မှတ် ဒါဆို လုံလောက်ပြီ၊ အချိန်တိုအတွင်းမှာ ထုတ်ယူနိုင်တယ်လေ။  ခုတော့ အုပ်ချုပ်ရေးမှူးဆီမှာ လက်မှတ်ထိုးခိုင်းရ၊ စာရေးမဆီမှာ တံဆိပ်တုံး ရိုက်ရ၊ ဖုန်းကော်မတီဆိုလား ရပ်မိရပ်ဖဆိုလား ဘာမှ တာဝန်မရှိတဲ့ လူကြီးတစ်ယောက်ဆီမှာ လက်မှတ်ထိုးရ၊ ဖုန်းအော်ပရေတာဆီမှာ ထုတ်ယူရတွေနဲ့ အလုပ်ကို ရှုပ်နေတာပါပဲ။ တစ်နေရာစီ တစ်ရပ်ကွက်စီ သွားပြီး လက်မှတ်ထိုးခိုင်း၊ တံဆိပ်တုံးထုခိုင်းနေရတော့ အခက်အခဲတွေဖြစ်တာပေါ့။ ဒါတော့ စနစ်တကျ တစ်ချိန်ထဲ ပြီးအောင် စီစဉ်သင့်တယ်လေ" ဟု မော်လူး ဒေသခံတစ်ဦးမှ ပြောသည်။

"  ဆင်းမ်ကတ်တွေ မဲနှိုက်ပြီး ဖြန့်ဖြူးတာ၊ တန်ဖိုးနည်းတာ ကောင်းပါတယ်၊ လူတိုင်းအတွက် ကောင်းပါတယ်။ ဒါပေမယ့် ဝန်ထမ်းပိုင်းဆိုင်ရာ ခွဲဝေမှု စနစ်ကျအောင် လုပ်ဖို့တော့ လိုတယ်။ ခုတတိယအကြိမ် ဖုန်းကတ် ၂၀၀ ကို ခွဲဝေတာက မော်လူးခွဲတမ်းထဲက ၁၀ ကတ်ဟာ ခရိုင်ကို ပေးရတယ်လို့ သိရတယ်။ ဒုတိယအကြိမ် ၃၀၀ ရတဲ့ အထဲကလည်း ၁၈ ကတ်ပေးရတယ်ဆိုတယ်။ ကျွန်တော်တို့သိတာက ခရိုင်ကလဲ ခွဲတမ်းရတာဘဲ။ အင်းတော်၊ ကသာ၊ မော်လူးခွဲတမ်းက ပထမအကြိမ်လည်း ၂၀၀ စီ၊ ဒုတ်ယအကြိမ်လည်း ၃၀၀ စီ၊ တတိယအကြိမ်လည်း ၂၀၀ စီ အတူတူရပါလျက်နဲ့ မော်လူးခွဲတမ်းထဲက ဘာကြောင့် နှိုက်ယူရတာလဲ။ ဒုတ်ယအကြိမ်တုန်းက ခရိုင်အတွက်ဆိုပြီး ၁၈ ကတ်၊ တတိယအကြိမ်မှာ ၁၀ ကတ်၊ စတုတ္ထအကြိမ် ရရင်လည်းပေးရဦးမှာလား ။ ဒါဆို လွန်နေပြီပေါ့" ဟု ဒေသခံ ဝန်ထမ်း တစ်ဦးမှ ပြောသည်။

” ကျွန်မက ပညာရေးဋ္ဌာနကပါ။ ဝန်ထမ်းအတွက် မော်လူးခွဲတမ်း ၂၀၀ ထဲက ၆၆ ကတ်ပဲရတာ။ ဒီထဲက ၁၀ ကတ်ကို ခရိုင်ကိုပေးရတယ်ဆိုတော့ မော်လူးဒေသခံ ဝန်ထမ်းတွေအတွက် အခွင့်အရေးနည်းသွားတာပေါ့။ ကျွန်မ မဲမပေါက်ပါဘူး။ အဲ့ဒီ ၁၀ ကတ်ဟာ ဝန်ထမ်းအတွက်အပြည့်အဝဆိုရင် ကျွန်မပေါက်ချင်ပေါက်မှာပေါ့။ ခရိုင်လည်း သူ့ခွဲတမ်းနဲ့သူ ရှိသားနဲ့ မော်လူးထဲက ပေးရတယ်ဆိုတာ သဘာဝမကျဘူးလို့ မြင်ပါတယ်" ဟု မူလွန်ဆရာမ တစ်ဦးက ဆိုသည်။

" ဝန်ထမ်းအတွက် ၆၆ ကတ်ထဲက အခြားဆိုပြီး မော်လူးမှာ မရှိတဲ့ ရုံးမရှိတဲ့ ဝန်ထမ်းအတွက် ပေးတာကတော့ သိပ်ဘဝင်မကျပါဘူး။ ယခင်စိုက်ပျိုးရေး ဝန်ထမ်းဆိုပြီး ပြောပါတယ်။ ဒါပေမယ့် မော်လူးမှာ စိုက်ပျိုးရေးရုံး မရှိပါဘူး။ စိုက်ပျိုးရေးဝန်ထမ်းဟာ မြို့နယ် စိုက်ပျိုးရေး ဝန်ထမ်းသာ ဖြစ်လို့ မြို့နယ်နဲ့သာ သက်ဆိုင်တာလေ မြို့နယ် ခွဲတမ်းထဲမှာ ထည့်ပေါ့။ ဟိုတုန်းက စိုက်ပျိုးရေးစခန်းဟာ အထွက်တိုးစခန်းအဖြစ် အကောင်အထည်ဖော်ပြီး မြို့နယ် စိုက်ပျိုးရေးလုပ်ငန်း ( ယခင်လယ်စိုက်ရှင်း) ဝန်ထမ်းများဖြစ်တဲ့ ယခင် ကျေး/ဂျာ (ယခု ကျေး/မှူး) ဆိုတဲ့ ကွင်းဆင်းဆောင်ရွက်ရတဲ့ ကွင်းစာရေး ဝန်ထမ်းတွေပါ။ သူတို့ဟာ မြို့နယ်ရုံး ဝန်ထမ်းပါ။ မော်လူးဟာ အင်းတော်မြို့နယ် ရုံး ဝန်ထမ်းက ဆောင်ရွက်ရတာပါ။ အင်းတော်မြို့နယ်ရုံးရဲ့ ခံစားခွင့်ထဲမှာ ပါရှိရမှာပါ။ ပြီးတော့ ဝန်ထမ်းပိုင်းဆိုင်ရာက ခွဲဝေမှုမှာ တချို့ဋ္ဌာနက ဝန်ထမ်းနည်းပြီး ဆင်းမ်ကတ်အရေအတွက် သုံးကြိမ်အတွင်းမှာများပြီး၊ ဝန်ထမ်းများတဲ့ ဋ္ဌာနမှာ ခွဲတမ်းအရေအတွက် နည်းနေတယ်။ ဆက်သွယ်ရေးအောက်မှာ စာတိုက်နဲ့ ကြေးနန်းကတစ်ခု၊ အော်တိုတယ်လီဖုန်းက တစ်ခု၊ ဋ္ဌာနနှစ်ခုဖြစ်ပြီး သုံးကြိမ်မြောက်အထိရတဲ့ အနေအထားက ဝန်ထမ်းသုံးဦးရှိတဲ့ စာတိုက်ကြေးနန်းက နှစ်ကတ်သာဖြစ်ပြီး၊ ဝန်ထမ်းသုံးဦးရှိတဲ့ အော်တိုဖုန်းဋ္ဌာနက ၅ ကတ်ဖြစ်နေတယ်။ ဒါဟာ မမျှတတဲ့ ခွဲဝေမှုဖြစ်နေတာ ထင်ရှားပါတယ်" ဟု မော်လူးဒေသခံ ဝန်ထမ်းတစ်ဦးက ပြောသည်။

