Wednesday, October 2, 2013

အာသောကမင်းကြီး တည်ထားကိုးကွယ်ခဲ့သည် သမိုင်းဝင် ဒီပင်္ကကရာ ဘုရားလမ်းမကြီး စုပေါင်းပြုပြင်



အာသောကမင်းကြီး တည်ထားကိုးကွယ်ခဲ့သည် သမိုင်းဝင် ဒီပင်္ကကရာ ဘုရားလမ်းမကြီး စုပေါင်းပြုပြင်

မော်လူး၊ အောက်တိုဘာ ၂

@@@@@@@@@@@@@@@@@@@@@

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မော်လူးဒေသရှိ အသောကမင်းကြီး တည်ထားကိုးကွယ်ခဲ့သည့် သမိုင်းဝင် ဒီပင်္ကရာ ဘုရားသို့ သွားရာ လမ်းမကြီးအား ဒေသခံပြည်သူများမှ စုပေါင်းပြုပြင်နေကြကြောင်း သိရသည်။

သမိုင်းဝင် ဒီပင်္ကရာစေတီတော်ကြီးသည် မော်လူးမှ နှစ်မိုင်ခန့်ဝေးကွာသည့် နေရာတွင်တည်ရှိပြီး၊ ထိုစေတီတော်သို့ သွားရာလမ်းမကြီးမှာ မိုးတွင်းကာလ မိုးရွာသွန်းမှု များပြားခဲ့သဖြင့် ပျက်စီးမှုများ ရှိခဲ့သည်။ အဆိုပါ စေတီတော်မြတ်ကြီးသည် မော်လူးဒေသတွင်း ကိုးတိုက်နယ်ရှိ၊ ကျေးရွာပေါင်း ၄၃ ရွာတို့၏ လှူဒါန်းမှုဖြင့် နှစ်စဉ် အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲနှင့်  ဗုဒ္ဓပူဇနိယပွဲတော်တို့ကို ကျင်းပလာခဲ့သည်မှာ ရာပြည့်နှစ်ရှိခဲ့ပြီဖြစ်ကြောင်း၊ ပွဲတော်ကာလအတွင်း လာရောက်ကြသည့် ဘုရားဖူးလာသူများ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်စွာ သွားလာနိုင်ရေးအတွက် ယိုယွင်းနေသည့် လမ်းမကြီးကို ဒေသခံများက လုပ်အားဒါနပေးလှူကာ ပြုပြင်နေကြခြင်းဖြစ်သည်။ စက်တင်ဘာလကုန်မှ စ၍ အောက်တိုဘာလ နှစ်ရက်နေ့အထိ မော်လူး-အုန်းဒုတ်-မင်းသာရွာများကို ဖြတ်သန်းသွားသည့် ဒီပင်္ကရာဘုရားလမ်းမကြီးအား မင်းသာကျေးရွာ အုပ်ချုပ်ရေးမှူးမှ ဦးဆောင်ကာ ရွာသူရွာသားများက စုပေါင်းပြီး သဲကျောက်များကို ထော်လာဂျီယာဉ်များဖြင့် သယ်ယူကာ ပျက်စီးနေသော လမ်းပိုင်း ပေ ၂၅၀၀ကျော်ကို ပြုပြင်ခဲ့ကြကြောင်း၊ ပြုပြင်ရန် ကျန်ရှိနေသေးသည့် လမ်းပိုင်းကိုလည်း ဒီပင်္ကရာဘုရားပွဲတော် ဖြစ်မြောက်ရေးအဖွဲ့နှင့် ဒေသခံများမှ ပွဲတော်အမှီ ပြုပြင်သွားရန် အစီအစဉ်ရှိကြောင်း သိရသည်။

" ဒီပင်္ကရာစေတီတော်မြတ်ကြီးက နှစ်စဉ်ပွဲတော်ကျင်းပရာ စေတီတစ်ဆူဖြစ်သလို သမိုင်းဝင်စေတီတစ်ဆူလည်း ဖြစ်ပါတယ်။ ဒီလိုစေတီတော်ကြီးကို သွားတဲ့ လမ်းမကြီးဟာ နှစ်စဉ် မိုးတွင်းကာလရောက်တိုင်း ရေလွှမ်းပြီး အမြဲလို ပျက်စီးနေတာပါ။ နှစ်တိုင်းလည်း ပြုပြင်နေရတယ်။ အရင်က ဒီလမ်းမကြီးကို ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ဖို့ နိုင်ငံတော်က ကတ္တရာပုံးတွေချပေးခဲ့ပေမယ့် မလောက်ငှခဲ့လို ပေ ၁၂၀၀ကျော်လောက်ပဲ ခင်းနိုင်ခဲ့တယ်။ နောက်ထပ်လည်း ကတ္တရာထပ်မချပေးတော့ လမ်းက မိုးရာသီရောက်တိုင်း ပျက်လိုက် ပြန်ပြင်လိုက်နဲ့ လုံးချာလည်နေတာပါပဲ။ ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ပေးနိုင်ရင် အကောင်းဆုံးပေါ့။ လိုအပ်တဲ့ ကျောက်တွေကို ဒေသခံတွေက စုပေါင်းပြီး ခွဲပေးခဲ့ကြပေမဲ့... အခုတော့ ပုံထားတဲ့ ကျောက်ပုံတွေက ဘယ်ရောက်ကုန်မှန်းမသိအောင် ဖြစ်နေပါပြီ။ တကယ်လို့ နိုင်ငံတော်က ကတ္တရာပုံးတွေ ချပေးခဲ့မယ်ဆိုရင် ဒေသခံတွေက လိုအပ်တဲ့ ကျောက်တွေကို ပြန်လည် ဖြည့်တင်းသင့်သလို နိုင်ငံတော်က ကတ္တရာပုံးတွေ မချပေးနိုင်ခဲ့ရင်လည်း ဒေသခံတွေက ကိုယ်ထူကိုယ်ထ စုပေါင်းပြီး ကတ္တရာလမ်းမကြီးဖြစ်အောင် ကြိုးစားဆောင်ရွက်သင့်ပါတယ်"ဟု  ဒေသခံတစ်ဦးမှ ပြောကြားခဲ့ကြောင်း သိရသည်။

CYCLONE