Saturday, April 30, 2016

မိုးကြိုးပစ်ခံရသောနွားများ ရဲ့ ပိုင်ရှင်အား သိန်း နှစ်ဆယ် ပေးအပ်




၃၀- ၄ - ၂၀၁၆ အင်းတော်မြို့နယ် တောင်ဖီလာ ခိုင်းနွားနှစ်ကောင် မိုးကြိုးထိမှန်သေဆုံးသည့်ဆုံးရှုံးမှု အား ကမ္ဘောဇအနာဂါက်အလင်းတန်းမြန်မာဖေါင်းဒေးရှင်းမှ နွားနှစ်ကောင် သိန်းနှစ်ဆယ် ကောလင်းမြို့ကမ္ဘောဇ ဘဏ်ရုံးတွင် ဒုတိယအထွေထွေ မန်နေဂျာ ဦးတင်ဝင်းမှ ကောလင်းမြို့မိမြို့ဖ အင်းတော်စားသုံး သူရေးရာဦးစီးဌာန ဦးကြည်နိုင်ဦး အင်းတော် ပြန် ဆက်ဦးစီးဌာန ဦးကျော်သီဟ ရှေ့တွင်သေဆုံးနွားနှစ်ကောင်ပိုင်ရှင်ဦးကျော်ဆန်းဦးသို့ပေးအပ်လှူဒါန်း နွားပိုင်ရှင်မျက်ရည်များနဲ့ကျေးဇူးတင်စကားပြောကြားပြီးအခမ်းအနားပြီးမြောက်ခဲ့ပါတယ်

ပုန်းဟုန်ကျေးရွာ မှာ ချောင်းကူးတံတားသစ် ဖွင့်တော့မယ်တဲ့



ပုန်းဟုန်ရွာမှ ကိုယ်ထူကိုယ်ထ ဆောက်လုပ်သောပြည်တော်သာတံတားမနက်ဖြန် ၉ ရက်နေ့မှာဖွင့်ပါတော့မည်

Friday, April 29, 2016

~~~ပုဗ္ဗဏှသုတ်~~~'



~~~ပုဗ္ဗဏှသုတ်~~~'
_/\_/\_/\_/\_/\_/\_/\_
.
ပုဗ္ဗဏှသုတ် ရွတ်ဖတ်ရခြင်းအကျိုး'
====================
.
ဂြိုလ်ဆိုး၊ နိမိတ်ဆိုး၊ အိပ်မက်ဆိုးတို့ကို ကင်းစေနိုင်သည်။ ကံဇာတာ နိမ့်နေခိုက်
အထူးရွတ်ဆိုရန် သင့်သည်။ လုပ်သမျှ အရာရာနှင့် အကြောင်းကြောင်း အထစ်
ထစ် အငေါ့ငေါ့ ဖြစ်နေလျှင် ဤသုတ်ကို အထူးရွတ်သင့်သည်။ အရေးကြီးသော
ကိစ္စတခုခုကို အောင်မြင်အောင် ဆောင်ရွက်လိုသောအခါ မသွားမီ ဤသုတ်ကို
သရဇ္ဈယ်ပါ။ မုချအောင်ပါလိမ့်မည်။
.
ပုဗ္ဗဏှသုတ် မြန်မာပြန်'
===============
.
(၁)မကောင်းသော နိမိတ်၊ မကောင်းသော အမင်္ဂလာ၊ မနှစ်သက်ဖွယ်ဖြစ်
aသာငှက်ဆိုးသံ၊ မကောင်းသော ဂြိုလ်စီး ဂြိုလ်နင်း၊ မနှစ်သက်စရာ အိပ်မက်
ဆိုး စသည်တို့သည် မြတ်စွာဘုရား၏ ကြီးမြတ်သော အာနုဘော်တော်
ကြောင့် မကျမရောက် ကင်းပျောက်ပါစေသတည်း။
.
.
(၂)မကောင်းသော နိမိတ်၊ မကောင်းသော အမင်္ဂလာ၊ မနှစ်သက်ဖွယ်ဖြစ်
သော ငှက်ဆိုးသံ၊ မကောင်းသော ဂြိုလ်စီး ဂြိုလ်နင်း၊ မနှစ်သက်စရာ 
အိပ်မက်ဆိုး စသည်တို့သည် တရားတော်၏ ကြီးမြတ်သော အာနုဘော်
တော်ကြောင့် မကျမရောက် ကင်းပျောက်ပါစေသတည်း။
.
.
(၃)မကောင်းသော နိမိတ်၊ မကောင်းသော အမင်္ဂလာ၊ မနှစ်သက်ဖွယ်ဖြစ်
သော ငှက်ဆိုးသံ၊ မကောင်းသော ဂြိုလ်စီး ဂြိုလ်နင်း၊ မနှစ်သက်စရာ အိပ်
မက်ဆိုး စသည်တို့သည် မြတ်စွာဘုရား၏ တပည့်သား သံဃာတော်၏ 
ကြီးမြတ်သော အာနုဘော်တော်ကြောင့် မကျမရောက် ကင်းပျောက်ပါစေ
သတည်း။
.
.
(၄)ဒုက္ခရောက်နေကြသူအားလုံး ဒုက္ခကင်းကြပါစေ၊ ဘေးတွေ့နေကြသူ
အားလုံး ထိုဘေး အန္တရာယ်မှ လွတ်ကင်းကြပါစေ။ 
စိုးရိမ်သောက ဖြစ်နေကြသူအားလုံး စိုးရိမ်သောက ကင်းကြပါစေ။
.
.
(၅) အထက်တွင် ဖော်ပြခဲ့ပြီးသော စကားစဉ်ဖြင့် ကျွန်ုပ်တို့သည်
ကောင်းမှုကို ဆည်းပူးခဲ့ကြပါသည်။ ဤသည်ကို နတ်အပေါင်းတို့က
ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ကြပါကုန်။
.
.
(၆)အရာရာ ပြည့်စုံချမ်းသာမှု ရှိလာအောင် ယုံယုံကြည်ကြည်ဖြင့် 
လှူဒါန်းကြပါ။ အကျင့်သီလ စောင့်ထိန်းကြပါ။ ကမ္မဋ္ဌာန်း ဘာဝနာ 
ပွားများကြပါ။ယခုအခါ၌တရားနာရောက်နေကြသောနတ်အပေါင်း
တို့ ပြန်သွားနိုင်ကြပါပြီ။
.
.
(၇)အားတော်ဆယ်ပါးနှင့် ပြည့်စုံတော်မူကြကုန်သော မြတ်စွာဘုရား၊
ပစ္စေကဗုဒ္ဓါ ဘုရားငယ်၊ ရဟန္တာ အရှင်သူမြတ်တို့၏ ဉာဏဗလ 
စွမ်းရည်တန်ခိုးဖြင့် အရပ်ထက်ဝန်းကျင်မှ အစောင့်အရှောက်ကို ဖွဲ့ပါ၏။
.
.
(၈)လူ့ပြည်၊ နဂါးပြည်၊ ဂဠုန်ပြည်၊ နတ်ပြည်တို့၌ ရှိသော ရတနာတို့သည်
ဘုရားတည်း ဟူသော ရတနာနှင့် မတူချေ။ ထိုရတနာတို့ထက် 
ဘုရားရတနာသည်သာလျှင် ပို၍မြတ်၏။ ဤသစ္စာစကားကြောင့် 
သတ္တဝါအများ ချမ်းသာကြပါစေသတည်း။
.
.
(၉) လူ့ပြည်၊ နဂါးပြည်၊ ဂဠုန်ပြည်၊ နတ်ပြည်တို့၌ရှိသော ရတနာတို့သည်
တရားတည်း ဟူသော ရတနာနှင့် မတူချေ။ ထိုရတနာတို့ထက် တရားရတနာ
သည်သာလျှင် ပို၍မြတ်၏။ ဤသစ္စာ စကားကြောင့် သတ္တဝါအများ ချမ်းသာ
ကြပါစေသတည်း။
.
.
(၁၀)လူ့ပြည်၊ နဂါးပြည်၊ ဂဠုန်ပြည်၊ နတ်ပြည်တို့၌ရှိသော ရတနာတို့သည်
သံဃာတည်း ဟူသော ရတနာနှင့် မတူချေ။ ထိုရတနာတို့ထက် သံဃာ
ရတနာသည်သာလျှင် ပို၍မြတ်၏။ ဤသစ္စာစကားကြောင့် သတ္တဝါအများ
ချမ်းသာကြပါစေသတည်း။
.
.
(၁၁) သင့်အား မင်္ဂလာခပ်သိမ်း ပြည့်စုံပါစေ၊ နတ်တို့က သင့်ကို
စောင့်ရှောက်ပါစေ။ အားလုံးသော မြတ်စွာဘုရားတို့၏ တန်ခိုးတေဇော်
အာနုဘော်တော်ကြောင့် သင့်အား ချမ်းသာသုခ ထာဝရ ပြည့်စုံပါစေ။
.
.
(၁၂)သင့်အား မင်္ဂလာခပ်သိမ်း ပြည့်စုံပါစေ။ နတ်တို့က သင့်ကို
စောင့်ရှောက်ပါစေ။ အားလုံးသော တရားတော်တို့၏ တန်ခိုးတေဇော်
အာနုဘော်တော်ကြောင့် သင့်အား ချမ်းသာသုခ ထာဝရ ပြည့်စုံပါစေ။
.
.
(၁၃) သင့်အား မင်္ဂလာခပ်သိမ်း ပြည့်စုံပါစေ။ နတ်တို့က သင့်ကို
စောင့်ရှောက်ပါစေ။ အားလုံးသော သံဃာတော်တို့၏ တန်ခိုးတေဇော်
အာနုဘော်တော်ကြောင့် သင့်အား ချမ်းသာသုခ ထာဝရ ပြည့်စုံပါစေ။
.
.
(၁၄)မဟာကရုဏာရှင် မြတ်စွာဘုရားသည် ကမ္ဘာသူ ကမ္ဘာသား
အပေါင်း၏ အကျိုးစီးပွါးအလို့ငှာ ပါရမီတော်ကို ဖြည့်ကျင့်တော်
မူခဲ့သဖြင့် မြတ်လှစွာသော အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတ ဉာဏ်သို့
ရောက်တော်မူခဲ့လေပြီ။ ထိုသို့မှန်သော သစ္စာစကားကို ဆိုရသောကြောင့် 
သင့်အား စီးပွားချမ်းသာ တိုးတက်ဖြစ်ထွန်းပါစေသတည်း။
.
.
(၁၅)သာကီဝင်မင်းအပေါင်းတို့၏ နှစ်သက်ဝမ်းမြောက်ခြင်းကို တိုး
ပွားစေသော မြတ်စွာဘုရားသည် ဗောဓိပင်ရင်း၌ မာရ်ငါးပါးကို
အောင်မြင်တော်မူသကဲ့သို့ ထို့အတူ သင့်အား အောင်မြင်ခြင်း
ဖြစ်ပါစေသတည်း။ အောင်သင့်အောင်အပ်သော မင်္ဂလာဟူသမျှ 
သင့်အား အောင်မြင် ရရှိပါစေသတည်း ။
.
.
(၁၆)သဗ္ဗညူ ဘုရားအဆူဆူတို့ ဗုဒ္ဓါ ဘိသေက မင်္ဂလာ ခံယူရာလည်း
ဖြစ်သော ကမ္ဘာမြေအပြင်၌ အထူးတင့်တယ်၍ မြေတကာတို့၏ 
အဦးအထိပ်လည်းဖြစ်သော အပရာဇိတ ပလ္လင်တော်၌ မြတ်စွာဘုရား
သည် လူသုံးပါးတို့ထက် မြတ်သော ဘုရားအဖြစ်သို့ ရောက်သဖြင့် 
ဝမ်းမြောက်တော်မူခဲ့လေပြီ။
.
.
(၁၇) ဤနည်းအတူ သင့်အားလည်း နက္ခတ်ကောင်း ကြုံပါစေ။
မင်္ဂလာကောင်းရှိပါစေ။ ချမ်းမြေ့စွာ နံနက်မိုးသောက် အလင်း
ရောက်ပါစေ။ ကောင်းစွာ တိုးတက်ပါစေ။ စက္ကန့်တိုင်း၊ မိနစ်တိုင်း၊
နာရီတိုင်း ကောင်းကျိုးချမ်းသာ မင်္ဂလာနှင့် ပြည့်စုံပါစေ။ အကျင့်မြတ်ကို
မပြတ်ကျင့်ကြံနေသော သူတော်ကောင်းတို့အား  ကောင်းစွာ
ပူဇော်ခြင်းဖြစ်ပါစေသတည်း။
.
.
(၁၈) မြတ်သော ကိုယ်အမှု၊ မြတ်သော နှုတ်အမှု၊ မြတ်သော
စိတ်အမှု ရှိပါစေ။ ကောင်းမြတ်သော ကာယကံမှု၊ ဝစီကံမှု၊ မနောကံ
မှုတို့၌ သင်၏ စိတ်ကို ဆောက်တည်နိုင်ပါစေသတည်း။
.
.
(၁၉)လူခပ်သိမ်း၊ နတ်ခပ်သိမ်းတို့သည် မြတ်သောအမှုကိစ္စတို့ကို
ဆောင်ရွက်ကြသည့်အတွက် မြတ်သော အကျိုးတရားတို့ကို ရရှိကြ
ကုန်၏။မြတ်သောအကျိုးတရားတို့ကို ရရှိသောသူတို့သည် ချမ်းချမ်း
သာသာ ရှိကြကုန်၏။ ထိုသူတို့သည် ဘုရား သာသနာ၌ ကြီးပွား
တိုးတက် လာကြကုန်၏။ ထိုသူတို့သည် မိမိတို့ အဆွေအမျိုးတို့နှင့်
အတူ ကျန်းမာ ချမ်းသာကြပါစေကုန်သော်။
.
.
. ပုဗ္ဗဏှသုတ် အနက်ပြီး၏ ။ ။
.
_______ ခဂ္ဂါ(ရု ပ္ကဆိုး)' ______
ပရိတ်ကြီး(၁၁)သုတ် စ-ဆုံး · Feb 25 ·