မော်လူးဒေသ၏ တန်ဖိုးနည်း ဖုန်းဆင်းမ်ကတ်များ ဖြန့်ဝေရာတွင် မှန်ကန်မျှတမှု ရှိသော ဖြန့်ချီမှု နည်းစနစ်တို့ဖြင့် ဖြန့်ဝေပေးနိုင်ရန် စေတနာကောင်ဖြင့် တင်ပြလိုက်ရပါသည်။

SG.WS



မော်လူးဒေသတွင် ဝါးပိုးမျှစ်ဈေးကွက် အရောင်းအဝယ်ဖြစ်




မော်လူးဒေသတွင် ဝါးပိုးမျှစ်ဈေးကွက် အရောင်းအဝယ်ဖြစ်
မော်လူး၊ အောက်တိုဘာ ၁၅

@@@@@@@@@@@@@@@@@@@

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မော်လူးဒေသတွင် ၊ ရာသီထွက်ကုန်ဖြစ်သည့် ဝါးပိုးမျှစ်များမှာ အရောင်းအဝယ်ဖြစ်သည့် အတွက် ဒေသခံများ နေ့စဉ် ဝင်ငွေကောင်းလျှက်ရှိကြောင်း သိရသည်။

မော်လူးဒေသတွင် မိုးရာသီကာလ၌ ဝါးပိုးမျှစ်၊ သင်းမျှစ်၊ သိုက်မျှစ်၊ ဝါးပါးမျှစ်၊ ဝါးဖြူမျှစ်အစရှိသည့် မျှစ်များ ပေါက်ရောက်လျှက်ရှိသော်လည်း ယခုကဲ့သို့ မိုးနှောင်းကာလတွင် ပေါက်ရောက်သည့် ဝါးပိုးမျှစ်မှာ လူကြိုက်များပြီး အရောင်းအဝယ်ဖြစ်နေရာ ဒေသခံများအတွက် နေ့စဉ်ဝင်ငွေကောင်းလျှက်ရှိသည်။

" ဝါးပိုးမျှစ်က ရာသီထွက်ကုန်ပါ။ မျှစ်ကို အချဉ်သိပ်တယ်၊ အမျိုးမျိုးလည်း ချက်ပြုတ်စားသောက်ကြပါတယ်။ အခြောက်လှန်းတယ်။ ဒေသတွင်းကလူတွေ စားသုံးရုံမကပဲ အထက်မြန်မာပြည် ကချင်ပြည်နယ်၊ မြစ်ကြီးနား၊ မြန်မာနိုင်ငံ အလယ်ပိုင်း မြို့တွေကိုလည်း တင်ပို့နေရပါတယ်။ ဒေသတွင်းပေါက်ဈေးကတော့ ချိုးပြီးသား မျှစ်စိမ်း တစ်ပိဿာ ၂၀၀ကျပ် ရှိတယ်။ လူတစ်ဦးကို တစ်ရက်မှာ ၂၅ ပိဿာကနေ ၃၅ ပိဿာအထိရနိုင်တော့ ..ဝင်ငွေက ၅၀၀၀ ကျပ်ခန့်အထိ ရနေကြတာမို့ အဆင်ပြေနေတယ် ပြောရမှာပါ"ဟု မော်လူးဒေသ၊ မာန်ဟဲကျေးရွာအုပ်စု၊ မြေပလ္လင်ကျေးရွာနေ မျှစ်အဝယ်ဒိုင်မှ အမျိုးသမီးကြီး တစ်ဦးက ပြောပြသည်။

မိုးဦးကာလ မေ၊ ဇွန်လများမှ စပြီး မော်လူးဒေသတွင် သိုက်မျှစ်များစတင်ပေါ်ချိန် မျှစ်ဈေးမှာ တစ်ပိဿာကျပ် ၅၀၀မှ ၇၀၀ ခန့်အထိ ပေါက်ဈေးရှိသော်လည်း ပေါများလာချိန်တွင် ဈေးမှာလည်း တစ်ပိဿာ ၃၀၀ကျပ်သာ ရကြောင်း၊ မော်လူးဒေသတွင် သင်းမျှစ်၊ သိုက်မျှစ်၊ ဝါးဖြူမျှစ်တို့ကို  မြန်မာနိုင်ငံ အလယ်ပိုင်း ရွှေဘို၊ မန္တလေး၊ မုံရွာမြို့များသို့  တင်ပို့ရောင်းချရကြောင်း၊  ဝါးပိုးမျှစ်မှာမူ မျှစ်ချဉ်ပြုလုပ်ခြင်း၊ မျှစ်ခြောက်ပြုလုပ်၍ တရုတ်ပြည်သို့တင်ပို့ခြင်းနှင့် တရုတ်လူမျိုးများ ၁၂ မျိုးဟင်းချက်ပြုတ်ရာတွင် အဓိက ဟင်းအမယ် တစ်ခုအဖြစ်  လူကြိုက်များကာ အရောင်းအဝယ်ဖြစ်ခြင်းတို့ကြောင့် ယခုအချိန်တွင် ဝါးပိုးမျှစ် တစ်မျိုးတည်းသာ ဈေးကွက်ဝင် အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း သိရသည်။

CYCLONE


Sunday, October 13, 2013

ဖေ့ဘုတ် မှာ မော်လူ သား တစ်ဦး ပေါက်ကွဲ

အပြည့်အစုံ သိလိုသူများ  ဖေ့ဘုတ် ထဲသာ ဝင်ကြည့်ပေတော့


Saturday, October 12, 2013

မော်လူး သား တွေ အ တယ်တဲ့ဗျာ

indawnews  မှ သတင်း တစ်ပုဒ် မှ comment  ထားတယ်ဗျာ
အောက်မှာ ကြည့်လိုက်ကြပါအုန်း

မော်လူး သားတွေ မအ  ကြောင်း
သက်သေပြကြ ရ အောင်
၂၀၁၃ မကုန်မီ  လာပါလိမ့်မယ်

အင်းတော်သား မောင်နတ်ဆိုး ပွဲပြီးအောင်ကြည့်လိုက်ပါ





Friday, October 11, 2013

တွေးမိ တွေးရာ ရေးမိ ရေးရာ ( ၄ )


မနေ့က မနက်ပိုင်း ကျွန်တော် သူငယ်ချင်းတစ်ယောက်နဲ့ အတူ လက်ဘက်ရည်ဆိုင်ထိုင်ဖြစ်တယ်။ ကျွန်တော်တို့ လက်ဘက်ရည်သောက်နေတုန်း ကျွန်တော်တို့ရွာက လူတစ်ယောက် ရောက်လာတော့ သူ့ကိုလက်ဘက်ရည်သောက် ခေါ်ရင်း စကားစမြည် ပြောဖြစ်ကြတယ်။ ရပ်အကြောင်း ရွာအကြောင်း ရောက်တတ်ရာရာ စပ်မိစပ်ရာလေးတွေပေါ့။ ဒီလိုပြောနေကြရင်း သူပြောလိုက်တဲ့ စကားတစ်ခွန်းကြောင့် ကျွန်တော်တော်တော်လေး ထိတ်လန့်သွားမိတယ်။ ကျွန်တော်တို့ရွာမှာ မူးယစ်ဆေးစွဲနေတဲ့ လူတွေကို အကြမ်းဖျင်း စာရင်းလုပ်ကြည့်တာ အယောက် ၂၀၀ ကျော်တယ်ဆိုပဲ။ ဘုရား..ဘုရားးဆိုပြီး စိတ်ထဲက ဘုရား တမိတော့တာပါပဲ။ မူးယစ်ဆေးတွေပေါနေတယ် မူးယစ်ဆေးစွဲနေတဲ့ လူတွေများနေတယ်ဆိုပေမယ့် ဒီလောက်အရေအတွက်များလိမ့်မယ်လို့ ကျွန်တော် ထင်မှတ်မထားမိတာတော့ အမှန်ပင်။ ကျွန်တော်နေထိုင်တဲ့ ရွာလေးဟာ အိမ်ခြေ ၂၀၀ မပြည့်ပါဘူး။ ဒါပေမယ့် မူးယစ်ဆေးစွဲနေတဲ့ လူတွေကို စားရင်းကြမ်းပြုစုလိုက်တာ အယောက် ၂၀၀ ကျော်တယ်ဆိုတော့ တစ်အိမ်ကို မူးယစ်ဆေးစွဲနေတဲ့ လူတစ်ယောက်ကျော် ရှိနေတယ်ဆိုတဲ့ သဘောပေါ့။ ကျွန်တော်နေထိုင်တဲ့ မော်လူးဒေသမှာ အုပ်စုပေါင်းကိုးအုပ်စု ကျေးရွာပေါင်း (၄၃)ရွာဆိုတော့ မူးယစ်ဆေးဝါးစွဲနေတဲ့ လူအရေအတွက်က မတွေးဝံ့စရာပါပဲ။ မူးယစ်ဆေးစွဲနေတဲ့ လူအများစုကလည်း လူငယ်တွေဆိုပဲ။ လူငယ်တွေဆိုတာ တိုင်းပြည်ရဲ့ အနာဂတ်ခေါင်းဆောင်တွေလေ။ တိုင်းပြည်ခေါင်းဆောင်ဆိုတာက နည်းနည်း မြင့်လွန်းတယ်.. ရွာရဲ့ တိုးတက်ရေးကို အနာဂတ်မှာ ဦးဆောင်ကြရမယ့် ခေါင်းဆောင်တွေပါ။ ဒီလိုအနာဂတ်ရဲ့ ခေါင်းဆောင်တွေက မူးယစ်ဆေးရဲ့ သားကောင်တွေဖြစ်နေတယ်ဆိုတော့ ဒီရွာရဲ့ တိုးတက်ရေး ဘယ်လိုရှိလိမ့်မယ်ဆိုတာ ပြေးကြည့်စရာ မလို တွေးကြည့်ရုံနဲ့တင် ဘယ်လိုမှ မကောင်းနိုင်..။ ကျွန်တော် ငယ်ငယ်က အတိအကျပြောရရင် ၁၉၈၈ အရေးအခင်းပြီးတဲ့နောက်ပိုင်း ကျွန်တော်တို့ဒေသမှာ မူးယစ်ဆေးတွေ ပေါများပြီး လူငယ်တော်တော်များများဟာ မူးယစ်ဆေးဝါးကြောင့် ဘဝတွေပျက် ဘဝတွေဆုံးသွားခဲ့ကြရတာ နည်းမှမနည်း..။ ဒီလိုနဲ့ မူးယစ်ဆေးတွေ နည်းပါးလာပြီး လူငယ်တွေ အညွှန့်တလူလူနဲ့ ဖြစ်လာချိန်မှာ အခုတစ်ဖန် စစ်အစိုးရကနေ ဒီမိုကရေစီ အစိုးရသစ်ကို ပြောင်းလဲလာချိန်မှာ မူးယစ်ဆေးတွေ ပြန်လည် ပေါများလာပြီး လူငယ်တွေ မူးယစ်ဆေးရဲ့ သားကောင်တွေဖြစ်နေကြရတာ မြင်ရသိရပြန်တော့ သမိုင်းဘီး တစ်ပတ်လှည်ခြင်းလေလားဆိုပြီး တွေးမိပါတယ်။ ကျွန်တော်တို့တွေနဲ့ တန်းတူ အရွယ်တွေကတော့ ငယ်ငယ်က ကျွန်တော်တို့ မျက်စိရှေ့တွေမှာ မူးယစ်ဆေးဝါးရဲ့ သားကောင်တွေ လမ်းဘေး ၊လူမနေတဲ့ အဆောက်အဦးဘေးမှာတွေ ရှော့ခ်ဖြစ်ပြီး ခွေးသေဝက်သေ  သေကြတာတွေ... လက်မောင်းမှာ ဆေးထိုးအပ်ရာ ဗရပွနဲ့ ပိန်ခြောက်ကပ်ဖြစ်ပြီး ချိနဲ့နေကြတဲ့ ဆေးစွဲသူတွေကို မြင်ခဲ့တွေ့ခဲ့ကြရတာမို့ တော်တော်လေး တုန်လှုပ်မိသလို ကြောက်လည်း ကြောက်ရွံ့မိတာ အမှန်ပါ။ အခုနောက်ပိုင်းလူငယ်တွေကတော့ ကျွန်တော်တို့မြင်တွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေကို မတွေ့ကြုံခဲ့ရတော့ မကြောက်ရွံ့ကြလို့လားလို့လည်း တွေးမိပါတယ်။
ကျွန်တော်တို့ဒေသမှာ ၁၉၉၄ ခုနှစ်နောက်ပိုင်းမှာ မူးယစ်ဆေးတွေ ပပျောက်သလောက်ဖြစ်သွားခဲ့ပါတယ်။ နောက်တော့ ၂၀၀၀ ခုနှစ်နောက်ပိုင်း တန်မလန်းခေါ်တဲ့ သစ်မာတွေ တရုတ်ပြည်ကိုမှောင်ခိုထုတ်တဲ့ လုပ်ငန်းဖြစ်လာတော့ အရင်ဆုံး ဘာတွေဝင်လာလဲ ဆိုတော့ ဘိန်းမည်းတွေ စဝင်လာပါတော့..။ တန်မလန်းလာဝယ်တဲ့ လူမျိုးခြားတွေဆီမှာ (ဒေသအခေါ်လောပန်း) ဘိန်းတွေပါလာကြတယ်..။ ဒေသခံတွေအလုပ်သမားတွေကို ဘိန်းကျွေးတယ်ပေါ့ ။ တန်မလန်းသစ်တွေ ကုန်သလောက်ဖြစ်သွားချိန်မှာ ဒေသခံ တော်တော်များများ ဘိန်းစွဲကျန်ရစ်ကြလေရဲ့...။ ဘိန်းမည်းကလည်း မူးယစ်ဆေးဆိုပေမယ့် ဘိန်းဖြူတို့ စိတ်ကြွဆေးပြားတို့လောက် မဆိုးဘူးလို့ ဆိုရလိမ့်မယ်... ဒါပေမယ့် ဘိန်းကလည်း မူးယစ်ဆေးပါပဲ..။ ဘိန်းမည်း ဘယ်လောက်အထိ လွှမ်းမိုးလာသလဲဆိုတော့ စုပေါင်းပြီး စပါးပျိုးပင်တွေ နှုတ်ကြတဲ့ ပျိုးနှုတ်ပွဲ၊ စပါးတွေကို သန့်စင်အောင် စုပေါင်းပြီးပြုလုပ်ကြတဲ့ စပါးယပ်ပွဲတွေမှာ ဘိန်းမည်းဟာ တည်ခင်းဧည့်ခံစရာ ရေနွေးကြမ်းနဲ့ ထန်းလျက်လိုပဲ ဖြစ်လာပါတယ်။ ဘိန်းမည်းပေါများရာကနေ ၂၀၀၈/၀၉ လောက်ရောက်တော့ ဘိန်းဖြူတွေ အစားထိုးဝင်ရောက်လာပါတော့တယ်။ ဘိန်းမည်းက ဈေးများပြီး ရှားပါးတာမို့ ဈေးပေါပြီး ပိုမိုထိရောက်တဲ့ ဘိန်းဖြူကို သုံးစွဲလာကြတော့တာပေါ့။ မည်မျှအထိပေါများလေသလဲဟု ဆိုရာတွင် လက်ဘက်ရည်တစ်ခွက် ၁၅၀ ကျပ် ပေးသောက်နေရချိန်မှာ ဘိန်းဖြူက ၂၀၀ ကျပ်ဖိုးဝယ်လည်း ရတဲ့ အခြေအနေပါ။ များများဝယ်ရင် အိမ်အရောက် ပို့ပေးတဲ့ ဝန်ဆောင်မှုမျိုးတွေပါ ဖြစ်လာကြတာပါ။ လက်ထဲမှာ ငွေနှစ်ရာလောက်ရှိရုံနဲ့ မူးယစ်ဆေးသုံးလို့ ရနေတဲ့ အခြေအနေမျိုးမှာ လူငယ်တွေ မူးယစ်ဆေးကို စမ်းသုံးရာကနေ မူးယစ်ဆေးရဲ့ သားကောင်အဖြစ်ကို ရောက်ရှိသွားကြရတာပါ။ လူငယ်ဆိုတာက စူးစမ်းချင်ကြတယ် စမ်းသပ်ကြည့်လို့ကြတယ်လေ။ ဒါ့အပြင် လူငယ်တွေကို အဓိကပစ်မှတ်အဖြစ်ထားပြီး မူးယစ်ဆေးတွေကို ဖြန့်ဝေနေကြပုံရပါတယ်။ နိုင်ငံရေးလှည့်ကွက်လား...ဒါမှမဟုတ် ဝိသမလောဘသား စီးပွားရေးသမားတွေရဲ့ လက်ချက်တွေလား... ဒါမှမဟုတ် တိုင်းပြည်ကို အနာဂတ်ပျောက်စေလိုတာလား...ဒီလောက် မူးယစ်ဆေးပေါများနေချိန်မှာ သက်ဆိုင်ရာ အာဏာပိုင်တွေက မဖမ်းကြဘူးလားဟု မေးစရာရှိလာပါတယ်။ ဖမ်းကြပါတယ်။ ဘယ်လိုဖမ်းကြပါသလဲ... လက်ခွဲအဖြစ် နည်းနည်းပါးပါးရောင်းတဲ့လူကိုသာ ဖမ်းပြီး တကယ့် အရင်းအမြစ်ကိုတော့ လွှတ်ထားကြတာပါ။ ဟိုတစ်လောက ရန်ကုန်မှာ ထွက်တဲ့ ကြေညာချက်လိုပေါ့ .. စီးကရက်ကို တစ်လိပ်ချင်းရောင်းရင် ဖမ်းမယ်ဆိုတာမျိုးလေ။ ကျွန်တော် လက်လွှတ်စပယ်ပြောတာမဟုတ်ပါဘူး ကျင်းပနေဆဲဖြစ်တဲ့ လွှတ်တော်အတွင်းမှာကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပြောခဲ့တဲ့ စကားလေးပါ "အာဏာပိုင်တွေက မူးယစ်ဆေးဝါးရောင်းဝယ်သူတွေကို မဖမ်းပဲ မူးယစ်ဆေးဝါး သုံးစွဲသူတွေကိုသာ ဖမ်းဆီးကြတယ်" ဆိုပြီး ပြောခဲ့တာပါ။  ဒေသတွင်း အာဏာပိုင်တစ်ချို့ကတော့ သူတို့မှာ သတင်းပေးတဲ့ လူရှိမှ ဖမ်းလို့ရတာ.. သတင်းပေးတဲ့လူတွေက သတင်းမပေးကြတော့ ဖမ်းလို့ မရပါဘူး.. ဒီတော့ မူးယစ်ဆေးဝါးကို နှိမ်နင်းဖို့ရာ ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှု အများကြီး လိုအပ်ပါတယ် လို့ ပြောပါတယ်။ ပြည်သူလူထုဆိုတာကလည်း ဖြတ်သန်းလာခဲ့ရတဲ့ ခေတ်စနစ်ရဲ့ အတွေ့အကြုံအရ ရဲစခန်းတို့၊ တရားရုံးတို့ဆိုတာနဲ့ မပတ်ချင်ကြတာ အမှန်ပါ။ တကယ်တမ်းက ရဲစခန်းဆိုတာ ပြည်သူတွေကို အကူအညီပေးတဲ့နေရာ၊ တရားရုံးဆိုတာက ပြည်သူတွေရဲ့ အခက်အခဲနဲ့ မတရားမှုတွေကို ဖြေရှင်းပေးတဲ့နေရာပါ။ ဒီလိုနေရာတွေကို ကျွန်တော်တို့ ပြည်သူတွေ မသွားချင် မရောက်ချင်ကြတာ ဘာကြောင့်လဲဆိုတာ လူတိုင်းသိကြပါတယ်။ တကယ်အစစ်အမှန်က အားထားရာ၊ အခက်အခဲတွေကို ဖြေရှင်းပေးတဲ့နေရာ မဟုတ်ပဲ ငွေများတရားနိုင်၊ ပုဒ်မလေး ပေးမှ လုပ်တွေဖြစ်နေလို့ပါပဲ။ ပြည်သူတွေ မယုံကြည်တဲ့ အခြေအနေကနေ ယုံကြည်တဲ့ အခြေအနေရောက်အောင် မကြိုးစားကြတာလည်း ပါမယ်လို့ ထင်ပါတယ်။ ပြည်သူအများစုကလည်း ဆင်းရဲတွင်းနက်နေကြတဲ့လူတွေပါ .. စားဝတ်နေရေးအတွက် မိသားစု ငါးယောက်ရှိရင် ငါးယောက်လုံး ကုန်းရုန်းလုပ်နေရတဲ့ အခြေအနေမှာ ဘယ်လိုလုပ်ပြီး သူများကိစ္စတွေကို ဝင်ပါနိုင်ကြပါ့မလဲ...။ တကယ်တမ်းပြောရရင် ဒေသခံ အာဏာပိုင်တွေက သတင်းပေးတွေကို ခန့်ထားကြပါတယ်။ အင်ဖော်မာတွေ ပေါမှပေါပါပဲ။ ရှုပ်ယှက်ကိုခတ်နေတာပါ။ ရဲအင်ဖော်မာ၊ စီအိုင်အေအင်ဖော်မာ၊ စရဖအင်ဖော်မာ.. ဘာတွေမှန်းကို မသိအောင်ပါပဲ..။ ခက်တာက အင်ဖော်မာဆိုတဲ့ လူတွေကလည်း သတင်းပေးမဟုတ်တော့ပဲ ပိုက်ဆံတောင်းနေကြတာမို့ ခံပေဦးတော့ ပြည်သူတွေပေါ့။ ဟော.. အခုတော့ ဒီမိုကရေစီနိုင်ငံတော်ကြီးကို ချီတက်နေတဲ့ အစိုးရသစ်ကြီးမို့ မူးယစ်ဆေးဝါးပပျောက်ရေးကို ပြည်သူတွေပါဝင်တဲ့ ပါတီတွေ အဖွဲ့အစည်းတွေက ပူးပေါင်းပါဝင်ပြီး မူးယစ်ဆေးဝါးပပျောက်ရေး အသိပညာပေးဟောပြောပွဲတွေကို ပူးပေါင်းဆောင်ရွက်ကြမယ် ဆိုပြန်တော့လည်း သူတို့မှာ အစီအစဉ်ရှိပြီးသားပါ.. မကြာခင်အချိန်မှာ ဆောင်ရွက်တော့မှာပါ...ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ မူးယစ်ဆေးဝါးကိစ္စကို အချိန်ဆွဲနေတုန်းပါပဲ..။ ကျွန်တော်တို့ ကျောင်းသားဘဝတုန်းက ဘော့လုံးကစားကြတယ်.. ပြိုင်ပွဲတစ်ပွဲမှာ ကျွန်တော်တို့ အသင်းဘက်က ကစားသမားတစ်ယောက် တစ်ဖက်အသင်းက အဝင်ကြမ်းလို့ ခြေကျိုးသွားတယ်ခင်ဗျ.. ခြေတစ်ချောင်းလုံး ကျိုးသွားခဲ့တာတောင် ဒိုင်လူကြီးက အဝင်ကြမ်းတဲ့ တစ်ဖက်အသင်းကစားသမားကို အဝါကတ်ပဲပြတယ်..ဒီတော့ ကျွန်တော်တို့ အသင်းက အသင်းခေါင်းဆောင်ပြောလိုက်တဲ့ စကားလေးကို အခုအထိ မှတ်မိနေတုန်းပါပဲ.. 

