Saturday, November 9, 2013

မော်လူး သတင်းများ

မော်လူး အထကတွင် ကလေးဗဟိုပြု သင်ကြားနည်း သင်တန်းဖွင့်လှစ်
မော်လူး၊ နိုဝင်ဘာ ၉

@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူး အခြေခံပညာ အထက်တန်းကျောင်း သရဖီခန်းမဆောင်တွင် ကလေးဗဟိုပြု သင်ကြားနည်း သင်တန်းကို နိုဝင်ဘာလ ၉ ရက်၊ နံနက် ၁၀ နာရီအချိန်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းသို့ မော်လူး အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သောင်းတင်နှင့် မူလတန်းပြ ဆရာ/မများ၊ အုပ်စု အသီးသီးမှ ကျောင်းအုပ် ဆရာကြီး/ဆရာမကြီးများနှင့် လက်ထောက်ဆရာ/ဆရာမများ စုစုပေါင်း ၂၀၀ ဦးခန့်နှင့် လက်တွေ့ သင်တန်းသား ကျောင်းသား/သူ ၆၀ ဦးခန့် တက်ရောက်ခဲ့ကြသည်။ သင်တန်းတွင် ကျောင်းအုပ်ဆရာမကြီးက  CCA ကလေးဗဟိုပြုသင်ကြားနည်းနှင့် ပတ်သက်၍ ပြောင်းလဲလာသော ခေတ်စနစ်နှင့် အညီ ပညာရေးစနစ်လည်း တိုးတက်မြင့်မားလာစေရန်အတွက် ကလေးသူငယ်များအား ကလေးဗဟိုသင်ကြားနည်းစနစ်ဖြင့် သင်ကြားရခြင်းဖြစ်ကြောင်း၊ ကလေးဗဟိုပြုသင်ကြားနည်းသည် ကလေးငယ်များ ပညာသင်ကြားရာတွင် ပျော်ရွှင်မှု ရရှိစေခြင်း၊ ဥာဏ်ရည်ဖွံ့ဖြိုးမှုတိုးတက်ကောင်းမွန်လာစေရန်နှင့် ဘာသာရပ်များအပေါ် စိတ်ပါဝင်စားမှု ပိုမိုလာစေခြင်း၊ ကျောင်းတွင်းပညာရေးသာမက ကျောင်းပြင်ပ ဗဟုသုတများ ပိုမိုသိရှိ နားလည်လာကြစေရန်၊ မျိုးဆက်သစ်ကလေးငယ်များသည် တိုးတက်ပြောင်းလဲလာသော ခေတ်စနစ်နှင့် အညီ မြန်မာနိုင်ငံ၏ ပညာရေးပြုပြင်ပြောင်းလဲမှု မူအရ အသိဥာဏ်ပညာ ပိုမိုတိုးတက်ဖွံ့ဖြိုးလာစေရန် ရည်ရွယ်၍ ဤသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဆက်လက်၍ သင်တန်းဆရာ ဦးဝင်းအောင်မှ ကလေးဗဟိုပြု သင်ကြားနည်းကို သင်တန်းသား/သူ ၆၀ ဦးတို့အား အုပ်စု ၄ စုခွဲကာ သရုပ်ပြ သင်ကြားပြခဲ့ပြီး တက်ရောက်လာသော ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများနှင့် လက်ထောက် ဆရာ/ဆရာမများမှ လိုအပ်ချက်များကို အကြံပြု ဆွေးနွေးတင်ပြခဲ့ကြကြောင်း သိရသည်။ အဆိုပါ ကလေးဗဟိုပြု သင်ကြားနည်းစနစ်ကို မြန်မာတနိုင်ငံလုံးရှိ အခြေခံပညာကျောင်းများ၌ ၂၀၁၅ ခုနှစ်မှ စတင်၍ မူလတန်းဆင့် ပညာရေးစနစ်တွင် စတင်သင်ကြားမည်ဖြစ်သည့်အတွက် ယခုကဲ့သို့ ကြိုတင်ပြီး  ကလေးဗဟိုသင်ကြားနည်း သင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပညာရေးဝန်ထမ်းတစ်ဦးမှ ပြောကြားခဲ့ကြောင်း သိရသည်။

CYCLONE

 

 

 

