Thursday, February 19, 2015

အင်းတော်မြို့က သတင်းတစ်ပုဒ် မော်လူးမှာတော့ မရှိလောက်ပါဘူး



facebook မှ ကူးယူဖော်ပြပါသည်။
ခရက်ဒစ်တူ မူရင်းပို့စ်တင်သူ

One Candle စေတနာရှင်လူငယ်များအဖွဲ့ စာရေးကိရိယာ အလှူခရီးစဉ်(၉)








One Candle စေတနာရှင်လူငယ်များ အဖွဲ့ စာရေးကိရိယာ အလှူခရီးစဉ် (၉)
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@

ကျနော်တို့အဖွဲ့ မူလခေါင်တုန့်စည်ရွာလေးက နားမကျိုင်းကျေးရွာဆီ ပြန်လာကြတဲ့ လမ်းမှာ အလာကတည်းက တွေ့ခဲ့ကြရတဲ့ လမ်းတစ်ဝက်လောက်က ကနစိုပင်လေးမှာ ခဏနားပြီး ကြွေကျနေတဲ့ ကနစိုသီးတွေကို အဆာပြေစားကြသလို အပင်ပေါ်တက်ပြီးလည်း ကနစိုသီးတွေခူးစားကြပါတယ်။ မနက်ထွက်လာကတည်းက အဆာပြေလောက်သာ စားခဲ့ကြရတာမို့ ဗိုက်ဆာနေကြပြီ မဟုတ်လား။ နားမကျိုင်းရွာက မူလတန်းကျောင်းလေးမှာ စာရေးကိရိယာလှူပြီးရင် ရွာထဲက ဆိုင်တစ်ဆိုင်ဆိုင်မှာ အဆာပြေတစ်ခုခုစားကြဖို့ အစီအစဉ်ဆွဲထားတာပါ။ ကနစိုသီးတွေ စားတဲ့ဟာစား ပိုတဲ့အသီးတွေကိုတော့ ကျောင်းသား/သူလေးတွေကို ပေးဖို့အတွက် ယူပြီး နားမကျိုင်းရွာလေးဆီ ခရီးဆက်ခဲ့ကြပါတယ်။ နားမကျိုင်းရွာ မူလတန်းကျောင်းလေးဆီရောက်တော့ ညနေ ၂ နာရီခွဲလောက်ရှိပါပြီ။ ကျနော်တို့အဖွဲ့ ကျောင်းလေးဆီရောက်တော့ အလာက စာရေးကိရိယာတွေအပ်ထားခဲ့တဲ့ ကျောင်းဆရာလေးက ကြိုနေပါတယ်။ ကျောင်းဆရာလေးကို ကျောင်းသား/သူအရေအတွက်ကို မေးကြည့်မိတော့ မူကြိုကလေးရောအပါအဝင် အားလုံး ၆၀ ဦးရှိတယ်လို့ သိရတဲ့အတွက် လှူဒါန်းမဲ့ စာရေးကိရိယာလေးတွေကို ပြင်ဆင်ပြီး ကျောင်းအတွက် အသုံးအဆောင်လေးတွေဖြစ်တဲ့ မြေဖြူတိုက်၊ သင်ပုန်းဖျက်၊ ဘောပင်(မင်နီ)လေးတွေကို ကျောင်းဆရာလေးဆီပေးအပ် မှတ်တမ်းဓာတ်ပုံရိုက်ပြီး ကျောင်းသား/သူလေးတွေကို စာရေးကိရိယာတွေ ဝေငပါတော့တယ်။ ကလေးတွေကတော့ စာအုပ်လေးတွေကို ကိုင်ကြည့်လိုက်၊ ပေတံ၊ ခဲဖျက်၊ ခဲတံလေးတွေကို ကိုင်ကြည့်လိုက်နဲ့ ပျော်ရွှင်နေကြတာပေါ့။ ကျနော်လည်း ပျော်ရွှင်နေတဲ့ ကလေးတွေကိုကြည့်ရင်း သူတို့အပျော်လေးတွေ ကျနော့်ဆီကူးစက်လာပါတယ်။ ကလေးတွေကို စကားစမြည်ပြော သူတို့ကိုရိုက်ထားတဲ့ ကင်မရာလေးထဲ ပုံလေးတွေပြပေးနဲ့… လမ်းမှာတုန်းက ဆာနေတဲ့ဗိုက်ဟာ ပျောက်သွားပြီး ကလေးတစ်သိုက်နဲ့ စကားပြောလိုက် ရီလိုက်နဲ့ အဖွဲ့ကြနေပါတယ်။ မထင်မှတ်ပဲ “ဆရာကြီး”လို့ ခေါ်သံကြားလို့ မော့ကြည့်မိတော့ တွေ့ပြန်ပါပြီ…. ဆယ်တန်းတုန်းက စာသင်ပေးခဲ့ရဘူးတဲ့ တပည့်မလေးတစ်ယောက်…. ကျနော်ပြန်နှုတ်ဆက်ပြီး တပည့်မလေးနဲ့ စကားပြောဖြစ်တော့ ဒီကျောင်းလေးမှာ အရပ်ငှားဆရာမအဖြစ် အလုပ်ဝင်နေတာဆိုပဲ….. ဝမ်းသာပါကြောင်း…. ဘွဲ့ရရင်လည်း ဝါသနာပါပါက ကျောင်းဆရာမအလုပ်ကို ဆက်ပြီးလုပ်သင့်ပါကြောင်းတွေ ပြောနေမိပါတယ်။ သူမျက်နှာမှာ ကျနော်ဘာကြောင့် စာသင်ခြင်းအလုပ်ကို ဆက်မလုပ်တော့တာလဲဆိုတဲ့ မေးခွန်းကို မေးချင်နေပုံရပေမယ့် ကျနော် ဘာမှစကားမစတဲ့အတွက် မမေးဖြစ်ပုံပါပဲ….။ ကျနော်တို့အဖွဲ့ ဒီနေ့ခရီးစဉ်မှာ လှူဒါန်းဖို့ယူဆောင်လာတဲ့ စာရေးကိရိယာတွေကတော့ ကျောင်းသားဦးရေနဲ့ အံကိုက်ဖြစ်နေတာမို့ အပြန်ခရီးကို ဘာပစ္စည်းမှ တင်စရာမလိုပဲ အလွတ်ပြန်ကြရုံသာရှိကြပါတယ်။ စာရေးကိရိယာတွေ လှူလို့ပြီးတော့ စာသင်ကျောင်းနားလေးမှာရှိတဲ့ အိမ်က ကျနော်တို့အဖွဲ့ကို လာနားကြဖို့ခေါ်နေတာမို့ အိမ်ရဲ့အောက်ထပ်မှာ ကျနော်တို့ခဏနားကြပါတယ်… အိမ်ရှင်က မုန့်လက်ကောက်ကြော်တွေလာချကျွေးတာမို့ ဗိုက်ဆာနေကြပြီဖြစ်တဲ့ ကျနော်တို့အဖွဲ့ ဟန်မဆောင်နိုင်တော့ပဲ စားကြပါတော့တယ်။ ကျနော်တို့ ခဏအနားယူနေချိန်မှာ ကျောင်းလည်းဆင်းသွားပြီမို့ ကျောင်းဆရာလေးက ကျနော်တို့အဖွဲ့နားနေတဲ့ဆီရောက်လာလို့ သူနဲ့ စကားပြောဖြစ်ပါတယ်။ ကျောင်းဆရာလေးရဲ့ဇာတိက မုံရွာတစ်ဘက်ကမ်း ကနီကလို့ သိရပြီး… ဒီလောက်ဝေးတဲ့နေရာကို တာဝန်ကျလာပြီး ပျော်ပျော်ရွှင်ရွှင်စာသင်နေတာမြင်တော့ ဝမ်းသာဂုဏ်ယူပါကြောင်း ပြောဖြစ်ပါတယ်။ ကျနော်တို့အဖွဲ့ အမောပြေနားကြပြီး ရွာထဲက ဈေးဆိုင်တစ်ခုဆီဆက်လက် ချီတက်ပြီး စားစရာ ဘာရနိုင်မလဲမေးကြည့်တော့ ယမ်ယမ်ခေါက်ဆွဲပြုတ်လုပ်ပေးမယ်ပြောလို့ ကျနော်တို့အဖွဲ့ ခဏထိုင်စောင့် ဆိုင်ပိုင်ရှင်နဲ့ စကားစမြည်ပြော …. သူတို့ပြုတ်ပေးတဲ့ ခေါက်ဆွဲပြုတ်ပူပူကို လွေးကြပြီး….. အားလုံးကို နှုတ်ဆက်….. နားမကျိုင်းရွာလေးကနေ ထွက်ခွာလာကြတော့ ညနေ လေးနာရီ ကျော်ချေပြီ……… ။