@@@@@@@@@@@@@@@@@@@

Myanmar Daily Star  page  မှ  ကူးယူဖေါ်ပြသည်


အင်္ဂုလိမာလသုတ်



~~~အင်္ဂုလိမာလသုတ်~~~
_/\_/\_/\_/\_/\_/\_/\_/\_/\_
.
အင်္ဂုလိမာလသုတ် ရွတ်ဖတ်ရခြင်းအကျိုး
-------------------------------------------
.
မီးအဖွါးရခက်နေသော ကိုယ်ဝန်ဆောင် မိခင်လောင်းတို့အား
သားဖွါးရလွယ်ကူစေသည်။ ဤပရိတ်ရေကို တိုက်ပေးနိုင်သည်။ 
ဖွားခါနီးမှ ရွတ်သည်ထက် နေ့စေ့လစေ့ ဖွားခါနီးလာလျှင် မပြတ် 
ရွတ်ပေးသင့်သည်။ တိရစ္ဆာန်မများ မွေးဖွားရ လွယ်အောင်လည်း 
ဤပရိတ်ဖြင့်ပင် ကူညီနိုင်ပေသည်။ 
.
.
အင်္ဂုလိမာလသုတ်မြန်မာပြန်
------------------------------
.
၁/ ဤအင်္ဂုလိမာလ ပရိတ်တော်ကို ရွတ်ဖတ်သော မထေရ်မြတ်တို့၏ ထိုင်သည့်နေရာကို ဆေးကြောသည့် ရေသည်ပင်လျှင် ဘေးရန်ဟူသမျှကို
ပျောက်ကင်းစေသည်။
.
.
၂/ အင်္ဂုလိမာလပရိတ်တော်သည် ကိုယ်ဝန်သားကို ချမ်းသာလွယ်ကူစွာ
ချက်ချင်းဖွားစေနိုင်သော အစွမ်းရှိ၏။ အင်္ဂုလိမာလ အမည်ရှိသော
မထေရ်အတွက် မြတ်စွာဘုရားဟောကြားသော ပရိတ် တော်ဖြစ်၏။ 
အာယုကပ် ပတ်လုံးလည်း တည်၏။ တန်ခိုးလည်းအလွန်ကြီး၏။ 
ထိုပရိတ်တော်ကို ယခုအခါ ကျွန်ုပ်တို့ စုပေါင်းရွတ်ဆိုကြပါစို့။
.
.
၃/ “အို…နှမ။ ငါသည် အရိယာဇာတ် ရဟန်းမြတ် ဖြစ်သောအခါမှစ၍
သေစေလိုသော စေတနာဖြင့် သတ္တဝါ တစ်ခုခုကို တစ်ကောင်ကောင်ကို
သတ်ဖူးသည်ဟု ငါမသိပေ”။ ထိုသို့မှန်သော သစ္စာစကားကြောင့် 
သင့်အား ချမ်းသာပါစေ။ ကိုယ်ဝန်သားလည်း ချမ်းသာပါစေ။
××××××××××××××××××××××××××××××××××××××××××××××××××××××××××××
.
.
.
အင်္ဂုလိမာလသုတ်သည် တိုသောကြောင့် ပါဠိ - အနက် တွဲပြီးပါ 
ပူဇော်လိုက်ပါတယ်။
.
. ~~~ပါ ဠိ- အနက် ဘာသာပြန်~~~
_/\_/\_/\_/\_/\_/\_/\_/\_/\_/\_/\_/\_

မီးအဖွါးရခက်နေသော ကိုယ်ဝန်ဆောင် မိခင်လောင်းတို့အား
သားဖွါးရလွယ်ကူစေသည်။ ဤပရိတ်ရေကို တိုက်ပေးနိုင်သည်။ 
ဖွားခါနီးမှ ရွတ်သည်ထက် နေ့စေ့လစေ့ ဖွားခါနီးလာလျှင် မပြတ် 
ရွတ်ပေးသင့်သည်။ တိရစ္ဆာန်မများ မွေးဖွားရ လွယ်အောင်လည်း 
ဤပရိတ်ဖြင့်ပင် ကူညီနိုင်ပေသည်။
.
အင်္ဂုလိမာလသုတ်မြန်မာပြန်
------------------------------
.
၁။(((အင်္ဂုလိမာလသုတ်ပါဠိ)))
ပရိတ္တံ ယံ ဘဏန္တဿ ၊နိသိန္နဋ္ဌာန ဓောဝနံ။
ဥဒကမ္ပိ ၀ိနာသေတိ၊ သဗ္ဗမေ၀ ပရိဿ ယံ ။
.
(((မြန်မာပြန်အနက်)))
ဤအင်္ဂုလိမာလ ပရိတ်တော်ကို ရွတ်ဖတ်သော မထေရ်မြတ်တို့၏ 
ထိုင်သည့်နေရာကို ဆေးကြောသည့် ရေသည်ပင်လျှင် ဘေးရန်ဟူ
သမျှကို ပျောက်ကင်းစေသည်။
.
.
၂။(((အင်္ဂုလိမာလသုတ်ပါဠိ)))
သောတ္ထိနာ ဂဗ္ဘ၀ုဋ္ဌာနံ၊ယဉ္စ သာဓေတိ တင်္ခဏေ။
ထေရဿ င်္ဂုလိမာလဿ ၊ လောကနာထေန ဘာသိတံ။
ကပ္ပဋ္ဌာယိံ မဟာတေဇံ၊ ပရိတ္တံ တံ ဘဏာမ ဟေ။
.
(((မြန်မာပြန်အနက်))))
အင်္ဂုလိမာလပရိတ်တော်သည် ကိုယ်ဝန်သားကို ချမ်းသာလွယ်
ကူစွာ ချက်ချင်းဖွားစေနိုင်သော အစွမ်းရှိ၏။ အင်္ဂုလိမာလ အမည်
ရှိသော မထေရ်အတွက် မြတ်စွာဘုရားဟောကြားသော ပရိတ်
တော်ဖြစ်၏။ အာယုကပ် ပတ်လုံးလည်း တည်၏။ တန်ခိုးလည်း
အလွန်ကြီး၏။ ထိုပရိတ်တော်ကို ယခုအခါ ကျွန်ုပ်တို့ စုပေါင်းရွတ်
ဆိုကြပါစို့။
.
.
၃။(((အင်္ဂုလိမာလသုတ်ပါဠိ)))
ယတော ဟံ ဘဂိနိအရိယာယ၊ ဇာတိယာ ဇာတော၊
နာဘိဇာနာမိ သဉ္စိစ္စ ပါဏံ၊ ဇီဝိတာ ဝေါရောပေတာ၊
တေန သစ္စန သောတ္ထိ တေ၊ ဟောတု သောတ္ထိ ဂဗ္ဘဿ ။ 

(((မြန်မာပြန်အနက်)))
“အို…နှမ။ ငါသည် အရိယာဇာတ် ရဟန်းမြတ် ဖြစ်သော အခါမှစ၍
သေစေလိုသော စေတနာဖြင့် သတ္တဝါတစ်ခုခုကို တစ်ကောင်ကောင်ကို
သတ်ဖူးသည်ဟု ငါမသိပေ”။ ထိုသို့မှန်သော သစ္စာစကားကြောင့် 
သင့်အား ချမ်းသာပါစေ။ ကိုယ်ဝန်သားလည်း ချမ်းသာပါစေ။
.
.
.___________အင်္ဂုလိမာလသုတ္တံ နိဋ္ဌိတံ။__________
.
. ___အင်္ဂုလိမာလသုတ်အနက်ပြီး၏။ ။___
.

အာဋာနာဋိယသုတ်



အာဋာနာဋိယသုတ်~~~
--------------------------------
အာဋာနာဋိယသုတ် ရွတ်ဖတ်ခြင်းအကျိုး
--------------------------------------------
ဤသုတ်ကို မပြတ်ရွတ်ပေးလျှင် နတ်တို့က လိုလားသည်၊ နတ်လိုက 
လူလို၊ လူလိုက ဂြိုလ်မ၊ ကံဇာတာ ထလာစေနိုင်သည်။ စုန်းပယောဂ 
တစ္ဆေ၊ မြေဘုတ် ပူးကပ်လျှင် ဤသုတ်ဖြင့် ထုတ်ပစ်နိုင်သည်။ ပယောဂ
ခွာဆေး တမျိုး ဖြစ်ပေသည်။ ဤသုတ်ကို ရွတ်ပေးလျှင် လူနာကို အပ
မမှီနိုင်ပေ။
.
.
အာဋာနာဋိယသုတ် မြန်မာပြန်
----------------------------------
.
(၁) သူတော်ကောင်းအပေါင်းက ကောင်းပါပေသည်ဟု
လက်ခံချီးကျူးထားသော မြတ်စွာဘုရား၏ သာသနာတော်ကိုပင် 
မကြည်ညို မသက်ဝင်နိုင်ကြသော လူကြမ်း ဘီလူးတို့သည် 
ရက်စက်တတ်ကြကုန်၏။ မည်သည့်အခါမဆို နိုင်ထက်စီးနင်း
နှိပ်စက်ကလူ ပြုတတ်ကြ၏။
.
.
(၂) ထိုဘီလူး လူကြမ်းတို့က ပရိတ်သတ် မညှင်းဆဲ မနှိပ်စက်နိုင်စေ
ရန်နှင့် သူတို့ကပင် ကူညီ စောင့်ရှောက်လာစေရန် ရည်ရွယ်ချက်ဖြင့် 
ကြီးမြတ်သောလုံ့လ ရှိတော်မူသော် မြတ်စွာဘုရားက ဤအာဋာနိဋိက 
ပရိတ်တော် အရံအတားကို ဟောကြားတော်မူခဲ့ခြင်း ဖြစ်ပေသည်။ 
ယခုအခါ၌ ဤပရိတ်တော်ကို ကျွန်ုပ်တို့ စုပေါင်း၍ ရွတ်ဆိုကြပါကုန်စို့။
.
.
(၃)စက္ခု ငါးပါးနှင့် ပြည့်စုံတော်မူသော ဘုန်းကျက်သရေနှင့် ပြည့်စုံတော်
မူသော ဝိပဿီ မြတ်စွာဘုရားအား အကျွန်ုပ်၏ ဦးညွှတ်ရှိခိုးခြင်း ဖြစ်ပါစေ။ 
သတ္တဝါ အားလုံးအပေါ် ကြင်နာသနားမှုဖြင့် အစဉ်သနား စောင့်ရှောက်
တော်မူသော သိခီ မြတ်စွာဘုရားအားလည်း အကျွန်ုပ်၏ ဦးညွှတ်ရှိခိုးမှု
ဖြစ်ပါစေ။
.
.
(၄)မကောင်းမှု အညစ်အကြေးကို ဆေးကြောသန့်စင်ပြီးဖြစ်သော
ခြိုးခြံသော အကျင့်ကိုလည်း ကျင့်တော်မူသော ဝေဿ ဘူ မြတ်စွာ
ဘုရားအားလည်း အကျွန်ုပ်ရှိခိုးပါ၏။ မာရ်စစ်သည် အပေါင်း ကို နှိမ်နှင်းအောင်မြင်တော်မူသော ကကုသန် မြတ်စွာဘုရားအားလည်း 
အကျွန်ုပ် ရှိခိုးပါ၏။
.
.
(၅) မကောင်းမှု ဟူသမျှ အပပြုပြီးသော ငါးပါးသော ဝသီဘော်နှင့် ပြည့်စုံတော်မူသော ကောဏာဂုံ မြတ်စွာဘုရားအားလည်း
အကျွန်ုပ်ရှိခိုး ပါ၏။ ခပ်သိမ်းသော ကိလေသာတို့မှ လွတ်ကင်းတော် 
မူပြီးသော ကဿ ပ မြတ်စွာဘုရားအားလည်း အကျွန်ုပ်၏ ဦးညွှတ် 
ရှိခိုးခြင်းဖြစ်ပါစေ။
.
.
(၆) ဂေါတမဘုရားရှင်သည် လူတို့၏ ဆင်းရဲဒုက္ခဟူသမျှကို 
ပယ်ဖျောက်နိုင်စွမ်းရှိသော တရားတော်မြတ်ကို ဟောကြားတော်မူပေ၏။ 
ကိုယ်တော်မှလည်း အရောင်အဝါ ကွန့်မြူးဖြာယှက် ထွက်တော်မူ၏။
ဘုန်း- ကျက်သရေနှင့်လည်း ပြည့်စုံတော်မူပေ၏။ သကျသာကီဝင်
မင်းသားလည်း ဖြစ်တော်မူ၏။ ထိုဂေါတမ မြတ်စွာဘုရားအား အကျွန်ုပ်၏ 
ဦးညွှတ်ရှိခိုးခြင်းသည် ဖြစ်ပါစေသတည်း။
.
.
(၇) လောက၌ ငြိမ်းအေးကုန်ပြီးသော ဘုရားရှင်အဆူဆူတို့သည် 
ယထာဘူတကျကျ သိကုန်၏။ ချောပစ်ကုန်းတိုက်သော စကားမျိုးကို 
