Tuesday, July 31, 2018

အသီးအရွက်များများစားကြစို့


သက်ရှည်ကျန်းမာနေထိုင်ဖို့အသီးအရွက်များများစားကြစို့
***************************************
ကျွန်ုပ်တို့နေ့စဉ် စားသုံးသည့် အစားအစာတွင် အသီးအရွက် အတော်အသင့် ပါဝင်သင့်ကြောင်း သိရှိပြီးဖြစ်ပါသည်။ ၎င်းမှာ ၄ဝဝ ဂရမ်ခန့်ဟု နားလည်ထားပါသည်။ သို့ပါသော်လည်းအင်္ဂလန်နိုင်ငံအင်ပီးရီးယယ်ကောလိပ်မှ သုတေသန တွေ့ရှိချက်အရ နေ့စဉ် စားသုံးနေသည့် အသီးအရွက်ကို ၈ဝဝ ဂရမ်ထိ တိုး၍စားလျှင် ပိုကောင်းကြောင်း သုတေသနတွေ့ရှိချက်များကအတည်ပြု လိုက်ပါသည်။

ယင်းသုတေသီတို့၏ ယူဆချက်မှာ တစ်ကြိမ်စားလျှင် အသီးအရွက် ၈ဝ ဂရမ် ပါဝင် သင့်ကြောင်းနှင့် တစ်နေ့လျှင် အသီးအရွက် ၈ဝဝ ဂရမ်စားသုံးလျှင် နှလုံးသွေးကြော ပိတ်ခြင်း၊ လေဖြတ်ခြင်းနှင့် ကင်ဆာရောဂါများဖြစ်ခြင်းကို သိသိသာသာ လျော့ကျစေသည်ဟု တင်ပြထားပါသည်။ ထို့ပြင် ဤသို့ စားသုံးခြင်းဖြင့် တစ်နှစ်လျှင် ရှစ်သန်းခန့်သော လူများ သက်တမ်းမစေ့မီ သေဆုံးခြင်းကို ကာကွယ်နိုင်မည် ဖြစ်ပါသည်။

ယင်းသုတေသီတို့သည် လူပေါင်း နှစ်သန်းပါဝင်သော သုတေသန ၉၅ ခုကို စနစ်တကျ လေ့လာပြီး သုတေသနပေါင်းချုပ် အနှစ်ချုပ်အဖြစ် အဖြေထုတ်ခဲ့ပါသည်။

ဤသုတေသန ပေါင်းချုပ်တွင် နှလုံးရောဂါသည် ငါးသောင်း၊ လေဖြတ်ရောဂါ ခံစားရသည့် ဝေဒနာရှင် ငါးသောင်း၊ သွေးတိုးရောဂါသည် ရှစ်သောင်း၊ ကင်ဆာရောဂါသည် တစ်သိန်းတို့ ပါဝင်ပါသည်။ထို့ပြင်သေဆုံးသွားသူတစ်သိန်းကိုလည်း လေ့လာခဲ့ပါသည်။

ဤသုတေသနတွင် အသီးအရွက် လုံးဝမစားသူများအုပ်စု၊ အသီးအရွက် တစ်နေ့လျှင်၂ဝဝ ဂရမ် စားသည့်အုပ်စုနှင့် အသီးအရွက် တစ်နေ့လျှင် ၈ဝဝ ဂရမ်စားသည့်အုပ်စုဟူ၍ အုပ်စုကြီးသုံးစု ခွဲကာလေ့လာခဲ့ပါသည်။

အသီးအရွက်တစ်နေ့လျှင် ၂ဝဝ ဂရမ် စားသုံးသည့် သူများသည် လုံးဝ မစားသုံးသူများနှင့် ယှဉ်သော် နှလုံးရောဂါနှင့် လေဖြတ်ရောဂါကို ၁၅ ရာခိုင်နှုန်း လျော့ကျ စေနိုင်ကြောင်း၊ ကင်ဆာရောဂါ ဖြစ်ခြင်းကို ၄ ရာခိုင်နှုန်း လျော့ကျစေနိုင်ကြောင်းနှင့် သက်တမ်းမစေ့မီ သေဆုံး စေနိုင်ခြင်းကို ၁၅ ရာခိုင်နှုန်း ကျဆင်းစေနိုင်ကြောင်း တွေ့ရှိရပါသည်။

သို့ပါသော်ငြားလည်း နေ့စဉ်အသီးအရွက် စားသုံးမှုကို ၈ဝဝ ဂရမ်အထိ တိုးလိုက်သောအခါ နှလုံးရောဂါနှင့် လေဖြတ်ရောဂါကို ၃ဝ ရာခိုင်နှုန်းထိ ထပ်မံ လျော့ကျစေနိုင်ကြောင်း၊ ကင်ဆာရောဂါ ဖြစ်ခြင်းကို ၁၃ ရာခိုင်နှုန်း လျော့ကျစေနိုင်ကြောင်းနှင့် သက်တမ်း မစေ့မီ သေဆုံး စေနိုင်ခြင်းကို ၃ဝ ရာခိုင်နှုန်း ကျဆင်းစေသည်အထိ တွေ့ရှိရပါသည်။

နှလုံးရောဂါ၊ လေဖြတ်ရောဂါနှင့် သက်တမ်းမစေ့မီ သေဆုံးစေနိုင်ခြင်းကို ကာကွယ် နိုင်သည့် အကောင်းဆုံး အသီးအရွက်များမှာ လိမ္မော်သီး၊ သံပရာသီး၊ ရှောက်သီး၊ ဂရိတ်ဖရုသီး စသော ချဉ်သော အရသာရှိသည့် အသီးများ၊ ပန်းသီးအမျိုးမျိုး၊ ဆလတ်ရွက်၊ ဂေါ်ဖီထုပ်၊ မုန်ညင်းရွက်၊ မုန်လာရွက် စသည့် အစိမ်းရောင်ရှိသည့် အရွက်များနှင့် ပန်းဂေါ်ဖီ၊ ပန်းဂေါ်ဖီစိမ်းတို့ ပါဝင်ပါသည်။

ကင်ဆာဖြစ်နှုန်းကို လျော့ကျစေသည့် အသီးအရွက်များမှာ ဆလတ်ရွက်၊ ဂေါ်ဖီထုပ်၊ မုန်ညင်းရွက်၊ မုန်လာရွက် စသည့် အစိမ်းရောင်ရှိသည့် အရွက်များ၊ အဝါရောင်ရှိသည့် ငရုတ်ပွနှင့် ပန်းဂေါ်ဖီ၊ ပန်းဂေါ်ဖီစိမ်းတို့ ဖြစ်ပါသည်။

အသီးအရွက်များသည်ကျွန်ုပ်တို့ ၏ သွေးအတွင်းရှိ ကိုလက်စထရောကို လျော့ကျစေပါသည်။ သွေးကြောများကို ပိုမိုကျယ်စေပြီး သွေးတိုးခြင်းမှလည်း ကာကွယ်ပေးပါသည်။

ထို့ပြင် ကျွန်ုပ်တို့ သွေးကြောများ၏ သန်စွမ်းကောင်းမွန်မှုကို အထောက်အကူဖြစ်စေပါသည်။ ကိုယ်ခံစွမ်းအားကိုလည်း တက်စေပါသည်။ အသီးအရွက်များတွင် ဓာတ်မတိုးပစ္စည်းများ ပါဝင်သဖြင့် ဆဲလ်များ၏ ဒီအင်န်အေ ပျက်စီးမှုကို လျော့နည်းစေပြီး ကင်ဆာဖြစ်ပွားခြင်းကို ဟန့်တားပေးခြင်းဖြစ်ပါသည်။

အသီးအရွက်များတွင် ဖော်ပြပါ တန်ဖိုး မဖြတ်နိုင်သည့် အစွမ်းသတ္တိများရှိသဖြင့် တတ်နိုင်သရွေ့ များများ စားသုံး သင့်ပါသည်။