" ဒိုင်လူကြီးရယ် ခြေတစ်ချောင်းလုံးကျိုးအောင် အဖျက်ခံရတာတောင် အဝါကတ်ဆိုတော့.... ကစားသမားသေမှ အနီကတ်ပြမယ်ထင်ပါရဲ့.." လို့ပြောလိုက်မိလို့ ဒိုင်လူကြီးက အသင်းခေါင်းဆောင်ကို အနီကတ်ပြ ထုတ်ပယ်ခဲ့ပါတယ်။ အခုလည်း ဘောလုံးပွဲက ဖြစ်ရပ်လိုများ ဖြစ်နေမလားပဲ။ မူးယစ်ဆေးဝါးပပျောက်ရေးအတွက် အသိပညာပေးဟောပြောပွဲတွေကို ပူးပေါင်းဆောင်ရွက်ပါမယ်ဆိုတဲ့ ပါတီတွေ အဖွဲ့အစည်းတွေကို အစီအစဉ်ရှိပါတယ်ဆိုတဲ့ အဝါကတ်ပြပြီး သတိပေးထားချိန်မှာ လူငယ်တွေ မူးယစ်ဆေးကြောင့် ဘဝဆုံး အသက်တွေဆုံးတဲ့ အချိန်မှ အစီအစဉ်က စမှာလားလို့ ရေးမိတဲ့ ကျွန်တော့်ကိုများ ဒေသဆိုင်ရာ အာဏာပိုင်တွေက ကျောင်းတုန်းက ဘော့လုံးဒိုင်လူကြီးလို အနီကတ်ပြားပြပြီး ကလောင်သွေးခွင့် မပေးပဲ ထုတ်ပယ်လေးမလားလို့ အတွေးပွားနေမိပါတယ်။  