မည်သည့်အခါမျှ ဆိုမိန့်တော်မမူ၊ ကြီးလည်း ကြီးမြတ်ကုန်၏။
ကြောက်ရွံ့ခြင်းလည်း ကင်းကုန်၏။
.
.
(၈)ဝိဇ္ဇာ သုံးပါး၊ ဝိဇ္ဇာ ရှစ်ပါး၊ စရဏ တဆယ့်ငါးပါးတို့နှင့် ပြည့်စုံတော်မူ၍
မြတ်လှစွာသော ရဲရင့်ခြင်းအတိ ရှိတော်မူသော နတ်လူတို့၏ 
အစီးအပွားကို ဆောင်တော်မူတတ်သော ဂေါတမနွယ်ဖွား
ရှင်တော်မြတ်ဘုရားကို ရှိခိုးဦးညွှတ်ကြပါကုန်၏။
.
.
(၉)ဝိပဿီ ၊ သိခီ၊ ဝေဿ ဘူ ၊ ကကုသန်၊ ကောဏာဂုံ၊ ကဿ ပ၊ ဂေါတမ 
ဟူသော ဘုရား ခုနှစ်ဆူတို့နှင့်တကွ အကုဋေမက များလှစွာသော 
ဘုရားရှင်အားလုံးတို့သည် ပစ္စေကဗုဒ္ဓါ ရဟန္တာများနှင့် တူတော် 
မမူကုန်။ ဆိုခဲ့ပါ သဗ္ဗညူ ဘုရားရှင်ချင်းသာ တူတော်မူကြကုန်၏။ 
ဘုရားရှင်အားလုံးပင် တန်ခိုးဣဒ္ဓိ လွန်စွာ ကြီးမားကြကုန်၏။
.
.
(၁၀)ခပ်သိမ်းကုန်သော ဘုရားရှင်တို့သည် အားတော်ဆယ်ပါးနှင့်
ပြည့်စုံတော်မူ၏။ရဲရင့်သော ဝေသာရဇ္ဇဉာဏ်နှင့် ပြည့်စုံတော်မူကြ၏။
မြတ်သောယောက်ျား ဥသဘ ဖြစ်တော်မူ၍ သဗ္ဗညုတ ဉာဏ်ကို ရရှိကြောင်း
ဝန်ခံကြကုန်၏။
.
.
(၁၁) ဘုရားရှင်တို့သည် မည်သည့် ပရိတ်သတ် ဗိုလ်ပုံအလယ်၌
လွန်စွာရဲရင့်တော်မူကြ၏။ ကေသရာဇာ ခြင်္သေ့မင်းကဲ့သို့ 
ရဲရဲရင့်ရင့် စကားဆိုကြ၏။ မည်သူတဦးတယောက်မျှ 
မလည်မပတ်စေနိုင်သော ဓမ္မစကြာ တရားတော်ကိုလည်း 
လည်ပတ်စေကုန်၏။ (ဟောကြားကုန်၏။)
.
.
(၁၂)ဘုရားရှင်တို့သည် လူသုံးပါးတို့၏ ခရီးလမ်းညွှန် ဖြစ်ကြ၏။ 
ဘုရား၏ကျေးဇူးတရား (၁၈)ပါးနှင့် ပြည့်စုံကြကုန်၏။ (၃၂)ပါးသော
ယောက်ျားမြတ်တို့၏ လက္ခဏာတော်ကြီးတို့နှင့်လည်း ပြည့်စုံတော်မူကြ၏။
လက္ခဏာတော်ငယ် (၈ဝ) တို့နှင့်လည်း ပြည့်စုံတော်မူကြ၏။

(၁၃) ဘုရားရှင်ဟူသမျှ ကိုယ်တော်အလုံးမျှ တလံမျှလောက်
ရောင်ခြည်တော် အမြဲထွက်လျက်ရှိ၏။ ရဟန်းဟူသမျှတို့ထက်
ကြီးမြတ်၏။ ခပ်သိမ်းသောတရားကိုလည်း သိ၏။ ကိလေသာ
အာသဝေါလည်း ကင်း၏။ မာရ်ငါးပါးကိုလည်း အောင်ပြီး ဖြစ်၏။
.
.
(၁၄)ဘုရားရှင်တို့သည် များစွာသော ရောင်ခြည်တော်၊ ကြီးသောတန်ခိုး၊
ထွတ်မြတ်သောပညာ၊ စွမ်းသန်သောခွန်အား၊ အတိုင်းမသိသော ကရုဏာ၊
စွဲမြဲသောလုံ့လတို့ကို ပိုင်တော်မူကြ၏။သတ္တဝါအများ၏ ကောင်းကျိုးချမ်းသာ
ကိုလည်း ဆောင်တော်မူတတ်ကြကုန်၏။
.
.
(၁၅) မြတ်စွာဘုရားရှင်တို့သည် သတ္တဝါအပေါင်းတို့၏ မှီခိုရာကျွန်းလည်း
ဖြစ်၏။ ကိုးကွယ်ရာလည်း ဖြစ်၏။ တည်ရာလည်း ဖြစ်၏။
စောင့်ရှောက်ရာလည်းဖြစ်၏။ ဘေးအန္တရာယ်မှ ပုန်းကွယ်ရာလည်း
ဖြစ်၏။လာရောက်ရာလည်း ဖြစ်၏။ ဆွေမျိုးသဖွယ်လည်း ဖြစ်၏။
အောက်မေ့ရာလည်း ဖြစ်၏။ မြတ်စွာဘုရားရှင်တို့သည် မြတ်သောမှီရာလည်း
မည်ပေ၏။ သတ္တဝါတို့၏ အစီးအပွားကိုလည်း ရှာကြံလေ့ရှိကြကုန်၏။
.
.
(၁၆)ထိုဘုရားရှင်တိုင်းသည် နတ်တို့၏ လဲလျောင်းရာ၊ လူတို့၏ မှီခိုရာ
ဖြစ်ကြကုန်၏။ အကျွန်ုပ်သည် ယောက်ျား ဟူသမျှတို့ထက်
သာလွန်မြင့်မြတ်တော်မူသော ထိုဘုရားရှင်တို့၏ ခြေတော်တို့ကို
ဦးနှိမ် ရိုကျိုး ရှိခိုးပါ၏။
.
.
(၁၇)အကျွန်ုပ်သည် အိပ်နေသောအခါ၌ဖြစ်စေ၊ ထိုင်နေသောအခါ၌ဖြစ်စေ၊ ရပ်နေသောအခါ၌ဖြစ်စေ၊ လမ်းသွားနေသောအခါ၌ဖြစ်စေ၊
မည်သည့်အခါ၌မဆို ထိုဘုရားရှင်တို့အား နှုတ်ဖြင့်၎င်း စိတ်ဖြင့်၎င်း
အမြဲမပြတ် ရှိခိုးပါ၏။
.
.
(၁၈)ကိလေသာအပူအပေါင်းကို ငြိမ်းအေးအောင် ပြုတော်မူတတ်ကြ
ကုန်သော ဘုရားရှင်တို့သည် သင့်ကို ချမ်းသာအောင် မပြတ်
စောင့်ရှောက်ပါစေသတည်း။ ဘုရားရှင်တို့၏ အစောင့်အရှောက်ကို
ခံယူရသော သင်သည် ငြိမ်သက် ချမ်းမြေ့ပါစေ။ ဘေးအန္တရာယ် ခပ်သိမ်းမှ
ကင်းလွတ်ပါစေ။
(၁၉)သင်သည် အနာမရှိ ပကတိ ကျန်းမာသူ၊ ပူပန်ခြင်း ကင်းသူ၊
ရန်သူဟူသမျှကို လွတ်မြောက်နိုင်သူ၊ ငြိမ်းအေးချမ်းမြေ့သူ
ဖြစ်ပါစေသတည်း။
.
.
(၂၀) ထိုဘုရားရှင်တို့သည် သီလ၊ သစ္စာ၊ ခန္တီ၊ မေတ္တာတို့၏ စွမ်းပကားဖြင့်
ကျွန်ုပ်တို့ကို အနာမရှိ ပကတိ ချမ်းသာအောင် အစဉ်သဖြင့်
စောင့်ရှောက်ကြပါစေကုန်သတည်း။
.
.
(၂၁) အရှေ့မျက်နှာအရပ်၌ တန်ခိုးကြီးသော ဂန္ဓဗ္ဗနတ်တို့ ရှိကြကုန်၏။
ထိုနတ်တို့သည် ကျွန်ုပ်တို့ကို အနာမရှိ ပကတိ ချမ်းသောအောင်
အစဉ်တစိုက် စောင့်ရှောက်ကြပါစေကုန်သတည်း။
.
.
(၂၂) တောင်ဘက်အရပ်မျက်နှာ၌ တန်ခိုးကြီးသော ကုမ္ဘဏ်နတ်တို့
ရှိကြကုန်၏။ ထိုနတ်တို့သည်လည်း ကျွန်ုပ်တို့ကို အနာမရှိ ပကတိ
ချမ်းသာအောင် အစဉ်သဖြင့် စောင့်ရှောက်ကြပါစေကုန်သတည်း။
.
.
(၂၃) အနောက်အရပ်မျက်နှာ၌ တန်ခိုးကြီးသော နဂါးတို့ ရှိကြကုန်၏။
ထိုနဂါးတို့သည်လည်း ကျွန်ုပ်တို့ကို အနာမရှိ ပကတိ ချမ်းသာအောင်
အစဉ် စောင့်ရှောက်ကြပါစေကုန်သတည်း။
.
.
(၂၄) မြောက်ဘက်အရပ်မျက်နှာ၌ တန်ခိုးကြီးသော ဘီလူးတို့သည်
ရှိကြကုန်၏။ ထိုဘီလူးတို့သည်လည်း ကျွန်ုပ်တို့ကို အစဉ်သဖြင့်
စောင့်ရှောက်ကြပါစေကုန်သတည်း။
.
.
(၂၅) အရှေ့အရပ်မျက်နှာ၌ ဂန္ဓဗ္ဗနတ်တို့ကို အစိုးရသော ဓတရဋ္ဌနတ်မင်း၊
တောင်အရပ်မျက်နှာ၌ ကုမ္ဘဏ်တို့ကို အစိုးရသော ဝိရူဠကနတ်မင်း၊
အနောက်အရပ်မျက်နှာ၌ နဂါးတို့ကိုအစိုးရသော ဝိရူပက္ခ နတ်မင်း၊
မြောက်အရပ်မျက်နှာ၌ ဘီလူးတို့ကို အစိုးရသော ကုဝေရနတ်မင်း။
.
.
(၂၆)ထိုနတ်မင်းကြီးလေးပါးတို့သည် လူတို့ကို စောင့်ရှောက်တတ်ကြကုန်၏။
အခြွေအရံလည်း များကုန်၏။ ထိုနတ်မင်းကြီးတို့သည် ကျွန်ုပ်တို့ကို
အနာမရှိ ပကတိ ချမ်းသာအောင် အစဉ်မပြတ် စောင့်ရှောက်ကြပါစေ
ကုန်သတည်း။
.
.
(၂၇) ကောင်းကင်၌တည်သော နတ်များ၊ မြေ၌တည်သော နတ်များ၊
နဂါးများသည် တန်ခိုး အလွန်ကြီးကြသည်။ ထိုတန်ခိုးကြီး နတ်၊
နဂါးတို့သည် ကျွန်ုပ်တို့ကို အနာမရှိ ပကတိ ချမ်းသာအောင်
အစဉ်မပြတ် စောင့်ရှောက်ကြပါစေကုန်သတည်း။
.
.
(၂၈) တန်ခိုးကြီးသောနတ်တို့သည် ဤဘုရား သာသနာတော်၌
နေကြကုန်၏။ ထိုသာသနာစောင့် နတ်တို့သည် ကျွန်ုပ်တို့ကို အနာမရှိ
ပကတိ ချမ်းသာအောင် အစဉ်မပြတ် စောင့်ရှောက်ကြပါစေကုန်သတည်း ။
.
.
(၂၉) ဘေးရန်ခပ်သိမ်း ကင်းစေကုန်သတည်း။ စိုးရိမ်ကြောင့်ကြ
ကင်းစေကုန်သတည်း။ အနာရောဂါ ဟူသမျှ ပျောက်စေကုန်သတည်း။
သင့်အားအန္တရာယ် တစုံတရာ မဖြစ်စေသတည်း။ ချမ်းချမ်းသာသာနှင့်
အသက်ရှည်စွာ နေရပါစေသတည်း။
.
.
၃၀/ ရတနာမြတ်သုံးပါးအား ရိုသေစွာ ရှိခိုးဆည်းကပ်လေ့ရှိသောသူ၊
သီလရှိသူ၊ သမာဓိရှိသူ၊ ပညာရှိသူတို့ကို အမြဲမပြတ် ရိုသေလေးစားတတ်
သူသည် အသက်ရှည်၏။ အဆင်းလှ၏၊ ချမ်းသာကြီးပွါး၏ ။ ခွန်အားဗလ
တိုးတက်လေ၏။ အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ချမ်းသာကြီးခြင်း၊
ခွန်အားကြီးခြင်းဟူသော ဤကျေးဇူးတရားတို့သည် ထိုပုဂ္ဂိုလ်အဖို့
ထာဝစဉ် တိုးတက်လျက်သာ နေကြကုန်သတည်း။
.
.
.---------အာဋာနာဋိယသုတ်အနက်ပြီး၏။ ။----------
.
._________ခဂ္ဂါ(ရု ပ္ကဆိုး)___

ဓဇဂ္ဂသုတ်