မော်လူးဒေသတွင် တစ်ခါသုံး တနိုင်တပိုင် ဝါးတူလုပ်ငန်း အောင်မြင်ဖြစ်ထွန်း
မော်လူး၊ နိုဝင်ဘာ ၉
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသထွက်ကုန်ဖြစ်သော တစ်ခါသုံး ဝါးတူလုပ်ငန်းသည် ကျန်းမာရေးနှင့် အညီ စနစ်တကျထုတ်လုပ်ပြီး အောင်မြင်ဖြစ်ထွန်းလျှက်ရှိကြောင်း သိရသည်။
တစ်ခါသုံး ဝါးတူလုပ်ငန်းကို နွေမိုးဆောင်း ရာသီမရွေး သုံးစွဲနိုင်ရန် ထုတ်လုပ်ထားကြောင်း၊ နိုင်ကာတကာ အဆင့်မီ နောက်ဆုံးပေါ် ခေတ်မီစက်ကြီးများဖြင့် ဝါးများကို စနစ်တကျ ကြိတ်ခွဲကာ ထုတ်လုပ်ထားကြောင်း၊ သက်တမ်းရင့် ဝါးဖြူဝါး တစ်မျိုးတည်းကိုသာ စနစ်တကျ ခုတ်ယူပြီး သစ်တောဋ္ဌာန၏ လမ်းညွှန်မှုဖြင့်  ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း ရွှေဝါးရုံ တစ်ခါသုံး ဝါးတူစက်ရုံ၏ ထုတ်လုပ်မှု တာဝန်ခံတစ်ဦးမှ ပြောပြသည်။

ယခင်က တစ်ခါသုံး ဝါးတူများကို တရုတ်ပြည်မှ တင်သွင်းပြီး အသုံးပြုခဲ့ကြရာ ၄င်းဝါးတူများမှ ကာလအတန်ကြာမြင့်လာသည့်နှင့်အမျှ သက်တမ်းနုဝါးများ ပါဝင်သည့်အတွက် ဝါးတူများမှ မှိုမှုန်ငယ်လေးများပေါ်ထွက်လာကြပြီး ထိုမှိုမှုန်လေးများသည် ကင်ဆာရောဂါကို ဖြစ်စေနိုင်သည်ကို သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းများတွင် ရေးသားဖော်ပြထားသည်ကို ဖတ်ရှုရသည်။ သို့သော် ယခုအခါ ရွှေဝါးရုံ တစ်ခါသုံး ဝါးတူစက်ရုံမှ သက်တမ်းရင့် ဝါးဖြူဝါးတစ်မျိုးတည်းကိုသာ သုံးစွဲပြီး စနစ်တကျ ပေါင်းတင်ကာ ထုတ်ပိုး ထုတ်လုပ်ထားသည့်အတွက် ကျန်းမာရေးနှင့် ညီညွှတ်ပြီး စီးပွားရေးဈေးကွက်တွင် တစ်ခေတ်ရေပန်းစားလာကြောင်း သိရသည်။ ထိုကဲ့သို့ ပိုးမွှားကင်းစင်စေရန် သက်တမ်းရင့်ဝါးများကို ပေါင်းတင်ထုတ်လုပ်ထားသည့် အတွက် ထုတ်လုပ်သူများသာမက သုံးစွဲသူများ၏ စိတ်တိုင်းကျဖြစ်ကာ အကြိုက်တွေ့နေကြကြောင်း တစ်ခါသုံး ဝါးတူသုံးစွဲသူ စားသောက်ဆိုင် လုပ်ငန်းရှင်တစ်ဦးမှ ပြောပြသည်။

