Thursday, March 9, 2017

#ပါရာဇိက_၄ပါး

#ပါရာဇိက_၄ပါး
(ကျပြီဟုဆိုနိုင်လောက်သောအင်္ဂါများ)
"ပါရာဇိက"၏ အဓိပ္ပါယ်မှာ "သာသနာတော်မှ ဆုံးရှုံးခြင်း" ဖြစ်သည်။
ပါရာဇိက အာပတ် (အပြစ်) သင့်သောသူသည် ရဟန်းအဖြစ်မှ ဆုံးရှုံးပြီး ရဟန်းအရာ မဝင်တော့ပါ။
(သင်္ကန်းဝတ်ထားသော်လည်း ရဟန်း မဟုတ်တော့ပါ)
(၁) #မေထုနဓမ္မ_ပါရာဇိက (မေထုန်အမှုကို ပြုခြင်း)
လူ,လူချင်း မေထုန်မှီဝဲမှသာမဟုတ်၊ တိရစ္ဆာန်မ,ကို မှီဝဲလျှင်လည်း ပါရာဇိက ကျသည်။
(က) မှီဝဲလိုစိတ်ရှိခြင်း၊
(ခ) သူတစ်ပါး၏ "မဂ်"အတွင်းသို့ မိမိ၏အင်္ဂါဇာတ်ကို သွင်းခြင်း၊
ဤအင်္ဂါ ၂,ရပ်နှင့် ညီလျှင် ပါရာဇိက အာပတ်သင့်၏။
"မဂ်"ဆိုသည်မှာ .. "မဂ္ဂ"ဟူသော ပါဠိမှလာပြီး မြန်မာလို "လမ်း"ဟု ဆိုလိုသည်။
#ဝစ္စမဂ် = ကျင်ကြီးလမ်း (ဖင်ပေါက်)
#ပဿာဝမဂ် = ကျင်ငယ်လမ်း (အင်္ဂါဇာတ်ပေါက်)
#မုခမဂ် = အစာဝင်လမ်း (ပါးစပ်ပေါက်)
ထို ၃,မျိုးသော လမ်းပေါက်ထဲသို့ အင်္ဂါဇာတ်ကို နှမ်းတစ်စေ့မျှ သွင်းမိလျှင်ပင် ပါရာဇိက ကျ၏။
မှတ်ချက်။ ။ သူတစ်ပါး မဂ်အတွင်းသို့ သွင်းမှ ပါရာဇိက ကျသည်မဟုတ်။ ကျောက်ကုန်း(ကျောကုန်း) ပျော့သူသည် ငုံ့၍ မိမိအင်္ဂါဇာတ်ကို ပါးစပ်ဖြင့် စုပ်လျှင်လည်း ပါရာဇိက ကျသည်။
အင်္ဂါဇာတ် ရှည်သူသည် မိမိ၏ ဝစ္စမဂ်(ဖင်ပေါက်)သို့ သွင်းလျှင်လည်း ပါရာဇိက ကျသည်။
(၂) #အဒိန္နာဒါန_ပါရာဇိက (ခိုးယူခြင်း)
တစ်မတ်တန်က စ၍ ခိုးသောရဟန်းသည် ပါရာဇိက ကျ၍ ရဟန်းကောင်းတို့နှင့် ပေါင်းသင်းခွင့် မရှိတော့ချေ။
(က) လူစင်စစ်၏ ဥစ္စာဖြစ်ခြင်း၊
(ခ) သူတစ်ပါး ဥစ္စာမှန်း သိခြင်း၊
(ဂ) ခိုးလိုသော စိတ်ရှိခြင်း၊
(ဃ) ဂရု ပရိက္ခရာ ဖြစ်ခြင်း၊
(ဂရု =ကြီးလေးသော +
ပရိက္ခရာ = ပစ္စည်းအသုံးအဆောင်)
(တစ်မတ်တန်နှင့် အထက်ကို ဂရု ပရိက္ခရာဟု
ထိုခေတ်က သတ်မှတ်သည်)
(င) ခိုးယူခြင်း၊
စသည့် အင်္ဂါ ၅,ရပ်နှင့် ညီလျှင် ပါရာဇိက အာပတ်သင့်သည်။
(၃) #မနုဿဝိဂ္ဂဟ_ပါရာဇိက (လူ့အသက်ကို သတ်ခြင်း)
(က) လူစင်စစ်ဖြစ်ခြင်း၊
(ခ) သတ္တဝါ(အသက်ရှိ)မှန်း သိခြင်း၊
(ဂ) သတ်လို(သေစေလို)သော စိတ်ရှိခြင်း၊
(ဃ) လုံ့လအားစိုက်ခြင်း၊
(င) သေခြင်း၊
စသည့် အင်္ဂါ ၅,ရပ်နှင့် ညီလျှင် ပါရာဇိက ကျသည်။
* မှတ်ချက်။ ။ ကိုယ်တိုင်သတ်ခြင်း၊ အသတ်ခိုင်းခြင်း မဟုတ်စေကာမူ ..
သေချင်နေသူ၏ အနီး၌ အလွယ်တကူ သေနိုင်စေရန် လက်နက် တစ်စုံတစ်ရာကို ရှာမှီး၍ ချထားသောကြောင့် သေလျှင်လည်း ပါရာဇိက ကျသည်။
သေခြင်း၏ အကျိုးကျေးဇူးကို (သေချင်စိတ် ပေါက်လာအောင်) ပြော၍ သေလျှင်လည်း ပါရာဇိက ကျသည်။
သေရန် နည်းလမ်းကို ပြော၍ သေလျှင်လည်း ပါရာဇိက ကျသည်။
(၄) #ဥတ္တရိမနုဿဓမ္မ_ပါရာဇိက
(ဈာန်မဂ်ဖိုလ်မရပဲ ဝါကြွား၍ ပြောခြင်း)
ဈာန်, မဂ်ဖိုလ် တရားတို့ကို မိမိမှာ မရှိပါပဲလျက် .. ရှိသည်၊ ဈာန်ရသည်၊ မဂ်ဖိုလ်ရသည်ဟု ပြောလျှင် ပါရာဇိက ကျသည်။
*မှတ်ချက်။ ။
ကမ္မဋ္ဌာန်းအားထုတ်နေသော ရဟန်းသည် လောဘ ဒေါသ စသော စိတ်များ အတော်ကြာကြာ မဖြစ်သောကြောင့် တစ်ကယ်ပင် ဈာန်, မဂ်ဖိုလ် ရပြီ ထင်၍ ပြောမိလျှင်ကား ပါရာဇိက မကျ။
သူတစ်ပါးကို ရည်ညွှန်း၍ ပြောခြင်းမဟုတ်ပဲ မိမိကိုယ်တိုင်ကို ရည်ညွှန်း၍ "ငါဈာန်ရသည်၊ မဂ်ဖိုလ်ရသည်" စသည်ဖြင့် ပြောမှ ပါရာဇိက ကျသည်။
အပြောခံရသူသည် လူစင်စစ်ဖြစ်ပြီး
ပြောပြီးလျှင်ပြီးခြင်း နားလည်မှ ပါရာဇိက ကျသည်။
••• ■■ •••
#TharTunNi
(4.9.2016)
စာရိုက်ဖို့မအားတာနဲ့အတော်ပဲ
Min Thant Acc မှ Copy
..
ကျမ်းကိုး။ ။
*ဘုရားဥပဒေတော်ကြီး
(အရှင်ဇနကာဘိဝံသ)