ထို့ပြင်ဟင်းသီးဟင်းရွက်များကိုလတ်လတ်ဆတ်ဆတ်သာ စားသုံးသင့်ပါသည်။

သို့ဖြစ်ပါ၍ ကျွန်ုပ်တို့အားလုံး နှလုံးရောဂါ၊ လေဖြတ်ရောဂါ၊ သွေးတိုးရောဂါ၊ ကင်ဆာရောဂါများကို ကာကွယ်ပြီး အသက်ရှည် ကျန်းမာစွာ နေထိုင်နိုင်ရန်အတွက် အသီးအရွက်ကို နေ့စဉ် ၈ဝဝ ဂရမ်ခန့်စားသုံးသင့်ကြောင်း တင်ပြအပ်ပါသည်။
#{{ မှတ်ချက်။   ။ ၁၀၀ဂရမ် = ၆ကျပ်တမတ်သား}}#
~~~~~~~~~~~~~~~~~~~~~~~~~~~~~
Crd:     :ပါမောက္ခ ဒေါက်တာ ခင်ဖြူပြာ

Tuesday, July 17, 2018

ပူစီနံ အကျိုးကျေးဇူး



ပူစီနံ(ပူဒီနာ)၏ ကျန်းမာရေးအကျိုးကျေးဇူးများ
**********************************
ပူစီနံရွက်ထဲတွင် အမျှင်ဓာတ်အမြောက်အမြား ပါရှိသဖြင့်၊ မကောင်းသော ကိုလက်စထရော(LDL )ကိုလျှော့ချပေးပြီး ကောင်းသောကိုလက်စထရော(HDL)ကို မြှင့်တင်ပေးလို့ နှလုံးရောဂါကို မဖြစ်စေနိုင်ပါ။ ဒါ့ပြင် မဂ္ဂနီစီယမ်ဓာတ်ပါရှိလို့ နှလုံးခုန်နှုန်းကို ပုံမှန် ထိန်းသိမ်းပေးနိုင်၏

ပူဒီနာ(ပူစီနံ)ဟာရှေးကျသောဆေးဖက်ဝင်ဟင်းခတ်အမွှေးအကြိုင်အဖြစ်လူသိများပါတယ်။ကမ္ဘာပေါ်တွင်ပူစီနံပင်အမျိုးအစားပေါင်း ၃၀ ခန့်ရှိပြီး၊အပူအအေးမျှတသောဥရောပနှင့် အာရှတိုက်ဒေသများတွင်ကောင်းစွာဖြစ်ထွန်းကြ၏။အာရှတိုက်ရှိပူစီနံသည်ဥရောပတိုက်ရှိပူစီနံထက်အရသာမှာအနည်းငယ်ပို၍စူးရှပါတယ်။ပူစီနံပင်သည်ခရမ်း (သို့မဟုတ်) မရန်းနုရောင်ပန်းပွင့်ကလေးများဝေဝေဆာဆာဖူးပွင့်ကာသဲဆန်သောမြေတွင်ပိုမိုဖြစ်ထွန်းကြ၏။ရေအလွန်ကြိုက်သော အပင်ဖြစ်ပြီး၊မြေပြင်ပေါ်တွင်လျင်လျင်မြန်မြန်အမြစ်တွယ်ဖြန့်ကျက်၍ ပေါက်ရောက်လေ့ရှိကြပါတယ်။

ပူစီနံရွက်ကိုမိမိနှစ်သက်ရာငါး၊ပုစွန်နှင့်အသားအမျိုးမျိုးတို့တွင်ဟင်းခတ်အမွှေးအကြိုင်ဖြစ်သော်လည်းကောင်း၊မြန်မာ့ရိုးရအစားအစာမုန့်ဟင်းခါးဖြင့်တွဲဖက်၍သော်လည်းကောင်း၊အသုပ်၊တို့စရာအဖြစ်သော်လည်းကောင်းစားသုံးကြပါတယ်။ ထို့ပြင်ရေနွေးဆူဆူတွင်ပူစီနံရွက်ကိုအစိမ်းလိုက်ခတ်ထည့်၍သော်လည်းကောင်း၊သို့မဟုတ်အခြောက်ခံ၍သော်လည်းကောင်း၊သို့မဟုတ်အရွက်ခြောက်ကိုအမှုန့်ကြိတ်၍သော်လည်းကောင်းလက်ဖက်ရည်အဖြစ်သောက်သုံးကြပါတယ်။

၎င်း၏ ရှင်းသန့်တဲ့ရနံ့ကြောင့် ရှေးအီဂျစ်နှင့်ရောမလူမျိုးများက နေအိမ်နှင့်ဘုရား ကျောင်းများတွင် ပူစီနံပင်ကို အထူးတလည် စိုက်ပျိုးခဲ့ကြပါတယ်။ ဒါတင်မကသေးပါဘူး။ ပူစီနံရွက်ဟာ ရေကိုသန့်စေတဲ့ အစွမ်းသတ္တိရှိလို့၊ သောက်ရေသန့် လုပ်ရာမှာလည်း အသုံးပြုလေ့ရှိပါတယ်။ ထူးခြားကောင်းမွန်သော ရနံ့နှင့် အရသာတို့ကြောင့် အချို့နိုင်ငံများတွင် ပူစီနံရွက်၏ သတ္တုရည်ကိုအသုံးပြု၍ ပျားရည်၊ သကြားလုံး၊ ဂျယ်လီ၊ ပီကေ၊ အချိုရည်နှင့် ရေခဲမုန့်တို့ ပြုလုပ်ကြပါတယ်။

ကမ္ဘာပေါ်တွင်ဆေးဖက်ဝင်အပင်အမျိုးအစားပေါင်း မြောက်မြားစွာရှိနေသည့်အနက်ပူစီနံရွက်သည်လည်းတစ်ခုအပါအဝင်ဖြစ်ကာအနာရောဂါများကိုသူမတူအောင်ကုသနိုင်စွမ်းရှိပါတယ်။
WH Foods မှဆေးသုတေသီများ၏ဓာတ်ခွဲစမ်းသပ်ချက်များအရ
၁၀၀ ဂရမ်ရှိသော ပူစီနံရွက် လတ်လတ်ဆတ်ဆတ်ထဲတွင် လူသားတို့ကျန်းမာရေးကို အထောက်အကူပြုစေသော

ကယ်လိုရီ ၇၀ ၊
အဆီဓာတ် သုည ဒသမ ၉၄ ဂရမ်၊
ချေဖျက်လွယ်သောအမျှင်ဓာတ် ၈ ဂရမ်၊
ဗီတာမင်အေ ၁၄၁ ရာခိုင်နှုန်း၊
ဗီတာ မင်စီ ၅၃ ရာခိုင်နှုန်း၊
ကော့ပါး ၃၆ ရာခိုင်နှုန်း၊
သံဓာတ် ၆၃ ဒသမ ၅ ရာခိုင်နှုန်း၊
မဂ္ဂနီစီယမ် ၂၀ ရာခိုင် နှုန်း၊
မဂ္ဂနီးစ် ၅၁ ရာခိုင်နှုန်း၊
ဇင့် ၁၀ ရာခိုင်နှုန်း၊
ဖောလိပ် ၂၈ ရာခိုင်နှုန်း၊
ကယ်လ်စီယမ် ၂၄ ရာခိုင်နှုန်းတို့အသီးသီး ပါရှိကြပါတယ်။

၁။ ပူစီနံထဲတွင်ပါရှိသော ဗီတာမင်စီနှင့် ဗီတာမင်အေတို့က ဓာတ်တိုးဆန့်ကျင်ပစ္စည်းများအဖြစ် စွမ်းဆောင်ပေးပါတယ်။ ဒါ့ပြင် မဂ္ဂနီးစ်ဓာတ်သည် ခန္ဓာကိုယ်၏ဇီဝဖြစ်စဉ်ကိုတိုးတက်ကောင်းမွန်စေရုံသာမက၊ပူစီနံရွက်ဟာ Omega-3 Fatty Acids တို့စုဝေးရာအရင်းအမြစ်ဖြစ်လို့ကင်ဆာရောဂါတွေကို ကြိုတင်ကာကွယ်ပေးပါတယ်။
ပူစီနံထဲတွင် Phytonutrient (ခေါ်) Perillyl Alchol ပါရှိလို့၊ ကင်ဆာ အဖုအကျိတ် ကြီးထွားလာမှုကိုနှေးကွေးစေကာ၊ အထူးသဖြင့် အဆုတ်၊အူမကြီးနှင့်အရေပြားကင်ဆာတို့ကို ကာကွယ်ပေးနိုင်တယ်လို့ ဆေးသုတေသီများကဆိုပါတယ်။

၂။ ပူစီနံရွက်ဟာ ခန္ဓာကိုယ်မှ အဆိပ်အတောက်များကို ဆီးအဖြစ်ဖယ်ရှားသုတ်သင်ပေးလို့ဆီးရွှင်ဆေးအဖြစ်အသုံးပြုနိုင်ပါတယ်။အသည်းနှင့်သည်းခြေအိတ်တို့ကိုလည်းကောင်းကျိုးပြုပါတယ်။

၃။ ပူစီနံရွက်ထဲမှာ Anti-Spasmodic, Anti-Fungal နှင့် Rosmarinic Acid (ခေါ်) Anti-Inflamma- tory အစွမ်းသတ္တိများပါရှိသဖြင့် သဘာဝပိုးသတ်ဆေးအဖြစ်မှိုပိုးများကိုသေစေနိုင်သောအစွမ်းရှိလို့ပန်းနာရင်ကျပ်ရောဂါ၊အအေးမိတုပ်ကွေးနှင့်ချောင်းဆိုးချွဲကျပ်ရောဂါများကို သက်သာစေနိုင်ကြောင်း၊နားတွင်ရောင်ရမ်းခြင်းနှင့်အနာများကိုကျက်စေနိုင်ကြောင်းအိန္ဒိယဆေးပညာရှင်များကဆိုပါတယ်။ထိုအဆိုပြုချက်ကို WHF Foods နှင့် အနောက်ဗာဂျီးနီးယားတက္ကသိုလ်တို့မှလည်းအတည်ပြုထောက်းခံထားကြပါတယ်။

၎။ ပူစီနံရွက်ထဲရှိ သဘာဝဓာတုဓာတ်ပေါင်းစုတို့က ခံတွင်းထဲရှိ ဗက်တီးရီးယားပိုးများကိုသေစေပြီး ခံတွင်းရောဂါအမျိုးမျိုးနှင့် ခံတွင်းရနံ့ဆိုးများကို ပျောက်ကင်းစေပါတယ်။တစ်ပတ်လျှင် အနည်းဆုံး တစ်ကြိမ် (သို့မဟုတ်) နှစ်ကြိမ် ပူစီနံကို မှန်မှန်ဝါးပေးရုံဖြင့်သွားများကို ဖြူဖွေးစေရုံသာမက၊ အသက်ရှူ လမ်းကြောင်းကို ပွင့်စေနိုင်၏။ပူစီနံရွက်ဖြင့်ဖော်စပ်ထားသော သွားတိုက်ဆေးနှင့် ခံတွင်းသန့်စင် ဆေးရည်များကိုလူကြိုက်များရေပန်းစားလျက်ရှိပါတယ်။

၅။ ပူစီနံရွက်၂၀၀ ဂရမ်ကိုရေ ၃ လီတာဖြင့် ရောစပ်၍အပူချိန် 37.C တွင်ပြုတ်ပါ။ထိုပြုတ်ရေကိုခပ်နွေးနွေး အနေအထားတွင်ရေချိုးပေးခြင်းဖြင့် အကြောဆွဲခြင်းနှင့်ဒူလာပါဒရက်ရောဂါဝေဒနာများကို သက်သာလာစေနိုင်၏။

၆။ ပူစီနံရွက်ထဲတွင် အမျှင်ဓာတ်အမြောက်အမြား ပါရှိသဖြင့်၊ မကောင်းသောကိုလက်စထရော(LDL) ကိုလျှော့ချပေးပြီး ကောင်းသောကိုလက်စထရော(HDL) ကို မြှင့်တင်ပေးလို့ နှလုံးရောဂါကို မဖြစ်စေနိုင်ပါ။ ဒါ့ပြင် မဂ္ဂနီစီယမ်ဓာတ်ပါရှိလို့ နှလုံးခုန်နှုန်းကို ပုံမှန် ထိန်းသိမ်းပေးနိုင်၏။

၇။ သွေးသန့်စေပြီး ကာမအားကို တိုးပွားလာစေပါသည်။

၈။ ပူစီနံရွက်ထဲတွင်ကယ်လ်စီယမ်နှင့်မဂ္ဂနီစီယမ်တို့အလုံအလောက်ပါရှိသဖြင့်ကိုယ်ခံစွမ်းအားကိုတိုးတက်မြင့်မားစေကာအရိုးကိုသန်စွမ်းစေပါတယ်။မဂ္ဂနီစီယမ်အစွမ်းကြောင့် သွေးထဲရှိသကြားပမာဏကိုထိန်းညှိပေးခြင်း၊သွေးခုန်နှုန်းကိုပုံမှန်ဖြစ်စေခြင်း၊ခန္ဓာကိုယ်တစ်သျှူးများကို ပြန်လည်အား ဖြည့်ပေးခြင်း၊ကြွက်သားနှင့်အာရုံခံအင်္ဂါအဖွဲ့အစည်းကို ကောင်းစွာအလုပ်လုပ်စေခြင်းစသည်ဖြင့်ကောင်းကျိုးပြုပါတယ်။