~~~ဓဇဂ္ဂသုတ်~~~
_/\_/\_/\_/\_/\_/\_
.
.
ဓဇဂ္ဂသုတ်ရွတ်ဖတ်ရခြင်းအကျိုး
---------------------------------
.
ဤသုတ်ကို ရွတ်ဖတ်ပွားများလျှင် ပိုမို၍ ဉာဏ်ကောင်းလာစေနိုင်သည်။
မည်သည့်နေရာသို့ဖြစ်စေ နေ့နေ့ညည တယောက်တည်း သွားရဲလာရဲ
နေရဲစေသည်။ စိတ်တန်ခိုးလည်း ကြီးလာလိမ့်မည်။ ပရိသတ်အလယ်မှာ
ပြောရဲဆိုရဲ ရှိလာနိုင်သည်။ မိမိ၏ဘဝအခြေအနေ ခိုင်မြဲစေသည်။ 
ရာထူး တည်မြဲရေး၊ စည်းစိမ် တည်မြဲရေးအတွက် အကျိုးပြုလိမ့်မည်။
(ဘုရား၊ တရား၊ သံဃာဂုဏ်တော် များကို သီးသန့် ပွားများနိုင်သည်။
.
.
ဓဇဂ္ဂသုတ်မြန်မာပြန်
---------------------
.
၁/ ဤဓဇဂ္ဂသုတ်ပရိတ်တော်ကို အောင့်မေ့ဆင်ခြင်ကာမျှဖြင့် ကောင်းကင်၌ပင် 
တည်ခိုက်ကြုံသော်လည်း မြေပြင်မှာလို ခိုင်ခိုင်မြဲမြဲ တည်ခွင့်ရလေသည်။
.
.
၂/ ဤဓဇဂ္ဂသုတ် ပရိတ်တော်ကြောင့် ဘီလူးဘေး၊ ခိုးသူဘေးစသော
ဘေးအန္တရာယ် အသွယ်သွယ်မှ လွတ်မြောက်ကြရသော လူတို့ကိုရေတွက်၍
မကုန်နိုင်ပါချေ။ ယခုအခါ ဤပရိတ်တော်ကို ကျွန်ုပ်တို့ စုပေါင်း ရွတ်ကြပါကုန်စို့။
.
.
၃/ သံဃဥက္ကဌ သံဃနာယက ဖြစ်တော်မူသော မဟာကဿ ပ အရှင်ဘုရား….
အကျွန်ုပ် အာနန္ဒာသည် ဤဓဇဂ္ဂသုတ် ပရိတ်တော်ကို မြတ်စွာဘုရားထံတော်မှ 
တိုက်ရိုက် ဤကဲ့သို့ ကြားနာ မှတ်သားထားလိုက်ပါ၏ ။ 
.
အခါတပါး၌ မြတ်စွာဘုရားသည် သာဝတ္တိပြည် အနာထပိဏ်သူဌေးကြီး၏
နှလုံးမွေ့လျော် ပျော်ဖွယ်ရာရှိသော ဇေတဝန် ကျောင်းကြီး၌ သီတင်းသုံးနေပါသည်။
.
.
၎/ ထိုသို့နေတော်မူစဉ်အခါ မြတ်စွာဘုရားက “ရဟန်းတို့” ဟူ၍ ရဟန်းအများကို
ခေါ်တော်မူပါသည်။ ရဟန်းတို့လည်း မြတ်စွာဘုရား စကားတော်ကို ခံယူရန် 
အသင့်ဖြစ်ကြပါသည်။ ထိုအခါ မြတ်စွာဘုရားက ဤသို့မိန့်ကြား ဟောမြွက်တော်
မူပါသည်။ --
.
ချစ်သားတို့…. ရှေးအခါက တာဝတိံသာနတ်နှင့် အသုရာ နတ်စစ်သည်တို့ 
စစ်ခင်းခဲ့ကြဖူး၏။ ထိုအခါ သိကြားမင်းသည် တာဝတိံသာနတ် စစ်သည်တို့ကို
ခေါ်ယူပြီး ဤသို့ပြောကြားခဲ့၏။ 
.
“အမောင်နတ်သားတို့၊ သင်တို့သည် စစ်မြေပြင်မှာ ကြောက်ရွံ့ခြင်း၊ တုန်လှုပ်ခြင်း၊
ကြက်သီးမွေးညှင်း ထခြင်းများ ဖြစ်ခဲ့သည် ရှိသော် ငါသိကြားမင်း၏ တံခွန်ဖျားကို
မော်၍ ကြည့်လိုက်ကြကုန်လော့။ ဤသို့ ကြည့်လိုက်ပါလျှင် သင်တို့ 
အကြောက်ပြေကြလိမ့်မည်။ မတုန်မလှုပ် ရဲရင့်လာကြလိမ့်မည်။
ကြက်သီးမွေးညှင်း ထခြင်းများလည်း ပြေပျောက်သွားကြလိမ့်မည်”။
.
.
၅/ “အကယ်၍ ငါ၏တံခွန်ဖျားကို မော်၍ မကြည့်ဖြစ်လျှင် ပဇာပတိ နတ်မင်း၏ 
တံခွန်ဖျားကို မော်၍ ကြည့်ကြ၊ ဤသို့ ပဇာပတိနတ်မင်း၏ တံခွန်ဖျားကို
ကြည့်ကြလျှင်လည်း ကြောက်ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီးမွေးညှင်း
ထခြင်းများ ပျောက်ကင်းသွားလိမ့်မည်”။
.
.
၆/ “အကယ်၍ ပဇာပတိနတ်မင်း၏ တံခွန်ဖျားကို မကြည့်ဖြစ်ခဲ့သော်
ဝရုဏနတ်မင်း၏ တံခွန်ဖျားကို မော်၍ကြည့်ကြ၊ ဝရုဏနတ်မင်း၏ 
တံခွန်ဖျားကို မော်၍ကြည့်ဖြစ်ကြလျှင်လည်း ကြောက်ခြင်း၊ တုန်လှုပ်ခြင်း ၊
ကြက်သီးမွေးညှင်း ထခြင်းများ ပြေပျောက်သွားပေလိမ့်မည်”။
.
.
၇/ “အကယ်၍ ဝရုဏနတ်မင်း၏ တံခွန်ဖျားကို မကြည့်ဖြစ်ခဲ့သော်
ဤသာနနတ်မင်း၏ တံခွန်ဖျားကို မော်၍ ကြည့်ကြ၊ ဤသာနနတ်မင်း၏တံခွန်ဖျားကို
မော်၍ကြည့်ဖြစ်ကြလျှင် ကြောက်ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီးမွေးညှင်း 
ထခြင်းများ ပြေပျောက်သွားပေလိမ့်မည်။” ဤသို့လျှင် သိကြားမင်းက
တာဝတိံသာနတ်တို့ကို အသိပေးလေ၏ ။
.
.
၈/ ချစ်သားရဟန်းတို့…. နတ်တို့အရှင် သိကြားမင်း၏ တံခွန်ဖျားကို
မော်၍ကြည့်သောနတ်များ၊ သို့တည်းမဟုတ် ပဇာပတိနတ်မင်း၊
ဝရုဏနတ်မင်း၊ ဤသာနနတ်မင်းတို့၏ တံခွန်ဖျားကို မော်၍ ကြည့်သော 
နတ်များအား ကြောက်လန့်ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီးမွေးညှင်း 
ထခြင်းများ ပျောက်သော်လည်း ပျောက်မည်၊ မပျောက်ဘဲလည်း နေချင်နေလိမ့်မည်။
.
.
၉/ အကြောင်းမူကား နတ်တို့အရှင် သိကြားမင်းလည်း ရာဂကင်းသူ မဟုတ်၊
ဒေါသကင်းသူ မဟုတ်၊ မောဟကင်းသူ မဟုတ်၊ သူ့ကိုယ်နှိုက်က ကြောက်တတ်၏။
တဆတ်ဆတ်တုန်တတ်၏။ လန့်ဖျပ်တတ်၏။ ထွက်ပြေးတတ်၏ ။
.
.
၁၀/ ချစ်သားရဟန်းတို့….ငါဘုရားသည်ကား မလွဲဧကန် ဤသို့ ဟောပေအံ့၊ 
ရဟန်းတို့အနေနှင့် တောထဲ၌ တပါးတည်း နေသောအခါ သစ်ပင်ရင်း၌နေသော
အခါ ဆိပ်ငြိမ်ရာအရပ်များ၌ နေသောအခါများ၌ ကြောက်ရွံ့ခြင်း၊ တုန်လှုပ်ခြင်း၊
ကြက်သီးမွေးညှင်း ထခြင်း တခုခုဖြစ်လာခဲ့လျှင် ဘုရားဂုဏ်တော်ကို
ဤသို့ အောက်မေ့ကြကုန်လော့။
.
.___(((၁)))___
၁၁/ မြတ်စွာဘုရားသည် ကိလေသာတို့မှ ကင်းဝေးတော်မူ၏။ ကိလေသာ
ရန်သူတို့ကို ပယ်သတ်ပြီး ဖြစ်၏။ သံသရာ စက်ဝန်း၏ အကန့်အထောက်များကို
ဖျက်ဆီးပြီး ဖြစ်၏။ ပစ္စည်းလေးပါး ပူဇော်အထူးကို ခံယူတော်မူထိုက်၏။ 
ဆိပ်ကွယ်ရာ အရပ်၌ပင်လျှင် မကောင်းမှုဒုစရိုက်ကို ရှောင်တော်မူ၏။ 
သို့ဖြစ်၍ “အရဟံ” ဟူသော ဂုဏ်တော်နှင့် ပြည့်စုံတော်မူပါပေသည်။
.___(((၂)))___
မြတ်စွာဘုရားသည် ကောင်းမွန်လှစွာ သယမ္ဘူဉာဏ် မြတ်မဟာဖြင့်
မိမိအလိုလို သစ္စာလေးပါး တရားမြတ်ကို ထိုးထွင်း၍ သိတော်မူ၏။
သို့ဖြစ်၍ “သမ္မာသမ္ဗုဒ္ဓ” ဟူသောဂုဏ်တော်နှင့် ပြည့်စုံတော်မူပါပေ၏။
.___(((၃)))___
မြတ်စွာဘုရားသည် ဝိဇ္ဇာသုံးပါး၊ ဝိဇ္ဇာရှစ်ပါး၊ စရဏ တဆယ့်ငါးပါးတို့နှင့် 
လုံးဝဥဿုံ ပြည့်စုံတော်မူပါပေ၏။ သို့ဖြစ်၍ “ဝိဇ္ဇာစရ ဏ သမ္ပန္နော”
ဟူသော ဂုဏ်တော်နှင့် ပြည့်စုံတော်မူပါပေ၏။
.___(((၄)))___
မြတ်စွာဘုရားသည် နိဗ္ဗာန်သို့သာလျှင် ဖြောင့်ဖြောင့်မတ်မတ်
ကောင်းစွာသွားတော်မူ၏။ စကားဆိုရန် ခွင်းခြောက်တန်တို့တွင်
ဟုတ်မှန်ကျိုးကြောင်း စကားကောင်းကိုသာ ဆိုတော်မူတတ်၏။
သို့ဖြစ်၍ “သုဂတော” ဟူသော ဂုဏ်တော်နှင့် ပြည့်စုံတော်မူပါပေ၏။
.___(((၅)))___
မြတ်စွာဘုရားသည် ကာမလောက၊ ရူပလောက၊ အရူပလောက
ဟူသော လောကသုံးပါး၊ တနည်းအားဖြင့် သတ္တလောက၊ သင်္ခါရလောက၊
သြကာသလောက ဟူသော လောကကြီးသုံးပါးတို့ကို မဖောက်မပြန်
သယမ္ဘူဉာဏ်ဖြင့် အမှန်ထိုးထွင်း အလင်းထင်ပေါ် သိမြင်တော်မူ၏။
သို့ဖြင့်၍ “လောကဝိဒူ”" ဟူသော ဂုဏ်တော်နှင့် ပြည့်စုံတော်မူပါပေ၏။
.___(((၆)))___
မြတ်စွာဘုရားသည် မိမိကိုယ်တိုင်လည်း အတုမရှိ သူတပါးတို့အားလည်း
အတုမရှိသော မိမိ၏တရားဖြင့် ဆုံးမတတ်၏။ ဆုံးမထိုက်သောလူ၊ နတ်၊
ဘီလူး၊ တိရိစ္ဆာန်ကြမ်းများကိုပင် သေဝပ် ငြိမ်သက်အောင် နိုင်နင်းစွာ
