Saturday, July 11, 2015

တစ်ခါတုန်းက ဘဝတွေ . . .

တစ်ခါတုန်းက ဘဝတွေ ၃
"ဟာ ….. ညတုန်းက အိမ်ကို သူခိုးဝင်သွားတာ ဆိုင်ကယ်တစ်စီးပါသွားတယ်…" အခုတစ်လော ကျနော်နေထိုင်ရာ ကျေးရွာလေးမှာ မကြာခဏဆိုသလို သူခိုးဝင်ခိုးတာတွေ ခံနေကြရတယ်….။ ဆိုင်ကယ်တွေအခိုးခံကြရ …. တယ်လီဖုန်း ဟန်းဆက်ဆိုင်တွေ အဖောက်ခံကြရနဲ့ … သူခိုးသောင်းကျန်းမှုဒဏ်ကို တော်တော်လေး ခံနေကြရပါတယ်။ သက်ဆိုင်ရာကလည်း အမြန်ဆုံးဖမ်းမိနိုင်ရေးအတွက် ကြိုးစားနေကြပုံရပါတယ်…. အခုထိတော့ သူခိုးဖမ်းမိတယ်ဆိုတဲ့ သတင်း မကြားမိသေးပါဘူး။ ဒီလို သူခိုးသောင်းကျန်းနေတာကြားရ သိရတော့ ကျနော်တို့ ကျောင်းသားဘဝက သူခိုးဖမ်းပွဲလုပ်ခဲ့ကြတာလေး သတိရမိသားဗျ။
ကျနော်မြစ်ကြီးနားမှာ GTI တက်တုန်းကနေခဲ့တဲ့ အဆောင်က ပန်ဆွန်ဟိုတယ်ကြီးရဲ့နောက်ကျော လမ်းကြားလေးထဲမှာရှိတဲ့ နှစ်ထပ်အိမ်ကြီးပါ။ အပေါ်ထပ်တစ်ထပ်လုံးမှာ ကျနော်တို့ ကျောင်းသား ၁၅ ဦးလောက်ရှိမယ်ထင်ပါတယ်။ GTI နောက်ဆုံးနှစ်ကျောင်းသားတွေရယ်၊ MIT ကပထနှစ်နဲ့ ဒုတိယနှစ်ကျောင်းသားတွေရယ် ….နေကြတာပါ။ အခန်းတွေက နှစ်ယောက်ခန်း၊ လေးယောက်ခန်းတွေ…. အောက်ထပ်မှာတော့ အိမ်ရှင်တွေနေကြပါတယ်။ အိမ်ရှေ့မျက်နှာစာ မြောက်ဘက်နားမှာ ရေတွင်းတစ်တွင်းနဲ့ ရေလှောင်ကန်ရှိပြီး အဝတ်လှန်းဖို့ ကြိုးတန်းလည်းရှိပါတယ်။ ကျနော်တို့တွေ ရေချိုးအဝတ်လျှော်ပြီး အဝတ်အစားတွေကို လှမ်းတဲ့နေရာပါ။ အိမ်ဝင်းကိုတော့ အောက်ပိုင်းက အုတ်တံတိုင်း အပေါ်ပိုင်းက သံပန်းကာထားပါ။ ဝင်းတံခါးကတော့ သံတံခါးပါ။ အိမ်ရှေ့ဝင်ပေါက်မှာ အုတ်ခုံဝိုင်းလေးနဲ့ ရေတမာပင်ကြီးရှိနေပါတယ်။ လမ်းကြားဆိုတော့ ညဆိုမှောင်နေပါတယ်။ ကျနော်တို့နေစဉ်က မြစ်ကြီးနားမြို့ဟာ လျှပ်စစ်မီးမှန်မှန်မရပါဘူး။ ကျနော်တို့တွေက ရေချိုးအဝတ်အစားလျှော်လှန်းပြီး ညပိုင်းကို မသိမ်းမိပဲ လှမ်းထားတဲ့အတိုင်း ပစ်ထားမိတတ်ကြပါတယ်။ ဒီလိုနဲ့ တစ်ညမှာတော့ မသိမ်းမိတဲ့ အဝတ်အစားတွေပျောက်ကုန်ပါတော့တယ်။ သူခိုးခိုးခံရတာပါ။ ခိုးတဲ့ သူခိုးကအလည်ဗျ….