Friday, October 11, 2013

တွေးမိ တွေးရာ ရေးမိ ရေးရာ ( ၄ )


မနေ့က မနက်ပိုင်း ကျွန်တော် သူငယ်ချင်းတစ်ယောက်နဲ့ အတူ လက်ဘက်ရည်ဆိုင်ထိုင်ဖြစ်တယ်။ ကျွန်တော်တို့ လက်ဘက်ရည်သောက်နေတုန်း ကျွန်တော်တို့ရွာက လူတစ်ယောက် ရောက်လာတော့ သူ့ကိုလက်ဘက်ရည်သောက် ခေါ်ရင်း စကားစမြည် ပြောဖြစ်ကြတယ်။ ရပ်အကြောင်း ရွာအကြောင်း ရောက်တတ်ရာရာ စပ်မိစပ်ရာလေးတွေပေါ့။ ဒီလိုပြောနေကြရင်း သူပြောလိုက်တဲ့ စကားတစ်ခွန်းကြောင့် ကျွန်တော်တော်တော်လေး ထိတ်လန့်သွားမိတယ်။ ကျွန်တော်တို့ရွာမှာ မူးယစ်ဆေးစွဲနေတဲ့ လူတွေကို အကြမ်းဖျင်း စာရင်းလုပ်ကြည့်တာ အယောက် ၂၀၀ ကျော်တယ်ဆိုပဲ။ ဘုရား..ဘုရားးဆိုပြီး စိတ်ထဲက ဘုရား တမိတော့တာပါပဲ။ မူးယစ်ဆေးတွေပေါနေတယ် မူးယစ်ဆေးစွဲနေတဲ့ လူတွေများနေတယ်ဆိုပေမယ့် ဒီလောက်အရေအတွက်များလိမ့်မယ်လို့ ကျွန်တော် ထင်မှတ်မထားမိတာတော့ အမှန်ပင်။ ကျွန်တော်နေထိုင်တဲ့ ရွာလေးဟာ အိမ်ခြေ ၂၀၀ မပြည့်ပါဘူး။ ဒါပေမယ့် မူးယစ်ဆေးစွဲနေတဲ့ လူတွေကို စားရင်းကြမ်းပြုစုလိုက်တာ အယောက် ၂၀၀ ကျော်တယ်ဆိုတော့ တစ်အိမ်ကို မူးယစ်ဆေးစွဲနေတဲ့ လူတစ်ယောက်ကျော် ရှိနေတယ်ဆိုတဲ့ သဘောပေါ့။ ကျွန်တော်နေထိုင်တဲ့ မော်လူးဒေသမှာ အုပ်စုပေါင်းကိုးအုပ်စု ကျေးရွာပေါင်း (၄၃)ရွာဆိုတော့ မူးယစ်ဆေးဝါးစွဲနေတဲ့ လူအရေအတွက်က မတွေးဝံ့စရာပါပဲ။ မူးယစ်ဆေးစွဲနေတဲ့ လူအများစုကလည်း လူငယ်တွေဆိုပဲ။ လူငယ်တွေဆိုတာ တိုင်းပြည်ရဲ့ အနာဂတ်ခေါင်းဆောင်တွေလေ။ တိုင်းပြည်ခေါင်းဆောင်ဆိုတာက နည်းနည်း မြင့်လွန်းတယ်.. ရွာရဲ့ တိုးတက်ရေးကို အနာဂတ်မှာ ဦးဆောင်ကြရမယ့် ခေါင်းဆောင်တွေပါ။ ဒီလိုအနာဂတ်ရဲ့ ခေါင်းဆောင်တွေက မူးယစ်ဆေးရဲ့ သားကောင်တွေဖြစ်နေတယ်ဆိုတော့ ဒီရွာရဲ့ တိုးတက်ရေး ဘယ်လိုရှိလိမ့်မယ်ဆိုတာ ပြေးကြည့်စရာ မလို တွေးကြည့်ရုံနဲ့တင် ဘယ်လိုမှ မကောင်းနိုင်..။ ကျွန်တော် ငယ်ငယ်က အတိအကျပြောရရင် ၁၉၈၈ အရေးအခင်းပြီးတဲ့နောက်ပိုင်း ကျွန်တော်တို့ဒေသမှာ မူးယစ်ဆေးတွေ ပေါများပြီး လူငယ်တော်တော်များများဟာ မူးယစ်ဆေးဝါးကြောင့် ဘဝတွေပျက် ဘဝတွေဆုံးသွားခဲ့ကြရတာ နည်းမှမနည်း..