မော်လူး ကိုဖြတ်သည့် ဗျူဟာလမ်း သဲခင်းပြန်ပြီ

ဝန်ကြီးချုပ် ဦးသာအေး မှ မော်လူးခရီးစဉ်တွင်

လမ်းကို  ကတ္တရာလမ်း  ခင်းပေးမည် ဟု  ပြောကြားသွားပါသည်

သို့သော်ယခု  မည်သို့ လုပ်လိုက်သည် မသိပါ


သဲပုံများ  ရောက်ရှိနေပါပြီ

မော်လူးသား  မိုးရွာလျှင် ရေနစ်၍ နေပူလျှင် ဖုန်ရှူ ရပါတော့မည်

ဘယ်သူ့ကိုပြောရမည် မသိတော့ပါ
သိလျှင် ပြောရမည့်နေရာကို comment box မှာ ရေးထားပေးပါ


Tuesday, October 8, 2013

မော်လူး သူ မော်လူး သား များ အတွက် မော်လူး ဒေသ အလှတရားများ

ဖုန်ကုန်းစေတီတော်၊ စိမ်းမြမြစပါးခင်း၊ ဖြူလွှလွှတိမ်တိုက်၊ ပြာလဲ့လဲ့ တောင်တန်း




သမိုင်းဝင် ဒီပင်္ကရာ စေတီတော်မြတ်ကြီးအား အဝေးမှ ဖူးတွေ့ရစဉ်










လယ်စောင့်တဲ့လေး ခြေတံရှည် မိုးအောက်ထက်မှာနေ

ကင်မရာ EFFECT ထည့်ပြီး ရိုက်ထားတာပါ.. စေတီနှစ်ဆူကို ဖူးတွေ့ရစဉ် ( ဒီပင်္ကရာနှင့် ဖုန်ကုန်းစေတီ)

ဒါလည်း ကင်မရာထဲက function တစ်ခုကို စမ်းကြည့်ထားတာပါ...

မော်လူးရဲ့ အရှေ့ဘက်က တောင်တန်းပြာကြီးက လွမ်းမောဖွယ်....

 

အေးငြိမ်းရာသို့........

 

 

 

 

 

 




အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)သို့ အာဟာရဒါနနှင့် စာရေးကိရိယာများ လှူဒါန်း




အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)သို့ အာဟာရဒါနနှင့် စာရေးကိရိယာများ လှူဒါန်း

မော်လူး၊ အောက်တိုဘာ ၈

 

စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊ ပုန်းဟုန်အုပ်စု၊ ပုန်းဟုန်ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)သို့ အာဟာရဒါနနှင့် စာရေးကိရိယာများ ပေးအပ်လှူဒါန်းပွဲကို အောက်တိုဘာလ ၇ ရက်နေ့ နံနက် ၁၀ နာရီက ပုန်းဟုန်ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)တွင် ကျင်းပခဲ့ကြောင်း သိရသည်။


အဆိုပါ အာဟာရဒါနနှင့် စာရေးကိရိယာ အလှူရှင်များမှာ မော်လူးဒေသ၊ အုန်းဒုတ်ကျေးရွာမှ ဦးထွန်းအောင်+ ဒေါ်ခင်အုန်း မိသားစု ဖြစ်ပြီး၊ ကျောင်းသား/သူ  ၄၀၀ ကျော်အား ခေါက်ဆွဲ အာဟာရဒါများ ကျွေးမွေးခဲ့ပြီး၊ မူလတန်းအဆင့် ကျောင်းသား/သူ ၁၈၀ ကျော်အတွက် စာရေးကိရိယာများ ပေးအပ်လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ အဆိုပါ အာဟာရဒါနနှင့် စာရေးကိရိယာများ ပေးအပ်လှူဒါန်းပွဲသို့ ပုန်းဟုန်းကျေးရွာ အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ၊ ကျောင်းအကျိုးတော်ဆောင်ကော်မတီဝင်များ၊ အလှူရှင်မိသားစုဝင်များ၊ ကျောင်းအုပ်ဆရာမကြီး၊ ဆရာ/မများနှင့် ကျောင်းသူကျောင်းသားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ အလှူရှင်မိသားစုမှ ကျောင်းသား/သူများအား အာဟာရဒါနတိုက်ကျွေးပြီး၊ စာရေးကိရိယာများပေးအပ်လှူဒါန်းရာ ဆရာ/မများနှင့် ကျောင်းသား/သူများမှ လက်ခံရယူခြ့သည်။ ထို့နောက် ကျောင်းအကျိုးတော်ဆောင် ကော်မတီ ဥက္ကဋ္ဌမှ အလှူရှင်မိသားစုအား ကျေးဇူးတင် မှတ်တမ်းလွှာပြန်လည်ပေးအပ်ပြီး ပုန်းဟုန်ကျေးရွာ အုပ်ချုပ်ရေးမှူးမှ ကျေးဇူးတင်စကား ပြောကြားကာ အခမ်းအနားအစီအစဉ်များ နေ့လည် ၁၂ နာရီတွင်ပြီးဆုံးခဲ့ကြောင်း သတင်းရရှိသည်။

CYCLONE








Monday, October 7, 2013

မော်လူး သတင်းကို offline line ဖတ်လို့ရတဲ့ apk ထွက်ပြီ

မော်လူး သတင်း တွေကို (ဥပမာ- သစ်ထူးလွင်ဆိုဒ်ကဲ့သို့)

အင်တာနက် လိုင်း ကို ပိတ်ထားလျှင်လည်း ပြန်လည် ဖတ်နိုင်ပြီ

အလိုရှိသူများ   ဒီမှာနှိပ်ပြီး     ဒေါင်းနိုင်ပါသည်

offline mawlunews apk ဖန်တီးပေးသော
ထိုငိးနိုင်ငံရောက် မော်လူးသား တစ်ဦးအား
အထူးပင်ကျေးဇူးတင်ပါသည်

 

Saturday, October 5, 2013

မော်လူး သတင်းများ

အိမ်သုံးလျှပ်စစ်မီတာ၊စက်မှုလုပ်ငန်းသုံး ပါဝါမီတာ၊ ထရန်စဖော်မာ မိန်းမီတာပြ ဂဏန်းများ အတည်ပြုချက် လက်မှတ်ထိုး မှတ်တမ်းများ လိုက်လံရယူ ဆောင်ရွက်ခြင်း

