Thursday, September 8, 2016

ဆရာဆရာမတွေ တကယ်တိုးတော့မယ် ရာထူးမြင့်ပေးပြီး လစာများအောင် လုပ်ပေးမယ်လို့ ဆိုထားတာပဲ


“လစာတိုးပေးတာ မဟုတ်ဘဲ ရာထူးအဆင့်တွေ နည်းနည်းမြင့်ကုန်မှာပေါ့နော်”

===================
ပညာရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်မြဲနှင့် တွေ့ဆုံခြင်း
===================

အလယ်တန်းပြ (မူသင်) ရာထူး ပယ်ဖျက်ကြောင်း မူဝါဒနှင့်တကွ ယင်းနေရာလစ်လပ်များကို ရာထူးနေရာ ရုပ်သိမ်းမည် ဖြစ်ကြောင်း ပါဝင်သည့် စာတစ်စောင် လူမှုကွန်ရက် စာမျက်နှာတွင် ပျံ့နှံ့နေသည်။ ယင်းစာတွင် အလယ်တန်းပြအဖြစ် နေရန် ဆန္ဒပြုပါက (က) လက်ရှိ တာဝန်ထမ်းဆောင်နေသည့် ကျောင်းများတွင် အလယ်တန်းပြရာထူးနေရာ လစ်လပ်ရှိပါက ပြောင်းလဲခန့်ထားမည်။(ခ) လက်ရှိ တာဝန်ထမ်းဆောင်နေသော ကျောင်းမှ အခြားကျောင်းသို့ ပြောင်းရွှေ့ရန် ဆန္ဒပြုပါက ဆန္ဒပြုကျောင်းတွင် အလယ်တန်းပြနေရာ လစ်လပ်လျှင် ဦးစားပေး ပြောင်းရွှေ့ပေးမည်။ (ဂ) ဆန္ဒပြုမှုနေရာများ ရရှိခြင်း မရှိပါက နေရာလပ်ရှိရာ ကျောင်းသို့ ပြောင်းရွှေ့ရမည်။ အလယ်တန်းပြအဖြစ် ဆန္ဒမပြုပါက မူလတန်းပြ (အဆင့်-၂) ရာထူးပြောင်းရန်၊ အလယ်တန်းပြ (မူတာဝန်) များ ဆန္ဒပြုပြီးမှ ရာထူးပြောင်းနှင့် လစာကိစ္စ ပြောင်းလဲရန် ကိစ္စများ ပါဝင်သည်။ ထို့ပြင် ဘွဲ့ရအထွေထွေလုပ်သားများနှင့် အခြားသော မူလတန်းပြ၊ မူလတန်းအောက် လစာစားနေသည့် ဘွဲ့ရဝန်ထမ်းများ သင်ကြားရေးသို့ ပြောင်းလဲမည့် အစီအစဉ်ပါ ကိစ္စရပ်များနှင့် ပတ်သက်၍ ပညာရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်မြဲထံ The Voice က ဆက်သွယ်မေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

Voice : အလယ်တန်းပြ (မူသင်) ရာထူးမူ ဆိုတာကို ပယ်ဖျက်လိုက်ပြီလား ခင်ဗျ။

Dr.KM : မပယ်ဖျက်သေးဘူး ခင်ဗျ။ ရာထူးတွေ ပြောင်းဖို့ ရာထူးအဆင့် တိုးဖို့တွေ အဲဒါတွေ စဉ်းစားနေတာပေါ့နော်။ ဒေါ်အောင်ဆန်းစုကြည်က ပြောထားတယ်လေ။ ဆရာ၊ ဆရာမတွေ သူတို့ရဲ့ လူမှုဘဝ ဖူလုံရေးလုပ်ဖို့ ဆိုတော့ ကျွန်တော်တို့ကလည်း လစာတိုးတယ်ဆိုတာ တစ်နိုင်ငံလုံး သဘောနဲ့ ဆိုင်တော့လေ လုပ်မရဘူးပေါ့နော်။ အဲဒီတော့ ဆရာ၊ ဆရာမတွေကို ဘဝမြှင့်ဖို့ဆိုလို့ရှိရင် ကျွန်တော်တို့က ရာထူးတိုးမူတွေကို သတ်မှတ်ချက်တွေ ပြောင်းဖို့ လုပ်ရတာပေါ့နော်။ အဲဒီသဘောပါ။

