Friday, September 6, 2013

မော်လူး သတင်း ၂


တစ်ကိုယ်တော် စက်ဘီးသမား ကိုခင်မောင်သန်း မော်လူးကို ဖြတ်သန်းစဉ်

၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို
ဂုဏ်ပြုကြိုဆိုသောအားဖြင့် တစ်ကိုယ်တော် စက်ဘီးစီးသူ ကိုခင်မောင်သန်းသည် ပန်းတနော်မြို့မှ မြစ်ကြီးနားမြို့သို့ရောက်ရှိခဲ့ပြီး မြစ်ကြီးနားမှ စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ် မော်လူးကျေးရွာသို့ စက်တင်ဘာလ ၆ ရက် နေ့လည် ၂း၃၀ ခန့်တွင် ဖြတ်သန်းသွားပြီး ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်သို့ ဆက်လက် ခရီးနှင် သွားကြောင်း သိရသည်။


ရေကြီး ရေလျှံခြင်း၏ နောက်ဆက်တွဲ အတွေးလေးများ....






ရေကြီး ရေလျှံခြင်း၏ နောက်ဆက်တွဲ အတွေးလေးများ....


နွယ်နီ ရေးသား ပုံဖော်သည်။

 


မိုးနှင့်နွားသိုး အစိုးမရ ဆိုသည့် စကားပုံအတိုင်း သဘာဝဘေးအန္တရာယ်ကိုတော့ မည်သူမျှတားဆီး၍ မရနိုင်ပါ။ ဖြစ်ချိန်တန်ဖြစ်ပြီး ပျက်ချိန်တန်လျှင် ပျက်ရမည်မှာ ဓမ္မတာပင်…။ အခုလည်းကြည့်ပါ … စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မော်လူးတွင် စက်တင်ဘာလ ၆ ရက် နံနက်မိုးမသောက်မီ ၃ နာရီအချိန်က မမျှော်လင့်ဘဲ ရုတ်တရက် မိုးသည်းထန်စွာ ရွာသွန်းခဲ့သည့်အတွက် မော်လူးမြို့ပေါ်ရပ်ကွက်နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများ ရေကြီး ရေလျှံမှုတွေဖြစ်ပွားခဲ့ရပါတယ်။