ကျနော်တို့အဖွဲ့လေးရဲ့ လေးနှစ်မြောက် စာရေးကိရိယာ အလှူခရီးစဉ် အောင်မြင်မြင်ချောချောမွေ့မွေ့ပြီးစီးသွားခြင်းအတွက် အလှူရှင်များကို ကျေးဇူးတင်ဝမ်းမြောက်စွာ သာဓု …. သာဓု …. သာဓု….. ခေါ်ရင်း …..

ကျနော်တို့ One Candle စေတနာရှင်လူငယ်များအဖွဲ့ဟာ ကျနော်တို့ဒေသအတွက် ဖယောင်းတိုင်လေးတစ်တိုင်စာ အလင်းလောက်တော့ ပေးနိုင်ခဲ့ပြန်ပြီဟု တွေးတောရင်း

၂၀၁၄/၂၀၁၅ ပညာသင်နှစ် စာရေးကိရိယာအလှူခရီးစဉ် မူလတန်းကျောင်း(ဘုန်းတော်ကြီးသင်ပညာရေးကျောင်း) အပါအဝင် ကိုးကျောင်းကို လှူဒါန်းမှုခရီး ….. ဤတွင်ပြီးဆုံးသွားပါကြောင်း ….

၂၀၁၅/၂၀၁၆ ပညာသင်နှစ်တွင်လည်း ရံပုံငွေရရှိပါက ဆက်လက်လှူဒါန်းသွားဦးမည်ဖြစ်ပါကြောင်း အလှူခရီးစဉ်လေးများအကြောင်း မှတ်တမ်းရေးထိုးခြင်းကို ရပ်နားလိုက်ရပါတော့သည်။

