Friday, August 7, 2015

အဆိုးထဲက အကောင်း



အခုရက်ပိုင်းများတွင် သတင်းများ စာစောင်များထဲမှာ မြန်မာတစ်ပြည်လုံး ရေဘေးကြုံတွေ့နေကြရသည့် သတင်းများ ဖတ်မိပြီး စိတ်မကောင်းကြီးစွာ ဖြစ်မိ၏။ ထိုသို့ ရေဘေးကြုံတွေ့ခဲ့ကြရသည့် နိုင်ငံသားများထဲတွင် ကျနော်သည်လည်း တစ်ဦးအပါအဝင်ပင် မဟုတ်ပါလား။ ကျနော်တို့ဒေသတွင် နှစ်ပေါင်းများစွာကြာမြင့်သည့်တိုင်အောင် မကြုံတွေ့ခဲ့ရသည့် ရေကြီးရေလျှံခြင်းမျိုးကို ယခုနှစ် ဇူလိုင် ၂၄ ရက်နေ့တွင် ကြုံတွေ့လိုက်ကြရချေပြီ …။ "တောထဲတွင် ကျားတွေ့ခဲ့သည်ကို အိမ်ရောက်သည့်အခါ ပြန်ပြောတော့ ပေါ့ပျက်ပျက်" ဆိုသည့်စကားလိုပင် … ထိုနေ့ နံနက် ၄ နာရီခန့်ကတည်းက ရွာသွန်းသည့် မိုးသည် နံနက် ၈ နာရီခန့်အထိ မစဲနိုင်သေး …. လမ်းမများပေါ်တွင် မိုးရေများဖြင့် ပြည့်လျှံနေတော့သည်။ ထိုမိုးရေများကို ထပ်မံအားဖြည့်လိုက်သည်ကား ကျနော်တို့ဒေသ၏ အရှေ့ဘက်ရှိ တောင်တန်းများမှ ချောင်းဖျားခံစီးဆင်းလာသည့် ချောင်းရေများပင် …။ ပိုမိုဆိုးရွားသွားစေသည်ကား ထိုချောင်းငယ်၏ စီးဆင်းရာလမ်းကြောင်းပေါ်ရှိ မော်တော်ကာလမ်းမှ ချောင်းကူးတံတား ပြိုပျက်ကာ မီးရထားလမ်းတံတားတွင် သွားငြိပြီး ချောင်းရေကို ကာဆီးထားသည့် ရေကာတာသဖွယ်ဖြစ်ပြီး ရေများသည်ကား ရွာအတွင်းသို့ တဟုန်ထိုး စီးဝင်ကုန်တော့သည်။ မည်သူကမျှ မည်သို့မျှ မျှော်လင့်မထားသည့် အရှိန်အဟုန်မျိုးဖြင့် စီးဝင်ကာ နစ်မြုပ်ကုန်တော့သည်။ မည်သူကမျှ မိမိတို့၏ ပစ္စည်းများကို သိမ်းဆည်းချိန် လုံလုံလောက်လောက်မရလိုက်ကြ …။ ဆေးရုံ ၊ ဘုန်းတော်ကြီးကျောင်းများ၏ တံတိုင်းများ ပြိုကျကုန်သည်…။ ချောင်းကမ်းဘေးရှိ နေအိမ်များ ရေစီးနှင့်အတူ မျှောပါကုန်ကြ၏။ ကုန်သည်များ၏ ပစ္စည်းများ ရေမျှောနစ်မြုပ်ကုန်ကြ၏။ စက်ပိုင်ရှင်များ၏ ဆန်အိတ်များ ရေနစ်ကုန်၏။ ဆုံးရှုံးမှုကား မနည်းလှချေ…..။ ဤသို့နှစ်ပေါင်းများစွာ မကြုံတွေ့ခဲ့ဘူးတဲ့ ရေကြီးရေလျှံမှုကား အဘယ်ကြောင့် ဖြစ်ရလေသနည်း။ ကျနော်တို့၏ လူမျိုးများ သုံးစွဲနေကြ စကားအတိုင်း "ဒါဟာ ကံတရားပါ။ ဝဋ်ကြွေးရှိလို့ ဖြစ်ရတာပါ" ဟု ဖြေတွေးတွေးပြီး ဖြေသိမ့်ကြရမည်လား….။ ဤသို့ဖြစ်ရခြင်းမှာ အဘယ်သို့သော အကြောင်းကြောင့်တွေနည်း။ ကျနော်တို့ လေ့လာဆန်းစစ် တွေးခေါ်မြော်မြင်မကြည့်သင့်ဘူးလား။ ရှည်ရှည်ဝေးဝေးတွေးစရာမလိုပါ။ ကျနော်တို့ဒေသမှာ လွန်ခဲ့သည့် နှစ်အများကြီး မဟုတ်ပါ။ ဆယ်စုနှစ် တစ်ခုကျော်က ရှိခဲ့သည့် သစ်တောသစ်ပင်များ မရှိတော့ခြင်းကြောင့်ပင် …။ အစိုးရက သစ်ထုတ်သည်။ ပေါင်းစားသူများက ခိုးထုတ်သည်။ ဒီလိုတွေနှင့် ရှိသမျှ ကျွန်း၊ တမလန်းပင်တွေက ကုန်သလောက်နီးပါး ဖြစ်သွားခဲ့ရသည် မဟုတ်လား။