၉။ လေချုပ်ခြင်း၊ အစာမကြေ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း၊ ဝမ်းဖောဝမ်းရောင်ခြင်း၊ဝမ်းသွားခြင်း၊ လေထိုး လေအောင့်ခြင်းနှင့် အစာအဆိပ်သင့်ခြင်းတို့မှ ပျောက်ကင်းစေပြီး အစာအိမ်၊ အူသိမ်၊ အူမနှင့် အူလမ်းကြောင်းဆိုင်ရာ ရောဂါဝေဒနာများကိုကောင်းစွာ ကုသပေးနိုင်ပါတယ်။ ပူစီနံရွက်ခြောက်ကို လက်ဖက်ရည်ကြမ်းခတ်၍သောက်သုံးခြင်းဖြင့် အစာချေစနစ်ကိုတိုးတက်ကောင်းမွန်စေကာအစာအိမ်နာအမျိုးမျိုးမှ ကာကွယ်ပေးနိုင်ပါတယ်။

ပူစီနံရွက်အဆီနှင့် ကျန်းမာရေး
--------------------------------
၁။ ပူစီနံရွက်မှ ရရှိသောအဆီသည် လူကိုလန်းဆန်းတက်ကြွစေကာ၊ ခွန်အားဖြစ်စေ၏။ထို့ကြောင့် စိတ်ပင်ပန်း နွမ်းလျခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ခေါင်းတစ်ခြမ်းကိုက်ခြင်းနှင့် ခေါင်း ကိုက်ဝေဒနာအမျိုးမျိုးတို့အတွက် ပူစီနံရွက်အဆီကို နားထင်နှင့်ဇက်ပိုးများတွင် ပွတ်လိမ်းပေးခြင်းဖြင့် ဝေဒနာများ သက်သာကောင်းမွန်လာစေပါတယ်။

၂။ လည်ချောင်းနာရောဂါများနှင့် အသံဝင်၊ အသံကွဲ၊ အသံပြာခြင်းတို့အတွက် ပူစီနံရွက်အဆီ အနည်းငယ်ကို ရေနွေးဖြင့်ရောစပ်၍ ပလုတ် (အာလုတ်) ကျင်းပေးနိုင်ပါတယ်။

၃။ ပူစီနံရွက်အဆီ ၅ ဂရမ်ကို၊ အရက် ၉၅ ဂရမ်ဖြင့်ရောစပ်၍ လိမ်းကျံပေးခြင်းဖြင့် ဒူလာရောဂါကြောင့် အဆစ်အမြစ် ရောင်ရမ်းကိုက်ခဲခြင်းနှင့် ကိုယ်လက် ယားယံခြင်းတို့ကိုလည်း သက်သာလာစေနိုင်ပါ တယ်။

၎။ ပူစီနံရွက်အဆီကို Aroma အဖြစ် အရေပြားပေါ်လိမ်းကျံ၍ အသာအယာနှိပ်ပေးရုံမျှဖြင့်အေးမြစေကာ ချွေးထွက်လွန်ခြင်းကို သက်သာလာစေနိုင်ပါတယ်။

၅။ အင်းဆက်ပိုးမွှားများ ကိုက်ခံရပါက ပူစီနံရွက်အဆီကို လိမ်းပေးနိုင်ပါတယ်။

၆။ ကြွက်တက်ခြင်း၊ အဆစ်လွဲခြင်းတို့ကိုလည်း သက်သာပျောက်ကင်းစေပါတယ်။

ပူစီနံရွက်နှင့် အသားအရေထိန်းသိမ်းနည်း
-------------------------------------------
၎င်း၏ထူးခြားသောရနံ့နှင့်ကောင်းမွန်သောအစွမ်းသတ္တိများကြောင့်ကရင်(မ်)၊လိုးရှင်း၊ခေါင်းလျှော်ရည်၊မျက်နှာသန့်စင်ဆေးရည်၊အလှဆီ၊ဆပ်ပြာစသည့်အလှကုန်ပစ္စည်းအမျိုးမျိုးနှင့်ရေမွှေးများထုတ်လုပ်ရောင်းချလျက်ရှိကြပါတယ်။ပူစီနံရွက်တွင် Antibacterial အစွမ်းသတ္တိများပါရှိခြင်းတို့ကြောင့်မျက်နှာပေါ်ရှိဝက်ခြံ၊ တင်းတိတ်နှင့်အမည်းစက်များကိုသက်သာလာစေနိုင်ပါတယ်။

ပူစီနံရွက်ဖြင့် ငွေကုန်ကြေးကျမများဘဲ လွယ်လင့်တကူ
အောက်ပါနည်းလမ်းတို့ဖြင့် အသားအရေထိန်း သိမ်းနိုင်ပါတယ်။

(၁) သဘာဝ အသားအရေပိုင်ရှင်များအတွက် ကြိတ်ချေထားသော ပူစီနံရွက်တစ်ခွက်၊သုံးခွက်၊သဘာဝဆားစားပွဲတင်ဇွန်းတစ်ဇွန်းတို့ကိုမိမိသုံးနေကျ Facial Cleanser ထဲထည့်ရောမွှေကာမျက်နှာအနှံ့စက်ဝိုင်းပုံသဏ္ဌာန်လိမ်းကျံပေးပြီးနောက် ရေနွေးနွေးဖြင့်သစ်ပေးနိုင်ပါတယ်။

(၂) မကြာခဏ ဝက်ခြံပေါက်သော အသားအရေပိုင်ရှင်များသည် ကြိတ်ချေထားသောပူစီနံရွက်ကို အုတ်ဂျုံဖြင့် ရောနယ်လိမ်းပေးကာ မိနစ် ၂၀ အကြာတွင် ရေနွေးနွေးဖြင့်
သန့်စင် ဆေးကြောပေးနိုင်ပါ တယ်။

(၃) မျက်နှာပေါ်တွင် အမည်းအစက်ပြောက် ရှိသူများအတွက် ပူစီနံရွက်ခြောက်ကိုမန်ကျည်းသီးအနှစ်၊ ရေအနည်းငယ်တို့ဖြင့် ခပ်ပျစ်ပျစ်ဖျော်ကာ အမည်းအစက်အပြောက်
များပေါ်သို့ လိမ်းကျံပေးနိုင်ပါတယ်။

(၄) ခန္ဓာကိုယ်အသားအရေ ညက်ညောလိုသူများသည် ပူစီနံရွက်နှင့် ဗာဒံစေ့တို့ကိုကြိတ်ချေကာ ရေနွေးနည်းနည်းရော၍ ရရှိလာသောအနှစ်ဖြင့် တစ်ကိုယ်လုံးကို လိမ်းကျံပြီး
ခြောက်သွားသောအခါ ရေနွေးဖြင့် ရေချိုးသန့်စင်ပေးနိုင်ပါတယ်။

(၅) ပူစီနံရွက်ပြုတ်ဖြင့် ရေချိုးပေးခြင်းဖြင့်အသားအရေခြောက်သွေ့ခြင်းမှ ကင်းဝေးကာ စိုပြည် လှပလာပါလိမ့်မယ်။

***ဘေးထွက်ဆိုးကျိုးများ***
################
(က) ပူစီနံရွက်အဆီသည် ကိုယ်ဝန်ဆောင်မိခင်များ၊နို့တိုက်မိခင်များနှင့် ရင်ခွင်ပိုက်ကလေးငယ်များ အတွက် မသင့်လျော်ပါ။

(ခ) အဆီကို သောက်သုံး၍မရပါ။ (External Use အတွက်သာဖြစ်ပါသည်။)

(ဂ) Aroma Oil Cream အဖြစ်အရေပြားကိုလိမ်းကျံရာတွင် အစက် ၃၀ ထက်ပို၍မသုံးသင့်ပါ။

ပူစီနံရွက်သည် သဘာဝဆေးစွမ်းသတ္တိများစွာ စုဝေးရာအရင်းအမြစ်ဖြစ်သောကြောင့်လူသားတို့ကျန်းမာရေးကို များစွာ အထာက်အကူပြုစေပါတယ်။ ထို့ကြောင့် ဘက်ပေါင်းစုံမှ
ကောင်းမွန်သော သဘာဝ ဆေးဖက်ဝင်ပူစီနံရွက်ကို လက်လွှတ်မခံဘဲ အလေ့အကျင့်ကောင်းတစ်ခုလုပ်ယူကာ၊ စားသုံးပေးကြပါ ရန်တိုက်တွန်းအပ်ပါသည်။

မှီးငြမ်း
Health Benefits of Mint Leaves By Derek and Deepika Sahu, TNN Oct 22,2011.

ပေါက်ပေါက်
ကြေးမုံသတင်းစာ
ဒီဇင်ဘာလ (၂၉) ရက်၊ ၂၀၁၄ ခုနှစ်

ဒန့်သလွန်သီး နဲ့ ကျန်းမာရေး



ဒန့်သလွန်သီးက ကျန်းမာရေးအတွက်ဘာတွေရမလဲ
***************************************
ဒန့်သလွန်ပင်သည် အတန်ငယ်ခြောက်သွေ့သော အပူလျော့ဇုန်ပိုင်း ဒေသများတွင် ကောင်းစွာဖြစ်ထွန်းပြီး အစေ့မှ အပင်ပေါက်ခြင်း ဖြစ်ပါသည်။ ရှင်သန်မှုလျှင်မြန်သော နှစ်ရှည်ပင်ဖြစ် ပါသည်။ မိုးဥတုတွင်တော့ ဒန့်သလွန်ပင်၏ အကိုင်းရင့်ရင့် အပိုင်းကိုခုတ်၍ စိုက်ပျိုးရှင်သန်နိုင်ပါသည်။ သို့သော် အစေ့မှ စိုက်ပျိုးခြင်းက သေချာမှုရှိစေပါသည်။ ဒန့်သလွန်ပင်၏ ပင်စည်အသားသည် အခြားအပင်များနှင့်မတူ တုတ်ခိုင်ခြင်းမရှိဘဲ ကိုင်းဆတ်ပြီး၊ ပိုးကိုက်တတ်သော ပင်စည် အမျိုးအစား ဖြစ်သည့်အတွက် အပင်ပေါ်တက်ရန် အန္တရာယ် များလှပါသည်။ ထို့ကြောင့် အသီးတောင့်နှင့် အရွက်တို့ကို အောက်မှ ၀ါးလုံးတံချူဖြင့်သာ ခူးဆွတ်လေ့ ရှိကြပါသည်။ အသီးတောင့်များ မရင့်မှည့်ခင် အပင်ပေါ်မှ ခူးဆွတ်ပေးရပါသည်။ တစ်နှစ်ပတ်လုံးလိုလို အစိမ်းရောင် အရွက်ဝိုင်းဝိုင်း ကလေးများဖြင့် ဝေနေတတ်သော်လည်း ဆောင်းအကုန် နွေဦးရာသီတွင်တော့ အရွက်ကြွေလေ့ ရှိပါသည်။ ထို့နောက် ရွက်ဟောင်းကြွေပြီး ရွက်နုပြန်ထွက်ကာ အဖြူရောင် အဖူး၊အပွင့်ပွင့်ပြီး အသီး စတင်သီးပါတော့သည်။ ရွက်နုပြန်ထွက်ခါစ အချိန်တွင် ဒန့်သလွန်ရွက်က ပို၍ချို ပါသည်။ တုတ်ချောင်းပုံသဏ္ဍာန် အသီးတောင့်များသည် ပင်စည်ကိုင်းခတ်များမှ တွဲလွဲခို၍ သီးကြပါသည်။

ကမ္ဘာပေါ်တွင် ဒန့်သလွန်ပင် စတင်ပေါက်ရောက်ရာ ဇာစ်မြစ်မှာ အိန္ဒိယနိုင်ငံ၏ အနောက်မြောက်ဘက် ဒေသဖြစ်ပြီး၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်နှင့် အာဖကန်နစ္စတန် စသည့် အပူပိုင်းဇုန်တို့တွင်လည်း လှိုင်လှိုင်ပေါပါသည်။ ဒန့်သလွန်သီး အကြောင်းကို လွန်ခဲ့သော အနှစ် ၂၀-ကျော် ခန့်က၊ အိန္ဒိယနိုင်ငံတွင် ဆေးသုတေသနပြုလုပ်ပြီးနောက်မှာတော့ ဒန့်သလွန်သီးသာမက၊ အပွင့်၊ အရွက်၊ အစေ့၊ အပင်၏ အခါက်နှင့် အမြစ်အပါအ၀င် တစ်ပင်လုံး၏ ထူးခြားဆန်းပြား အံသြဘွယ်ကောင်းလောက်အောင် ဆေးဘက်ဝင်ပုံကို လေ့လာသိရှိလာခဲ့ ကြပါသည်။ထိုအချိန်မှစ၍ဒန့်သလွန်ပင်သည် အရေးပါသော စားသောက်ကုန် သီးနှံတစ်ခုအဖြစ် အီသီယိုးပီးယား၊ ဖိလစ်ပိုင်၊ ဆူဒန်၊ အရှေ့ -အနောက်-တောင် အာဖရိက၊ လက်တင် အမေရိက၊ ကာရေဘီယံ၊ ဖလော်ရီဒါနှင့် ပစိဖိတ်ကျွန်းစုတို့တွင် ကျယ်ပြန့်စွာ စိုက်ပျိုးလာခဲ့ကြပါသည်။