မော်လူး၊ အောက်တိုဘာ ၅

@@@@@@@@@@@@@@@@@@@@@@@@@

စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသတွင်းရှိ လျှပ်စစ်မီတာ ပိုင်ရှင်များအား လျှပ်စစ်ဝန်ထမ်းများမှ အတည်ပြုချက်လက်မှတ်ထိုး မှတ်တမ်းများ လိုက်လံရယူဆောင်ရွက်ခြင်းများကို ပြုလုပ်လျှက်ရှိကြောင်း သိရသည်။

" အောက်တိုဘာလကစပြီး လျှပ်စစ်မီတာ ဝန်ဆောင်ခတွေကို ကျပ် ၁၀၀၀ ကနေ ကျပ် ၅၀၀ ကို လျှော့ချကောက်ခံတော့မှာမို့ လျှပ်စစ်မီတာ သုံးစွဲသူတွေ သိရှိစေဖို့အတွက် အတည်ပြုချက် လက်မှတ်ထိုး မှတ်တမ်းများ လိုက်လံ ရယူနေတာပါ။ အိမ်သုံးလျှပ်စစ်မီတာပိုင်ရှင်တွေဆီကို လျှပ်စစ်ဝန်ထမ်းအဖွဲ့ ၅ ဖွဲ့ ခွဲပြီးကောက်ခံနေပါတယ်။ စက်မှုလုပ်ငန်းသုံး ပါဝါမီတာ ပိုင်ရှင်တွေကိုတော့ မြို့နယ်လျှပ်စစ်မှူးကိုယ်တိုင် အသိပေး လက်မှတ်ရေးထိုးခိုင်းပြီး၊ ထရန်စဖော် မိန်းမီတာပြ ယူနစ်ဂဏန်းတွေကိုလည်း မှန်ကန်ကြောင်းနှင့် သိရှိကြောင်းကို မီးလင်းရေးကော်မတီများကို အသိပေးပြီး အတည်ပြုလက်မှတ်ထိုး မှတ်တမ်းကို မြို့နယ်လျှပ်စစ်မှူးကပဲ ရယူခဲ့ပါတယ်။"ဟု မော်လူး မြို့နယ် လျှပ်စစ်မှူး ဦးမောင်မောင်ငြိမ်းမှ ပြောပြသည်။

မော်လူးဒေသတွင် ၂၄ နာရီ လျှပ်စစ်မီး ရရှိသည်မှာ၁၇နှစ်ခန့်ရှိခဲ့ပြီဖြစ်ပြီး လျှပ်စစ်မီးရရှိရေးအတွက် ဒေသခံများမှကိုယ်ထူကိုယ်ထဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဒေသတွင်းတွင် လျှပ်စစ်မီတာ အလုံးရေ (၄၀၀၀)ကျော်ရှိကြောင်း သိရသည်။

K.M.S 

 

 

 မော်လူး မီးရထားဘူတာမှ ဝန်ထမ်းများဦးဆောင်၍ စုပေါင်းကထိန်ခင်းမည်
မော်လူး၊ အောက်တိုဘာ ၅
@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်တော်မြို့နယ်၊ မော်လူးဒေသတွင် မော်လူး မီးရထားဘူတာမှ ဝန်ထမ်းများမှ ဦးဆောင်၍ ဈေးသည်များ၊ခရီးသွားပြည်သူများ ပါဝင်လှူဒါန်းမှုများဖြင့် တန်ဆောင်မုန်း လဆန်း ၂ ရက်နေ့တွင် မော်လူး မူလတောရကျောင်းတွင် စုပေါင်းဘုံကထိန်ခင်းမည်ဖြစ်ကြောင်း သိရသည်။
မော်လူး မီးရထားဘူတာမှ ဝန်ထမ်းများ ဦးဆောင်၍ ကထိန်ခင်းသည်မှာ ယခုနှစ်တွင် ဒုတိယအကြိမ်ဖြစ်ကြောင်း၊ ပထမအကြိမ်အဖြစ် မော်လူးဒေသ သုဿာန်ကျောင်းတွင် စုပေါင်းဘုံ ကထိန်ခင်းနိုင်ခဲ့ကြောင်း၊ ယခုနှစ်တွင် ဒုတိယအကြိမ်အဖြစ် မော်လူး မူလတောရကျောင်းတွင် စုပေါင်း ဘုံကထိန်ခင်းမည်ဖြစ်၍ အလှူရှင်များ တတ်အားသရွေ့ ပါဝင်လှူဒါန်းနိုင်ကြပါကြောင်း သတင်းရရှိသည်။

K.M.S

 

 

 

 

တံတား အမှတ် ၆/၁၆၁ အမြန်ပြုပြင်ပေးစေလို

မော်လူး၊ အောက်တိုဘာ ၅

@@@@@@@@@@@@@@@@@@@@@@@@

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မော်လူးကို ဖြတ်သန်းသွားသည့် ရွှေဘို - မြစ်ကြီးနား မော်တော်ကားလမ်းမကြီးပေါ်ရှိ တံတားအမှတ် ၆/၁၆၁မှာ ပျက်စီးယိုယွင်းလျှက်ရှိပြီး ပြင်ဆင်ရန်လိုအပ်နေကြောင်း သိရသည်။


မော်လူးဒေသကို ဖြတ်သန်းသွားသည့် ရွှေဘို-မြစ်ကြီးနား မော်တော်ကားလမ်းမကြီးသည် မန္တလေး၊ ရွှေဘိုစသည့် မြန်မာနိုင်ငံ အလယ်ပိုင်း မြို့ကြီးများမှတစ်ဆင့် အထက်မြန်မာပြည် ကချင်ပြည်နယ် မြို့ကြီးများသို့ ကုန်စည် စီးဆင်းရန်အတွက် အရေးပါလှသည့် လမ်းမကြီးတစ်ခုဖြစ်သည်။ မြန်မာနိုင်ငံအထက်ပိုင်းသို့ ကုန်းလမ်းပိုင်း ပို့ဆောင်ဆက်သွယ်ရေး လုပ်ငန်းဆောင်ရွက်ရာတွင် မီးရထားလမ်းနှင့် မော်တော်ကားလမ်းမှာ အဓိက အရေးပါကြောင်း၊ အထူးသဖြင့် မော်တော်ကားလမ်းပိုင်းများ၏ တံတားများ အထူးကြံ့ခိုင်မှုရှိရန် လိုအပ်ကြောင်း ယခု အင်းတော် - နန့်စီးအောင် လမ်းပိုင်းမှာ ပျက်စီးယိုယွင်းလျှက်ရှိပြီး တံတားကြီးနှင့် တံတားငယ်များမှာလည်း ကြံ့ခိုင်မှု အားနည်းလျှက်ရှိကြောင်း၊ အချိန်မီပြုပြင်ပေးစေလိုကြောင်း၊ တံတားအမှတ် ၆/၁၆၁ မှာ တံတားကြမ်းခင်းပျက်စီးလျှက်ရှိသောကြောင့် မော်တော်ယာဉ်များအတွက် ဖြတ်သန်းသွားလာရာတွင် အန္တရာယ်ရှိကြောင်း အဆိုပါ တံတားဘေးတွင် ကွင်းလမ်းအဖြစ် ဖောက်လုပ်ထားသည့် တံတားငယ်တစ်စင်းရှိသော်လည်း အပြီးသတ်ဆောင်ရွက်ခြင်း မရှိသဖြင့် မော်တော်ယာဉ်မောင်းများ၊ ခရီးသွားပြည်သူများ၊ကျောင်းသား/သူများနှင့် ဒေသခံများအတွက် သွားလာရေးတွင် အခက်အခဲများနှင့်တွေ့ကြုံနေရကြောင်း၊ သို့ပါ၍ အဆိုပါ တံတားမှာ ကြံ့ခိုင်မှု မရှိသည့်အတွက် သတိပေးဆိုင်းဘုတ်များ တပ်ဆင်ပြီး ကွင်းလမ်းတံတားကို အမြန်ဆုံး အပြီးသတ်ဆောင်ရွက်ကာ၊ ၆/၁၆၁ တံတားကို ပြန်လည်ပြုပြင်တည်ဆောက်သင့်ကြောင်း တာဝန်သိပြည်သူတစ်ဦးမှ ပြောကြားခဲ့သည်။