။ ဒီလိုနဲ့ မူးယစ်ဆေးတွေ နည်းပါးလာပြီး လူငယ်တွေ အညွှန့်တလူလူနဲ့ ဖြစ်လာချိန်မှာ အခုတစ်ဖန် စစ်အစိုးရကနေ ဒီမိုကရေစီ အစိုးရသစ်ကို ပြောင်းလဲလာချိန်မှာ မူးယစ်ဆေးတွေ ပြန်လည် ပေါများလာပြီး လူငယ်တွေ မူးယစ်ဆေးရဲ့ သားကောင်တွေဖြစ်နေကြရတာ မြင်ရသိရပြန်တော့ သမိုင်းဘီး တစ်ပတ်လှည်ခြင်းလေလားဆိုပြီး တွေးမိပါတယ်။ ကျွန်တော်တို့တွေနဲ့ တန်းတူ အရွယ်တွေကတော့ ငယ်ငယ်က ကျွန်တော်တို့ မျက်စိရှေ့တွေမှာ မူးယစ်ဆေးဝါးရဲ့ သားကောင်တွေ လမ်းဘေး ၊လူမနေတဲ့ အဆောက်အဦးဘေးမှာတွေ ရှော့ခ်ဖြစ်ပြီး ခွေးသေဝက်သေ  သေကြတာတွေ... လက်မောင်းမှာ ဆေးထိုးအပ်ရာ ဗရပွနဲ့ ပိန်ခြောက်ကပ်ဖြစ်ပြီး ချိနဲ့နေကြတဲ့ ဆေးစွဲသူတွေကို မြင်ခဲ့တွေ့ခဲ့ကြရတာမို့ တော်တော်လေး တုန်လှုပ်မိသလို ကြောက်လည်း ကြောက်ရွံ့မိတာ အမှန်ပါ။ အခုနောက်ပိုင်းလူငယ်တွေကတော့ ကျွန်တော်တို့မြင်တွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေကို မတွေ့ကြုံခဲ့ရတော့ မကြောက်ရွံ့ကြလို့လားလို့လည်း တွေးမိပါတယ်။
ကျွန်တော်တို့ဒေသမှာ ၁၉၉၄ ခုနှစ်နောက်ပိုင်းမှာ မူးယစ်ဆေးတွေ ပပျောက်သလောက်ဖြစ်သွားခဲ့ပါတယ်။ နောက်တော့ ၂၀၀၀ ခုနှစ်နောက်ပိုင်း တန်မလန်းခေါ်တဲ့ သစ်မာတွေ တရုတ်ပြည်ကိုမှောင်ခိုထုတ်တဲ့ လုပ်ငန်းဖြစ်လာတော့ အရင်ဆုံး ဘာတွေဝင်လာလဲ ဆိုတော့ ဘိန်းမည်းတွေ စဝင်လာပါတော့..။ တန်မလန်းလာဝယ်တဲ့ လူမျိုးခြားတွေဆီမှာ (ဒေသအခေါ်လောပန်း) ဘိန်းတွေပါလာကြတယ်..။ ဒေသခံတွေအလုပ်သမားတွေကို ဘိန်းကျွေးတယ်ပေါ့ ။ တန်မလန်းသစ်တွေ ကုန်သလောက်ဖြစ်သွားချိန်မှာ ဒေသခံ တော်တော်များများ ဘိန်းစွဲကျန်ရစ်ကြလေရဲ့...။ ဘိန်းမည်းကလည်း မူးယစ်ဆေးဆိုပေမယ့် ဘိန်းဖြူတို့ စိတ်ကြွဆေးပြားတို့လောက် မဆိုးဘူးလို့ ဆိုရလိမ့်မယ်... ဒါပေမယ့် ဘိန်းကလည်း မူးယစ်ဆေးပါပဲ..။ ဘိန်းမည်း ဘယ်လောက်အထိ လွှမ်းမိုးလာသလဲဆိုတော့ စုပေါင်းပြီး စပါးပျိုးပင်တွေ နှုတ်ကြတဲ့ ပျိုးနှုတ်ပွဲ၊ စပါးတွေကို သန့်စင်အောင် စုပေါင်းပြီးပြုလုပ်ကြတဲ့ စပါးယပ်ပွဲတွေမှာ ဘိန်းမည်းဟာ တည်ခင်းဧည့်ခံစရာ ရေနွေးကြမ်းနဲ့ ထန်းလျက်လိုပဲ ဖြစ်လာပါတယ်။ ဘိန်းမည်းပေါများရာကနေ ၂၀၀၈/၀၉ လောက်ရောက်တော့ ဘိန်းဖြူတွေ အစားထိုးဝင်ရောက်လာပါတော့တယ်။ ဘိန်းမည်းက