ပျော်ရွှင်ချမ်းမြေ့ကြပါစေ ……….
K.T.W.L

လေးတန်ချောင်းကြီးကို မေ့မပစ်ကြပါနဲ့


.
လေးတန်ချောင်းကြီးကို မေ့မပစ်ကြပါနဲ့ …
@@@@@@@@@@@@@@@@@@
အခုရက်ပိုင်းတွေမှာ မော်လူးဒေသ သတင်းများစုစည်းရာမှာ နေရာတော်တော်များများကို စိုးမိုးထားက သဘာဝစိမ့်စမ်းရေ ရရှိရေးသတင်းတွေပါပဲ…။ ဒီလိုသတင်းလေးတွေက ကြားရဖတ်ရတော့ ဝမ်းသာမိသည်မှာ အမှန်ပင်…. ဟိုးယခင်က သောက်သုံးရေအတွက် ချောင်းရေကိုသာ အားကိုးအားထားပြုနေကြရတဲ့ ဒေသခံတွေအတွက် သောက်သုံးရေတွေကို မိမိတို့နေအိမ်တွေအရောက် သွယ်ယူနိုင်တော့မှာ မဟုတ်လား။ တစ်ချို့ကျေးရွာတွေဆိုရင် နေအိမ်တွေအရောက် သွယ်ယူပြီးလို့ သုံးစွဲနေကြပါပြီ။ သဘာဝစိမ့်စမ်းရေ ရရှိရေးကို ကိုယ်ထူကိုယ်ထကြိုးပမ်းကြတဲ့ ရွာတွေရှိသလို ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေ ဦးစီးဋ္ဌာနရဲ့ အကူအညီနဲ့ ဆောင်ရွက်နေကြတာလည်း ရှိနေကြပါတယ်။ ကောင်းသော အစီအစဉ်ပေမို့ သာဓုအကြိမ်ကြိမ်ခေါ်မိပေသည်။ သို့သော် စဉ်းစားတွေတောဆင်ခြင်ဖွယ် တစ်ခုမှာကား သဘာဝစိမ့်စမ်းရေ ရရှိရေးကို ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲကျေးရွာများကား ရေရှားပါရာ နေရာဒေသများ မဟုတ်ခြင်းပင်…။ ကျွန်တော်တို့ အရပ်ဒေသအခေါ် လေးတန်ရိုးကျေးရွာများပင်ဖြစ်သည်။ လေးတန်ဆိုသည်မှာ ချောင်းတစ်ခု၏ အမည်နာမတစ်ခုပင် …. ဧရာဝတီမြစ်သည် မြန်မာနိုင်ငံ၏ သမိုင်းကြောင်းကို ဖော်ပြနေသည့် မြစ်တစ်စင်း … ရာဇဝင်ထဲက သတို့သမီးဟူ၍ တင်စားကြပေသည်။ ဤသို့ဆိုလျှင် ကျွန်တော်တို့ မော်လူးဒေသ၏ သမိုင်းကြောင်းကို ဖော်ကျူးနေသည့် ချောင်းတစ်ခု … မော်လူးဒေသ၏ ရာဇဝင်ထဲမှ သတိုးသမီးသည်ကား လေးတန်ချောင်းဟု တင်စားလိုက်ချင်ပါသည်။ လေးတန်းချောင်းကို အမှီပြုကာ ချောင်းရိုးတစ်လျှောက်မှာ ရွာတွေတည်ခဲ့ကြသည်။ လေးတန်းချောင်းရိုးတစ်လျှောက်ကျေးရွာများကား မြေပလ္လင်၊ ဟောင်းတုန်း၊ မံဟဲ၊ မလူး၊ ရွာရှည်၊ ပဲခူး၊ သက်ရင်းသာ၊ နန့်ရုံ၊ ဂွေ့ကြီး၊ ကူးဆိပ်၊ ခိုးကောင်၊ သူရောင်း အစရှိသည့် ကျေးရွာများရှိနေကြပေသည်။ ထိုကျေးရွာများမှ နှစ်ပေါင်းတော်တော်ကြာ လေးတန်ချောင်းမှ ရေကို သောက်သုံးခဲ့ကြသလို စိုက်ပျိုးရေးအတွက်လည်း အသုံးပြုခဲ့ကြပေသည်။ နွေရာသီ ရေနည်းချိန်တွင် သဲတွင်းခေါ်သည့် လက်ယက်တွင်းလေးများဖော်ကာ သောက်ရေခပ်ယူခဲ့ကြရသည်။ ဤသို့ဆိုလျှင် ယခုအခါ အဘယ်ကြောင့် လေးတန်ချောင်းရိုးတစ်လျှောက်ကျေးရွာများက သဘာဝစိမ့်စမ်းရေ သွယ်ယူခြင်းတွေ သွယ်ယူရရှိနိုင်ခြင်းတွေကို အားသွန်ခွန်စိုက် ဆောင်ရွက်လာကြပါသနည်း။
