Saturday, October 5, 2013

မော်လူး သတင်းများ

အိမ်သုံးလျှပ်စစ်မီတာ၊စက်မှုလုပ်ငန်းသုံး ပါဝါမီတာ၊ ထရန်စဖော်မာ မိန်းမီတာပြ ဂဏန်းများ အတည်ပြုချက် လက်မှတ်ထိုး မှတ်တမ်းများ လိုက်လံရယူ ဆောင်ရွက်ခြင်း

မော်လူး၊ အောက်တိုဘာ ၅

@@@@@@@@@@@@@@@@@@@@@@@@@

စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသတွင်းရှိ လျှပ်စစ်မီတာ ပိုင်ရှင်များအား လျှပ်စစ်ဝန်ထမ်းများမှ အတည်ပြုချက်လက်မှတ်ထိုး မှတ်တမ်းများ လိုက်လံရယူဆောင်ရွက်ခြင်းများကို ပြုလုပ်လျှက်ရှိကြောင်း သိရသည်။

" အောက်တိုဘာလကစပြီး လျှပ်စစ်မီတာ ဝန်ဆောင်ခတွေကို ကျပ် ၁၀၀၀ ကနေ ကျပ် ၅၀၀ ကို လျှော့ချကောက်ခံတော့မှာမို့ လျှပ်စစ်မီတာ သုံးစွဲသူတွေ သိရှိစေဖို့အတွက် အတည်ပြုချက် လက်မှတ်ထိုး မှတ်တမ်းများ လိုက်လံ ရယူနေတာပါ။ အိမ်သုံးလျှပ်စစ်မီတာပိုင်ရှင်တွေဆီကို လျှပ်စစ်ဝန်ထမ်းအဖွဲ့ ၅ ဖွဲ့ ခွဲပြီးကောက်ခံနေပါတယ်။ စက်မှုလုပ်ငန်းသုံး ပါဝါမီတာ ပိုင်ရှင်တွေကိုတော့ မြို့နယ်လျှပ်စစ်မှူးကိုယ်တိုင် အသိပေး လက်မှတ်ရေးထိုးခိုင်းပြီး၊ ထရန်စဖော် မိန်းမီတာပြ ယူနစ်ဂဏန်းတွေကိုလည်း မှန်ကန်ကြောင်းနှင့် သိရှိကြောင်းကို မီးလင်းရေးကော်မတီများကို အသိပေးပြီး အတည်ပြုလက်မှတ်ထိုး မှတ်တမ်းကို မြို့နယ်လျှပ်စစ်မှူးကပဲ ရယူခဲ့ပါတယ်။"ဟု မော်လူး မြို့နယ် လျှပ်စစ်မှူး ဦးမောင်မောင်ငြိမ်းမှ ပြောပြသည်။

မော်လူးဒေသတွင် ၂၄ နာရီ လျှပ်စစ်မီး ရရှိသည်မှာ၁၇နှစ်ခန့်ရှိခဲ့ပြီဖြစ်ပြီး လျှပ်စစ်မီးရရှိရေးအတွက် ဒေသခံများမှကိုယ်ထူကိုယ်ထဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဒေသတွင်းတွင် လျှပ်စစ်မီတာ အလုံးရေ (၄၀၀၀)ကျော်ရှိကြောင်း သိရသည်။

K.M.S 

 

 

 မော်လူး မီးရထားဘူတာမှ ဝန်ထမ်းများဦးဆောင်၍ စုပေါင်းကထိန်ခင်းမည်
မော်လူး၊ အောက်တိုဘာ ၅
@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်တော်မြို့နယ်၊ မော်လူးဒေသတွင် မော်လူး မီးရထားဘူတာမှ ဝန်ထမ်းများမှ ဦးဆောင်၍ ဈေးသည်များ၊ခရီးသွားပြည်သူများ ပါဝင်လှူဒါန်းမှုများဖြင့် တန်ဆောင်မုန်း လဆန်း ၂ ရက်နေ့တွင် မော်လူး မူလတောရကျောင်းတွင် စုပေါင်းဘုံကထိန်ခင်းမည်ဖြစ်ကြောင်း သိရသည်။
မော်လူး မီးရထားဘူတာမှ ဝန်ထမ်းများ ဦးဆောင်၍ ကထိန်ခင်းသည်မှာ ယခုနှစ်တွင် ဒုတိယအကြိမ်ဖြစ်ကြောင်း၊ ပထမအကြိမ်အဖြစ် မော်လူးဒေသ သုဿာန်ကျောင်းတွင် စုပေါင်းဘုံ ကထိန်ခင်းနိုင်ခဲ့ကြောင်း၊ ယခုနှစ်တွင် ဒုတိယအကြိမ်အဖြစ် မော်လူး မူလတောရကျောင်းတွင် စုပေါင်း ဘုံကထိန်ခင်းမည်ဖြစ်၍ အလှူရှင်များ တတ်အားသရွေ့ ပါဝင်လှူဒါန်းနိုင်ကြပါကြောင်း သတင်းရရှိသည်။