ဈေးများပြီး ရှားပါးတာမို့ ဈေးပေါပြီး ပိုမိုထိရောက်တဲ့ ဘိန်းဖြူကို သုံးစွဲလာကြတော့တာပေါ့။ မည်မျှအထိပေါများလေသလဲဟု ဆိုရာတွင် လက်ဘက်ရည်တစ်ခွက် ၁၅၀ ကျပ် ပေးသောက်နေရချိန်မှာ ဘိန်းဖြူက ၂၀၀ ကျပ်ဖိုးဝယ်လည်း ရတဲ့ အခြေအနေပါ။ များများဝယ်ရင် အိမ်အရောက် ပို့ပေးတဲ့ ဝန်ဆောင်မှုမျိုးတွေပါ ဖြစ်လာကြတာပါ။ လက်ထဲမှာ ငွေနှစ်ရာလောက်ရှိရုံနဲ့ မူးယစ်ဆေးသုံးလို့ ရနေတဲ့ အခြေအနေမျိုးမှာ လူငယ်တွေ မူးယစ်ဆေးကို စမ်းသုံးရာကနေ မူးယစ်ဆေးရဲ့ သားကောင်အဖြစ်ကို ရောက်ရှိသွားကြရတာပါ။ လူငယ်ဆိုတာက စူးစမ်းချင်ကြတယ် စမ်းသပ်ကြည့်လို့ကြတယ်လေ။ ဒါ့အပြင် လူငယ်တွေကို အဓိကပစ်မှတ်အဖြစ်ထားပြီး မူးယစ်ဆေးတွေကို ဖြန့်ဝေနေကြပုံရပါတယ်။ နိုင်ငံရေးလှည့်ကွက်လား...ဒါမှမဟုတ် ဝိသမလောဘသား စီးပွားရေးသမားတွေရဲ့ လက်ချက်တွေလား... ဒါမှမဟုတ် တိုင်းပြည်ကို အနာဂတ်ပျောက်စေလိုတာလား...ဒီလောက် မူးယစ်ဆေးပေါများနေချိန်မှာ သက်ဆိုင်ရာ အာဏာပိုင်တွေက မဖမ်းကြဘူးလားဟု မေးစရာရှိလာပါတယ်။ ဖမ်းကြပါတယ်။ ဘယ်လိုဖမ်းကြပါသလဲ... လက်ခွဲအဖြစ် နည်းနည်းပါးပါးရောင်းတဲ့လူကိုသာ ဖမ်းပြီး တကယ့် အရင်းအမြစ်ကိုတော့ လွှတ်ထားကြတာပါ။ ဟိုတစ်လောက ရန်ကုန်မှာ ထွက်တဲ့ ကြေညာချက်လိုပေါ့ .. စီးကရက်ကို တစ်လိပ်ချင်းရောင်းရင် ဖမ်းမယ်ဆိုတာမျိုးလေ။ ကျွန်တော် လက်လွှတ်စပယ်ပြောတာမဟုတ်ပါဘူး ကျင်းပနေဆဲဖြစ်တဲ့ လွှတ်တော်အတွင်းမှာကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပြောခဲ့တဲ့ စကားလေးပါ "အာဏာပိုင်တွေက မူးယစ်ဆေးဝါးရောင်းဝယ်သူတွေကို မဖမ်းပဲ မူးယစ်ဆေးဝါး သုံးစွဲသူတွေကိုသာ ဖမ်းဆီးကြတယ်" ဆိုပြီး ပြောခဲ့တာပါ။  ဒေသတွင်း အာဏာပိုင်တစ်ချို့ကတော့ သူတို့မှာ သတင်းပေးတဲ့ လူရှိမှ ဖမ်းလို့ရတာ.. သတင်းပေးတဲ့လူတွေက သတင်းမပေးကြတော့ ဖမ်းလို့ မရပါဘူး.. ဒီတော့ မူးယစ်ဆေးဝါးကို နှိမ်နင်းဖို့ရာ ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှု အများကြီး လိုအပ်ပါတယ် လို့ ပြောပါတယ်။ ပြည်သူလူထုဆိုတာကလည်း ဖြတ်သန်းလာခဲ့ရတဲ့ ခေတ်စနစ်ရဲ့ အတွေ့အကြုံအရ ရဲစခန်းတို့၊ တရားရုံးတို့ဆိုတာနဲ့ မပတ်ချင်ကြတာ အမှန်ပါ။ တကယ်တမ်းက