မြန်မာပြည်၏ အထက်အညာဒေသတွင် ဒန့်သလွန်ပင်များ လက်ညှိုးထိုးမလွဲ ပေါများလှပါသည်။ မိမိအိမ်ဝိုင်း၏ နောက်ဖေးမြေကွက်လပ်တွင် စိုက်ပျိုးလေ့ ရှိကြပါသည်။ ဒန့်သလွန်သီး ရာသီချိန်ရောက်သော အခါတွင် အရသာလည်းရှိကာ၊ ရနံ့လည်းမွှေးသည့် ဒန့်သလွန်သီးကို ဟင်းအမယ် မျိုးစုံချက်ကာ မြန်မာအိမ်ရှင်မများ လက်စွမ်းပြလေ့ ရှိကြပါသည်။ ဒန့်သလွန်ရွက်နှင့် အဖူးအပွင့်တို့ကို ဟင်းချို၊ ဟင်းခါးနှင့် အသုပ်အဖြစ် စားနိုင်ပါသည်။ ဒန့်သလွန်သီးကို ငရံ့ (သို့ မဟုတ်) ငရံ့ခြောက် (သို့မဟုတ်) ကြက်ဥ/ဘဲဥ တို့ဖြင့် တွဲဖက်၍သော်လည်းကောင်း၊ ပဲကုလားဟင်း၊ သီးစုံချဉ်ရည်ဟင်း အဖြစ်လည်းကောင်း၊ ဒန့်သလွန်သီးတောင့်ကို အစိမ်းလိုက် (သို့ မဟုတ်) မီးကင်ပြီး အတွင်းသားနှင့် အစေ့တို့ကို ဇွန်းဖြင့်ခြစ်ကာ ကြက်ဥဖြင့် မွှေကြော်၍သော်လည်းကောင်း၊ (သို့ မဟုတ်) ဘူသီးဖြင့် ကြော်ချက်ဟင်းအဖြစ်လည်းကောင်း အရသာရှိရှိ စားသုံးနိုင်ပါသည်။ အနောက်နိုင်ငံ များတွင်တော့ သူ့ရိုးရာဒေသအလိုက် ဟင်းလျာအဖုံဖုံကို ချက်ပြုတ်စားသောက်ကြသလို ဒန့်သလွန်ရွက်နှင့် အပွင့်တို့ကို နည်းပညာဖြင့် ပြုပြင်ကာ ကိတ်မုန့် ဖုတ်စားကြပါသည်။

ဒန့်သလွန်သီးနှင့် အရွက်တို့ထဲတွင် လူသားတို့ ကျန်းမာရေးကို အထောက်အကူဖြစ်စေသည့်
Protein,
Carotene,
Carbohydrates,
Water,
Calorie,
Fiber,
Fat,
Vitamin A,
Vitamin B(choline),
Vitamin B1(thiamin),
Vitamin B2(riboflavin),
Vitamin B3(nicotinic acid),
Vitamin C(ascorbic acid),
Calcium,
Magnesium,
Phosphorous,
Potassium,
Copper,
Iron,
Sulphar,
Arginine,
Histidine,
Isoleucine,
Leucine,
Lysine,
Methionine,
Phenylalanine,
Threonine,
Tryptophan,
Valine စသည့် ဗိုက်တာမင်နှင့် သတ္တုဓာတ်တို့ မြင့်မားစွာပါရှိပါသည်။ အသီးနှင့်အရွက်သာမက အဖူးအပွင့်များထဲတွင်လဲ အဟာရဓာတ်ပမာဏ အမြောက်အများ ပါဝင်ပါသည်။ အထူးသဖြင့် အိန္ဒိယနိုင်ငံတွင် ဟိုးရှေးနှစ်ပေါင်း များစွာမှစ၍ ယနေ့တိုင်အောင် ရိုးရာကုထုံးများတွင် ဘေးဥပါသ်ကင်းဝေးစွာ အသုံးပြု လျှက်ရှိပါသည်။

Trees for Life Organization ၏ မှတ်တမ်းများအရ ဒန့်သလွန်သီးနှင့် အရွက်ထဲတွင်ပါရှိသော--

vitamin C သည် လိမ္မော်သီး ထဲတွင်ပါရှိသော ပမာဏထက် ၇-ဆ ပိုသောကြောင့် အအေး မိ၊ နှာစေး၊ ချောင်းဆိုးခြင်းကို ကာကွယ်ပေးနိုင်ပါသည်။

calciumသည်နို့ထဲတွင်ပါရှိသောပမာဏထက်၎-ဆပိုသောကြောင့်အရိုးနှင့်သွားများကိုခိုင်မာသန်စွမ်းစေနိုင်ပါသည်။

iron သည် ဟင်းနုနယ်ထဲတွင် ပါရှိသော ပမာဏထက် ၅-ဆ ပိုသောကြောင့် သွေးကို သန့်စေပါသည်။

potassium သည် ဌက်ပျောသီး ထဲတွင်ပါရှိသော ပမာဏထက် ၃-ဆ ပိုသောကြောင့် ဦးနှောက်နှင့် အာရုံကြော အဖွဲ့အစည်းကို ကောင်းစွာ အလုပ်လုပ်စေနိုင်ပါသည်။

vitamin A သည် မုန်လာဥနီ ထဲတွင်ပါရှိသော ပမာဏထက် ၄-ဆ ပိုသောကြောင့် မျက်စေ့ရောဂါ၊ အရေပြားရောဂါနှင့် နှလုံးရောဂါတို့ကို ကာကွယ်ပေးနိုင်ပါသည်။

ပရိုတင်း သည် နို့နှင့် ကြက်ဥ ထဲတွင်ပါရှိသော ပမာဏထက် ၂-ဆ နီးပါး ပိုသောကြောင့် ခန္ဓာကိုယ်ထဲရှိ ဆဲလ်များပိတ်ဆို့မှုတို့ကို ကာကွယ်ပေးနိုင်ပါသည်။

(၁) သွေးတိုးရောဂါသည်များအတွက်ဒန့်သလွန်ရွက်နှင့် အသီးတို့ကဆရာဝန်တစ်ဦးကဲ့သို့ အားထားလောက်ပါသည်။

(၂) သွေးကိုသန့်စင်စေကာ၊ သွေးလည်ပတ်စီးဆင်းမှုကို ချောမွေ့စေပြီး၊ ခွန်အားလည်း တိုးပွားစေသဖြင့် ကြီးကောင်ဝင်စ ဆယ်ကျော်သက်ရွယ် ကလေးများ မှန်မှန်စားသုံးပေးသင့်ပါသည်။

(၃) အရိုးအားကို တိုးပွားစေသည့်အတွက် နို့စို့ရွယ် ကလေးငယ်များကိုလည်း ဒန့်သလွန်သီးနှင့် အရွက်ပြုတ်ရည်တို့ကို အ၀တ်ပါးဖြင့်စစ်ကာ နို့ချိုဖြင့်ရော၍ တိုက်ကျွေးသင့်ပါသည်။

(၄) လှပပြီးမွှေးကြိုင်သော အဖြူရောင် ဒန့်သလွန်ပန်းပွင့်ရနံ့က ကောင်းစွာ အိပ်မောကျစေနိုင်ပါသည်။

(၅) မွေးဖွားခါနီး မိခင်လောင်းများအတွက် မရှိမဖြစ်လိုအပ်သော ကယ်လ်စီယမ်၊ ဗီတာမင်နှင့် သံဓာတ်တို့သည် အသီးနှင့် အရွက်များထဲတွင် အလုံအလောက် ပါရှိပါသည်။ ကိုယ်ဝန်ဆောင်စဉ်ကတည်းက အသီးနှင့် အရွက်တို့ကို မှန်မှန်စားပေးခြင်းဖြင့် နို့ရည်လိုက်စေပါသည်။ ဒန့်သလွန်ရွက်ကို ဆားအနည်းငယ်ဖြင့်ပြုတ်ပြီးနောက် အရွက်ကိုရေစစ်ပြီး ထောပတ်ဖြင့် သုပ်စားပေးခြင်းဖြင့်လဲ နို့တိုက်မိခင်များ နို့ရည်
လှိုင်လှိုင်ပေါစေပါသည်။ ထို့ပြင် သားအိမ်ကို အားရှိစေကာ၊ မွေးဖွားရ လွယ်ကူစေသည့်အပြင် မွေးဖွားပြီးနောက် ဖြစ်ပေါ်တတ်သော နောက်ဆက်တွဲ မီးယပ်ဝေဒနာအမျိုးမျိုးတို့ကိုလည်း သက်သာစေနိုင်ပါသည်။

(၆) အစာချေစံနစ်ကို ကောင်းမွန်စေပြီး၊ အူရောင်ငန်းဖျားရောဂါ၊ ၀မ်းသွားခြင်း၊ ကာလ၀မ်းရောဂါ၊ ၀မ်းကိုက်ရောဂါနှင့် အသဲရောင်အသားဝါတို့ကိုလည်း ကောင်းစွာ ကုသပေးနိုင်ပါသည်။ (လက်ဖက်ရည်ဇွန်း ၁-ဇွန်းစာ ပမာဏရှိသော ဒန့်သလွန်ရွက် သတ္တုရည်ကို ပျားရည်၊ အုန်းရည် အနဲငယ်တြို့ဖင့် ရောစပ်ကာ တနေ့ လျှင် ၂-ကြိမ် မှ ၃-ကြိမ်ခန့် သောက်ပေးရုံဖြင့် ထိုရောဂါများကို ယူပစ်သလို ပျောက်ကင်းစေနိုင်ပါသည်)

(၇) ဒန့်သလွန်ရွက်သည် penicillin ကဲ့သို့ ပိုးသတ်နိုင်စွမ်းရှိသဖြင့် ခန္ဓာကိုယ်တွင်းကိုယ်ပနှင့် အရေပြားပေါ်ရှိ ကူးစက်ရောဂါအမျိုးမျိုးတို့ကို ကာကွယ်တားဆီးပေးနိုင်ပါသည်။ ထို့ပြင် အူထဲရှိ သန်ကောင်များကိုလည်း ကျစေပါသည်။ အရေပြားမှိုစွဲခြင်းနှင့် ယားနာအမျိုးမျိုးတို့ အတွက်လည်း ဒန့်သလွန်ပင်စည်၏ အခေါက်မှုန့်ဖြင့် လိမ်းကျံ ပေးနိုင်ပါသည်။

(၈) ဖိုမ သဘာဝ ကာမအားအင် ကုန်ခမ်းခြင်းနှင့် မျိုးကန်းခြင်းတို့အတွက် ဒန့်သလွန်ပန်းပွင့်ကို နို့ဖြင့် ပြုတ်သောက်ပေးသင့်ပါသည်။

(၉) ဒန့်သလွန်ပင်စည်၏ အခေါက်ကို အမှုန့်ကြိတ်၍ လျက်ပေးခြင်းဖြင့် အမျိုးသားများ သုက်ရည်ကျဲခြင်းကို ကုသပေးနိုင်ပြီး၊ ဖခင်ကောင်း တစ်ယောက်အဖြစ် စွမ်းဆောင်နိုင်ပါသည်။

(၁၀) ဒန့်သလွန်သီးသည် အသည်းနှင့်သရက်ရွက်တို့ ရောင်ကိုင်းခြင်း၊ မေးခိုင်ရောဂါ၊ အာရုံကြောအားနဲခြင်း၊ သွက်ချာပါဒ၊ ပြည်တည်နာနှင့် အနာကြီးရောဂါ စသည့် ကိုယ်တွင်းကိုယ်ပ ဝေဒနာအမျိုးမျိုးတို့ကို ပျောက်ကင်းစေနိုင်ပါသည်။

(၁၁) ဒန့်သလွန်ပင်၏ အခေါက်ထဲတွင် အစေးများပါရှိပါသည်။ အစာအိမ်နာ ရောဂါသမားများသည် ထိုအခေါက်ကို ပြုတ်သောက်ပေး သင့်ပါသည်။