ယခုကဲ့သို့ မော်လူးဒေသအတွင်း အသေးစားစက်မှုလက်မှု လုပ်ငန်းတစ်စုဖြစ်သည့် တစ်ခါသုံး ဝါးတူထုတ်လုပ်မှု လုပ်ငန်းကြောင့် ဒေသခံပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်း ရရှိစေသည့်အပြင် တောင်သူဦးကြီးများမှာလည်း ကုန်ကြမ်းဖြစ်သည့် ဝါးများကို ပို့ဆောင်ရောင်းချပေးကြခြင်းဖြင့် အပိုဝင်ငွေရရှိသည့်အပြင် နေ့စဉ် အလုပ်သမား ၂၀ မှ ၂၅ ဦးဖြင့် ပုံမှန်လည်ပတ်လုပ်ကိုင်ကာ လုပ်အားခအဖြစ် တစ်ရက်လျှင် ၃၀၀၀ ကျပ်မှ ၅၀၀၀ ကျပ်အထိ လုပ်ငန်းအရည်အချင်းအလိုက် ရရှိနေကြကြောင်း၊ ဒေသခံအများစုတို့ကလည်း ယခုလို အသေးစား စက်မှုလက်မှုလုပ်ငန်းများ တိုးပွားလာစေရန် လိုလားလျှက်ရှိကြောင်း၊ စက်ရုံမှ ထုတ်လုပ်သည့် တစ်ခါသုံး ဝါးတူများကို ဒေသတွင် စားသောက်ဆိုင်များ၊ ခေါက်ဆွဲဆိုင်များ၊ ထမင်းဆိုင်များသို့ နေ့စဉ်ပေးပို့နေရသည့်အပြင်၊ ကချင်ပြည်နယ် မိုးကောင်း၊ မြစ်ကြီးနားမြို့များသို့လည်းကောင်း စစ်ကိုင်းတိုင်းဒေသကြီး ကသာ၊ အင်းတော်၊ ကောလင်းမြို့များသို့လည်းကောင်း တင်ပို့ ရောင်းချနေရကြောင်း၊ ဝါးတူစက်ရုံမှထွက်ရှိလာသော စွန့်ပစ်ပစ္စည်းဖြစ်သည့် ဝါးမှုန်များသည် တောင်သူလယ်သမားအတွက် သဘာဝမြေသြဇာအဖြစ် အသုံးပြု၍လည်း ရကြောင်း ရွှေဝါးရုံ တစ်ခါသုံး ဝါးတူစက်ရုံပိုင်ရှင် ဦးဇေယျာအောင်မှ ပြောပြသည်။
ရွှေဝါးရုံ ဝါးတူစက်ရုံသည် စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးကျေးရွာတွင် တည်ရှိသော အလျား ၈၀ ပေ၊ အနံ ၈၀ ပေ ရှိ အဆောက်အဦးဖြစ်ပြီး၊ အလုပ်သမားဦးရေ ၂၀ မှ ၂၅ယောက်ခန့်ဖြင့် နေ့စဉ် လုပ်ကိုင်နေသော စက်ရုံဖြစ်ကာ ပိုင်ရှင်မှာ ဦးဇေယျာအောင် ဖြစ်ကြောင်း၊ ၄င်းဝါးတူစက်ရုံသည် ဒေသတွင်း ထွက်ရှိသည့် ဝါးများဖြင့် ပြုလုပ်ခြင်း ဖြစ်ကြောင်း၊ သမဝါယမဝန်ကြီးဋ္ဌာန၏ အသိအမှတ်ပြု စက်ရုံတစ်ခုဖြစ်ကြောင်း၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး၊ သစ်တောဦးစီး၊ ကျန်းမာရေး၊ စည်ပင်သာယာ၊ မြေစာရင်း၊ နယ်မြေခံ ရဲတပ်ဖွဲ့၊ ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ဒေသခံ အရံမီးသတ်တပ်ဖွဲ့များစသည့် ဋ္ဌာနဆိုင်ရာ တာဝန်ရှိသူများမှ ဒေသခံပြည်သူတို့အတွက် အလုပ်အကိုင်အခွင့်အလမ်း ရရှိစေမှုရှိမရှိ၊  ပတ်ဝန်းကျင်ရှိ လူနေအိမ်များမှ ပြည်သူများအား ထိခိုက်စေမှု ရှိမရှိ၊ စက်ရုံအလုပ်ရုံ စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီမှုရှိမရှိစသည့် လိုအပ်ချက်များကို လာရောက်ကြည့်ရှု့စစ်ဆေးကာ ဒေသတွင်း ဖွံ့ဖြိုးမှုအတွက် လိုအပ်သော လုပ်ငန်းတစ်ခုဖြစ်၍ အသိအမှတ်ပြုခဲ့ပြီး ဖြစ်ကြောင်း သိရှိရသည်။ 
 

CYCLONE