ရဲစခန်းဆိုတာ ပြည်သူတွေကို အကူအညီပေးတဲ့နေရာ၊ တရားရုံးဆိုတာက ပြည်သူတွေရဲ့ အခက်အခဲနဲ့ မတရားမှုတွေကို ဖြေရှင်းပေးတဲ့နေရာပါ။ ဒီလိုနေရာတွေကို ကျွန်တော်တို့ ပြည်သူတွေ မသွားချင် မရောက်ချင်ကြတာ ဘာကြောင့်လဲဆိုတာ လူတိုင်းသိကြပါတယ်။ တကယ်အစစ်အမှန်က အားထားရာ၊ အခက်အခဲတွေကို ဖြေရှင်းပေးတဲ့နေရာ မဟုတ်ပဲ ငွေများတရားနိုင်၊ ပုဒ်မလေး ပေးမှ လုပ်တွေဖြစ်နေလို့ပါပဲ။ ပြည်သူတွေ မယုံကြည်တဲ့ အခြေအနေကနေ ယုံကြည်တဲ့ အခြေအနေရောက်အောင် မကြိုးစားကြတာလည်း ပါမယ်လို့ ထင်ပါတယ်။ ပြည်သူအများစုကလည်း ဆင်းရဲတွင်းနက်နေကြတဲ့လူတွေပါ .. စားဝတ်နေရေးအတွက် မိသားစု ငါးယောက်ရှိရင် ငါးယောက်လုံး ကုန်းရုန်းလုပ်နေရတဲ့ အခြေအနေမှာ ဘယ်လိုလုပ်ပြီး သူများကိစ္စတွေကို ဝင်ပါနိုင်ကြပါ့မလဲ...။ တကယ်တမ်းပြောရရင် ဒေသခံ အာဏာပိုင်တွေက သတင်းပေးတွေကို ခန့်ထားကြပါတယ်။ အင်ဖော်မာတွေ ပေါမှပေါပါပဲ။ ရှုပ်ယှက်ကိုခတ်နေတာပါ။ ရဲအင်ဖော်မာ၊ စီအိုင်အေအင်ဖော်မာ၊ စရဖအင်ဖော်မာ.. ဘာတွေမှန်းကို မသိအောင်ပါပဲ..။ ခက်တာက အင်ဖော်မာဆိုတဲ့ လူတွေကလည်း သတင်းပေးမဟုတ်တော့ပဲ ပိုက်ဆံတောင်းနေကြတာမို့ ခံပေဦးတော့ ပြည်သူတွေပေါ့။ ဟော.. အခုတော့ ဒီမိုကရေစီနိုင်ငံတော်ကြီးကို ချီတက်နေတဲ့ အစိုးရသစ်ကြီးမို့ မူးယစ်ဆေးဝါးပပျောက်ရေးကို ပြည်သူတွေပါဝင်တဲ့ ပါတီတွေ အဖွဲ့အစည်းတွေက ပူးပေါင်းပါဝင်ပြီး မူးယစ်ဆေးဝါးပပျောက်ရေး အသိပညာပေးဟောပြောပွဲတွေကို ပူးပေါင်းဆောင်ရွက်ကြမယ် ဆိုပြန်တော့လည်း သူတို့မှာ အစီအစဉ်ရှိပြီးသားပါ.. မကြာခင်အချိန်မှာ ဆောင်ရွက်တော့မှာပါ...ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ မူးယစ်ဆေးဝါးကိစ္စကို အချိန်ဆွဲနေတုန်းပါပဲ..။ ကျွန်တော်တို့ ကျောင်းသားဘဝတုန်းက ဘော့လုံးကစားကြတယ်.. ပြိုင်ပွဲတစ်ပွဲမှာ ကျွန်တော်တို့ အသင်းဘက်က ကစားသမားတစ်ယောက် တစ်ဖက်အသင်းက အဝင်ကြမ်းလို့ ခြေကျိုးသွားတယ်ခင်ဗျ.. ခြေတစ်ချောင်းလုံး ကျိုးသွားခဲ့တာတောင် ဒိုင်လူကြီးက အဝင်ကြမ်းတဲ့ တစ်ဖက်အသင်းကစားသမားကို အဝါကတ်ပဲပြတယ်..ဒီတော့ ကျွန်တော်တို့ အသင်းက အသင်းခေါင်းဆောင်ပြောလိုက်တဲ့ စကားလေးကို အခုအထိ မှတ်မိနေတုန်းပါပဲ.. 

