Sunday, September 29, 2013

မော်လူး သတင်းများ


ချမ်းမြေ့ သမ အသင်း ငွေစုငွေချေး အရပ်ရပ်ဆိုင်ရာ အစည်းအဝေးပွဲကျင်းပ
မော်လူး၊စက်တင်ဘာ ၂၉
@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မော်လူးကျေးရွာ၊ ဒေသဖွံ့ဖြိုးရေး အုပ်ချုပ်ရေးမှူးရုံးတွင် စက်တင်ဘာ ၂၉ ရက် နံနက် ၁၀နာရီ ၃၀ မိနစ် အချိန်က ချမ်းမြေ့ သမ အသင်း ငွေစုငွေချေး အရပ်ရပ်ဆိုင်ရာ အစည်းအဝေးပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။
အင်းတော်မြို့နယ် ချမ်းမြေ့ သမ ငွေစုငွေချေးအသင်း ဥက္ကဋ္ဌ ဦးထွန်းရွှေမှ "မြန်မာနိုင်ငံ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးစီမံကိန်းကို တစ်နိုင်ငံလုံးတွင် အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိရာ အင်းတော်မြို့နယ် မော်လူးဒေသတွင်လည်း အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိကြောင်း၊ ချမ်းမြေ့အသင်းဝင် ငွေစုငွေချေး အရပ်ရပ်ဆိုင်ရာ အသင်း၏ အသင်းဝင် အသင်းသူ/သားပေါင်း ၇၆ ဦးရှိကြောင်း၊ အသင်းဝင်တစ်ဦးလျှင် ၅၀၀၀ ကျပ်နှုန်းဖြင့် ထည့်ဝင်ကြပြီး ငွေစု ငွေချေးလုပ်ငန်းစတင်ခဲ့ရာ အသင်းသားများအတွက် ၂၁၃ သိန်း ၅ သောင်းကျပ် ထုတ်ချေးပေးနိုင်ခဲ့ကြောင်း၊ အသင်းသားတစ်ဦးလျှင် တစ်သိန်းခွဲကျပ်အထိသာ ထုတ်ချေးပေးမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရထံတွင်လည်း အသင်းခိုင်မြဲရေးအတွက် တရားဝင်မှတ်ပုံတင်ထားရှိပြီးဖြစ်ကြောင်း၊ အသင်းသူအသင်းသားများအနေဖြင့် ငွေစု၊ ငွေချေး ထည့်ဝင်သူ၊ စုဆောင်းသူများအနေဖြင့် စနစ်တကျ စာရင်းဇယား မှန်မှန်ကန်ကန်ထည့်ဝင်ကြရန်၊ သို့မှသာ အသင်းရေရှည်တည်တံ့ခိုင်မြဲပြီး ဆက်လက်တည်တံ့ခိုင်မြဲနိုင်မှာ ဖြစ်ကြောင်း"ပြောကြားခဲ့ပြီး အသင်းဝင်များဘက်မှလည်း သိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ရင်းနှီးပွင့်လင်းစွာဖြင့် ပြန်လည်ဖြေကြားကာ အစည်းအဝေးတက်ရောက်လာသည့် အသင်းသားများကို တစ်ဦးလျှင် ငွေကျပ် နှစ်ထောင်နှုန်းစီဖြင့် ခရီးစရိတ်ပြန်လည် မျှဝေပေးခဲ့သည်။ အစည်းအဝေးသို့ မြို့နယ် သမ အသင်း ဥက္ကဋ္ဌ ဦးမြင့်သန်း၊ မြို့နယ် သမ စာရင်းစစ် ဦးထိန်ဝင်းနှင့် မြို့နယ် သမ အကြီးတန်းစာရေး ဒေါ်သက်သက်ဝင်း၊ မော်လူး ချမ်းမြေ့သမ အုပ်ချုပ်ရေးမှူးဒါရိုက်တာ ဦးခင်ဇော်၊ ချမ်းမြေ့သမအသင်း ဥက္ကဋ္ဌ ဦးထွန်းရွှေ၊ စည်ပင်သာယာရေး ဦးစီးဋ္ဌာနမှ ဦးအောင်ကြူးနှင့် အသင်းသူအသင်းသား ၄၃ ဦးတက်ရောက် ခဲ့ကြကြောင်း သိရသည်။