အဖြေကရှင်းရှင်းလေး… ချောင်းရေမှာ သုံးမရအောင်ဖြစ်နေသောကြောင့်ပင်… နှစ်ပေါင်းတော်တော်ကြာကြာ မိုးသည်းထန်ပြီး ချောင်းရေကြီးချိန်မှလွဲပြီး စီးဆင်နေသည့်ရေက ကြည်ကြည်လင်လင် သန့်သန့်ရှင်းရှင့်း …. ဒါကြောင့် လေးတန်းချောင်းမှ ရေကို လေးတန်းရိုးရွာများမှ သောက်သုံးရေအတွက် မှီခိုအားထားခဲ့ကြပေသည်။ လွန်ခဲ့သည့် ငါးနှစ်ကျော် ခြောက်နှစ်ခန့်မှ စပြီး ကြည်လင်အေးမြသည့် ရေများစီးဆင်းခဲ့သည် လေးတန်းချောင်းရေသည် နောက်ကျိလာသည်။ အစထမတွင် ခဏတာမျှနောက်ကျိပြီး နောက်ပိုင်းတွင် ချောင်းရေသည် သဘာဝအတိုင်း ပြန်လည်ကြည်လင်လာလိမ့်မည်ဟု ဒေသခံအများစုက ယုံကြည်ထားကြသည်။ သို့သော် လေးတန်ချောင်းရေမှာကား တစ်နှစ်ပြီး တစ်နှစ်ကြည်လင်လာခြင်းမရှိတော့ချေ။ ရှေးယခင်က ကြည်လင်သောရေများစီးဆင်းနေခဲ့သည့် လေးတန်ချောင်း၊ ဒေသခံများအတွက် သောက်သုံးရေအတွက်သာမက စိုက်ပျိုးရေရရှိရေးအတွက်ပါ မှီခိုအားထားခဲ့ရသည့်ချောင်း၊ ဒီချောင်းကရေတွေမကြည်လင်ဖြစ်နေတော့ ဒေသခံအများစု အခက်ကြုံကြချေပြီ။ အဘယ်ကြောင့် လေးတန်ချောင်းရေ နောက်ကျိသွားရသနည်းဟူသော အဖြေကို ရှာဖွေကြည့်သောအခါ ဤချောင်း၏ စတင်စီးဆင်ရာ ချောင်းဖျားတွင် ရွှေတူးဖော်ခြင်းလုပ်ငန်းများကြောင့် နောက်ကျိလာရခြင်းဖြစ်ကြောင်း သိရှိခဲ့ကြရပေသည်။ ဒီအတွက် ဒေသခံတွေက လေးတန်ချောင်းရေ သဘာဝအတိုင်းပြန်ပြီး ကြည်လင်စွာစီးဆင်းနိုင်ရေးအတွက် တတ်နိုင်သမျှ တတ်နိုင်သည့်ဘက်မှ ကြိုးစားအားထုတ်ခဲ့ကြသည်။ ချောင်းရေပြန်လည် ကြည်လင်လာစေရေးအတွက် ဒေသခံများမှာ စုပေါင်းလက်မှတ်ထိုးပြီး တာဝန်ရှိသူများထံ တင်ပြတောင်းဆိုကြခြင်းများပြုလုပ်ခဲ့သော်လည်း ထူးခြားမှု ရှိမလာခဲ့ပါ။ လွှတ်တော်တွင်တင်ပြပါသော်လည်း နယ်မြေအေးချမ်းမှုမရှိဟု အကြောင်းပြကာ ရှောင်လွဲခဲ့ပြန်သည်မို့ လက်ရိုက်အဝီစိတွင်း၊ ရေတွင်းများကိုသာ အားကိုးအားထားပြုလာကြရပေသည်။ တစ်နှစ်ပြီး တစ်နှစ်ကြာလာသည်မို့ ဒေသခံတွေအတွက် သောက်သုံးရေပြဿနာကို ဖြေရှင်းကြရန် ကြံစည်ကြရာမှ သဘာဝစိမ့်စမ်းရေ သွယ်ယူရေးလုပ်ငန်းများကို လေးတန်ချောင်းရိုးကျေးရွာတွေ ကြိုးစားလာကြရတောသည်။ ကျေးရွာသို့ သောက်သုံးရေရရှိအောင် သွယ်ယူရေးသည် လွယ်ကူလှသည့် အလုပ်တော့ မဟုတ်ချေ။ လုပ်အား၊ ငွေအား၊ နည်းပညာ စသည်တို့ကို ထုတ်သုံးကြရသည်။ ကျေးရွာတစ်ရွာသို့ သောက်သုံးရေသွယ်ယူရရှိရေးအတွက် အနည်းဆုံး ကုန်ကျငွေက သိန်းတစ်ရာနီးပါးခန့် ရှိနေသည် မဟုတ်ပါလား။ ဖောင်စီးရေငတ်နေကြသူများမို့ ရှိစုမဲ့စုငွေကြေးများဖြင့် သောက်သုံးရေ သွယ်ယူရေးလုပ်ငန်းများကို လုပ်ဆောင်လာကြသည်မှာ လေးတန်းချောင်းရိုးကျေးရွာများ အားလုံးနီးပါး ရေသွယ်ယူရေးလုပ်ငန်းများကို လုပ်ဆောင်ပြီး လုပ်ဆောင်ဆဲရှိနေသည်ကို မြင်တွေ့နေရသည်။ ကျေးရွာတစ်ရွာအတွက် ရေသွယ်ယူရရှိရေးအတွက် ကုန်ကျငွေ သိန်းတစ်ရာနီးပါးကုန်ကျသည်ဆိုလျှင် လေးတန်းချောင်းရိုးကကျေးရွာ ၁၀ ရွာရှိလျှင် သိန်းတစ်ထောင်ပေါ့….