ဆုံးတော်မူနိုင်၏။ သို့ဖြစ်၍ “အနုတ္တရော ပုရိသ ဒမ္မသာရထိ” ဟူသော
ဂုဏ်တော်နှင့် ပြည့်စုံတော်မူပါပေ၏။
.___(((၇)))___
မြတ်စွာဘုရားသည် လူအပေါင်း နတ်အပေါင်းတို့အား ကောင်းစွာ
သွန်သင်ဆုံးမတတ်သော လူနတ်တို့၏ ဆရာကောင်း ဖြစ်တော်မူ၏။
သို့ဖြစ်၍ “သတ္တာဒေ၀ မနုဿာနံ” ဟူသော ဂုဏ်တော်နှင့် ပြည့်စုံတော်မူပါပေ၏။
.___(((8)))___
မြတ်စွာဘုရားသည် တရားအားလုံးကို ကိုယ်တိုင်လည်း ထိုးထွင်းသိမြင်တော်မူ၏။
သူတပါးတို့အားလည်း သစ္စာလေးပါး တရားကို သိမြင်အောင် ဟောပြော
ပြသနိုင်၏။ သို့ဖြစ်၍ “ဗုဒ္ဓေါ” ဟူသော ဂုဏ်တော်နှင့် ပြည့်စုံတော်မူပါပေ၏။
.___(((၉)))___
မြတ်စွာဘုရားသည် အစိုးရခြင်း၊ တရားရှိခြင်း၊ အခြံအရံမျာခြင်း၊
ကျက်သရေရှိခြင်း၊ အလိုအတိုင်း ဖြစ်ခြင်း၊ လုံ့လ စွမ်းအား အပြည့်ရှိခြင်း
ဟူသော ဘုန်းတော် ခြောက်ပါးနှင့်လည်း ပြည့်စုံတော်မူပါပေ၏။
သို့ဖြစ်၍ ဘဂဝါ” ဟူသော ဂုဏ်တော်နှင့် ပြည့်စုံတော်မူပါပေ၏။
.
.
၁၂/ ဤကဲ့သို့ ငါဘုရား၏ ဂုဏ်တော် ကျေးဇူးတော်တို့ကို ဆင်ခြင်အောင့်မေ့ကြလော့။
ဘုရားဂုဏ်ကို ဆင်ခြင် အောက်မေ့မိသည် ရှိသော် သင်တို့အား ကြောက်ရွံ့ခြင်း၊
တုန်လှုပ်ခြင်း၊ ကြက်သီးမွေးညှင်း ထခြင်း ဟူသမျှ ပျောက်ကင်းသွားပေလိမ့်မည် ။
.
.
၁၃/ အကယ်၍ ဘုရားဂုဏ်တော်ကို မဆင်ခြင် မအောက်မေ့မိသည်ရှိသော်
မြတ်စွာဘုရား ဟောကြားထားသော တရားတော်၏ ဂုဏ်တော်ကို
ဤသို့အောက်မေ့သတိရကြ။
.
.___(((၁)))___
၁၄/ တရားတော်သည် မြတ်စွာဘုရားက ကောင်းစွာ ဟောကြားထားသော
တရားတော် ဖြစ်သောကြောင့် “သွာက္ခာတ” ဟူသော ဂုဏ်တော်နှင့် ပြည့်စုံပါပေ၏။
.___(((၂)))___
တရားတော်သည် မျက်မှောက်၌ပင် ကောင်းကျိုးချမ်းသာကို ပေးတတ်သောကြောင့်
“သန္ဒိဋ္ဌိက” ဟူသော ဂုဏ်တော်နှင့် ပြည့်စုံပါပေ၏။
.___(((၃)))___
တရားတော်သည် အခါမလင့် အကျိုးပေးတတ်သောကြောင့် “အကာလိက”
ဂုဏ်တော်နှင့် ပြည့်စုံပါပေ၏။
.___(((၄)))___
တရားတော်သည် လာပါ၊ ရှုပါ၊ ကျင့်ကြံပါ ဟူ၍ မပါပါအောင် ခေါ်ဆောင်
တိုက်တွန်း ပြညွှန်းခြင်းငှာ ထိုက်သောကြောင့် “ဧဟိပဿိက” ဂုဏ်တော်နှင့်
ပြည့်စုံပါပေ၏။
.___(((၅)))___
တရားတော်သည် လူတို့အား နတ်ရွာနိဗ္ဗာန်သို့ ပို့ဆောင်ပေးတတ်သောကြောင့်
“သြပနေယျိက” ဂုဏ်တော်နှင့် ပြည့်စုံပါပေ၏။
.___(((၆)))___
တရားတော်သည် ပညာရှိသူ ရှင်လူအပေါင်း သူတော်ကောင်းတို့အနေဖြင့်
အသီးသီး တဦးစီ တဦးစီ မိမိတို့၏ စိတ်၌ ကပ်၍ ဆောင်ထားထိုက်သောကြောင့်
“ပစ္စတံ္တ ဝေဒိတဗ္ဗော ဝိညူဟိ” ဟူသော ဂုဏ်တော်နှင့် ပြည့်စုံပါပေ၏ ။
.
.
၁၅/ ဤသို့လျှင် တရားတော်၏ဂုဏ်တော်ကို ဆင်ခြင် အောက်မေ့မိသောသူအား
ကြောက်ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီးမွေးညှင်း ထခြင်း ဟူသမျှ လုံးဝ
ပျောက်ကင်းသွားပေလိမ့်မည်။
.
.
၁၆/ အကယ်၍ ဘုရားဂုဏ်တော်ကိုသော်၎င်း၊ တရားဂုဏ်တော်ကိုသော်၎င်း
မဆင်ခြင် မအောက်မေ့ဖြစ်ပါက မြတ်စွာဘုရား၏ တပည့်သား သံဃာတော်၏
ဂုဏ်ကျေးဇူးကို အောက်မေ့ရာ၏။
.
.___(((၁)))___
၁၇/ မြတ်စွာဘုရား၏ တပည့်သား သံဃာတော်သည် နိဗ္ဗာန်အကျိုးငှာ
ကောင်းသောအကျင့်ကိုသာ ကျင့်တော်မူတတ်ပေ၏။ သို့ဖြစ်၍
“သုပ္ပဋိပန္နော” ဟူသောဂုဏ် ရှိပေ၏။
.___(((၂)))___
သံဃာတော်သည် နိဗ္ဗာန်မဂ်ဖိုလ် ရရှိရေးအတွက် ဖြောင့်မတ်စွာ
လမ်းမှန်သော အကျင့်ကိုသာ ကျင့်တော်မူပါပေ၏။ သို့ဖြစ်၍
“ဥဇုပ္ပဋိပန္နော” ဟူသောဂုဏ် ရှိပေ၏။
.___(((၃)))___
သံဃာတော်သည် နိဗ္ဗာန်ရရှိရေးနှင့် သင့်လျော်လောက်ပတ်သော
အကျင့်ကိုသာ ကျင့်တော်မူပါပေ၏။ သို့ဖြစ်၍ “ဉာယပ္ပဋိပန္နော”
ဟူသောဂုဏ် ရှိပေ၏။
.___(((၄)))___
သံဃာတော်သည် အရိုအသေပြုခြင်းကို ခံယူထိုက်အောင်
အကျင့်သီလကို ကောင်းစွာ ဖြည့်ကျင့်တော်မူပါပေ၏။ သို့ဖြစ်၍
"သာမိစိပ္ပဋိပန္နော" ဟူသောဂုဏ် ရှိပေ၏။
.___(((၅)))___
ထိုဘုရားတပည့် အရိယာသံဃာသည် (အချုပ်အားဖြင့်) အရေအတွက်(၄)စုံ၊
ပုဂ္ဂိုလ်(၈)ယောက် ရှိပေ၏။ ထိုသံဃာတော်သည် အဝေးမှ တကူးတက
ဆောင်ယူ၍ ပူဇော်သမှုပြုခြင်းကိုလည်း ခံယူထိုက်၏။ သို့ဖြစ်၍
“အာဟုနေယျော” ဟူသောဂုဏ် ရှိပေ၏။
.___(((၆)))___
ဧည့်သည်တို့အား ရည်စူး၍ အထူးပြုလုပ်ထားသော ပစ္စည်းဝတ္ထုတို့ကိုလည်း
မိမိအား လှူလျှင် ကောင်းစွာခံယူထိုက်၏။ သို့ဖြစ်၍ “ပါဟုနေယျော”
ဟူသောဂုဏ် ရှိပေ၏။
.___(((၇)))___
လောက၌ အမြတ်ဆုံး အကောင်းဆုံးဖြစ်သော အလှူကိုလည်း
ထိုက်ထိုက်တန်တန် ခံယူနိုင်ပေ၏။ သို့ဖြစ်၍ “ဒက္ခိဏေယျော”
ဟူသောဂုဏ် ရှိပေ၏။
.___(((၈)))___
လူနတ်တို့၏ ရှိခိုးခြင်းကိုလည်း ခံထိုက်၏။ သို့ဖြစ်၍ “အဉ္စလိကရဏီယော”
ဟူသောဂုဏ် ရှိပေ၏။
.___(((၉)))___
လူတို့က ကောင်းမှုတည်းဟူသော မျိုးစေ့ကို စိုက်ပျိုးရာ ကြဲချရာ
အတုမရှိ လယ်မြေကောင်းသဖွယ်လည်း ဖြစ်၏။ သို့ဖြစ်၍
“အနုတ္တရံ ပုညက္ခေတ္တံ လောကဿ ” ဟူသောဂုဏ် ရှိပေ၏။
.
.
၁၈/ ဤသို့လျှင် သံဃာတော်၏ ဂုဏ်တော် ကျေးဇူးတော်တို့ကို
ဆင်ခြင်အောက်မေ့ရာ၏။ သံဃာ့ဂုဏ်သို့ စိတ်ညွှတ်၍ အာရုံပြုမိသော
သင်တို့အား ကြောက်လန့်ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီးမွေးညှင်း
ထခြင်းဟူသမျှ ကင်းပျောက်သွားလိမ့်မည်။
.
.
၁၉/ ထိုစကားမှန်ပေ၏။ အကြောင်းမူကာ ဝိပဿီစသော ရှေးရှေးသော
ဘုရားရှင်များနည်းတူ ကောင်းစွာ ပွင့်ထွန်းလာသော ငါဘုရားသည်
လူသူလေးပါးကင်းသည့် ဆိပ်ကွယ်ရာအရပ်၌ပင် မကောင်းမှုကို
မပြုမလုပ်၊ ကောင်းစွာ ကိုယ်တိုင် သစ္စာတရားမြတ်ကို ထိုးထွင်းသိမြင်ပြီးဖြစ်၏။
တဏှာရာဂ လုံးဝကင်း၏။ အမျက်ဒေါသ လုံးဝကင်း၏။ မသိမောဟ လုံးဝ
ကင်း၏။ ကြောက်လည်း မကြောက်တတ်၊ အကြောက်အလန့် မရှိ၊
ကြောက်၍တုန်လှုပ်သည်ဟူ၍ လုံးဝမရှိ၊ မထိတ်တတ်၊ မလန့်တတ်၊
ကြောက်လန့်၍ ထွက်ပြေးသည် ဟူ၍လည်း ဘယ်အခါမျှမရှိ။ ထို့ကြောင့်
ဤသို့သော ဘုရားဂုဏ်၊ တရားဂုဏ်၊ သံဃာဂုဏ်ကို အာရုံညွှတ်၍
ကြည်ညိုစိတ်ထား ပွားများသူများမှာ ကြောက်ခြင်း၊ တုန်လှုပ်ခြင်း၊
ကြက်သီးမွေးညှင်းထခြင်းဟူသမျှ ကင်းပျောက်ရမြဲ ဖြစ်လေ၏ ။
.
.
၂၀/ မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏။ ထို့နောက်ဆက်လက်၍
ဤသို့တဖန် မိန့်ကြားတော်မူပြန်၏ -
.
.
၂၁/ ချစ်သားရဟန်းတို့…..သင်တို့သည် တော၌ဖြစ်စေ၊ သစ်ပင်ရင်း၌ဖြစ်စေ၊
ဆိပ်ကွယ်ရာအရပ်၌ ဖြစ်စေ (နေခိုက်) ဘုရားဂုဏ်တော်ကို သတိရကြ၊
သတိရလျှင် သင်တို့ မကြောက်မရွံ့ နေနိုင်ကြလတ္တံ ။