(၁၂) ဒန့်သလွန်သီးသည် ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း၊ လည်ချောင်းနာခြင်းနှင့် ချောင်းဆိုးခြင်းတို့ကို သက်သာ ကောင်းမွန်စေနိုင်ပါသည်။

(၁၃) ဆီးသွားလွန်ခြင်း ရောဂါအတွက် ဒန့်သလွန်ရွက် သတ္တုရည်ကို သောက်သုံးပေးသင့်ပါသည်။ ကျောက်ကပ်နှင့် ဆီးလမ်းကြောင်း ပြသနာများအတွက် ဒန့်သလွန်ရွက် သတ္တုရည် စားပွဲတင်ဇွန်း ၁-ဇွန်းစာ ပမာဏထဲသို့ ဆားအနည်းငယ်ရော၍ မုန်လာဥနီ (သို့ မဟုတ်) သခွားသီး ဖျော်ရည် အနဲငယ်ဖြင့် ရောသောက်ပေးသင့်ပါသည်။

(၁၄) အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြသနာများအတွက် ဒန့်သလွန်ရွက် လက်တဆုပ်စာကို ဆား၊ ငရုပ်ကောင်း၊ သံပုရာရည် အနည်းငယ်ထည့်ကာ ရေ ၃ပုံ ၄ပုံ ခန့်ကို အချိန် ၅-မိနစ်လောက် ကြိုချက်ပြီးနောက် အအေးခံကာ သောက်ပေးခြင်းဖြင့် ချမ်းသာမှုကို ရစေပါသည်။

(၁၅) ဒန့်သလွန်သီးနှင့် သံပုရာရည်တို့ကို ရောကျိတ်ပြီးနောက် ရရှိလာသော အနှစ်ရည်ကို မျက်နှာအနှံ့ လိမ်းကျံပေးခြင်းဖြင့် ၀က်ခြံစို၊ ၀က်ခြံခြောက်၊ ဆားဝက်ခြံ၊ မှဲ့ခြောက် တို့ကို ပျောက်ကင်းစေနိုင်ပြီး မျက်နှာအသားအရေကို ၀င်းပလာစေပါသည်။ (သို့မဟုတ်) လတ်ဆတ်သော ဒန့်သလွန်ရွက် သတ္တုရည်ကို သံပုရာရည်ဖြင့် ရောစပ်၍ လိမ်းကျံပေးနိုင်ပါသည်။

(၁၆) အဆစ်အမြစ် နာကျင်ကိုက်ခဲခြင်းနှင့် ခေါင်းကိုက်ခြင်း ဝေဒနာများအတွက် ဒန့်သလွန်ရွက်ကို ထောင်း၍ အုံပေးနိုင်ပါသည်။

(၁၇) ဒန့်သလွန်သီး အစေ့က ရေကို သန့်စင်ပေးနိုင်သော ဂုဏ်သတ္တိရှိပါသည်။ မိမိအိမ်ရှိ ရေချိုးကန်များ သန့်စင်စေရန်အတွက် ဒန့်သလွန်သီး အစေ့ကို ကျိတ်ချေထောင်းထုပြီးနောက် အ၀တ်ဖြင့်ထုပ်ကာ ရေကန်ထဲသို့ ထဲ့စိမ်ပေးခြင်းဖြင့် သန့်စင်သောရေကို ရှိစေနိုင်ပါသည်။ (ထို့ပြင် ပျားရည် စစ်- မစစ် ကိုလည်း ဤနည်းဖြင့် စမ်းသပ်နိုင်ပါသည်)

(၁၈) ဒန့်သလွန်သီးအစေ့မှ အနည်းငယ်ချိုသော အရသာရှိသည့် အဆီကို ရရှိပါသည်။ ထိုအဆီသည် ချွဲပျစ်ခြင်း မရှိသည့်အပြင် ဆီချေးစော်လဲ မနံသဖြင့် အသုပ်သုပ်ရာတွင်လည်းကောင်း၊ စက်ဆီ/ချောဆီအဖြစ် လည်းကောင်း၊ အသုံးပြုနိုင်ပါသည်။ ထို့ပြင် ထိုအဆီကို အခြေခံ၍ ရေမွှေး၊ ပေါင်ဒါနှင့် ခေါင်းလိမ်းဆီအဖြစ်လည်း ထုတ်လုပ်ကြပါသည်။

(၁၉) အီသီယိုးပီးယားကဲ့သို့ အာဟာရချို့ တဲ့သော အရပ်ဒေသများတွင် ဒန့်သလွန်ရွက် အမှုန့်က သက်စောင့်ဆေးအဖြစ် စွမ်းဆောင်ပေးနိုင်ပါသည်။ ဒန့်သလွန်ရွက်အမှုန့်ကို ရေခဲသေတ္တာထဲတွင် အထူးတလည် သိမ်းဆည်းထားစရာ မလိုဘဲ အာဟာရဓာတ် ပျက်ပြယ်ခြင်းမရှိ ရက်ရှည်လများ ထားနိုင်ပါသည်။

(၂၀) ဒန့်သလွန်ရွက်သည် ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း၊ ချွဲသလိပ်ထခြင်း၊ ပန်းနာရပ်ကျပ် ချောင်းဆိုးခြင်း၊ တီဘီအဆုတ်နာနှင့် လည်ချောင်းနာခြင်း ဝေဒနာတို့အတွက် အလွန်ဆေးဘက်ဝင်ပါသည်။

(၂၁) ပန်းနာရင်ကျပ် ရောဂါသည်များနှင့် အဆုတ်ဝေဒနာသည်များသည် ဒန့်သလွန်သီးနှင့် အရွက်ပြုတ်သည့် အခိုးငွေ့ကို ရှုရိုက်ပေးခြင်းဖြင့် များစွာ ကောင်းကျိုးပြုပေးနိုင်ပါသည်။

ဒန့်သလွန်ပင်ကို “ဗီတာမင်နှင့် သတ္တုဓာတ်တို့ စုဝေးရာအိမ်ကြီး ” ဟု တင်စားခေါ်ဝေါ်ကြပါသည်။ မှန်ပါသည်။ ဘေးထွက်ဆိုးကျိုး လုံးဝမရှိဘဲ လူသားတို့ ကျန်းမာရေးကို အထောက်အကူပေးသည့် လက်တစ်ကမ်းမှ အလွယ်တကူ ရရှိနိုင်သော ထိုဟင်းသီးဟင်းရွက်ကို လက်လွတ်မခံဘဲ စားသုံးကြစေလို ပါကြောင်း……..။

မှတ်ချက်။

(က) အချို့သောသူများသည် ဒန့်သလွန်သီးနှင့် မွေးရာပါ ဓာတ်မတဲ့ရောဂါ ရှိတတ်သဖြင့်၊ သတိပြုစေလိုပါသည်။

(ခ)ဒန့်သလွန်သီးနှင့်ကလောဥတို့ကိုတွဲဖက်၍ မစားသင့်ပါ။

crd::မူရင်းရေးသားသူ

Wednesday, July 11, 2018

မှတ်သားစရာ


ယနေ့ နှစ်သက်မိသော ပုံ

၁။ စာလဲ မဖတ်ဘူး
ပညာလဲ မတတ်ဘူး
စီးပွားရေးလဲ မရှိရင်
သာယာတဲ့လောကကြီးကို မြင်ရမှာလဲ မဟုတ်ဘူး
ကြည့်ခွင့်လဲ မရဘူး

၂။ စာတွေဖတ် ပညာတတ်ပါသော်လည်း
စီးပွားရေးလဲ မရှိရင်
လောကကြီးရဲ့ အောက်ခြေအလွှာ တစ်စွန်းတစ်စပဲ သင်မြင်ရလိမ့်မယ်

၃။ စာမတတ် ပေမတတ်နဲ့
စီးပွားရေးပဲ ချမ်းသာကြတဲ့အခါ
သာယာလှတဲ့ လောကကြီးကို အပေါ်စီးက ဘောင်ကျော်သွားပီး မမြင်နိုင်တော့ဘူး

၎။ စာတတ် ပေတတ် ပညာတတ်သည့်အပြင်
စီးပွားရေးလဲ မျှတသင့်တော်စွာ ရှာနိုင်ပါမှ လောကအလယ် လှပတင့်တယ်စွာ မြင်နိုင် ရှု့နိုင်ပါလိမ့်မည်

#ဓမ္မအလင်းရောင်
credit:orginal writer.

Friday, July 6, 2018

မတရားဖမ်းဆီး ချုပ်နှောင်တယ်ဆိုတာ



မတရားဖမ်းဆီးချုပ်နှောင်တယ်ဆိုတာ………။

       ယာဉ်တိုက်မှုဖြစ်စဉ်တခုမှာ ယာဉ်ကြီးယာဉ်ငယ် ဆိုတာမရှိ။
ကားသမားအများစုနဲ့ လူအများစုနားလည်နေတာက ယာဉ်ကြီးယာဉ်ငယ် ……ဆိုပြီးနားလည်နေကြသည်။ယာဉ်ဟာ ကြီးသည်ဖြစ်စေ
ငယ်သည်ဖြစ်စေ ယာဉ်စည်းကမ်းလမ်းစည်းကမ်းနှင့်သာ သက်ဆိုင်သည်။ယာဉ်တိုက်မှုတခုတွင် ယာဉ်ကြီးယာဉ်ငယ် ဆိုသောလွဲမှား
သည့် စကားရပ်သည် ယာဉ်တိုက်မှုကိုကိုင်တွယ်ဖြေရှင်းခဲ့သောရဲ
တပ်ဖွဲ့ဝင်များ၏ မလျော်ကန်သောလုပ်နည်းကို ရေရှည်ကျင့်သုံးလာသဖြင့် လူအများက တည်ဆဲဥပဒေတရပ်ကဲ့သို့နားလည်မှုမှား
ယွင်းခဲ့ခြင်းသာဖြစ်သည်။

       မကြာသေးခင်ကာလ က ဆယ်တန်းအောင်စာရင်းကြည့်ရန်
မိုးမလင်းခင် စီးလာသော သားအဖနှစ်ယောက်၏ဆိုင်ကယ်နှင့်ခရီး
သည်တင် Expressကားတိုက်မှုတခုတွင် သားအဖ နှစ်ယောက်လုံး အသက်ဆုံးပါးခဲ့သည်။စိတ်မကောင်းစရာ သတင်းတခုအဖြစ်ကြားသိခဲ့ရသည်။ဆုံးပါးသွားသော သားအဖနှင့်ကျန်ရစ်သူမိသားစုဆွေမျိုးများ အတွက်ကြီးမားသောဆုံးရှုံးကြေကွဲမှု ဖြစ်ပါသည်။

       အထက်ပါဖြစ်စဉ်၌ ယာဉ်ထိန်းမှ အမှုဖွင့်အရေးယူရာတွင်
ယာဉ်စည်းကမ်း လမ်းစည်းကမ်းအရ သားအဖနှစ်ယောက်စီးလာသောဆိုင်ကယ်မှာ တရားခံအဖြစ်အမှုဖွင့်အရေးယူခြင်းခံရသည်။
ဆိုလိုသည်မှာ ဆိုင်ကယ်မှားသည်။ကားကြီးလမ်းမှန်သည်။သို့ကြောင့် သေဆုံးသွားသောဆိုင်ကယ်စီးသားအဖမှာ လူပင်သေသော်
လဲတရားခံအဖြစ်အမှုဖွင့်ခံရပြီး ယာဉ်ကြီးမှဒရိုင်ဘာနှင့် ယာဉ်သည် သက်သေသာဖြစ်သည်။

       သက်သေဖြစ်သောယာဉ်မောင်းနှင့် သက်သေအသုံးပြုသောယာဉ်သည် သက်သေခံပစ္စည်းဖြစ်ပြီး ယာဉ်မောင်းနှင့်ယာဉ်အပေါ်
ဥပဒေအရ မည်သည့် တားမြစ်ပိတ်ပင်မှုမှ မရှိရပါ။

        သို့သော် မိုးမလင်းခင်ဖြစ်သောယာဉ်တိုက်မှု အားယာဉ်ထိန်းမှ ရဲလုပ်ငန်းဆောင်ရွက်မှုပြီးသော်လဲ အမှုမှ သက်သေ ယာဉ်
မောင်းနှင့်မော်တော်ယာဉ်အားထွက်ခွါခွင့်မပေးဘဲ တားမြစ်ထားခြင်းပြုခဲ့ကြသည်။၎င်းအပြင် လူအာမခံနှင့်ယာဉ်အာမခံယူရမည်ဟု
ပြောဆိုပြီး ထွက်ခွါခွင့်မပေးခဲ့ပါ။

       ဥပဒေကိုနားလည်ရင်းနှီးမှုမရှိသော ယာဉ်မောင်းနှင့်ယာဉ်ပိုင်ရှင်တို့အပေါ် ပြဌာန်းထားသောဥပဒေ ကိုမျက်ကွယ်ပြုပြီး ကိုယ်