။ ကျနော်တို့ ဒေသခံတွေရဲ့ ငွေတွေ ကျေးလက်ဦးစီးဋ္ဌာနက ချမှတ်ပေးတဲ့ငွေတွေ …… နှမြောစရာ ကောင်းနေသည်ဟု မထင်မိကြဘူးလား။ လောဘသား တစ်စုရဲ့ လောဘရမ္မက်ကြောင့် ကျနော်တို့ ဒေသခံတွေ ငွေပန်း လူပန်း ဖြစ်နေကြရသည်ကို စိတ်မကောင်းဖြစ်မိသည်။ လောဘသား စီးပွားရေးသမားတွေရဲ့ သူတို့ကြီးပွားရေးအတွက်၊ သူတို့ စီးပွားရေးအတွက်၊ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ စိတ်ဓာတ်တွေကြောင့် ကျနော်တို့ ဒေသခံတွေ ဘယ်လောက် အလုပ်ရှုပ်သွားသလဲ၊ ငွေကြေးတွေ ဘယ်လောက်စိုက်ထုတ်လိုက်ကြရသလဲ။ အချိန်တွေ ဘယ်လောက်ပေးဆပ်လိုက်ရသလဲ။
ကျနော်တို့ဟာ ကျနော်တို့ကို ဒီလိုဖြစ်အောင်လုပ်သွားတဲ့ တရားခံအစစ်ကို ကျနော်တို့ရဲ့ နစ်နာသွားမှုတွေကို ပြန်လည် မပေးဆပ်ခိုင်းသင့်ဘူးလား။ ဒီလိုလုပ်ရပ်တွေကို လုပ်နေတဲ့ လောဘသားတစ်စုကို ဘယ်လိုအရေးယူမှုမှ ပြုလုပ်လို့မရဘူးလား။ ဒါတွေကတော့ ကျနော့်ခေါင်းထဲရောက်လာတဲ့ အတွေးစတွေပါ…… ဒီထက်များတဲ့ တွေးမိတဲ့ အချက်တွေရှိနေပေမဲ့ ဒီလောက်နဲ့ ရပ်ထားလိုက်ပါတယ်…။
အဆုံးသတ်အနေနဲ့ တွေးမိပြန်တာက လေးတန်းရိုးကျေးရွာတွေအကုန်လုံး သောက်သုံးရေသွယ်ယူရရှိသွားပြီဆိုလျှင် လေးတန်ချောင်းကြီးသည် အဘယ်သို့ဖြစ်ကျန်ခဲ့မည်နည်း။ ဒေသခံများ တွေးတော ဆင်ခြင်ကြသင့်ပေသည်။ ကျနော်တို့ဒေသ၏ သမိုင်းကြောင်းကို ဖော်ကျူးနေသည့် လေးတန်ချောင်းအား နောက်ကျိသော ရေများစီးဆင်းမြဲ စီးဆင်းစေပြီ ချောင်းအား အမှိုက်များစွန့်ပစ်ရာနေရာတစ်ခုအဖြစ်သာ သတ်မှတ်လိုက်ကြမည်လား။ ကျနော်တို့ ဘိုးဘွားတွေလက်ထက်မှ ကျနော်တို့တွေလက်ထက်အထိ တာဝန်ကျေပွန်ခဲ့သည့် လေးတန်ချောင်းကြီးကို မေ့မေ့ပျောက်ပျောက် စွန့်ပစ်လိုက်ကြတော့မည်လား။
ကျနော်တို့ ဘိုးဘွားတွေလက်ထက်ကတည်းက မှီခိုအားထားခဲ့ကြရတဲ့ ကျနော်တို့ ဒေသရဲ့ မိခင် ကျေးဇူးရှင်လည်းဖြစ်… ကျနော်တို့ဒေသရဲ့ သမိုင်းကြောင်း ကျနော်တို့ဒေသရဲ့ ရာဇဝင်ထဲက သတိုးသမီး ဖြစ်တဲ့ လေးတန်းချောင်းကြီး သဘာဝအတိုင်း ကြည်လင်အေးမြသော ရေများ စီးဆင်းနိုင်ရေးအတွက် လေးတန်ရိုးကျေးရွာက ဒေသခံတွေ ဆက်လက်ကြိုးစားဆောင်ရွက်သင့်တယ်လို့ ထင်မြင်ယူဆမိကြောင်း တွေးမိသမျှ ရေးသားဖော်ပြလိုက်ရပါတယ်…..။

ပျော်ရွှင်ချမ်းမြေ့ကြပါစေ…..