Voice : ဒီလိုဆို အခုအဲဒီမူ ပယ်ဖျက်တယ် ဆိုတာ မဟုတ်ဘူးပေါ့နော်။

Dr.KM : မပယ်တော့ မပယ်ဖျက်သေးဘူး။ တကယ်လို့ အဲဒီမူ အတည်ဖြစ်ရင်တော့ နဂိုမူတွေက အကုန်လုံး ပယ်ဖျက်သွားမှာပေါ့။ အသစ်ဖြစ်သွားမှာပေါ့။ အဲဒီသဘောပါ။ အဲဒီလိုကျ မူလတန်းပြကလည်း မူလတန်းပညာရှင် အဆင့်(၁)၊ (၂)၊ (၃) တို့ အဲဒီလိုရာထူး အဆင့်တွေ မြင့်သွားမှာပေါ့နော်။ အလယ်တန်းပြကလည်း အလယ်တန်း ပညာရှင်အဆင့် (၁)၊ (၂)၊ (၃) အဲဒီလို ရာထူးတွေ သဘောမျိုး မြင့်သွားမှာပေါ့။ လစာတိုးမပေးဘဲ မူလရာထူးတွေထက် သူတို့မှာ ဘွဲ့တွေရှိတယ်ဆိုရင် နောက်သူတို့ရဲ့ ဘွဲ့တွေ လုပ်သက်အပေါ် သတ်မှတ်ချက်တွေ ရှိတယ်ဆိုရင် ရာထူးတစ်ဆင့် တစ်ဆင့် မြင့်သွားအောင် လုပ်ပေးမယ့် အစီအစဉ်လေး၊ အဲဒီမူတွေ ဆွဲနေတာပေါ့နော်။ အဲဒါတွေ အတည်ပြုလို့ ရှိရင်တော့ ခုနပြောသလိုပေါ့။ လစာတိုးပေးတာ မဟုတ်ဘဲ ရာထူးအဆင့်တွေ နည်းနည်းမြင့်ကုန်မှာပေါ့နော်။

Voice : ဘယ်အချိန်လောက် အတည်ပြုမှုတွေ ဖြစ်မလဲ ခင်ဗျ။

Dr.KM : ကျွန်တော် ထင်ပါတယ်။ ဒါက အခု ပထမတစ်ဆင့် ဘတ်ဂျက်လိုတယ်။ ဒီလိုတိုးပေးမယ်ဆို ဘီလီယံနဲ့ချီလိုတာပေါ့။ ဘီလီယံနဲ့ချီလိုတဲ့ ကိစ္စကို စီမံ၊ စီးပွား ခေါ်တာပေါ့။ စီးပွားရေး ကော်မတီတို့ တင်ရတာပေါ့။ တစ်ခါ အစိုးရအဖွဲ့ရုံးတို့ တင်ရမှာပေါ့နော်။ အစိုးရအဖွဲ့ရုံးတို့ အတည်ပြုမှဆိုတော့ ကျွန်တော်ထင်တာ သိပ်မကြာဘူးလို့ဘဲ ပြောလို့ရတာပေါ့။