၂၂/ လူနတ်တို့၏ အကြီးအမြတ် ဖြစ်တော်မူသော မြတ်စွာဘုရား၏
ဂုဏ်တော်ကို မဆင်ခြင် မအောက်မေ့ ဖြစ်ကြလျှင် သံသရာမှ
ထွက်မြောက်ကြောင်း ကောင်းစွာဟောကြားထားသော တရားတော်၏
ဂုဏ်ကို သတိရကြ။
.
.
၂၃/ တရားတော်၏ဂုဏ်ကို အမှတ်မရကြလျှင် ကောင်းမှုမျိုးစေ့
စိုက်ပျိုးရာ အတုမရှိ လယ်မြေကောင်းနှင့်တူသော သံဃာတော်၏
ဂုဏ်ကို ဆင်ခြင်ပွားများကြ။
.
.
၂၄/ ဤကဲ့သို့ မြတ်စွာဘုရား၏ ကျေးဇူးတော် ဂုဏ်တော်ကိုဖြစ်စေ၊
တရားတော်မြတ်၏ ကျေးဇူးတော် ဂုဏ်တော်ကိုဖြစ်စေ၊ သံဃာတော်၏
ကျေးဇူးတော် ဂုဏ်တော်ကိုဖြစ်စေ ဆင်ခြင်အောက်မေ့သည်ရှိသော်
ကြောက်လန့်ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီးမွေးညှင်း ထခြင်း ဟူသမျှ
လုံးဝ မဖြစ်ပေါ်လတ္တံ။
.
.
-------ဓဇဂ္ဂသုတ်အနက်ပြီး၏။ ။--------
.
._______ခဂ္ဂါ(ရု ပ္ကဆိုး)______

