Sunday, September 22, 2013

အင်းတော်မြို့တွင် အောင်ရတနာ မှန်လုံယာဉ်လိုင်းများ အစီအစဉ်အသစ်ဖြင့် တိုးချဲ့ပြေးဆွဲ

အင်းတော်မြို့တွင် အောင်ရတနာ မှန်လုံယာဉ်လိုင်းများ အစီအစဉ်အသစ်ဖြင့် တိုးချဲ့ပြေးဆွဲ
အင်းတော်၊ စက်တင်ဘာ ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့ အောင်ရတနာအဆင့်မြှင့် ပို့ဆောင်ရေး မော်တော်ယာဉ်အသင်းမှ မှန်လုံလိုင်းကားများဖြင့် ကသာ - အင်းတော် - မုံရွာ၊ ဗန်းမောက် - အင်းတော် - ရွှေဘို - မန္တလေး ခရီးစဉ်အသစ်များကို တိုးချဲ့ပြေးဆွဲရန်အတွက် ၂၀၁၃ ခု၊ စက်တင်ဘာလ (၂၂)ရက် နံနက် ၇ နာရီ ၃၀ မိနစ် အချိန်တွင် အောင်ရတနာကားဂိတ်၌ ကားလိုင်းသစ်ဖွင့်ပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။

ဖွင့်ပွဲတွင် အင်းတော်မြို့နယ် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲမင်းအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ရဲမြင့်နှင့် မစက ဥက္ကဋ္ဌ ဦးဆန်နီတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
အဆိုပါတိုးချဲ့ မှန်လုံယာဉ် ခရီးစဉ်များအတွက် ကာခနှုန်းထားများမှာ ဗန်းမောက်မြို့မှ မန္တလေးမြို့အထိ ခရီးသည်တစ်ဦးလျှင် ငွေ ၁၃၀၀၀ ကျပ်၊ အင်းတော်မြို့မှ မန္တလေးမြို့အထိ ငွေ ၁၂၀၀၀ ကျပ်၊ ကသာမြို့မှ မုံရွာမြို့အထိ ၁၄၀၀၀ ကျပ်၊ အင်းတော်မြို့မှ မုံရွာမြို့အထိ ၁၃၀၀၀ ကျပ်နှုန်းများဖြင့် ဈေးနှုန်းများ သတ်မှတ်ကာ ပြေးဆွဲမည်ဖြစ်ကြောင်း၊ ယခုတိုးချဲ့ပြေးဆွဲမည့် မှန်လုံယာဉ် ခရီးစဉ်များသည် ကသာမြို့၊အင်းတော်မြို့၊ ဗန်းမောက်မြို့များမှ ဋ္ဌာနဆိုင်ရာဝန်ထမ်းများ၊ ရွှေဘို၊ စစ်ကိုင်း၊ မုံရွာ၊ မန္တလေးမြို့များတွင် တက္ကသိုလ်ပညာသင်ကြားနေကြသည့် ကျောင်းသား၊ကျောင်းသူများနှင့် ဒေသခံရပ်မိရပ်ဖများအတွက် လမ်းပန်းဆက်သွယ်ရေး လွယ်ကူချောမွေ့မြန်ဆန်စွာ ခရီးသွားလာနိုင်မည်ဖြစ်ကြောင်း၊ ကသာ -အင်းတော် - မုံရွာ ခရီးစဉ်အတွက် မှန်လုံမော်တော်ယာဉ်များ၏ ထွက်ခွာချိန်မှာ ကသာမြို့မှ ညနေ ၅နာရီ ၃၀မိနစ်၊ အင်းတော်မြို့မှ ညနေ ၇နာရီထွက်ခွာမည်ဖြစ်ပြီး မုံရွာမြို့ထွက်ခွာချိန်မှာ ညနေ ၄နာရီ ၃၀မိနစ်ဖြစ်ကြောင်း၊ ဗန်းမောက် - အင်းတော် - ရွှေဘို -မန္တလေး ခရီးစဉ်အတွက် ယာဉ်များထွက်ခွာချိန်မှာ ဗန်းမောက်မြို့မှ ညနေ ၃နာရီ၊ အင်းတော်မြို့မှညနေ ၆နာရီဖြစ်ပြီး၊ မန္တလေးမြို့မှ ထွက်ခွာချိန်မှာ ညနေ ၄နာရီဖြစ်ကြောင်း အောင်ရတနာ အဆင့်မြှင့်ပို့ဆောင်ရေး မော်တော်ယာဉ်အသင်း၏ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ဆိုင်ကလုန်း