ကျိုးအလို့ဌာ အာမခံယူရမည်ဟု တောင်းဆိုတားမြစ်ခြင်းသည် မ
တရားဖမ်းဆီးချုပ်နှောင်ခြင်းဖြစ်သည်။ထိုဖြစ်စဉ်တွင် အာမခံယူရ
မည်ဟုပြောဆိုပြီး တားမြစ်ထားသည်မှာ ယာဉ်တိုက်မှုရဲလုပ်ငန်း
ပြီးစီးသည့်အချိန်မှ နောက်ထပ်ငါးရက်တိုင်တိုင် ထွက်ခွါခွင့်မရဘဲ
တားမြစ်ထားသကဲ့သို့ ထားရှိခဲ့သည်။

     ယာဉ်အမှုစစ်မှာအမျိုးသမီးဟု သိရပြီး ငါးရက်တိုင်တိုင်စောင့်ဆိုင်းနေရသည်မှာ အာမခံယူရမည်ဟူသောအကြောင်းပြချက်ဖြစ်သည်။ထိုယာဉ်အမှုစစ်မှာအစည်းဝေးရှိသည်ဟုအကြောင်းပြခြင်းခရီးသွားနေသည်ဟုအကြောင်းပြခြင်းဖြင့် ဥပဒေကိုမသိနားမလည်သောယာဉ်မောင်းနှင့်ယာဉ်ပိုင်ရှင်အား ဥပါယ်တမည်ဖြင့် ထွက်
ခွါခွင့်မပေးဘဲ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ယာဉ်ပိုင်ရှင်ဖြစ်သူမှာလဲ နေ
အိမ်နှင့်ဝေးကွားသောအခင်းဖြစ်မြို့အထိ လိုက်လာရသော်လဲ ဆီး
ကြိတ်ရောဂါကြောင့် ဆီးအိပ်ခွဲထုတ်ထားရသဖြင့်ဆီးအိပ်တန်းလန်း
ဖြင့် ငါးရက်တိုင်တိုင် ယာဉ်အမှုစစ်အား စောင့်ဆိုင်းနေခဲ့ရခြင်းသည် မတရားဖမ်းဆီးချုပ်နှောင်ခြင်းခံရသည်ဟု ဥပဒေအရ တိကျထင်ရှားစွာပေါ်ပေါက်နေသည်။

     နိုင်ငံဝန်ထမ်းဖြစ်သော ယာဉ်ထိန်းများသည် တာဝန်များဝတ္တရားများ ပေးအပ်ခြင်းခံထားရသော တာဝန်ရှိပုဂ္ဂိုလ်များဖြစ်ပြီး ခံစား
ခွင့်ကိုနိုင်ငံတော်မှ သတ်မှတ်ပြဌာန်းပေးပြီးသားဖြစ်သည်။လုပ်ပိုင်
ခွင့်တာဝန်ကို ကျော်လွန်ပြီးမသိနားမလည်သူများအပေါ် ရပိုင်ခွင့်
သဘောဆောင်သော ဥပဒေမဲ့ ကိုယ်ကျိုးရှာရန်အားထုတ်ခြင်းသည်
အများပြည်သူများက အုပ်ချုပ်သူ အစိုးရကိုသာပြစ်တင်ဝေဖန်ကြမည်ဖြစ်သည်။ထိုထိုသောဖြစ်စဉ်များကို မည်သည့်အစိုးရမှ လက်ခံ
မည်မဟုတ်ပါ။ဝန်ထမ်းမကောင်း အစိုးရခေါင်းသို့သာ ကျမည်ဖြစ်သည်။

       ထုံးစံအတိုင်း လမ်းခွပ်လတ်တွင်ဖြစ်ပွားသောယာဉ်တိုက်မှု ကို နယ်ခံအားကိုးမရှိသဖြင့် ထမင်းစားနားသောထမင်းဆိုင်အားအကူအညီတောင်းခံရသည်။ထမင်းဆိုင်ရှင်သည်လဲ ဥပဒေနားမလည်သဖြင့် ပိုက်ဆံသာတွင်တွင်ပေးခိုင်းနေသည်။

       အမှန်မှာသက်သေဖြစ်သောယာဉ်မောင်းနှင့်သက်သေခံမော်တော်ယာဉ်အား ရဲလုပ်ငန်းပြီးလျှင်ပြီးခြင်းထွက်ခွါခွင့်ပြုရမည်။တရားရုံးသို့ အမှုဆွဲတင် ပြီးတရားရုံးမှ သက်သေခံရန်ဆင့်ခေါ်လျှင် ယာဉ်မောင်းတဦးထဲသာတရားရုံးသို့သက်သေခံရန်လာရမည်။သက်သေခံပစ္စည်းဖြစ်သောမော်တော်ယာဉ်သည် တရားရုံးရှေ့လာရန်မလိုပါ။ယာဉ်အမှုစစ်သည် သက်သေခံယာဉ်အား ထိခိုက်ပျက်စီးမိသည့်
နေရာအားလုံးနှင့် ယာဉ်တစီးလုံးအား မှတ်တမ်းဓါတ်ပုံသေခြာစွာ
ရိုက်ထားပြီးတရားရုံးသို့ဓါတ်ပုံကိုသက်သေခံအဖြစ်တင်သွင်းရမည်။

       သို့သော်ညာမညှိလျှင် ရုံးချိန်းတွင် မော်တော်ယာဉ်အားတပါး
တည်းယူဆောင်လာရမည်ဟု ပြောဆိုပြီးညစ်တတ်ကြပါသည်။

       ဥပဒေကိုနားမလည်သောကြောင့် ယာဉ်တိုက်မှုဖြစ်တိုင်းတိုင်း
ပြည်ဘဏ္ဍာ မဟုတ်သောဘတ်ငွေများရယူလျှက် ပြည်ပျက်စီမံကိန်းကို ပြုလုပ်နေကြသည်။

      ယာဉ်ပိုင်ရှင်မှလဲ ငွေမပေးရလျှင် မြေမျိုတော့မည့်အတိုင်းပေး
ဖို့သာ တာဆူနေသည်။မပေးဘဲမနေနိုင်လျှင်တသိန်းလောက်ဘဲပေး
ပါဟု ပြောလိုက်သောအခါ မဆိုင်းမတွပျော်ပျော်ကြီးပေးလိုက်သည်။

      သို့ကြောင့် မတရားဖမ်းဆီးချုပ်နှောင်ခြင်း ဥပဒေမှာ အထက်ပါ
ဖြစ်စဉ်၌ အာမခံယူရမည်ဟုပြောဆိုပြီးထွက်ခွါခွင့်မပေးခြင်းသည်ပင် ဖော်ပြပါ ပြစ်မှု ပြစ်ဒဏ်နှင့်ပြန်လည်အမှုဖွင့်အရေးယူနိုင်ကြောင်း ယာဉ်ပိုင်ရှင်နှင့်ယာဉ်မောင်းသိစေရန် ရေးသားလိုက်ပါသည်။

       အာမခံယူရန်မလိုသော ယာဉ်တိုက်မှု တွင်သက်သေယာဉ်မောင်းအား အာမခံတောင်းခြင်းသည်လဲ အရေးယူနိုင်သောပြစ်ဒဏ်များရှိပါသည်။ငွေတောင်းသည်ဆို လျှင်ကား…………
     

(ဥပဒေဖွင့်ဆိုချက်နှင့်အကျုံးဝင်သည့်အင်္ဂါရပ်များကို ဖတ်ပြီးနားမလည်လျှင်မေးပါ။ )

မှတ်ချက်……ယာဉ်မောင်းများ ဂိတ်မှူးများ ယာဉ်နောက်လိုက်များ
                 ဂိတ်ပိုင်ရှင်များသည် ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့် ယာဉ်တိုက်မှု ဥပဒေများကိုနားလည်တတ်ကျွမ်းသင့်သည်။
ယခုခေတ်သည်ပွင့်လင်းမြင်သာသောခေတ်ဖြစ်သဖြင့် နားလည်
တတ်ကျွမ်းသူများ နှင်ယာဉ်ထိန်းတို့အားဖိတ်ကြားပြီး လုပ်ငန်းခွင်
သင်တန်းများပေးသင့်သည်။သို့မှသာယာဉ်တိုက်မှုများလျော့နည်း
လာမည်။ဥပဒေအကာအကွယ်များ ရလာမည်။ဘာမဆိုငွေဖြင့်ရှင်း
ရသောမသိနားမလည်ခြင်းဒုက္ခမှ ကင်းဝေးမည်။အခွင့်အရေးသမားများ လာဘ်ပိတ်မည်။

  ထပ်မံသိရိရသောအကြောင်းအရာအား ပြန်လည်ဖြည့်ဆွက်ရေးသားပြင်ဆင်ထားပါသည်။ အများသိစေရန်နှင့် ဗဟုသုတရစေရန်
Shareပေးခြင်းဖြင့် ကူညီကြပါရန်မေတ္တာရပ်ခံပါသည်။

Thursday, July 5, 2018

ဖားပုံပြင်



"ဖားပုံပြင်"
.
ဖားအရှင်တစ်ကောင်ကို ရေထည့်ထားတဲ့ အိုးထဲထည့်လို့ မီးအပူပေးပါ။ ရေရဲ့အပူချိန် မြင့်တက်လာလေလေ၊ ဖားရဲ့ကိုယ်ခန္ဓာအပူချိန်ဟာလည်း သဘာဝအလျှောက် ရေအပူချိန်နဲ့လိုက်လို့ ပြောင်းလဲလာပါလိမ့်မယ်။ ဒီလိုပဲ ရေရဲ့အပူချိန်မြင့်လာလေလေ၊ ဖားရဲ့ခန္ဓာကိုယ်အပူချိန်လည်း မြင့်လာလေလေပေါ့။ ဒါပေမယ့် တဖြည်းဖြည်းနဲ့ရေဟာ ရေဆူမှတ်ကိုရောက်လာချိန်မှာတော့ ဖားဟာ ရေရဲ့အပူချိန်အတိုင်း သူ့ခန္ဓာကိုယ်အပူချိန်ကို လိုက်မပြောင်းနိုင်တော့ဘူး။ ထိုအချိန်မှာ ဖားဟာ အိုးထဲက ခုန်ထွက်ဖို့ ကြိုးစားပါလိမ့်မယ်။ ဒါပေမယ့် သူ့ရဲ့ကြိုးစားမှု့ဟာ မအောင်မြင်တော့ပါဘူး၊ ဘာလို့လဲဆိုတော့ ရေရဲ့အပူချိန်အတိုင်းလိုက်ပြောင်းရင်းနဲ့ သူ့ရဲ့ခွန်အားတွေဟာ ဆုံးရှုံးခဲ့ရပြီ ဖြစ်လို့ပါပဲ။ ဒီလိုနဲ့ ဖားဟာ အသက်ဆုံးရှုံးသွားရပါတယ်...။
.
ဒါဆို ဖားကိုဘာက သေစေတာလဲ?
.
အများစုက ရေနွေးပူကြောင့်လို ဖြေကြပါလိမ့်မယ်...
.
ဒါပေမယ့် အမှန်တကယ်ကတော့ ခုန်ထွက်လို့ရတဲ့အချိန်မှာ ခုန်ထွက်ဖို့ မစဉ်းစားတတ်ခဲ့တဲ့ သူ့ရဲ့ ဆုံးဖြတ်နိုင်စွမ်းအားကြောင့်ပါပဲ။
.
ကျွန်တော်တို့အားလုံးဟာ ပတ်ဝန်းကျင်က လူတွေအားလုံးနဲ့ ညှိနှိုင်းဖို့၊ အဆင်ပြေအောင် နေဖို့လိုတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ဘယ်အချိန်မှာ ညှိနှိုင်းရမယ်၊ ဘယ်လိုအခါမှ ရင်ဆိုင်ရမယ်ဆိုတာတော့ စဉ်းစားဖို့ လိုပါတယ်။
.
တစ်ခါတရံမှာ လူတွေဟာ ကိုယ့်ရဲ့ သည်းခံမှု့ နားလည်ပေးတတ်မှု့အပေါ် ဆက်လက်အနိုင်ယူဖို့ ကြိုးစားတတ်လို့၊ အဲ့ဒီအခြေအနေကနေ ဘယ်လိုအချိန်မှာ ခုန်ထွက်ကြမလဲဆိုတာကတော့ သင့်ရဲ့ ဆုံးဖြတ်ချက်ပါပဲ...။
.
Credit to အောင်ခန့်

Tuesday, July 3, 2018

တံခွန်တိုင် နဲ့ ဟင်္သာရုပ်

စေတီတော်များမှာ တည်ထားလေ့ရှိသော
တံခွန်တိုင် နဲ့ ဟင်္သာရုပ် တို့ရဲ့ အဓိပ္ပါယ်
~~~~~~~~~~~~~~~~~~~~~~~~~
ရှယ်ပြီး ဖတ်ကြည့်ပါနော်…