-ဗောဇ္ဖျင်သုတ်===



--ဗောဇ္ဖျင်သုတ်---
_/\_/\_/\_/\_/\_/\_
.
ဗောဇ္ဖျင်သုတ်ရွတ်ဖတ်ရခြင်းအကျိုး
--------------------------------------
.
လူမမာများကို ရောဂါ သက်သာလာစေသည်။ ပျောက်ကင်းစေနိုင်သည်။ ဆေးရုံများတွင် 
အထူး ရွတ်သင့်သည်။ ပင်ရင်း ဗောဇ္ဖျင်သုတ် သုံးသုတ်ကို တွဲ၍ရွတ်လျှင် 
ပို၍ ကောင်းသည်။
.
ဗောဇ္ဖျင်သုတ်မြန်မာပြန်
--------------------------
.
၁/ ဗောဇ္ဖျင်ခုနှစ်ပါး မြတ်တရားသည် သံသရာ၌ ကျင်လည်နေကြရသော သူတို့၏ 
ဆင်းရဲဒုက္ခကို သက်သာ ပျောက်ကင်းစေနိုင်သည်။ ထကြွသောင်းကျန်းလာသော 
ကိလေသာတို့ကိုလည်း နှိပ်ကွပ် ဆုံးမနိုင်၏။ အရဟတ္တမဂ်၏ 
အင်္ဂါအစိတ်အပိုင်းလည်း ဖြစ်ပေ၏။ 

.
၂/ သတ္တဝါတို့သည် ဗောဇ္ဖျင်ခုနှစ်ပါး မြတ်တရားကို ဒိဋ္ဌ သိမြင်ကြပါလျှင် ဘဝသုံးပါးမှ 
ကျွတ်လွတ်ကြကုန်၏။ မြတ်ရာသို့လည်း ရောက်ကုန်၏။ ပဋိသန္ဓေ နေရသည့်ဘေး၊ 
အိုရသည့် ဘေး၊ နာရ သည့်ဘေး ၊ သေရသည့်ဘေးတို့ ကင်းသော 
နိဗ္ဗာန်သို့လည်း ရောက်ကြရကုန်၏။
.
.
၃/ ဆိုခဲ့ပြီးသော ဂုဏ်ကျေးဇူးတို့နှင့် သာမက အခြားသော 
ဂုဏ်ကျေးဇူးတို့နှင့် ပြည့်စုံသည့်အပြင် ဆေးလည်းဖြစ် မန္တရားလည်းဖြစ်သော 
ဤဗောဇ္ဖျင်သုတ် ပရိတ်တော်ကို ကျွန်ုပ်တို့ စုပေါင်း ရွတ်ဆိုကြပါကုန်စို့။
.
.
၎- ၅။ ဗောဓိဉာဏ်၏ အင်္ဂါအစိတ်အပိုင်း ဖြစ်ကုန်သော သတိ၊ ပညာ (ဓမ္မဝိစယ)၊ ဝီရိယ၊ 
ပီတိ၊ ပဿဒ္ဓိ ၊သမာဓိ၊ ဥပေက္ခာ၊ ဤတရား 
ခုနှစ်ဖြာတို့ကို ဗောဇ္ဖျင်တရားများ ဖြစ်ကြသည်ဟူ၍ တရားအားလုံးကို 
သိမြင်တော်မူသော မြတ်စွာဘုရားက ထုတ်ဖော်ဟောကြားပေ၏။ ထိုဗောဇ္ဖျင် 
ခုနှစ်ပါးတို့ကို ပွားများအပ်ကုန်၏။ ထပ်၍ထပ်၍ ပွားများအပ်ကုန်၏။
.
.
၆/ ဤဗောဇ္ဖျင် ခုနှစ်ပါး တရားမြတ်စွာကို ပွားများသည်ရှိသော် 
တရားထူးတရားမြတ်တို့ကိုလည်း တိုးတက် သိစေနိုင်သည့် အကျိုး ရှိ၏။ 
ကိလေသာငြိမ်းအေးခြင်း အကျိုးလည်းရှိ၏။ အရဟတ္တမဂ်ကို ရရှိခြင်း အကျိုးလည်းရှိ၏။ 
ဤသို့ မှန်သောစကားကို ဆိုသဖြင့် သင့်အား အခါခပ်သိမ်း 
စီးပွားချမ်းသာ ဖြစ်ပါစေသတည်း။
.
.
၇/ အခါတပါး၌ မြတ်စွာဘုရားသည် မကျန်းမာသဖြင့် ဆင်းရဲဒုက္ခ ရောက်ရသော 
ရှင်မောဂ္ဂလာန်နှင့် ရှင်မဟာကဿပ မထေရ် နှစ်ပါးအား ဗောဇ္ဖျင်ခုနှစ်ပါး 
တရားမြတ်စွာကို ဟောကြားတော်မူခဲ့၏။
.
.
၈/ ထိုမထေရ်နှစ်ပါးသည် ဗောဇ္ဖျင်တရားတော်ကို လွန်စွာနှစ်သက်ကြသည့်အတွက် 
တရားနာဆဲ ခဏမှာပင် အနာရောဂါမှ သက်သာပျောက်ကင်းခဲ့ရလေသည်။ 
ဤသို့မှန်သော စကားကို ဆိုသဖြင့် သင့်အား အခါခပ်သိမ်း 
စီးပွားချမ်းသာ ဖြစ်ပါစေသတည်း။ 
.
.
၉/ အခါတပါး၌ မြတ်စွာဘုရားကိုယ်တိုင် အနာရောဂါ ဖိစီးနှိပ်စက်ခြင်းကို ခံတော်မူရ၏။ 
ထိုအခါ စုန္ဒ မထေရ်မြတ်ကို ရိုသေစွာ ဗောဇ္ဖျင်တရား ဟောစေပြီး မြတ်စွာဘုရား 
နာကြားတော်မူသည်။
.
.
၁၀/ ဗောဇ္ဖျင်တရားကို နှစ်လိုတော်မူ၍ ဟောသောခဏမှာပင် အနာပျောက်ကင်းလေ၏။ 
ဤသို့ မှန်သော စကားကို ဆိုသဖြင့် သင့်အား စီးပွားချမ်းသာ 
အမြဲဖြစ်ထွန်းပါစေသတည်း။
.
.
၁၁/ မဟာကဿပ ထေရ်၊ မဟာမောဂ္ဂလာန် ထေရ်နှင့် ဘုရားရှင်တို့အား အနာရောဂါတို့ 
ကင်းပျောက်ကြကုန်၏။ မဂ်ဖြင့် ပယ်အပ်သော ကိလေသာတို့ကဲ့သို့ 
အနာရောဂါတို့သည် နောက်ထပ် မဖြစ်နိုင်ကြတော့ပေ။ ဤသို့ မှန်သောစကားကို 
ဆိုသဖြင့် သင့်အား ထာဝရ ချမ်းသာခြင်း ဖြစ်ပါစေသတည်း ။
.
.
. ဗောဇ္ဈင်ဂသုတ်အနက်ပြီး၏။ ။
.
.__________ခဂ္ဂါ(ရု ပ္ကဆိုး)__________