နောက်မိုးကောင်း၍ စပါးအောင်မြင်



                                နောက်မိုးကောင်း၍ စပါးအောင်မြင်

မော်လူး၊ စက်တင်ဘာ ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသတွင် စပါးစိုက်ဧရိယာ ( ) ခန့်ရှိရာ ယခုနှစ် မိုးရာသီတွင် စပါးစိုက်ပျိုးချိန်၌ မိုးဦးမကောင်း၍ ဒေသခံတောင်သူ လယ်သမားများအနေဖြင့် ချောင်းများမြောင်းများမှ ငွေကုန်ကြေးကျခံ၍ ရေတင်ပြီး ပျိုးထောင် စိုက်ပျိုးကြရသည်။ ဇွန်၊ ဇူလိုင်၊ သြဂုတ်လများတွင် တစ်ကြိမ်မျှ မဖြစ်ဘူးသော မိုးခေါင်ရေရှားဒဏ်ကို ဒေသခံလယ်သမားများ အလူးအလဲ ခံကြရသည်။ သက်ဆိုင်ရာတို့မှ ထုတ်ချေးပေးသော စိုက်ပျိုးစရိတ်ချေးငွေမှာ တစ်ဧက တစ်သိန်းသာရ၍ အချို့ လယ်သမားတို့မှာ ရေတင်ရန် ဒီဇယ်ပင် ပြည့်စုံအောင် မရနိုင်ကြပေ။ ထို့ကြောင့် လယ်သမားအများစုမှာ မိုးခေါင်လွန်း၍ သီးနှံမအောင်မြင်လျှင် ချေးငွေမည်သို့ပေးဆပ်ရမည်ကို စိုးရိမ်စိတ်များဖြင့် သောက ရောက်နေကြရသည်။

သြဂုတ်လစတုတ္ထပတ်တွင် မိုးမှာ ကောင်းလာရုံမျှမက အားကြီးသည်းထန်လွန်း၍ လယ်များပင်မက မော်လူးရွာထဲတွင်ပါ ရေကြီးခြင်း အကြိမ်ကြိမ်ကြုံရတော့သည်။

မိုးဦးတံ့သော်လည်း မိုးလယ်၊ မိုးနှောင်း ဤလိုကောင်းခဲ့လျှင် လယ်စိုက်စပါးပင်များ ဖြစ်ထွန်းကောင်းမွန်၍ အသီးအနှံ အောင်မြင်ရန် အလားအလာကောင်းသဖြင့် စိုက်စရိတ် ချေးငွေများ ပေးသွင်းနိုင်ကြမည်ကို တွေး၍ ပျော်ရွှင်နေကြသည်။

"ပျိုးထောင်ချိန်တုန်းက ရေကမရ၊ ရေတင်ပြန်တော့လည်း၊ လယ်ကျယ်သူနဲ့ ချောင်းဝေးလွန်းသူတို့အတွက် ကုန်ကျစရိတ်ကများ အတော်ကြီးဒုက္ခရောက်ခဲ့ရတယ်။ ကျွန်တော်ဆိုရင် ရေတင်လို့ စိုက်ပြီးတဲ့နောက်တစ်နေ့စ မိုးရွာလိုက်တာ စိုက်စမှာ ကောက်ပင်တွေ အကုန်မြုပ်တယ် သွားတယ်။ တစ်ညနဲ့ ရေပြန်ကျသွားလို့ စိုးရိမ်စရာတော့ မရှိပါဘူး။ ဒါပေမယ့် ပိုးမကျဖို့ တစ်ခုဘဲ စိုးရိမ်ရတာပေါ့။"ဟု လယ်သမားကြီး တစ်ဦးက ပြောပြသည်။

မိုးဦးတွင် မိုးခေါင်၍ စိတ်သောကရောက်ကြရသော လယ်သမားများအဖို့ ယခုလို စပါးစိုက်လယ်များ အောင်မြင်ဖြစ်ထွန်းကြသဖြင့် ကျေးရွာ အထောက်အကူပြု ကော်မတီမှ လိုအပ်သော ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးများ ပံ့ပိုးပေးနိုင်ရန် ဒေသခံ စပါးစိုက်တောင်သူ လယ်သမားများက စောင့်စားနေကြကြောင်း သိရသည်။


စစ်ကိုင်းဝင်းရွှေ