cyclone






ကိုယ့်အားကိုယ်ကိုး စိမ့်စမ်းရေ သွယ်ယူရေးပြုလုပ်

မော်လူး ၊ စက်တင်ဘာ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊ မာန်ဟဲကျေးရွာအုပ်စုမှ မာန်ဟဲကျေးရွာရှိ ကျေးလက်ပြည်သူတို့သည် မော်လူးနှင့် နန့်စီးအောင်အကြား မာန်ဟဲရွာအရှေ့ ၃ မိုင်ခန့် အကွာရှိ ရွှေငှက်စိမ့်စမ်းချောင်းရေမှ မာန်ဟဲရွာတွင်းရှိ ကျေးလက်လူထု သောက်သုံးရေ ရရှိရေးအတွက် ကိုယ့်အားကိုယ်ကိုး ရေပေးဝေရေး လုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်ကြသည်။

အဆိုပါ စိမ့်စမ်းရေသွယ်ယူ၍ ရေပေးဝေရေးအတွက် အင်းတော်မြို့နယ်စည်ပင်မှ ၃ လက်မ ပိုက် နှစ်ဆယ်ပေ အလုံးရေ ၁၁၀နှင့် ဒုတိယအကြိမ် ၇၅လုံးတို့ ပံ့ပိုးပေးကြောင်း သိရသည်။

ရပ်ရွာမှ ကိုယ်အားကိုယ်ကိုး လေးလက်မပိုက် ၂၀၀နှင့် မြောင်းတူးခြင်း၊ ပိုက်သွယ်ခြင်း၊ ပိုက်မြှုပ်ခြင်း လုပ်ငန်းတို့ကို ရွာတွင်းရှိအိမ်တိုင်းတွင် ရေပင်တပ်ဆင်နိုင်ရေးအတွက် စုပေါင်းဆောင်ရွက်လျှက်ရှိကြောင်းနှင့် ရေပေးဝေရေလုပ်ငန်း အောင်မြင်ရေးအတွက် ပထမအဆင့် တစ်အိမ်လျှင် ၄၀၀၀၀ကျပ် ထည့်ဝင်မတည်ရကြောင်း ဒေသခံရွာသားတို့ထံမှ သိရသည်။

စစ်ကိုင်း ဝင်းရွှေ

 


 