။ လှမ်းထားတဲ့ အဝတ်အစားတွေအားလုံးကိုယူ အဲ့ဒီအထဲကမှ တန်ဘိုးရှိတဲ့ အဝတ်အစားတွေကိုပဲ ရွေးယူပြီး တန်ဖိုးနည်းတဲ့ အဝတ်အစားတွေကိုတော့ လမ်ဘေးက မြောင်းထဲမှာ ပစ်ထားခဲ့ကြတာ….။ ကျောင်းသားတွေရဲ့ ဂျင်းဘောင်ဘီရှည်တွေအခိုးခံလိုက်ရတာပေါ့။ ဒါကို မကျေမနပ်ဖြစ်ကြတဲ့ ကျနော်သူငယ်ချင်းတွေက သူခိုးကို စောင့်ဖမ်းဖို့ အစီအစဉ်တစ်ရပ်ရေးဆွဲပါတယ်။ ကျနော်တို့နေတဲ့ အိမ်အပေါ်ထပ်ကနေက အိမ်ရှေ့မျက်နှာစာတစ်ခုလုံးကို မြင်နေရတာပါ။ သူခိုးဖမ်းဖို့ အစီအစဉ်အတွက် ညပိုင်းကို အဝတ်တွေမသိမ်းပဲ ပစ်ထားကြမယ်။ အဝတ်တွေက ညအမှောင်မှာ မြင်သာမယ့် အရောင်ဖြစ်တဲ့ အဖြူရောင် အင်္ကျီတွေကို ထားမယ်ဆိုတဲ့ အစီအစဉ်ပါ။ ညတိုင်း အဆောင်နေ ကျောင်းသားတွေထဲက နှစ်ယောက်ကျ အိမ်ခန်းထဲမှာ မအိပ်ပဲ အိမ့်အပေါ်ထပ် အပြင်မှာ သူခိုးစောင့်ကြတာပေါ့။ ကျနော်တို့ အိပ်ခန်းအပေါက်ဝတွေမှာ နှစ်တစ်လက်မ အသားချောင်းတွေ ထောင်ထားပေးပါတယ်။ သူခိုးလာရင် အဆင်သင့်ကိုင်ပြီး လိုက်ဖမ်းကြရအောင် ဆိုပါတော့။ သိပ်ကြာကြာ မစောင့်လိုက်ရဘူး…. တစ်ပတ်လောက်အကြာ ညဆယ်နှစ်နာရီကျော်မှ ကင်းစောင့်ကျတဲ့သူတွေက အိပ်ခန်းထဲမှာ အိပ်နေတဲ့ ကျောင်းသားတွေကို နှိုးပြီး အရင်ဆုံး ကင့်စောင့်ကျတဲ့သူနှစ်ယောက်က တုတ်ကိုယ်စီကိုင်ပြီး တိတ်တိတ်လေးအောက်ကိုဆင်း … ကျန်တဲ့ ကျောင်းသားတွေကလည်း နောက်တိတ်တိတ်လိုက်ဆင်းပေါ့။ သူခိုးတွေက အောက်ခြေက ကာထားတဲ့ အုတ်တံတိုင်းလေးပေါ်တက် သံပန်းကို လက်တစ်ဘက်ကကိုင် ကျန်တဲ့ လက်တစ်ဘက်က ချိတ်တပ်ထားတဲ့ဝါးလုံးလေးကိုကိုင်ပြီး ကြိုးတန်းမှာ လှန်းထားတဲ့ အဝတ်တွေကို ချိတ်ယူကြတာရယ်။ အောက်ကို အရင်ရောက်သွားတဲ့ ကျောင်းသားနှစ်ယောက်မှာ တစ်ယောက်က ဝင်းတံခါးကို ဆွဲဖွင့် ကျန်တစ်ယောက်က တုတ်ကိုင်ပြီး "ဟေ့ကောင် …. မပြေးနဲ့ …. သူခိုး …သူခိုး …" အော်ပြီး လိုက်တော့တာပေါ့။ ကျန်တဲ့ ကျောင်းသားတွေလည်း နောက်ကလိုက်ကြပါတယ်။ လမ်းကြားလေးထဲကနေ လမ်းမကြီးရောက်ခါနီး စွယ်တော်ပင်လေးနားမှာ သူခိုးနောက်က ကပ်လိုက်သွားတဲ့သူက နောက်ကနေ တုတ်နဲ့ လှမ်းရိုက်လိုက်တော့ ပြေးနေတဲ့ သူခိုး မှောက်ရက်လဲကျသွားပါတော့တယ်။ ကပ်ရပ်ပါလာတဲ့သူက ဆက်ရိုက်မလို့ကြည့်တော့ သူခိုးလေးက ၁၂ နှစ် ၁၃ နှစ်သားလေး ဖြစ်နေတာမို့ …. ကြောင်ပြီး ရပ်နေမိစဉ် …. " ဖုန်း … ခွပ် ..ခွပ်…. မင်းလားကွ … သူခိုး … ငါတို့ရပ်ကွက်ထဲကိုများ လာခိုးရဲသေးတယ်… ခွပ် ..ခွပ်…" ဆိုတဲ့ အသံတွေနဲ့ သူခိုးလေးပေါ်ကနေ ကားယားခွထိုင်ပြီး အားပါးတရတွယ်နေတဲ့ လူကို ကျနော်တို့ ကျောင်းသားတွေ အတင်းဆွဲဖယ်ပြီး "ဟေ့ …လူ … ခင်ဗျားက ဘယ်သူလဲ … ဘယ်ကလဲ"လို့မေးတော့ "ငါက ဒီရပ်ကွက်က ရပ်ကွက်မှူးကွ" လို့ပြန်ဖြေတော့ "ရပ်ကွက်မှူးဆိုလည်း ကလေးကို မရိုက်နဲ့တော့ဗျာ… သူခိုးဆိုပေမယ့် ကလေးပဲရှိသေးတာ …."လို့ပြောကြတော့မှ ရပ်ကွက်မှူး ငြိမ်သွားပါတယ်။ "ကျနော်တို့ သူ့ကို ရဲစခန်း ပို့လိုက်ပါ့မယ် "လို့ ပြောပြီး သူခိုးလေးကို အဆောင်ရှေ့ခေါ်လာခဲ့ကြပါတယ်။ အဆောင်ရှေ့ရောက်တော့ ရေတမာပင်ကြီးမှာ သူခိုးလေးကို ကြိုးနဲ့တုပ်လိုက်ပါတယ်။ ပြီးတော့ ကျောင်းသားတွေက တစ်ယောက်တစ်ခွန်း စစ်ဆေးကြတော့တာပေါ့။ တွေးကြည့်လေ … ကျောင်းသား ၁၅ ယောက်လောက်က ဝိုင်းပြီးမေးကြ စစ်ကြ ဖြေတာ မဟုတ်ဘူးထင်ရင် ကိုင်လိုက်ကြနဲ့ …. ကျနော့်မှာ သူခိုးလေးကို ကြည့်ပြီး တော်တော် သနားနေမိပါပြီ။ သူခိုးလေးက လာခိုးတာ သူတစ်ယောက်တည်း မဟုတ်ကြောင်း အဖော်နှစ်ယောက်ပါတဲ့အကြောင်း မြစ်ကြီးနားမြို့ အခွန်လွှတ်ဈေးထဲမှာ နေကြောင်းတွေပြောပြနေပါတယ်။ ကျောင်းသားတစ်ယောက်ကတော့ ကတ်ကြေးကိုင်ပြီး သူခိုးလေးဆံပင်တွေကို ညှပ်ပါတော့တယ်။ နောက်ဆုံး သူခိုးလေးက "ကြောက်ပါပြီဗျာ… ကျနော့်ကို