CYCLONE

 

Friday, October 4, 2013

အဖိတ်နေ့ ည သူခိုး ပြန်လည် လှုပ် ရှား

မော်လူးသတင်းအဖွဲ့ က ပြောထားသလိုဘဲ ဘယ်သူ့ကိုမှ ပြော မနေနဲ့ အလုပ် ရှုပ်ပါသည် ကိုယ့်ဆိုင်ကို ကိုယ် ကာကွယ်ထားပါ,  လကွယ်ဆိုတော့ .------

Wednesday, October 2, 2013

အာသောကမင်းကြီး တည်ထားကိုးကွယ်ခဲ့သည် သမိုင်းဝင် ဒီပင်္ကကရာ ဘုရားလမ်းမကြီး စုပေါင်းပြုပြင်



အာသောကမင်းကြီး တည်ထားကိုးကွယ်ခဲ့သည် သမိုင်းဝင် ဒီပင်္ကကရာ ဘုရားလမ်းမကြီး စုပေါင်းပြုပြင်

မော်လူး၊ အောက်တိုဘာ ၂

@@@@@@@@@@@@@@@@@@@@@

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မော်လူးဒေသရှိ အသောကမင်းကြီး တည်ထားကိုးကွယ်ခဲ့သည့် သမိုင်းဝင် ဒီပင်္ကရာ ဘုရားသို့ သွားရာ လမ်းမကြီးအား ဒေသခံပြည်သူများမှ စုပေါင်းပြုပြင်နေကြကြောင်း သိရသည်။

သမိုင်းဝင် ဒီပင်္ကရာစေတီတော်ကြီးသည် မော်လူးမှ နှစ်မိုင်ခန့်ဝေးကွာသည့် နေရာတွင်တည်ရှိပြီး၊ ထိုစေတီတော်သို့ သွားရာလမ်းမကြီးမှာ မိုးတွင်းကာလ မိုးရွာသွန်းမှု များပြားခဲ့သဖြင့် ပျက်စီးမှုများ ရှိခဲ့သည်။ အဆိုပါ စေတီတော်မြတ်ကြီးသည် မော်လူးဒေသတွင်း ကိုးတိုက်နယ်ရှိ၊ ကျေးရွာပေါင်း ၄၃ ရွာတို့၏ လှူဒါန်းမှုဖြင့် နှစ်စဉ် အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲနှင့်  ဗုဒ္ဓပူဇနိယပွဲတော်တို့ကို ကျင်းပလာခဲ့သည်မှာ ရာပြည့်နှစ်ရှိခဲ့ပြီဖြစ်ကြောင်း၊ ပွဲတော်ကာလအတွင်း လာရောက်ကြသည့် ဘုရားဖူးလာသူများ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်စွာ သွားလာနိုင်ရေးအတွက် ယိုယွင်းနေသည့် လမ်းမကြီးကို ဒေသခံများက လုပ်အားဒါနပေးလှူကာ ပြုပြင်နေကြခြင်းဖြစ်သည်။ စက်တင်ဘာလကုန်မှ စ၍ အောက်တိုဘာလ နှစ်ရက်နေ့အထိ မော်လူး-အုန်းဒုတ်-မင်းသာရွာများကို ဖြတ်သန်းသွားသည့် ဒီပင်္ကရာဘုရားလမ်းမကြီးအား မင်းသာကျေးရွာ အုပ်ချုပ်ရေးမှူးမှ ဦးဆောင်ကာ ရွာသူရွာသားများက စုပေါင်းပြီး သဲကျောက်များကို ထော်လာဂျီယာဉ်များဖြင့် သယ်ယူကာ ပျက်စီးနေသော လမ်းပိုင်း ပေ ၂၅၀၀ကျော်ကို ပြုပြင်ခဲ့ကြကြောင်း၊ ပြုပြင်ရန် ကျန်ရှိနေသေးသည့် လမ်းပိုင်းကိုလည်း ဒီပင်္ကရာဘုရားပွဲတော် ဖြစ်မြောက်ရေးအဖွဲ့နှင့် ဒေသခံများမှ ပွဲတော်အမှီ ပြုပြင်သွားရန် အစီအစဉ်ရှိကြောင်း သိရသည်။

" ဒီပင်္ကရာစေတီတော်မြတ်ကြီးက နှစ်စဉ်ပွဲတော်ကျင်းပရာ စေတီတစ်ဆူဖြစ်သလို သမိုင်းဝင်စေတီတစ်ဆူလည်း ဖြစ်ပါတယ်။ ဒီလိုစေတီတော်ကြီးကို သွားတဲ့ လမ်းမကြီးဟာ နှစ်စဉ် မိုးတွင်းကာလရောက်တိုင်း ရေလွှမ်းပြီး အမြဲလို ပျက်စီးနေတာပါ။ နှစ်တိုင်းလည်း ပြုပြင်နေရတယ်။ အရင်က ဒီလမ်းမကြီးကို ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ဖို့ နိုင်ငံတော်က ကတ္တရာပုံးတွေချပေးခဲ့ပေမယ့် မလောက်ငှခဲ့လို ပေ ၁၂၀၀ကျော်လောက်ပဲ ခင်းနိုင်ခဲ့တယ်။ နောက်ထပ်လည်း ကတ္တရာထပ်မချပေးတော့ လမ်းက မိုးရာသီရောက်တိုင်း ပျက်လိုက် ပြန်ပြင်လိုက်နဲ့ လုံးချာလည်နေတာပါပဲ။ ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ပေးနိုင်ရင် အကောင်းဆုံးပေါ့။ လိုအပ်တဲ့ ကျောက်တွေကို ဒေသခံတွေက စုပေါင်းပြီး ခွဲပေးခဲ့ကြပေမဲ့... အခုတော့ ပုံထားတဲ့ ကျောက်ပုံတွေက ဘယ်ရောက်ကုန်မှန်းမသိအောင် ဖြစ်နေပါပြီ။ တကယ်လို့ နိုင်ငံတော်က ကတ္တရာပုံးတွေ ချပေးခဲ့မယ်ဆိုရင် ဒေသခံတွေက လိုအပ်တဲ့ ကျောက်တွေကို ပြန်လည် ဖြည့်တင်းသင့်သလို နိုင်ငံတော်က ကတ္တရာပုံးတွေ မချပေးနိုင်ခဲ့ရင်လည်း ဒေသခံတွေက ကိုယ်ထူကိုယ်ထ စုပေါင်းပြီး ကတ္တရာလမ်းမကြီးဖြစ်အောင် ကြိုးစားဆောင်ရွက်သင့်ပါတယ်"ဟု  ဒေသခံတစ်ဦးမှ ပြောကြားခဲ့ကြောင်း သိရသည်။