K.M.S

 

 

 

 

တံတား အမှတ် ၆/၁၆၁ အမြန်ပြုပြင်ပေးစေလို

မော်လူး၊ အောက်တိုဘာ ၅

@@@@@@@@@@@@@@@@@@@@@@@@

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မော်လူးကို ဖြတ်သန်းသွားသည့် ရွှေဘို - မြစ်ကြီးနား မော်တော်ကားလမ်းမကြီးပေါ်ရှိ တံတားအမှတ် ၆/၁၆၁မှာ ပျက်စီးယိုယွင်းလျှက်ရှိပြီး ပြင်ဆင်ရန်လိုအပ်နေကြောင်း သိရသည်။


မော်လူးဒေသကို ဖြတ်သန်းသွားသည့် ရွှေဘို-မြစ်ကြီးနား မော်တော်ကားလမ်းမကြီးသည် မန္တလေး၊ ရွှေဘိုစသည့် မြန်မာနိုင်ငံ အလယ်ပိုင်း မြို့ကြီးများမှတစ်ဆင့် အထက်မြန်မာပြည် ကချင်ပြည်နယ် မြို့ကြီးများသို့ ကုန်စည် စီးဆင်းရန်အတွက် အရေးပါလှသည့် လမ်းမကြီးတစ်ခုဖြစ်သည်။ မြန်မာနိုင်ငံအထက်ပိုင်းသို့ ကုန်းလမ်းပိုင်း ပို့ဆောင်ဆက်သွယ်ရေး လုပ်ငန်းဆောင်ရွက်ရာတွင် မီးရထားလမ်းနှင့် မော်တော်ကားလမ်းမှာ အဓိက အရေးပါကြောင်း၊ အထူးသဖြင့် မော်တော်ကားလမ်းပိုင်းများ၏ တံတားများ အထူးကြံ့ခိုင်မှုရှိရန် လိုအပ်ကြောင်း ယခု အင်းတော် - နန့်စီးအောင် လမ်းပိုင်းမှာ ပျက်စီးယိုယွင်းလျှက်ရှိပြီး တံတားကြီးနှင့် တံတားငယ်များမှာလည်း ကြံ့ခိုင်မှု အားနည်းလျှက်ရှိကြောင်း၊ အချိန်မီပြုပြင်ပေးစေလိုကြောင်း၊ တံတားအမှတ် ၆/၁၆၁ မှာ တံတားကြမ်းခင်းပျက်စီးလျှက်ရှိသောကြောင့် မော်တော်ယာဉ်များအတွက် ဖြတ်သန်းသွားလာရာတွင် အန္တရာယ်ရှိကြောင်း အဆိုပါ တံတားဘေးတွင် ကွင်းလမ်းအဖြစ် ဖောက်လုပ်ထားသည့် တံတားငယ်တစ်စင်းရှိသော်လည်း အပြီးသတ်ဆောင်ရွက်ခြင်း မရှိသဖြင့် မော်တော်ယာဉ်မောင်းများ၊ ခရီးသွားပြည်သူများ၊ကျောင်းသား/သူများနှင့် ဒေသခံများအတွက် သွားလာရေးတွင် အခက်အခဲများနှင့်တွေ့ကြုံနေရကြောင်း၊ သို့ပါ၍ အဆိုပါ တံတားမှာ ကြံ့ခိုင်မှု မရှိသည့်အတွက် သတိပေးဆိုင်းဘုတ်များ တပ်ဆင်ပြီး ကွင်းလမ်းတံတားကို အမြန်ဆုံး အပြီးသတ်ဆောင်ရွက်ကာ၊ ၆/၁၆၁ တံတားကို ပြန်လည်ပြုပြင်တည်ဆောက်သင့်ကြောင်း တာဝန်သိပြည်သူတစ်ဦးမှ ပြောကြားခဲ့သည်။

CYCLONE