ရဲစခန်းပို့ကြပါတော့ဗျာ" လို့တောင်းပန်ရတဲ့အထိ လက်စွမ်းပြလိုက်ကြတာ …. ၁၂ နာရီကျော်လောက်ကနေ တစ်ယောက်တစ်ပေါက်စစ်ကြ မေးကြ ရိုက်လိုက်ကြတာ နှစ်နာရီ ထိုးခါးနီးမှ ကျနော်တို့တွေ သူခိုးလေးကို မြစ်ကြီးနား ခေမာသီရိရပ်ကွက်က အမှတ် ၁ ရဲစခန်းကို သွားအပ်ကြပါတယ်။ သူခိုးလေးကို ကြိုးချည်ပြီး တစ်လမ်းလုံးလည်း တစ်ယောက်တစ်ပေါက် မေးလိုက်ရိုက်လိုက်ပါပဲ။ ကျနော်ကတော့ သူခိုးဟာ မထင်မှတ်ပဲ ၁၂ နှစ် ၁၃နှစ်သားလေး ဖြစ်နေတာကို တွေ့ရပြီးကတည်း စိတ်မကောင်းဖြစ်မိပြီး မေးလည်းမမေးမိ ရိုက်လည်း မရိုက်ရက်တော့ပါဘူး။ သူငယ်ချင်းတွေ လုပ်နေကြတာကိုလည်း မလုပ်ကြပါနဲ့ကွာလို့လည်း မတားမြစ်ဖြစ်ပါဘူး။ ဒါကတော့ ကျနော်တို့ GTI နောက်ဆုံးနှစ်မှာ တွေ့ကြုံခဲ့ရတဲ့ သူခိုးဖမ်းပွဲလေးပါ…..။ ကျနော်တို့ တစ်ဆောင်လုံး မမေ့နိုင်တဲ့ အဖြစ်အပျက်လေး တစ်ခုဆိုလည်း မမှားပါဘူး။ ဒီစာလေးကို ရေးရင်း သူခိုးဖမ်းတုန်း သူခိုးလေးကို နောက်ကနေရိုက်လိုက်ပြီး လဲကျသွားလို့ ကြည့်မိတော့ ကလေးဖြစ်နေလို့ ဆက်မရိုက်ဖြစ်တော့တဲ့ MIT ဒုတိယ နှစ်က ဗန်းမော်သား ကိုသန်းနိုင်၊ သူခိုးလေးကို ကပ်ကြေးနဲ့ ဆံပင်တွေညှပ်တဲ့ GTI နောက်ဆုံးနှစ် Civil က မန္တလေးသား လမင်းထွန်း၊ သူများတွေ စစ်မေးကြရိုက်ကြတုန်းမှာ ဘာမှမပြောပဲ ရဲစခန်းရောက်ခါနီးမှာ "မင်း ..အဲ့အိမ်မှာ ငါတို့ကျောင်းသားတွေနေတာ မသိဘူးလား"လို့ မေးပြီး သူခိုးလေးက "သိပါတယ်" လို့ဖြေတော့ "သိရက်သားနဲ့ မင်းကခိုးရဲတယ်ပေါ့လေ"ဆိုပြီး နောက်ကနေ ခြေစွမ်းပြလိုက်တဲ့ GTI နောက်ဆုံးနှစ် MT က King နန့်မွန်းသား ယုမောင်တို့နဲ့အတူ တစ်ခါတုန်းက ဘဝတွေ ၁ ကိုရေးတာ ဖတ်မိပြီး သူခိုးဖမ်းပွဲလေးအကြောင်း ရေးပါဦးလို့ Comment ပေးတောင်းဆိုလာတဲ့ MIT ပထမနှစ်က သက်ထွန်းအောင်နဲ့အတူ အဆောင်အတူတူနေခဲ့ရတဲ့ သူငယ်ချင်းတွေကို အားလုံးကို လွမ်းနေမိတာပါပဲ ………

ပျော်ရွှင်ချမ်းမြေ့ကြပါစေ . . . .
k.t.w.l