မိမိတို့ ထေရဝါဒဗုဒ္ဓဘာသာ မြန်မာနိုင်ငံဆိုတာ ယဉ်ကျေးမှု သုခုမအလင်းတွေ
ထည်ဝါခဲ့ကြတဲ့ နိုင်ငံဖြစ်တယ်ဆိုတာ သိပြီး ဖြစ်ကြပါလိမ့်မယ်။

ဒါပေမဲ့ ခေတ်သစ်မှာ အချို့အရာတွေနဲ့ပတ်သက်ပြီး မရှင်းမလင်းရုံမက ယောင်ဝါးဝါးတွေ ဖြစ်လို့ နေကြပါတယ်။

ဒီနေရာမှာ
တံခွန်တိုင် ဆိုတာနဲ့ ပတ်သက်ပြီး ပြောပြရရင်…

တံခွန်တိုင် လို့ ခေါ်ရခြင်းက…
ဘုရား ပုထိုး စေတီတော်တွေရဲ့အနီးမှာ တိုင်တွေ စိုက်ထူထားတတ်ကြပါတယ်။
အဲဒီတိုင်တွေရဲ့ ထိပ်ဖျားမှာ တံခွန်တွေကို လွှင့်ထူထားကြလို့ တံခွန်တိုင်လို့ ခေါ်ပါတယ်။

တံခွန်ဆိုတာ…
ရှေးအခါက ယာဉ်ရထားတွေ အဆောက်အဦတွေမှာ ထင်ရှားပေါ်လွင်အောင်
တင့်တယ်အောင် လွှင့်ထူလေ့ရှိကြတဲ့ အလံကို တံခွန်လို့ ခေါ်ခြင်းပါ။

တံခွန်လုံး
တံခွန်ပြား
တံခွန်ကုက္ကား စသဖြင့် များစွာရှိကြပေမဲ့
တံခွန်တိုင်မှာ တပ်ဆင်လေ့ရှိတဲ့ တံခွန်တွေကတော့ လုံးဝန်းပြီး ရှည်မြောမြောသဏ္ဌာန်ရှိကာ ဝါးနဲ့ ရက်လုပ်ထားတဲ့ တံခွန်တွေ ဖြစ်ပါတယ်။

ဝါးကို အခွေလိုက်ပြုကာ အပေါ်ကနေ စက္ကူကပ်ပြီး စက္ကူပေါ်မှာ ဗုဒ္ဓဝင်ဖြစ်စဉ်တွေ ဗုဒ္ဓမုခပါဌ် ဓမ္မတွေကို ရေးသားထားကြပါတယ်။

ဒါပေမဲ့
ယခုအခါမှာတော့ တံခွန်တိုင်တွေမှာ ချိတ်ဆွဲတင်ရမယ့် ဗုဒ္ဓဝင်ဖြစ်စဉ်တွေ ဗုဒ္ဓမုခပါဌ် ဓမ္မတွေ မတွေ့ရသလောက် ရှားပါးနေပြီလို့ သုတေသီတို့က ဆိုကြပါတယ်။

ရှေးက တံခွန်တိုင်ကို သစ်တွေ ဝါးတွေနဲ့ ပြုလုပ်ခဲ့ကြပေမယ့် တံခွန်ကို နှောင်းခတ်မှာတော့…အုဋ္ဌ် အင်္ဂတေတွေနဲ့သာ ပြုလုပ်ကြပါတော့တယ်။

တံခွန်တိုင်ဆိုတာ…တိုင်မြင့်မြင့်ထူကာ အဝေးကနေ မြင်နိုင်အောင် တံခွန်လုံး တံခွန်ပြားတွေ ချိတ်ဆွဲထားကြပြီး

ဒီနေရာမှာ ဘုရား ပုထိုး စေတီ ရှိတယ်။
လာရောက် ဖူးမြှော်ပူဇော်ကြပါ ဆိုတဲ့ ရည်ရွယ်ချက်အဓိပ္ပါယ်နဲ့ စိုက်ထူထားတဲ့အရာလို့ ဆိုကြပါတယ်။

တံခွန်တိုင်ထိပ်မှာ ထုလုပ်ထားတဲ့ ဟင်္သာရုပ်ပုံကို ရှုကြည့်ရင်တော့…
သေခြင်းတရားဟာ လျင်မြန်လွန်းလှပါတယ်။
မသေရာဆီ သွားဖို့
မမေ့မလျော့ မပေါ့မဆပဲ ဒါန သီလ ဘာဝနာများ ကြိုးစား အားထုတ်ကြဖို့ရန် ဒီနေရာဆီ လာကြပါ။

ဒီနေရာမှာ မသေရာဆီ ပို့ပေးမယ့်
ဘုရား စေတီတော် တရားတော်တွေ ရှိပါတယ် ဟု ဖိတ်ခေါ်ချင်လို့ တံခွန်တိုင်ကို ထူထားကြတယ်လို့ ဆိုနိုင်ပါတယ်။

ဘာကို ထောက်ဆပြီး သိရလဲဆိုရင်
ဇဝနဟံသဇာတ်တော်ကို ထောက်ဆပြီး သိရပါတယ်။

တံခွန်တိုင်နဲ့ ဟင်္သာ
****************
မြတ်စွာဘုရားရှင်ဟာ အလောင်းတော် ဘဝက ဇဝနမည်တဲ့
ဟင်္သာမင်း ဖြစ်ခဲ့ဘူးပါတယ်။
ဟင်္သာပေါင်း ကိုးသောင်း အခြံအရံ ရှိပါတယ်။

သူ့မှာ ညီငယ် ဟင်္သာနှစ်ကောင်လည်း ရှိပြီး စိတ္တကုဋ်တောင်မှာ နေထိုင်ကြပါတယ်။

တစ်နေ့မှာ ညီငယ်များက နေနဲ့အပြိုင် ပျံသန်းလိုတာကြောင့် သူတို့ရဲ့အစ်ကို ဟင်္သာမင်းဆီမှာ ခွင့်တောင်းပါတယ်။

ညီငယ်များ လမ်းခရီးမှာ ဒုက္ခရောက်နိုင်တာကို သိတဲ့အတွက် ခွင့်မပြုခဲ့ပါဘူး။

ညီငယ် (၂)ကောင်ဟာ အစ်ကိုရဲ့စကားကို နားမထောင်ပဲ နေနဲ့ပြိုင်ဖို့အတွက်
နေမထွက်မီကတည်းက ယုဂန္ဓိုရ်တောင်ထိပ်ကနေ သွားစောင့်နေပါတယ်။

နေထွက်တာနဲ့ နေနဲ့အပြိုင် ပျံသန်းကြပါတယ်။

လမ်းခရီးမှာ နေရဲ့အရှိန်ကြောင့် အငယ်ဆုံးကောင်ရဲ့ အတောင်မှာ ပူလွန်းပြီး မီးလောင်ပါတော့မယ်။

ဒီအကြောင်းကို ဟင်္သာမင်း ကြားသိရတဲ့အခါ လျင်မြန်တဲ့အဟုန်နဲ့ပျံလာကာ
ညီငယ်ကို ကယ်ပြီး စိတ္တကုဋ်တောင်ကို ပို့ပေးခဲ့ပါတယ်။

