Monday, January 12, 2015

မော်လူးတွင် ဘဲသားပေါက် ရောင်းကောင်းနေ

မော်လူးတွင် ဘဲသားပေါက်များ ရောင်းအားကောင်း
မော်လူး၊ ဇန်နဝါရီ ၁၂
@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးတွင် မန္တလေးမြို့မှ
မီးရထားဖြင့် သယ်ယူရောင်းချနေသည့် ဘဲသားပေါက်များ
ရောင်းအားကောင်းလျှက်ရှိကြောင်း သိရသည်။
"ကျွန်တော်တို့ ဘဲသားပေါက်တွေကို မန္တလေးမြို့မှာ သားဖောက်ပြီး
သယ်ယူရောင်းချတာပါ။ ဘဲသားဖောက်ဖို့အတွက် ဘဲဥအလုံးရေ ၉၀၀၀ မှ ၁၀၀၀၀ အထိ
တစ်လကြာ စပါးခွံနဲ့ အပူပေးပြီး ဖောက်ရတာပါ။ သားဖောက်မဲ့ ဘဲဥတစ်လုံးကို
၁၀၀ ကျပ်မှ ၁၅၀ ကျပ်အထိ ပေးဝယ်ရပြီး ဘဲဥတွေကို အောက်ခံဖဲစပေါ်မှာ
စပါးခွံတွေကို ဖြန့်ခင်းပြီး ဘဲဥတွေကို စီထည့်ရပါတယ်။ စီထည့်ထားတဲ့
ဘဲဥတွေကို တစ်ရက်မှာ သုံးကြိမ်လောက် အထက်အောက်လှဲလှယ်တာကို
တစ်လလောက်လုပ်ပြီး တစ်လကျော်တဲ့အခါ လေးငါးရက်ခန့် အပြင်ထုတ်ကာ စပါးခွံနဲ့
အပူဓာတ်ရအောင် လုပ်ပေးလိုက်ရင် ဘဲဥတွေကနေ ဘဲသားပေါက်လာပါတယ်။ ရလာတဲ့
ဘဲသားပေါက်တွေကို ဂျပ်ဖာတွေထဲကို ထည့်ရပါတယ်။ ဂျပ်ဖာတစ်ဖာမှာ ဘဲသားပေါက်
အကောင်ရေ ၈၀၊ ၁၀၀ ခန့်အထိထည့်ပြီး မီးရထားဖြင့် သယ်ယူပြီး ကောလင်း၊
အင်းတော်၊ နဘား၊ မော်လူးစတဲ့ မြို့ရွာများမှာ ရောင်းချပါတယ်။ ဘဲသားပေါက်
အမတစ်ကောင်ကို ၆၀၀ ကျပ်၊ အထီးဆိုရင် ၂၀၀/၃၀၀ ကျပ်ရောင်းချပါတယ်။
မော်လူးမှာ ရောင်းရတဲ့ရက်ဆို တစ်နေ့တည်း ဘဲသားပေါက် အကောင်ရေ ၁၀၀၀မှ ၁၂၀၀
အထိ ရောင်းချရပါတယ်။"ဟု မော်လူးတွင် ဘဲသားပေါက်ရောင်းချနေသူထံမှ သိရသည်

မော်လူးမှာ တယ်လီနော တာဝါတိုင် ထောင်တော့မည်

မော်လူး မြန်မာ့မီးရထားပိုင်မြေတွင် ဆက်သွယ်ရေးတာဝါတိုင် တည်ဆောက်မည်
မော်လူး၊ ဇန်နဝါရီ ၁၂
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊
မော်လူးမီးရထားပိုင်မြေတွင် တယ်လီနောလက်အောက်ခံ IGT ကုမ္ပဏီမှ တာဝန်ယူကာ
ဆက်သွယ်ရေးတာဝါတိုင် စိုက်ထူရန် ဇန်နဝါရီ ၁၀ ရက်နေ့ နံနက် ၁၀ နာရီက
ကုမ္ပဏီမှ တာဝန်ရှိသူများ လာရောက်ကာ မြေနေရာကြည့်ရှု့ရွေးချယ်မှုများ
ပြုလုပ်ခဲ့ကြောင်း သိရသည်။
"ကျွန်တော်တို့ ကုမ္ပဏီက မြန်မာ့မီးရထားပိုင်မြေတွေပေါ်မှာ
ဆက်သွယ်ရေးတာဝါတိုင်တွေ တည်ဆောက်ဖို့အတွက် မြေနေရာတွေကို
လာရောက်ကြည့်ရှု့ရွေးချယ်တာပါ။ မြန်မာ့မီးရထားပိုင်မြေနေရာတွေဖြစ်တဲ့
လာရှိုး(LSR)၊ စစ်ကိုင်း(SGR)၊ မန္တလေး(MDR)စတဲ့ နေရာတွေမှာ
ဆက်သွယ်ရေးတာဝါတိုင်တွေကို တည်ဆောက်နိုင်ဖို့ စစ်ကိုင်းတိုင်းဒေသကြီး၊
ကန့်ဘလူမီးရထားဘူတာကနေ မော်လူးမီးရထားဘူတာအထိ
မီးရထားလမ်းတစ်လျှောက်ဘူတာတွေကိုလည်း ဝင်ရောက်ပြီး တာဝါတိုင်တွေ
တည်ဆောက်နိုင်ဖို့ မြေနေရာတွေကို သက်ဆိုင်ရာ မီးရထားဘူတာက
တာဝန်ရှိသူတွေနဲ့အတူ လိုက်လံကြည့်ရှု့ရွေးချယ်နေတာပါ။
မြန်မာ့မီးရထားပိုင်မြေတွေပေါ်မှာ ဆက်သွယ်ရေးတာဝါတိုင်တွေ တည်ဆောက်ဖို့
မြန်မာ့မီးရထားက တာဝန်ရှိသူတွေက ခွင့်ပြုပေးပြီး ဖြစ်ပါတယ်။
ကျွန်တော်တို့ တည်ဆောက်မဲ့ တာဝါတိုင်တွေဟာ MPT၊ တယ်လီနော၊ အော်ရီဒူးစတဲ့
ကုမ္ပဏီက တာဝါတိုင်တွေနဲ့ ချိတ်ဆက်ပြောဆိုလို့ရတဲ့အထိ မြေမျက်နှာပြင်
အနေအထားပေါ် လိုက်ပြီး တာဝါတိုင်အမြင့်ကို ၃၅၊ ၄၅၊ ၇၂ မီတာအမြင့်အထိ
တည်ဆောက်မှာပါ။ "ဟု IGT ကုမ္ပဏီမှ ဦးသိန်းထိုက်အောင်က ပြောပြသည်။
မြန်မာနိုင်ငံတွင် မိုဘိုင်းဆက်သွယ်ရေးလုပ်ငန်း ပိုမိုကောင်းပြီး
တစ်နိုင်ငံလုံး ဆက်သွယ်ရေးကွန်ယက် လွမ်းခြုံစေနိုင်ရန် သက်ဆိုင်ရာ
ကုမ္ပဏီများမှ ရင်းနှီးမြုပ်နှံမှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း
သိရသည်