CYCLONE



Tuesday, October 1, 2013

မော်လူးတွင် တတိယအကြိမ် တန်ဖိုးနည်း GSM ဆင်းကတ်များ မဲစနစ်ဖြင့် ရောင်းချပေး





မော်လူးတွင် တတိယအကြိမ် တန်ဖိုးနည်း GSM ဆင်းကတ်များ မဲစနစ်ဖြင့် ရောင်းချပေး

မော်လူး ၊ အောက်တိုဘာ ၁

@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မော်လူးတွင် တတိယအကြိမ်အဖြစ် တန်ဖိုးနည်း GSM ဆင်းမ်ကတ်များကို မဲစနစ်ဖြင့် ပြည်သူများအား ရောင်းချပေးခြင်းကို အောက်တိုဘာ ၁ ရက် နံနက် ၉ နာရီအချိန်က မော်လူး ၊ ဒဏ္ခိဏာရာမ ဘုရားကြီးကျောင်းတိုက် ဓမ္မရုံတွင် ပွင့်လင်းမြင်သာမှုရှိစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ယခု တတိယအကြိမ်အဖြစ် တန်ဖိုးနည်း GSM ဖုန်း ဆင်းမ်းကတ် ၂၀၀ ကို မော်လူးဒေသမှ ခွဲတမ်းအဖြစ်ရရှိခဲ့ကြောင်း၊ ၄င်းအနက်မှ ဒေသခံဝန်ထမ်းများအား ၆၅ နှုတ်ယူပြီး၊ ကျန်ရှိသည့် ၁၃၅ ကတ်ကို ဒေသခံပြည်သူများသို့ ရောင်းချပေးခဲ့ခြင်းဖြစ်သည်။ ဒေသခံဝန်ထမ်းများအတွက် ခွဲဝေပေးခဲ့သည့် ဖုန်းဆင်မ်းကတ် ၆၅ ကတ်အနက်မှ ကသာခရိုင်မှ ဝန်ထမ်းများအတွက် ၁၀ ကတ် နှုတ်ယူသွားခဲ့ကြောင်း၊ ယခင် ဒုတိယအကြိမ်ကလည်း မော်လူးဒေသအတွက် ခွဲတမ်းအဖြစ်ရရှိသည့် ဖုန်းဆင်းမ်ကတ် ၃၀၀ အနက်မှ ၁၈ ကတ်ကို ခရိုင်နှင့် မြို့နယ် ဝန်ထမ်းများအတွက် နှုတ်ယူသွားခဲ့သေးကြောင်း သိရသည်။ မဲစနစ်ဖြင့် ရောင်းချပေးသည့် ဖုန်းဆင်မ်းကတ်များကို မဲပေါက်သူများသည် မော်လူးဒေသ အုပ်စုအုပ်ချုပ်ရေးမှူး၊ ဖုန်းကော်မတီ နှင့် မြန်မာ့ဆက်သွယ်ရေး တာဝန်ခံများမှထံမှ ထောက်ခံချက်လက်မှတ်ရယူပြီး  အောက်တိုဘာလ ၂ ရက်နေ့တွင် ဖုန်းဆင်းမ်ကတ်များကို တန်ဖိုးငွေ ၁၅၀၀ ကျပ်နှင့် အတူ မော်လူး မြန်မာ့ဆက်သွယ်ရေးရုံးတွင် ထုတ်ယူနိုင်ကြောင်း သတင်းရရှိသည်။

K.M.S


မော်လူး ပညာ့အလင်း ကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်ကြီးးးးပြန်ဖွင့်ပြီကွ.......




မော်လူး ပညာ့အလင်း ခေတ်မီ စာကြည့်တိုက်ကြီး ပြန်လည်ဖွင့်လှစ်ပြီ

မော်လူး ၊ အောက်တိုဘာ ၁

@@@@@@@@@@@@@@@@@@@@@@@@@@@@@@

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မော်လူးဒေသရှိ ပညာ့အလင်း ခေတ်မီ ကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်ကြီးကို ခရိုင် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဋ္ဌာန၏ လမ်းညွှန်မှုဖြင့် မော်လူးအုပ်စု အုပ်ချုပ်ရေးမှူး ဦးဝင်းစိန်မှ ဦးဆောင်ပြီး အောက်တိုဘာ ၁ ရက်နေ့ ညနေ လေးနာရီ အချိန်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါ စာကြည့်တိုက်ဖွင့်ပွဲ အခမ်းအနားသို့ မော်လူးအုပ်စု အုပ်ချုပ်ရေးမှူး ဦးဝင်းစိန်၊ ဒေသဖွံ့ဖြိုးရေး ကော်မတီဝင်များ၊ စာကြည့်တိုက်မှူးနှင့် ဒေသခံစာပေချစ်မြတ်နိုးသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ ဒေသခံ စာပေချစ်မြတ်နိုးသူများသည် ပညာ့အလင်း ခေတ်မီစာကြည့်တိုက်တွင် ရာသက်ပန် အသင်းဝင်ဖြစ်လိုပါ အသင်းဝင်ကြေး ၁၀၀၀ ကျပ်၊ နှစ်စဉ်ကြေး ၅၀၀ ကျပ် ပေးဆောင်ပြီးလျှင်၊ အခမဲ့ ၅ ရက် စာအုပ်စာစောင်များ ငှားခွင့်ပြုမည်ဖြစ်ကြောင်း၊ ရက်လွန်ခဲ့ပါက ၅၀ ကျပ် ပေးဆောင်ရမည်ဖြစ်ကြောင်း၊ အသင်းဝင်ကတ်များ၊ စားအုပ်ငှားရမ်းခွင့်ကတ်များကို ထုတ်ဝေပေးမည်ဖြစ်ကြောင်း၊ စာကြည့်တိုက်ကြီးတွင် သုတ ရသ အစရှိသည့် စာအုပ်စာစောင် ၄၀၀၀ ခန့်ရှိကြောင်း၊ စာအုပ်စာစောင်များကို လှူဒါန်းလိုသူများလည်း လာရောက်လှူဒါန်းနိုင်ကြောင်း၊ စာကြည့်တိုက်ကြီးကို တနင်္လာနေ့မှ သောကြာနေ့အထိ  ညနေ ၄ နာရီမှ ညနေ ၇ နာရီအထိ ဖွင့်လှစ်မည်ဖြစ်ကြောင်း၊ စာပေမြတ်နိုးသူများ စာအုပ်စာပေများကို လာရောက်ဖတ်ရှု့လေ့လာနိုင်သကဲ့သို့ စာအုပ်များကိုလည်း လာရောက်ငှားရမ်းနိုင်ကြောင်းများကို စာကြည့်တိုက်မှူးအဖြစ် တာဝန်ယူထားသည့် ဦးအာကာမြင့်မှ ပြောကြားသည်။

K.M.S


မော်လူးတွင် ၄၉ နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြု

 

 



မော်လူးတွင် ၄၉ နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် သံဃာတော်များအား ဆွမ်း၊ သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း
မော်လူး၊ အောက်တိုဘာ ၁
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မော်လူးနယ်မြေ ရဲတပ်ဖွဲ့ စခန်းမှ ရဲတပ်ဖွဲ့ဝင်မိသားစုများမှ အောက်တိုဘာ ၁ ရက်နေ့တွင် ကျရောက်သည့် ၄၉နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မော်လူးအရှေ့ကျောင်းတိုက်တွင် သံဃာတော်များအား ဆွမ်း၊ သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
မော်လူးနယ်မြေရဲတပ်ဖွဲ့ စခန်းမှ စခန်းမှူး ရဲအုပ် အေးမင်းသိန်းနှင့် ရဲတပ်ဖွဲ့ဝင်မိသားစုများက မော်လူး အရှေ့ကျောင်းတိုက် ဆရာတော်၊ ဒက္ခိဏာရာမ ဘုရားကြီးကျောင်းတိုက် ဆရာတော်၊ ဟဲနုကျောင်းတိုက် ဆရာတော်၊ ဝေဘူဝေဘာတောရကျောင်းတိုက် ဆရာတော်အပါအဝင် သံဃာတော် ၅ ပါးတို့အား ဆွမ်း၊ သင်္ကန်းနှင့် လှူဖွယ်ဝတ္ထု အစုစုတို့ကို ဆက်ကပ်လှူဒါန်းခဲ့ပြီး  သံဃာတော်များထံမှ ပရိတ်တရားတော်များနှင့်အတူ ဒက္ခိဏာရာမ ဘုရားကြီးကျောင်းတိုက်ဆရာတော် ဦးဝါယမထံမှ  နိဗ္ဗာန်ရောက်ကြောင်း တရားတော်များကို နာယူမှတ်သားပြီး အလှူဒါန အစုစုတို့ကို ရေစက်ချအမျှပေးဝေခဲ့ကြောင်း သတင်းရရှိသည်။

CYCLONE