Monday, April 23, 2018

ကဆုန်လပြည့် ဗုဒ္ဓဆိုင်ရာနေ့


#ကဆုန်လပြည့်ဗုဒ္ဓနေ့ဆိုင်ရာ

ဗောဓိညောင်ပင် ကို ဘာကြောင့် ကိုးကွယ်သင့်သလဲ...

အာ , ဗော , ကာ , ယ , ဆံ , ရွှေ , ကဏ် , တဲ့၊

အာ - - - အာနန္ဒာမထေရ်
ဗော - - - ဗောဓိပင်
ကာ --- ကာဠုဒါယီအမတ်
ယ - - - ယသော်ဓရာ
ဆံ - - - ဆန္ဒအမတ်
ရွှေ - - - ရွှေအိုးကြီးလေးလုံး
ကဏ် - - - ကဏ္ဍကမြင်း

ဒီ (၇) ဦးဟာ မြတ်စွာဘုရားရဲ့ ဖွားတော် (၇) ဦးဖြစ်ပါတယ်။ ဖွားဘက်တော်ဆိုတာ မြတ်စွာဘုရားမွေးဖွားတဲ့ နေ့ အချိန်မှာပဲ တပြိုင်နက်တည်း အတူတူမွေးဖွားလာကြတာဖြစ်ပါတယ်။

ထိုအထဲမှာ ဗောဓိပင်ဟာလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဒီဗောဓိပင်အောက်မှာပဲ မြတ်စွာဘုရားရှင်သည် မာန်ငါးပါးကို အောင်မြင်တော်မူပြီး သဗ္ဗညုတဉာဏ်တော်ကြီးကို အခုလို ကဆုန်လပြည့်နေ့ည အာရုဏ်မတက်ခင်မှာ ရရှိတော်မူခဲ့တာဖြစ်ပါတယ်။

ဘုရားဖြစ်တော်မူပြီးနောက်မှာလဲ ဗောဓိညောင်ပင်ကြီးကို သဗ္ဗညုတဉာဏ်တော်ကြီးကို ရရှိတော်မူခဲ့တဲ့နေရာပဲဆိုပြီး (၇) ရက်ပတ်လုံး ဖလသမာတ်ဝင်စားကာ ဗောဓိပင်အောက်မှာပဲ နေတော်မူခဲ့ပါတယ်။ ထိုနောက် ဗောဓိပင်ရဲ့ အနောက်မြောက်ယွန်းယွန်းမှာရှိသော ကုန်းတော်ပေါ်မှ ရပ်လျင် မမှိတ်မသုန်သော မျက်စိဖြင့် ကြည့်ရှုတော်မူရင်း (၇) ရက်ပတ်လုံး ဖလသမာပတ်ဝင်စားတော်မူခဲ့ပါတယ်။ ထိုနေရာဝန်းကျင်မှာပဲ ဆက်လက်ပြီး စင်္ကမနသတ္တာဟ၊ ရတနာဃရသတ္တာဟ၊ အဇပါလသတ္တာဟ၊ မုစလိန္ဒသတ္တာဟ၊ ရာဇာယတနသတ္တာဟ ဆိုပြီး သတ္တဌာန (၇) ဌာနမှာ (၇) ရက်ဆီ [၄၉] ရက်ပတ်လုံး ဖလသမာပတ်ဝင်စားကာ သီတင်းသုံးတော်မူခဲ့ပါတယ်။

ထို့ကြောင့် ဗောဓိပင်ဟာ ဘုရားရှင်ရဲ့အသုံးအဆောင်ဖြစ်တာကြောင့် ပရိဘောဂစေတီထိုက်ပါတယ်။ စေတီထိုက်တယ်ဆိုတာ ပူဇော်ကိုးကွယ်ထိုက်တာကိုဆိုလိုတာဖြစ်ပါတယ်။

ထိုမူလဗောဓိပင်မှ တစ်ဆင့် သာဝတ္ထိပြည်သူတွေ ဘုရားမရှိတဲ့အချိန် ကိုးကွယ်ကြဖို့ သာဝတ္ထိမြို့မှာ ရှင်အာနန္ဒာဦးဆောင်စိုက်ပျိုးခဲ့ခြင်းကြောင့် အာနန္ဒာဗောဓိ ဟု အမည်တွင်သော ဗောဓိညောင်ပင်ကို မြတ်စွာဘုရားရှင်လက်ထက်တော်ကတည်းက စိုက်ပျိုးခဲ့တာ ယခုတိုင်ရှိနေဆဲဖြစ်ပါတယ်။ သာဝတ္ထိမြို့သူမြို့သားတို့သည် ထိုဗောဓိပင်ကို အမွှေးနံ့သာ ပန်း ဆီးမီးတို့ဖြင့် ဆက်ကပ်ညှိထွန်းခြင်းဖြင့် ဘုရားရှင်အား ပူဇော်သည့်အနေဖြင့် အမြဲပူဇော်ခဲ့ကြပါတယ်။

တဖန် သာသနာနှစ် ၂၀၀ ကျော်မှာလဲ အသောကမင်း၏ ပို့ဆောင်ပေးမှုဖြင့် သီရိလင်္ကာနိုင်ငံမှာလည်း ဒေဝါနံပိယဒဿီ မင်းကိုယ်တိုင် သီဟိုဠ်ပြည်သူတွေ ကိုးကွယ်ရစ်ကြဖို့ ဗောဓိပင်ကို စိုက်ပျိုးခဲ့ပါတယ်၊ ၎င်းဗောဓိပင်သည်လည်း ယနေ့တိုင် သီရိလင်္ကာနိုင်ငံမှာ ရှိနေဆဲဖြစ်ပါတယ်။