မိုးရွာသွန်းချိန် ၃ နာရီကြာမြင့်ပြီးနောက် မော်လူးအရှေ့ဘက် တောင်တန်းများပေါ်မှ အခြေပြုစီးဆင်းလာကြသည့် ဟဲနုချောင်း၊  စီးမော်ချောင်း၊ နန့်ဒရန့်ချောင်းနှင့် ဖားပန်ချောင်းတို့မှ ရေများသည် ကမ်းပြည့်ကမ်းလျှံ မြင့်တက်ပြီး ကျေးရွာများဆီသို့ ဖြတ်သန်းဝင်ရောက်လာကြပါတယ်။ ချောင်းများမှ လျှံထွက်လာသည့် ရေတို့သည် မော်လူးကို တောင်မြောက်အလျားလိုက်ဖြတ်သန်းသွားသည့် ရွှေဘို - မြစ်ကြီးနား မော်တော်ကားလမ်းမကြီး၏ ဘေးဘက်ဝဲယာရှိ ရပ်ကွက်များဖြစ်သည့် ရပ်ကွက် ( ၂၊ ၃၊ ၄၊ ၅၊ ၆၊ ၇)များသို့ ၀င်ရောက်ပါတော့သည်။ လူနေအိမ်များ၊ ဈေးဆိုင်ခန်းများအတွင်းသို့ ၀င်ရောက်လာကြသည်မှာ ရေချည်းသက်သက်မဟုတ်ပေ..။ စည်းကမ်းမဲ့ စွန့်ပစ်ထားခဲ့ကြသည် အမှိုက်သရိုက်များ၊ ချောင်းများ ဖြတ်သန်းရာ လမ်းတစ်လျှောက်မှ သစ်ပင်ငယ်၊ သစ်တုံးငယ်များပါ ရောနှောပါလာကြပေသည်။ ရေကြီး ရေလျှံမှုဟာ မော်တော်ကားလမ်းမကြီးပေါ်မှာပင် အနည်းဆုံး တစ်ပေခွဲမှ အချို့နေရာ လေးပေခန့်အထိ မြင့်တက်ခဲ့ပါတယ်။ ဒီတော့ ဒေသခံတွေဟာ အိမ်မွေးတိရစ္ဆာန်တွေဖြစ်တဲ့ ကျွဲ၊ နွား၊ ဝက်တွေကို ရေလွှတ်ရာနေရာများဆီသို့ အလျင်အမြန်ပြောင်း ရွေ့ကြရတော့၏။ မိုးရွာသွန်းမှုဟာ နံနက်မိုးလင်းချိန်အထိ ရေကြီးရေလျှံမှုနှင့် အပြိုင်ရွာသွန်းနေတာမို့ ဒေသခံပြည်သူများအတွက် လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရန်အတွက် လျှပ်စစ်မီးထုတ်လွှတ်မှုကို လေးနာရီခန့် ရပ်ဆိုင်းထားခဲ့ရပါတယ်..။ ဒီလိုရေကြီး ရေလျှံမှုတွေဟာ မော်လူးမှာ အရင်ကရှိခဲ့ ဖြစ်ခဲ့ပေမယ့် နာရီပိုင်းမျှ မိုးသည်းစွာရွာသွန်းရုံနဲ့   မဖြစ်ပွားခဲ့…ယခုတော့ နာရီပိုင်းမျှ မိုးသည်းစွာ ရွာလိုက်တာနှင့် ရေတွေက ရပ်ကွက်တွေအတွင်း ဈေးဆိုင်ခန်းတွေအတွင်း နယ်ချဲ့ဝင်ရောက်လာပြီး အချိန်တော်တော်ကြာအထိ ပြန်မကျတော့…။ အဘယ်သို့သော အကြောင်းအရင်းများကြောင့်နည်းဟု အဖြေရှာကြည့်သော်…ဒေသခံများ ပြောပြကြသည်မှာ " မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စီးမော်ချောင်း၊ ဟဲနုချောင်း၊ နန့်ဒရန့်ချောင်း၊ ဖားပန်ချောင်းများ ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ရာ စီးမော်ရွာရှိ ရေခဲစက် နှစ်လုံး ၊ ဆန်စက်နှစ်လုံး ရေနစ်ခဲ့ပြီး အိမ်မွေးတိရစ္ဆာန်များ၊ ကျွဲနွားများကို ရေလွှတ်ရာနေရာများသို့ ခေတ္တပြောင်းရွေ့ခဲ့ရကြောင်း၊ မော်လူးကျေးရွာနှင့် သူရောင်းကျေးရွာသို့ ဆက်သွယ်ထားသည့် နှစ်မိုင်ခန့်ရှည်လျားသော ကျေးရွာချင်းဆက်လမ်းမကြီးတစ်လျှောက် ရေကြီးရေလျှံမှုဖြစ်ကာ ဒေသခံများ၏ ခရီးသွားလာမှု ခေတ္တရပ်တန့်ခဲ့ရကြောင်း၊  နန့်စီးအောင် - ကသာ နှင့် မော်လူး - ကသာ ပြေးဆွဲနေသည့် ရွှေခေတ်သစ် မော်တော်ယာဉ်လိုင်းအား ခရီးစဉ်တစ်ရက် ရပ်နားခဲ့ရကြောင်း၊ မော်လူးတွင် နာရီပိုင်းအတွင်း မိုးသည်းထန်မှုကြောင့် ရေကြီးရေလျှံမှု မကြာခဏဖြစ်ပွားရသည်မှာ အမှိုက်သရိုက်များ စည်းကမ်းမဲ့ စွန့်ပစ်ကြခြင်း၊ ကျေးရွာတွင်း ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ရေနှုတ်မြောင်းများ စနစ်တကျ ရှင်းလင်းထားမှု မရှိခြင်းတို့ကြောင့် ဖြစ်နိုင်ကြောင်း၊ သို့အတွက် တာဝန်ရှိဝန်ထမ်းများနှင့် ဒေသခံပြည်သူများမှ အမှိုက်သရိုက်များကို စည်းကမ်းတကျစွန့်ပစ်ကြရန်၊ ရေနှုတ်မြောင်းများကို စနစ်တကျ ရှင်းလင်းထားကြရန် လိုအပ်သည်ဟုထင်မြင်ကြောင်း" ဒေသခံတစ်ဦးမှ ပြောပြခဲ့၏။ ထို့အတူပင် ရွှေဘို - မြစ်ကြီးနား ဗျူဟာလမ်းမကြီးဘေးရှိ ဈေးသည်တစ်ဦးကလည်း ''ကျွန်မတို့ အိမ်တွေထဲမှာ၊ ဈေးဆိုင်ခန်းတွေနဲ့ အနားက လက်ဘက်ရည်ဆိုင်တွေထဲမှာ ရေတွေနဲ့အတူ မျောပါလာတဲ့ အမှိုက်သရိုက်တွေ ရွံ့နွံတွေက ရေပြန်ကျသွားတော့ တင်ကျန်ရစ်ခဲ့တာ… ဒီနေ့တစ်ရက်လုံး ကုန်အောင် သိမ်းပေမယ့် ပြီးနိုင်မယ် မထင်ဘူး" လို့ ပြောပြခဲ့ပါသေးတယ်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ချောင်းရေများ ကမ်းပြည့်ကမ်းလျှံမြင့်တက်လာမှုဟာ ရေချည်းသက်သက်မဟုတ်…. အမှိုက်သရိုက်များနှင့် သစ်တုံးတွေပါ မျောပါလာကြတာမို့  ထိုချောင်းများကို ဖြတ်သန်းဆောက်လုပ်ထားသည့် တံတားများတွင် အမှိုက်သရိုက်တွေ ညှိပြီး ရေပြောင်းပြန်စီးတာတွေ၊ ရေ၀ဲကတော့ထိုးတာတွေဖြစ်ပြီး ကမ်းပါးပြိုမှု၊ တံတားတွေ ရေစီးနဲ့အတူ မျောပါမှုတွေ ဖြစ်လာနိုင်ပါတယ်။ လွန်ခဲ့သည့်နှစ် မိုးရာသီက ရေကြီးရေလျှံမှုဖြစ်စဉ် ရွေဘို - မြစ်ကြီးနားဗျူဟာလမ်းပေါ်ရှိ စီးမော်ချောင်းကို ဖြတ်သန်းဆောက်လုပ်ထားသည့် သစ်သားတံတားတွင် ဒေသအရံ မီးသတ်တပ်ဖွဲ့တွေက ရေတွေနဲ့အတူ မျောပါလာတဲ့ အမှိုက်သရိုက်တွေ၊ သစ်တုံးတွေကို ဆယ်ယူဖယ်ရှားခဲ့ကြပေမယ့်.. ဒီနှစ်မှာတော့ မဆယ်ယူကြတော့။ ဒါလည်း သူတို့တွေ အပြစ်မဟုတ်…။ အမှန်က ကြံခိုင်မှုအားနည်းနေသည့် သစ်သားတံတားကို  အဆင့်မြင့်တင်ခြင်းမရှိပဲ လိုအပ်သည့်နေရာများတွင်သာ ဖားထေးပြုပြင်နေခဲ့ကြသည့် အတွက် ရေရှည်ကြံခိုင်မှု အားနည်နေသည်မှာ အသေအချာပင်..။ " ဒီတံတားကို ပျက်တဲ့နေရာလေးပဲ ဖာထေးပြုပြင်နေမဲ့အစား အဆင့်မြင့် ကွန်ကရစ်တံတားဆောက်ပေးနိုင်ရင်တော့ အကောင်းဆုံးပေါ့… ဘာလိုလဲဆိုတော့ ဒီတံတားဟာ ယာဉ်မောင်းတွေအတွက်ရော ဒေသခံတွေအတွက်ပါ အရေးပါတဲ့ တံတားတစ်စင်းဖြစ်လို့ပါပဲ….။ အခုတော့ တံတားက ကြံ့ခိုင်မှုအားနည်းနေပါပြီ… ယာဉ်မောင်းတွေ အထူးသတိထားမောင်နှင်နေရတဲ့ တံတားတစ်စင်းပေါ့…ကျွန်တော်တို့ ကားသမားစကားနဲ့ပြောရရင် တရားခံရှာနေတဲ့ တံတားလို့ အမည်ပေးရမလိုဖြစ်နေတယ်…ပြီးတော့ တံတားတစ်ခုခုဖြစ်ပြီဆိုရင် ကွင်းလမ်း ရှောင်လမ်း မရှိတာမို့ ကြံ့ခိုင်မှုရှိတဲ့ ကွန်ကရစ်တံတားတစ်စင်းအဖြစ် ဆောက်လုပ်ပေးသင့်တယ်လို့ ထင်မြင်ယူဆမိပါတယ်…" ယာဉ်မောင်းတစ်ဦးမှ သူ့အမြင် သူ့အတွေ့အကြုံ ခံစားချက်များကို ပြောပြခဲ့ပါသေးသည်။

ကဲ… မမြဲသည့် သဘောတရားများနှင့် လောကမို့ဟု တရားနှင့်ပင် ဖြေသိမ့်ရမည်လော… သဘာဝဘေးအန္တရာယ်ကိုတော့ တားဆီးလို့ မရနိုင်တာမို့ " သဘာဝဟာ….သဘာဝပါပဲ.."ဟုပင် ဆိုရမည်လား… ဝေခွဲမရနိုင်စွာဖြင့် စိတ်အစဉ်တို့သည်  စက်တင်ဘာမိုးစက်ပွင့်တို့နှင့်အတူ ကြည်လင်အေးမြသည့် ရေများတသွင်သွင်စီးဆင်းနေသောချောင်းငယ်ကို ဖြတ်သန်းဆောက်လုပ်ထားသည့် ကွန်ကရစ်တံတားကြီးအား စိတ်ကူးပုံဖော်မျှော်လင့်နေမိပါတော့သည်။ 

                            နွယ်နီ