မမျှော်လင့်ပဲ ရွာသွန်းသည့်မိုးကြောင့် တံတားထိန်းနံရံ ပြိုကျ
အင်းတော်၊စက်တင်ဘာ ၂၆


စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ ပေကုန်းကျေးရွာတွင် စက်တင်ဘာ ၂၆ရက်နေ့ နံနက် ၆ နာရီအချိန်က ရွှေဘို - မြစ်ကြီးနား ဗျူဟာလမ်းမပေါ်ရှိ တံတားငယ်တစ်စင်း၏ တံတားထိန်းနံရံများ ပြိုကျခဲ့ကြောင်း သိရသည်။
စက်တင်ဘာ ၂၅ ရက် ညနေပိုင်းက ရုတ်တရက် မမျှော်လင့်ပဲ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပေကုန်းကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းအနီးရှိ တံတားအမှတ် ၄/၁၆၈ တံတားထိန်းနံရံများ ပြိုကျခဲ့သောကြောင့် ရွှေဘို - မြစ်ကြီးနား ဗျူဟာကားလမ်းမကြီးပေါ် ဖြတ်သန်းမောင်နှင်လျှက်ရှိသည့် ကုန်တင်ယာဉ်ကြီးများနှင့် ဒေသခံ ခရီးသွားပြည်သူများ၊ ကျောင်းသား/သူများအတွက် အခက်ကြုံခဲ့ရသည်။
အဆိုပါ တံတားထိန်းနံရံပြိုကျခဲ့သည့် ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းမကြီး၏ ပေကုန်းကျေးရွာအနီး တံတားအမှတ် ၄/၁၆၈ သို့ အင်းတော်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲမင်းအောင်၊ ပေကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသောင်းရွှေ(မာန်ဟဲကျေးရွာ အုပ်စု)၊ ကျေးရွာဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြု ကော်မတီဝင်များ၊မြို့နယ်လမ်းတံတား ဆောက်လုပ်ရေးမှ တာဝန်ရှိသူများနှင့် တည်ဆောက်ရေးဝန်ထမ်းများက လာရောက်ကြည့်ရှု့စစ်ဆေးခဲ့သည်။အဆိုပါ တံတားကို ဖြတ်သန်းသွားလာလျှက်ရှိသည့် ကုန်တင်ယာဉ်ကြီးများ သွားလာမှု ရပ်တန့်မသွားစေရန်၊ယာဉ်ကြောပိတ်ဆို့မှု မဖြစ်ပွားရန်၊ ဒေသတွင်း ခရီးသွားပြည်သူများနှင့် ကျောင်းသား/သူများသွားလာရေး အခက်အခဲ မရှိစေရန်အတွက် ယာယီပြုပြင်ပြီး၊ ကြံ့ခိုင်မှု အပြည့်အဝရှိသည့် တံတားတစ်စင်းအဖြစ် အချိန်မီ တည်ဆောက်ရန်လိုအပ်ကြောင်း တာဝန်ရှိသူတစ်ဦးမှ ပြောကြားခဲ့ကြောင်း သိရသည်။
 Cyclone

 

ရှေ့တန်းစစ်ဆင်ရေးတပ်မှ ဒေသခံတို့အား အခမဲ့ဆေးကု
မိုးညှင်း၊ စက်တင်ဘာ ၂၆

@@@@@@@@@@@@@
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ပင်လုံကျေးရွာအုပ်စု၊ မြိုင်သာယာကျေးရွာ၊ လမင်းအိမ်စာကြည့်တိုက်တွင် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်သို့ စစ်ဆင်ရေးတာဝန်ဖြင့် ရောက်ရှိထမ်းဆောင်နေသော အနောက်တောင်တိုင်း စစ်ဋ္ဌာနချုပ် (ပုသိမ်စစဆေးရုံ)မှ အမှတ် ၂ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ခင်မောင်ဦး၊ ဗိုလ်ကြီး သန့်ဇင်ထွန်းတို့ ဦးဆောင်သော ရှေ့တန်း စစ်ဆင်ရေး အဖွဲ့သည် စက်တင်ဘာ ၂၃ ရက်နံနက် ၉ နာရီမှ စ၍ မြိုင်သာယာ၊ ပေကုန်းကျေးရွာများမှ ဝေဒနာရှင်ဒေသခံများအား အခမဲ့ဆေးကုသမှုများပြုလုပ်ပေးခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ ရှေ့တန်းစစ်ဆင်ရေး အဖွဲ့သည် ယခု ဝါဆိုလပြည့်နေ့မှစ၍ ဝါကျွတ်သည့် သီတင်းကျွတ်လပြည့်နေ့တိုင်အောင် ပေကုန်း၊ နန့်စီးအောင်၊ မြိုင်သာယာ၊ ပင်လုံ၊ သာယာကုန်းစသော ကျေးရွာများသို့ အလှည့်ကျ သွားရောက်၍ ကျန်းမာရေးစောင့်ရှောက်မှု အခမဲ့ ဆေးဝါးကုသမှုများ ဆောင်ရွက်လျှက်ရှိရာ ယနေ့အထိ လူနာပေါင်း ၅၀၀ ကျော်ပြီ ဖြစ်ကြောင်း သိရသည်။
 

စစ်ကိုင်း ဝင်းရွှေ