ဒီလိုပရိဘောဂစေတီထိုက်သော ဗောဓိပင်ကို ဘုရားရှင်လက်ထက်က စပြီး ယနေ့တိုင်အောင် ဗုဒ္ဓဘာသာဝင်တွေဟာ ကိုးကွယ်လာခဲ့ကြတာဖြစ်ပါတယ်။

ဘုရားလက်ထက်က ရဟန္တာအရှင်​သူမြတ်ကြီးတွေကလည်း သူတို့ရဟန္တာဖြစ်ပြီးနောက် သူတို့ရဲ့အတိက်အကြောင်းတွေကို ပြောပြတဲ့အခါ ဗောဓိပင်စိုက်ပျိုးခြင်းကြောင့် ရရှိတဲ့အကျိုးတရားတွေကို ပြောပြခဲ့ကြပါတယ်။

အသနဗောဓိယမထေရ် အလောင်းသည် တိဿဘုရားရှင်၏ ဗောဓိပင်ကို စိုက်ပျိုးပူဇော်ရသော ကုသိုလ်ကြောင့် နတ်ပြည်၌ဖြစ်ရခြင်း၊ စကြာမင်းဖြစ်ရခြင်း၊ အပါယ်ဘေးမှလွတ်ကင်းရခြင်းအကျိုးများကို ခံစားခဲ့ရပြီး ဂေါတမမြတ်စွာဘုရားပွင့်တော်မူသောအခါ “ဗောဓိသိဉ္ဓက မထေရ်”အမည်ဖြင့် ပဋိသမ္ဘိဒါလေးပါး၊ ၀ိမောက္ခရှစ်ပါး၊ အဘိညာဉ်ခြောက်ပါးတို့ကို ရရှိပိုင်ဆိုင်ကာ အာသဝေါကုန်ခမ်း “ရဟန္တာ”ဖြစ်တော်မူခဲ့တဲ့အကြောင်းကို ထေရာပဒါန်ကျမ်းဂန်၌ မထေရ်မြတ်ကြီး ကိုယ်တော်တိုင် သူရဲ့ဘဝဖြစ်တွေကို နောက်လူသားတို့အတုယူနိုင်ဖို့ ဟောကြားထားပါသည်။

“ဂန္ဓောဒကတိဿမထေရ် အလောင်းသည်လည်း ပဒုမုတ္တရဘုရားရှင်၏ ဗောဓိပင်ကို နံ့သာရေဖြင့် သွန်းလောင်းသောကုသိုလ်ကြောင့် နတ်ပြည်၌ဖြစ်ရခြင်း၊ အနာရောဂါမရှိခြင်း၊ သောကကင်းဝေးခြင်း စသောအကျိုးများကို ခံစားရပြီး ဂေါတမမြတ်စွာဘုရားပွင့်တော်မူသော အခါ “ဂန္ဓောဒကိယမထေရ်” အမည်ဖြင့် ပဋိသမ္ဘိဒါလေးပါး၊၀ိမောက္ခရှစ်ပါး၊ အဘိညာဉ်ခြောက်ပါးတို့ကို ရရှိပိုင်ဆိုင်ကာ
အာသဝေါကုန်ခမ်း ရဟန္တာဖြစ်တော်မူခဲ့လေသည်။

ထိုကဲ့သို့ ပူဇော်ထိုက် ကိုးကွယ်ထိုသော ဗောဓိညောင်ပင်ကို ဝမ်းတွင်းမြို့နယ်၊ ဆပ်ခင်းရွာ၊ လေးထပ်ကျောင်းဝန်းအတွင်းမှာလဲ ပူဇော်ပသခြင်း၊ အနေကဇာတင်ခြင်း၊ ညောင်ရေသွန်းလောင်းခြင်း မင်္ဂလာများကို ပြုလုပ်မှာဖြစ်ပါတယ်။

ထို့ကြောင့် ဗောဓိညောင်ပင်ကို ရေသွန်းလောင်းသောအခါ မြတ်ဗုဒ္ဓသည် ဤနေရာဌာန၌ပင် မာရ်စစ်သည်အပါင်းကို အောင်မြင်ပြီး၊ ဤနေရာဌာန၌ပင် သစ္စာလေးပါးကို သိမြင်ကာ၊ ဤနေရာဌာန၌ပင် ဘုရားအဖြစ်သို့ ရောက်တော်မူခဲ့လေသည် ဟု “မြတ်ဗုဒ္ဓ၏ ဂုဏ်တော်” တို့ကို လေးလေးနက်နက် အာရုံယူကာ “သံသရာဝဋ်ဆင်းရဲမှ ထွက်မြောက်ရန်”ဆုပန်ပြီး ရှေးက ရဟန္တာမထေရ်မြတ်ကြီးများကို အတုယူကာ သွန်းလောင်း ပူဇော်သင့်ပါကြောင်း တိုက်တွန်းချင်ပါတယ်။

မဇ္ဈိမ စာသင်သား
08.05.2017.

ဆရာတော်ကြီးများရဲ့ဓမ္မစကားများ
စုစည်းရာစာမျက်နှာမှ တစ်ဆင့်ပြန်လည်
ကူးယူဖော်ပြ ဝေမျှပါသည်။

#ကဗျာ

ယသော်ခင်လေး ၊ ညီထွေးအာနန်
ကာဠုဒါယိ ၊ ဗောဓိရုက္ခံ
ကဏ္ဍကမြင်း ၊ ကျွန်ရင်းမောင်ဆန်
ရွှေအိုးစွက် ၊ ဖွားဘက်ခုနစ်တန်…