မွန်းတည့်အချိန်ရောက်တဲ့အခါ
အကြီးကောင်လည်း ဆက်လက်ပြီး မပျံနိုင်တော့တဲ့အတွက် စိတ္တကုဋ်တောင်ကို ပို့ပေးခဲ့ရပြန်တယ်။

ဟင်္သာမင်းက သူလဲ နေနဲ့အပြိုင်ပျံသန်းပြီး သူ့ရဲ့အဟုန်ကို စမ်းသပ်ခဲ့ပါတယ်။

အကျိုးမရှိကြောင်း မြင်ရတဲ့အခါ
အဲဒီလိုပျံသန်းခြင်းကို ရပ်နားပြီး ဗာရာဏသီမြို့ကို ပျံလာခဲ့ပါတယ်။

ဟင်္သာမင်းရဲ့အရိပ်ဟာ ဗာရာဏသီမြို့ တစ်ခုလုံးကို လွှမ်းမိုးသွားပါတယ်။
ဒီလို ထူးဆန်းတဲ့အကြောင်းအရာကို ဗာရာဏသီမင်းက သူ့နန်းတော်ထဲ ရောက်လာတဲ့ ဟင်္သာမင်းကို မေးတဲ့အခါ
သူဟာ နေနဲ့အတူ ပျံသန်းနိုင်ခဲ့တယ် ဆိုတဲ့အကြောင်း ပြောပါတယ်။

မင်းကြီးက…
ဟင်္သာမင်းရဲ့ အဲဒီအဟုန်ကို မြင်ချင်တယ်လို့ ပြောတဲ့အခါ
ဘုရားအလောင်းဟင်္သာမင်းက
နေနဲ့အဟုန်မပြိုင်ပဲ အဟုန်တူတဲ့ လေးသည်တော် လေးယောက်ကို ခေါ်ပြီး
ကျောခြင်းကပ် ရပ်စေကာ
အရပ်လေးမျက်နှာကို မြှား တစ်စင်းစီ ပစ်လွှတ်စေခဲ့ပါတယ်။

ချူလုံး ဆွဲထားတဲ့ ဟင်္သာမင်းက လျင်မြန်တဲ့အဟုန်နဲ့ မြှားလေးစင်းကို ဖမ်းယူကာ
လေးသမားများရဲ့ အနီး ချထားခဲ့ပြီးမှ တိုင်ထိပ်မှာ ရပ်နား နေလိုက်ပါတယ်။

လျင်မြန်လွန်းတဲ့အတွက် ဟင်္သာမင်းကို မမြင်ရပဲ ချူသံသာ ကြားလိုက်ရပါတယ်။

မင်းကြီးက…
ဒီထက်မြန်တဲ့အဟုန် ရှိပါဦးမလား လို့ မေးတဲ့အခါ-?

ဘုရားအလောင်းတော်က…
ဒီအဟုန်ထက်
အဆတစ်ရာ,အဆတစ်ထောင်,အဆတစ်သိန်း မက မြန်တဲ့ အရာရှိပါတယ်။

အဲဒါကတော့…သေခြင်းတရားပါပဲလို့ ပြောလိုက်တဲ့အခါ မင်းကြီးဟာ ထိတ်လန့် တုန်​လှုပ်​သွားပါတယ်​။

ဟင်္သာမင်းက မင်းကြီးကို တရားဟောပြီး သက်သာရာ ရစေခဲ့ပါတယ်။

အထက်ပါ ဇဝနဟံသဇာတ်တော်ကို ကြည့်ရှုပြီး ဆိုလိုချက် သဘောအဓိပ္ပါယ် ပေါ်လွင်လောက်ပြီလို့ ယုံကြည်ပါတယ်။

ဟင်္သာမင်းရဲ့ ဖြစ်တော်စဉ်
ပါရမီ စရိယဇာတ်တော်များစွာကနေ နှောင်းလူတွေ-
အသိရအောင်
သဒ္ဓါပေါက်အောင်
ဖူးမြှော်တတ်အောင်
အမှတ်တရရှိအောင် ထုလုပ်ထားခဲ့ခြင်း ဖြစ်ပါတယ်။

သိကြားရုပ်နဲ့ နတ်မင်းကြီးလေးပါး
*************************
မြင်တွေ့နေရတဲ့ တံခွန်တိုင်တွေကို လေ့လာကြည့်ရင်
မြင့်မားဖြောင့်တန်းရှည်လျားတဲ့ အုဋ္ဌ်တိုင်နဲ့
အဲဒီ အုဋ္ဌ်တိုင်ရဲ့ခြေရင်းမှာ ပလ္လင်ခုံ ရှိပါတယ်။

 အဲဒီပလ္လင်ခုံပေါ်မှာ ဗဟိုတိုင်ကို ပတ်ရံပြီး
နတ်ရုပ် သိကြားရုပ် ,ဗြဟ္မာရုပ်တွေ ခြယ်လှယ် ဆင်သလေ့
ရှိကြပါတယ်။

တိုင်ရဲ့ထိပ်မှာတော့ ဟင်္သာ သာ မက
ကရဝိက်
ဂဠုန်
ပြာသာဒ် စေတီ စသည်ကို တင်လေ့ရှိကြပါတယ်။

ရှေးကတော့…တံခွန်တိုင်ဆိုရင်
အခြေမှာ သိကြားရုပ်ပါမှ အင်္ဂါစုံတယ်လို့ မှတ်ယူကြပြီး
သိကြားရုပ်ကို မပါမဖြစ်
လေးနက်တဲ့ အဓိပ္ပါယ်တွေနဲ့ ထည့်ပေးကြခြင်းပါ။

ထုလုပ်လေ့ရှိကြတဲ့ သိကြားရုပ်ရဲ့ ဟန်တွေကလည်း

၁။သိကြားမင်း ခရုသင်းကိုင်နေဟန်
၂။ရှိခိုးနေဟန်
၃။သံတုတ်(ဝရဇိန်)လက်နက်ကိုင်နေဟန်
၎။စောင်းပိုက်နေဟန်-ဆိုပြီး
လေးမျိုးလေးစားနဲ့ ဟန်အသီးသီးမှာ အထိမ်းအမှတ်တွေ
အသီးအသီး ရှိကြပါတယ်။

၁။သိကြားမင်း ခရုသင်းကိုင်နေဟန်
***************************
မြတ်စွာဘုရား ပွင့်တော်မူစဉ်က
သိကြားမင်းဟာ ခရုသင်းမှုတ်ပြီး ပူဇော်ခဲ့တာကို
လူတွေ အမှတ်ရကြစေဖို့
သိကြားမင်း ခရုသင်းကိုင်နေဟန်ကို ထုလုပ်ပေးကြခြင်းပါ။

၂။သိကြားမင်းရှိခိုးနေဟန်
********************
နောက်တစ်ခါ သိကြားမင်း ရှိခိုးနေဟန်ကို
မင်္ဂလာတရား ဟောကြားပေးဖို့ရန်
သိကြားမင်း ရှိခိုးပြီး တောင်းပန်နေတာကို ရည်ရွယ်ပြီး
ထုလုပ်ပေးကြခြင်းပါ။

၃။သံတုတ်(ဝရဇိန်)လက်နက်ကိုင်နေဟန်
********************************
နောက်တစ်မျိုး ဖြစ်တဲ့ သံတုတ်(ဝရဇိန်)လက်နက်
ကိုင်နေဟန်ကိုတော့…
ဘုရားရှင်ကို အမေးပုစ္ဆာတွေ လာမေးတဲ့ အမ္ဗဋ္ဌလုလင်
ဟာ
ဘုရားရှင်က မေးနေတာကို အဖြေမပေးပဲ ပေတေနေတာ
ကို
ဝရဇိန်လက်နက်ပိုင်ရှင် သိကြားမင်း သိလို့
ပူပြင်းတောက်လောင်နေတဲ့ သံတူ(သံတုတ်)ကို ကိုင်ပြီး
တကယ်သတ်တော့မယ့်ဟန်
ကြိမ်းဝါးခဲ့တာကို ရည်မျှော်ပြီး ထုလုပ်ပေးကြခြင်းပါ။

၎။စောင်းပိုက်နေဟန်
*****************
နောက်ဆုံးတစ်မျိုးဖြစ်တဲ့ စောင်းပိုက်နေဟန်ကိုတော့
ပဉ္စသိင်္ခနတ်သားက
မြတ်စွာဘုရားကို သိကြားမင်းကိုယ်စား ဂါထာတွေနဲ့
စောင်းညှင်းဆောင်ကာ
လျှောက်ထားခဲ့တာကို ရည်မှတ်ပြီး ထုလုပ်ပေးကြခြင်းပါ။

 ဒီအကြောင်းအရာတွေကို မုံတိုင်ပင်ဆရာတော်ရဲ့
သုံးပုံတံချူကျမ်းမှာ လင်္ကာတွေနဲ့ မှတ်တမ်းပြထားပါတယ်။

အချို့ တံခွန်တိုင် အခြေတွေမှာတော့
သိကြားရုပ်တွေ အစား -
စတုလောကပါလ နတ်မင်းကြီးလေးပါးတို့ရဲ့ ပုံတွေကို
ထုလုပ်ထားကြပါတယ်။

ဒါကလည်း အရမ်းကာရောတော့ မဟုတ်ကြပါဘူး။

ဥပုသ်နေ့တွေမှာ…
ရတနာသုံးပါးကို ဆည်းကပ်သူ။
မဆည်းကပ်သူ။
သီလစောင့်သူ။
မစောင့်သူ။
မိဘလုပ်ကျွေးသူ။
မကျွေးသူ စတဲ့လူတွေကို
အဲဒီနတ်မင်းကြီးတွေနဲ့ နတ်မင်းကြီးတွေရဲ့ အစေအပါး
နတ်တွေက စာရင်းကောက်ယူပြီး
ပဉ္စသိင်္ခနတ်သားက တစ်ဆင့် -မာတလိ။
မာတလိက တစ်ဆင့် သိကြားမင်းဆီ အပ်ကြပါတယ်။

 ဒီအကြောင်းကို လူတွေ သတိရကြကာ…
ရတနာသုံးပါး ဆည်းကပ်ကြဖို့
သီလစောင့်ထိန်းကြဖို့
မိဘလုပ်ကျွေးကြဖို့
လူတွေကို သတိပေးတဲ့ဟန်နဲ့ ထုလုပ်ပေးကြခြင်းပါ။

အချို့က
သိကြားမင်းရဲ့
ရှိခိုးနေဟန်…
ခရုသင်းကိုင်နေဟန်…
စောင်းကိုင်နေဟန်…
သံတူကိုင်နေဟန်…
ရုပ်တုလေးခုကို ကြည့်ပြီး
နတ်မင်းကြီးလေးပါးနဲ့ မှားတတ်ကြပါတယ်။
                           
မှီခိုရာကျမ်းကိုး-

(၁။ပိဋကတော်များ
၂။ပခုက္ကူစာပေဆု သုတေသနစာပေဆုရ
မောင်ယဉ်လှိုင်း၏ ဆောင်းပါး
၂။အရှင်ခေမိန္ဒ(တိပိဋက နိကာယ)၏
တံခွန်တိုင်ရဲ့အဓိပ္ပါယ် )