Voice : လိုင်းပေါ်မှာ ပျံ့နေတဲ့ စာထဲပါတဲ့ အချက်တွေက အတည်ဖြစ်ပြီလား ခင်ဗျ။

Dr.KM : အဲဒါ ကျွန်တော် သိသလောက်က အရမ်းကြီး တိကျလွန်းနေတယ်။ ရက်စွဲတွေရော၊ ဘာတွေရော။ သဘောတရားအရတော့ ကျွန်တော်တို့ စဉ်းစားနေတာတွေနဲ့ သွားတူတယ်ပေါ့နော်။ ခုနပြောသလို ဘယ်လိုလုပ်ရင် ဘယ်ရာထူးကို ဘယ်သို့စဉ်းစားမည်ကြတို့ကျတော့ အသေးစိတ်ထုတ်တဲ့ အဓိပ္ပာယ်တော့ ထွက်နေတာပေါ့နော်။ ကျွန်တော်တို့ကျတော့ မူသဘောအရပဲ ပြောပေးလို့ရတယ်။ ဒါကျတော့ သူက မူရဲ့ အောက်မှာရှိတဲ့ အသေးစိတ် ညွှန်ကြားချက် သဘော ဖြစ်နေတာပေါ့နော်။ အဲဒါကျတော့ အခြေခံပညာ ဦးစီးဌာနကပဲ ဒီဟာကို ဘယ်လိုအသေးစိတ်မူတွေကို ဘယ်လိုဆွဲနေသလဲ ဆိုတာ အဲဒါကျ ကျွန်တော်တို့က မသိတော့ဘူးပေါ့။ ကျွန်တော်တို့က မူဝါဒကို ကိုင်တာဖြစ်တဲ့အတွက် ဝန်ကြီးကိုယ်စား ပြောရတာ ဖြစ်တဲ့အတွက် မူသဘောပဲ သိတာပေါ့။ အခု ဖတ်ပြတာ တွေကတော့ ညွှန်ကြားလွှာ သဘောတွေနဲ့ ဆိုင်တာပေါ့နော်။ အဲလောက်ကျ မှန်၊ မမှန်က အတည်ပြုဖို့တော့ ခက်တာပေါ့။ ဘာလို့လဲဆိုတော့ မူတောင်မှ အထက်ကို တင်ရဦးမှာ။ မူအရင်ကို ညွှန်ကြားလွှာက အရင်ထွက်နေတယ် ဆိုတော့ ပြောရခက်တာပေါ့ ကျွန်တော်သိတဲ့ အနေအထားနဲ့ ဆိုရင်ပေါ့နော်။

ကျွန်တော်သိရတာ ကျွန်တော်တို့ မူတွေဆွဲနေတဲ့ အချိန်မှာ ဒီမူတွေရပြီးတဲ့ အချိန်မှ ညွှန်ကြားနိုင်အောင် ညွှန်ကြားလွှာတွေ အကြမ်းရေးနေတဲ့ သဘောတော့ ရှိမယ်ထင်တယ်။ ခုအတည်ပြုတဲ့ အချက်က တိကျလွန်းနေတော့ ခက်တာပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ သူ့အပေါ်မှာရှိတဲ့ မူတောင်မှ အတည်မပြုရသေးခင်မှာ ညွှန်ကြားလွှာက စောနေတဲ့ သဘောတော့ ရှိတယ်။ ကျွန်တော့်အမြင် ပြောရင်တော့ သိပ်ကောင်းလွန်းနေတာပေါ့နော်။ သိပ်ကောင်းလွန်းနေတာ၊ သိပ်မှန်လွန်းနေတယ် ဆိုရင်တော့ မမှန်ဘူးဆိုတဲ့ အဓိပ္ပာယ် ရှိတာပေါ့နော်။ သိပ်ပြီးတော့ တိကျလွန်းနေတယ်ပေါ့နော်။ ကျွန်တော်တို့က မူသဘောပဲ လုပ်နေတဲ့ အချိန်မှာ ခုဟာ မူရဲ့အောက်မှာရှိတဲ့ ညွှန်ကြားလွှာက သိပ်တိကျနေတော့ နည်းနည်းပြောရခက်တာပေါ့နော်။ မူကတော့ ခုချိန်ထိ အတည်မပြုရသေးဘူး။ ကျွန်တော်လည်း အခုစနေ၊ တနင်္ဂနွေ ရုံးလာပြီးတော့ အဲဒီဟာကို စာပိုချောအောင် အထက်ကို တင်ရမှာဆိုတော့ စာဖတ်နေတာ။ ဆိုတော့ ကျွန်တော်တောင် ဒီဟာ မူကိုတောင် ချောအောင်ဖတ်နေတယ် ဆိုတော့ ဒါကျ မူချပြီးမှ ထွက်မယ့် ညွှန်ကြားလွှာက ထွက်နေတော့ နည်းနည်းလေး တစ်ဆင့်စောနေတဲ့ သဘော ရှိတာပေါ့နော်။

Voice : အခုလို ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ် ခင်ဗျ။

နေဇာကျော်

============

The Voice

http://thevoicemyanmar.com/education/1631-drk