ထိုသို့ သစ်တောများပြုန်းတီးခြင်းကြောင့် မိုးခေါင်ရမည့်အစား အဘယ်ကြောင့် မိုးကောင်းပြီး ရေကြီးရေလျှံမှုများ ဖြစ်ပွားရသနည်းဟု အမေးရှိလာငြားအံ့။ သစ်တောသစ်ပင်များ ပြုန်းတီးခြင်းကြောင့် ဖြစ်ပွားနိုင်သည်မှာ မိုးခေါင်ခြင်းတစ်ခုတည်း မဟုတ်ပါ။ ရာသီဥတုဖောက်ပြန်ခြင်းဆိုသည့် အချက်ပင်…။ အခြားတစ်ခုမှာ သစ်တောသစ်ပင်များရှိစဉ်က ကောင်းကင်မှ ရွာချလိုက်သည့် မိုးရေသည် သစ်ပင်များပေါ်သို့ အရင်ကျရောက်ပြီး ထိုမှတစ်ဆင့် မြေကြီးပေါ်သို့ ကျရောက်ပါသည်။ ထိုသို့ ကျရောက်လာသည့် မိုးရေကို သစ်ပင်၏ အမြစ်များမှ သူတို့တတ်နိုင်သလောက် စုပ်ယူထားလိုက်ကြပါသည်။ သစ်ပင်အမြစ်များ စုပ်ယူရာမှ ပိုလျှံလာသည့် ရေများသည်သာ မြင့်ရာမှ နိမ့်ရာသို့ စီးဆင်းသွားကြပါသည်။ ထိုသို စီးဆင်းရာတွင်လည်း သစ်ပင်အမြစ်များက သူတို့အမြစ်အနီးအနားပတ်ဝန်းကျင်ရှိ မြေသားများကို တွယ်ချိတ်ကုတ်တွယ်ထားသဖြင့် မြေပြိုခြင်းများကိုလည်း မဖြစ်ပွားစေပါ။ ယခုတော့ ကောင်းကင်ပေါ်မှ ကျရောက်လာသည့် မိုးရေများသည် သစ်ပင်များမရှိတော့သဖြင့် မြေပြင်ပေါ်သို့ တိုက်ရိုက်ကျရောက်ပြီး ထိုမိုးရေများကို စုပ်ယူမည့် မြေဆီလွှာကို ထိန်းသိမ်းမည့် သစ်မြစ်များ မရှိတော့သဖြင့် အရှန်အဟုန်ဖြင့် မြင့်ရာမှ နိမ့်ရာသို့ စီးဆင်းကုန်ကြပါသည်။ ထိုပြင် ချောင်းကို ဖြတ်လျှက် တည်ဆောက်ထားကြသည့် ဆည်များကြောင့်လည်း ရေကြီးရေလျှံမှုကို ပိုမိုဖြစ်ပွားစေပါသည်။ ကျနော်ပြောလိုသည်မှာ စနစ်တကျ တည်ဆောက်ထားသည့် ဆည်များကို မဆိုလိုပါ။ အဖြစ်သာတည်ဆောက်ထားသည့် ဆည်များကိုသာ ဆိုလိုခြင်းဖြစ်၏။ ဥပမာ … ရေစီးဆင်းရာ လမ်းကြောင်းရှိ ပထမဆုံး ဆည်သည် ရေထု တစ်ပေကို ထိန်းထားလိုက်ပြီဆိုလျှင် ဒုတိယဆည်မှာ ရေထုနှစ်ပေကို ထိန်းထားရပေမည်။ ထို့အောက်မှ ဆည်များမှာ ထိုနည်းတူစွာ ဆတိုး ဆတိုး ရေကိုထိန်းထားကြပေလိမ့်မည်။ ပထမဆုံး ရေထုတစ်ပေခန့် ထိန်းထားသည့်ဆည်မှ ကျိုးပျက်သွားသောအခါ ဒုတိယဆည်တွင် ရေထုက သုံးပေဖြစ်သွားမည်။ ဒုတိယဆည်ကျိုးပေါက်သွားသောအခါ ရေထုက တတိယဆည်တွင် ၇ ပေဖြစ်သွားပေမည်။ ထိုသို့ ဆင့်ကဲဆင့်ကဲ ဆည်များကျိုးပျက်လေသောအခါ ရေသည်အလုံးအရင်းဖြင့် ကျဆင်းလာကာ ရေကြီးရေလျှံမှုများကို ဖြစ်ပွားစေတော့သည်။ ယခုအဖြစ်အပျက်မှာ ကျနော်တို့ ဒေသတွင် ဖြစ်ပွားသွားသည့် ရေကြီးရေလျှံမှုကို ဥာဏ်မီသလောက် လေ့လာဆန်းစစ် သုံးသပ်ဆင်ခြင်မိခြင်းသာ…။ ကျနော်တို့ဒေသအတွက် ခံသာသွားသည်မှာ ရေကြီးရေလျှံမှုဖြစ်ပွားခြင်း မြန်ဆန်သလို ရေကျချိန်မှာလည်း မြန်ဆန်သွားခြင်းက အထိနာစေမှုကို သက်သာသွားစေသည့် အချက်ပင် ….။ မည်သို့ပင်ဆိုစေကာမူ ဆုံးရှုံးမှုကား ရှိသည်ဆိုသည့် အမှန်တရားကိုမူ မျက်ကွယ်ပြု၍ မရပေ….။ ဒေသခံတို့၏ ဝိုင်းဝန်းကြိုးပမ်းအားထုတ်မှုကြောင့် အခြားအကူအညီများ ကြီးကြီးမားမား မယူလိုက်ရပဲ …. ရေကြီးရေလျှံမှု၏ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာများကိုသာမက ရေကြီးရေလျှံမှုကြောင့် နေအိမ်ရေထဲသို့ မျှောပါသွားသူများအတွက်ပါ ပြန်လည် ထူထောင်နိုင်ရန် ကူညီဖေးမပေးနိုင်ခဲ့ကြသည်။ ထိုသို့ဖြစ်ပွားခဲ့သည့် ဆိုးကျိုးသည် ကျနော်တို့ ဒေသခံပြည်သူများအတွက် စည်းလုံးညီညွှတ်မှုကို ခိုင်မြဲစေပြီး ဖေးမကူညီမှု စာနာနားလည်မှုများကို ပေါက်ဖွားစေကာ သဘာဝဘေးအန္တရာယ်ဖြစ်သည့် ရေဘေးဒဏ်ကို တုန့်ပြန်တော်လှန်နိုင်ခဲ့ကြသည်မှာ အဆိုးထဲမှ အကောင်းတစ်ခုဟု သတ်မှတ်ရမည်သာ … ရေကြီးရေလျှံမှု ဖြစ်ပွားရာနေရာများသို့ ရေသန့်အလှူများ၊ ဝမ်းလျှော ဝမ်းပျက်ကာကွယ်ဆေးနှင့် ဓာတ်ဆားထုပ်များ၊ ရေသန့်ဆေးများ ရောက်ရှိအောင် ပရဟိတအဖွဲ့ငယ်များမှ ဆောင်ရွက်နိုင်ခဲ့သလို သက်ဆိုင်ရာအဖွဲ့အစည်းများကလည်း ကျရာနေရာ ကျရာတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြခြင်းကြောင့် သာ မဟုတ်ပါလား။ ဤသို့သော စည်းလုံးညီညွှတ်မှု ဖေးမကူညီမှု စာနာနားလည်မှုများသည် ကျနော်တို့ဒေသတွင်သာတွင်မက ကျနော်တို့ နိုင်ငံတစ်ခုလုံး၏ နိုင်ငံသားတိုင်း၏ ရင်ထဲမှာ ကိန်းအောင်းတည်ရှိနေပြီးသား ဖြစ်ကြောင်း ရေဘေးကြုံတွေ့နေကြရသည့် ဒေသများသို့ သွားရောက်ကူညီဖေးမ လှူဒါန်းကြသည်ကို မြင်တွေ့နေကြရသည် မဟုတ်ပါလား။ ဒီစိတ်ဓာတ် ဒီစည်းလုံးမှုမျိုးရှိနေကြသည့် ကျနော်တို့နိုင်ငံ ကျနော်တို့လူမျိုးများအတွက် ပိုမိုကောင်းမွန်သော စနစ်နှင့် ပိုမိုကောင်းမွန်သည့် နိုင်ငံဆီသို့ ကျနော်တို့နိုင်ငံသားများ မလွဲမသွေ ချီတက်ရောက်ရှိနိုင်လိမ့်မည်ဟု ယုံကြည်လျှက် ……
ပျော်ရွှင်ချမ်းမြေ့ကြပါစေ . . .
k.t.w.l