" ဒိုင်လူကြီးရယ် ခြေတစ်ချောင်းလုံးကျိုးအောင် အဖျက်ခံရတာတောင် အဝါကတ်ဆိုတော့.... ကစားသမားသေမှ အနီကတ်ပြမယ်ထင်ပါရဲ့.." လို့ပြောလိုက်မိလို့ ဒိုင်လူကြီးက အသင်းခေါင်းဆောင်ကို အနီကတ်ပြ ထုတ်ပယ်ခဲ့ပါတယ်။ အခုလည်း ဘောလုံးပွဲက ဖြစ်ရပ်လိုများ ဖြစ်နေမလားပဲ။ မူးယစ်ဆေးဝါးပပျောက်ရေးအတွက် အသိပညာပေးဟောပြောပွဲတွေကို ပူးပေါင်းဆောင်ရွက်ပါမယ်ဆိုတဲ့ ပါတီတွေ အဖွဲ့အစည်းတွေကို အစီအစဉ်ရှိပါတယ်ဆိုတဲ့ အဝါကတ်ပြပြီး သတိပေးထားချိန်မှာ လူငယ်တွေ မူးယစ်ဆေးကြောင့် ဘဝဆုံး အသက်တွေဆုံးတဲ့ အချိန်မှ အစီအစဉ်က စမှာလားလို့ ရေးမိတဲ့ ကျွန်တော့်ကိုများ ဒေသဆိုင်ရာ အာဏာပိုင်တွေက ကျောင်းတုန်းက ဘော့လုံးဒိုင်လူကြီးလို အနီကတ်ပြားပြပြီး ကလောင်သွေးခွင့် မပေးပဲ ထုတ်ပယ်လေးမလားလို့ အတွေးပွားနေမိပါတယ်။  

မော်လူး ကိုဖြတ်သည့် ဗျူဟာလမ်း သဲခင်းပြန်ပြီ

ဝန်ကြီးချုပ် ဦးသာအေး မှ မော်လူးခရီးစဉ်တွင်

လမ်းကို  ကတ္တရာလမ်း  ခင်းပေးမည် ဟု  ပြောကြားသွားပါသည်

သို့သော်ယခု  မည်သို့ လုပ်လိုက်သည် မသိပါ


သဲပုံများ  ရောက်ရှိနေပါပြီ

မော်လူးသား  မိုးရွာလျှင် ရေနစ်၍ နေပူလျှင် ဖုန်ရှူ ရပါတော့မည်

ဘယ်သူ့ကိုပြောရမည် မသိတော့ပါ
သိလျှင် ပြောရမည့်နေရာကို comment box မှာ ရေးထားပေးပါ