‪#‎ဝဋ္ဋသုတ်‬




   ‪#‎ဝဋ္ဋသုတ်‬
_/\_/\_/\_
.
.
ဝဋ္ဋသုတ်ရွတ်ဖတ်ရခြင်းအကျိုး
--------------------------------------
.
မီးဘေးလွတ်ကင်းစေနိုင်သည်။ မိမိကိုယ်တိုင် မီးဘေး မသင့်ရအောင် မိမိရပ်ကွက် 
မီးဘေးကင်းအောင် သစ္စာပြုနိုင်သည်။
.
ဝဋ္ဋသုတ် မြန်မာပြန်
-------------------------
.
၁/ သဗ္ဗညုတ ညဏ်တော်ကို ရရှိခြင်း၏ အခြေခံဖြစ်သော ပါရမီတို့ကို ဖြစ်ကျင့်သော 
ဘုရားအလောင်းသည် နုစဉ်ဘဝက ငုံးငှက်မျိုး၌ ဖြစ်ရလေ၏။ ဘုရားအလောင်း ငုံးငယ်ကို 
ဤပရိတ်တော်၏ တန်ခိုးကြောင့် တောမီးကွင်းရလေ၏။
.
.
၂/ ဤပရိတ်တော်ကို ရှင်သာရိပုတ္တရာ
မဟာထေရ်မြတ်အား မြတ်စွာဘုရား ဟောကြားတော်မူခဲ့သည်။ ဤပရိတ်တော်သည် 
ကမ္ဘာတည်လိမ့်မည်။ တန်ခိုးလည်း လွန်စွာကြီး၏။ ယခုအခါ ထိုငုံးမင်းပရိတ်ကို ကျွန်ုပ်တို့ 
စုပေါင်းရွတ်ဆိုကြပါစို့။
.
.
၃/ လောက၌ သီလ၏ ဂုဏ်ကျေးဇူးသည် ရှိပေ၏။ မှန်ကန်သောသစ္စာသည်ရှိပေ၏။ 
ကိုယ်ရေး၊ နှုတ်ရေး၊ စိတ်ရေး လုံးဝ စင်ကြယ်ခြင်းသည် ရှိပေ၏။ သတ္တဝါတို့အား 
ကြင်နာသနားခြင်းသည် ရှိပေ၏။ ဤသို့သော သစ္စာစကားဖြင့် အလွန်ကောင်းမြတ်သော 
သစ္စာပြုခြင်းကို ငါဘုရား နုစဉ်က ပြုခဲ့ဖူးလေပြီ။
.
.
၎/ သစ္စာတရား၏ စွမ်းပကားကို ဆင်ခြင်သုံးသပ်ပြီး ရှေးရှေးသော 
ဘုရားရှင်တို့ကို အောက်မေ့သတိရပြီး သစ္စာ၏အစွမ်းကို အမှီပြု၍ သစ္စာပြုခဲ့ဖူးလေပြီ။
.
.
၅/ အို…တောမီး။ ငါ့မှာ အတောင်တို့ ရှိပါသော်လည်း မပျံနိုင်သေးပါ။ ငါ့မှာခြေတို့ ရှိပါသော်လည်း
မသွားတတ်သေးပါ။ ငါ၏ မိဘတို့သည်လည်း (ငါ့ကိုထား၍) ထွက်သွားကြလေပြီ။ အို…တောမီး။ 
ငါ့ကို ဖဲကြဉ်ပါလော့။
.
.
၆/ ချစ်သား… သာရိပုတ္တရာ။ ဤကဲ့သို့ ငါဘုရားလောင်း ငုံးငယ်က သစ္စာပြုလိုက်သောအခါ 
သစ္စာပြုပြီးသည်နှင့် တပြိုင်နက် တောမီးသည် ရေသို့ရောက်၍ ဖဲကြဉ်ရသကဲ့သို့ ငါ့ကို 
ဖဲကြဉ်လေ၏။ အရှိန်အလျှံ ကြီးမားလှသော တောမီးသည် မင်းပယ် (၁၆)ပယ်ခန့်မျှ ကွင်းလေ၏။
.
ချစ်သား သာရိပုတ္တရာ။ ငါ၏သစ္စာစကားနှင့် တူသောတရား မည်သည် မရှိချေ။ ဤပါရမီကား ငါဘုရား၏ သစ္စာပါရမီပင် ဖြစ်တော့သည်။
.
.
.
.
.××××××××××××ဝဋ္ဋသုတ်အနက် ပြီး၏။ ။×××××××××××××
.
._________________ခဂ္ဂါ(ရု ပ္ကဆိုး)__________    

‪#‎မောရသုတ်‬




#‎မောရသုတ်‬
_/\_/\_/\_/\_
.
.
မောရသုတ်ရွတ်ဖတ်ရခြင်းအကျိုး
-----------------------------------------
.
ပီယဆေးခတ်ခြင်း၊ ပုဏ္ဏကတိုက်ခြင်း စသည်ဖြင့် သူတပါးတို့က မကောင်းမကြံနိုင်အောင်
ကာကွယ်နိုင်သည်။ အထူးသဖြင့် အပျိုရည် အပျို့သိက္ခာကို မြတ်နိုးသော မိန်းကလေးများအတွက် 
အကာအကွယ်ကောင်းဖြစ်သည်။ အန္တရာယ်ပြုရန် တစုံတယောက်က မိမိနောက်သို့ 
လိုက်နေသောအခါများတွင် ရွတ်နိုင်သည်။ သူတပါးက မိမိ၏ ရာထူးအခြေအနေ လျောကျအောင် 
ကြံစည်နေလျှင်လည်း အကာအကွယ် ကောင်းတစ်ခုဖြစ်ပေသည်။ လုပ်ကြံသတ်ဖြတ်မှု 
မခံရအောင်လည်း စွမ်းပေသေးသည်။

မောရသုတ်မြန်မာပြန်
-----------------------------
.
၁ - ၂၊ သဗ္ဗညုတ ဉာဏ်တော်၏ အခြေခံ အဆောက်အဦဖြစ်သော 
ပါရမီတို့ကို ဖြည့်ကျင့်တော်မူစဉ်အခါ ဥဒေါင်းမျိုး၌ ဖြစ်တော်မူခိုက် ဘုရားအလောင်း 
ဥဒေါင်းမင်းသည် ဤမောရပရိတ်ဖြင့် မိမိကိုယ်ကို ဘေးအန္တရာယ်ကင်းအောင် 
စီစဉ်ထားလေသည်။ မုဆိုးတို့သည် ဘုရားအလောင်း ဥဒေါင်းမင်းကို ဖမ်းယူရန် နှစ်ပေါင်းများစွာ
ကြိုးစားခဲ့ကြသော်လည်း ဖမ်း၍မရနိုင်ကြကုန်။ ဤမောရပရိတ်ကို မြတ်သောမန္တရား 
ဟူ၍ပင် မြတ်စွာဘုရား ဟောကြားခဲ့၏။ ယခုအခါ ဤမောရ ပရိတ်တော်ကို ကျွန်ုပ်တို့ 
စုပေါင်းရွတ်ဆိုကြပါကုန်စို့။
.
.
၃/ နေမင်းသည် လူတို့၏ မျက်စိသဖွယ်လည်း ဖြစ်၏။ ပြိုင်ဘက်ကင်းသော မင်းလည်းဖြစ်၏။ ရွှေ 
အဆင်းနှင့်တူသော အဆင်းလည်းရှိ၏။ မြေပြင်တခုလုံးကိုထွန်းပသော အလင်းရောင်လည်းရှိ၏။ 
ယခု ဤနေမင်းသည် တက်လတ်ပေ၏။ ကျွန်ုပ်သည် ရွှေအဆင်းရှိသော မြေပြင်၌
ထွန်းလင်းတောက်ပသော ဤနေမင်းကို ရှိခိုးပါ၏။ ရိုသေပါ၏။ ယနေ့တနေ့လုံး အသင်နေမင်း၏
အစောင့်အရှောက်ကို ခံယူပြီး ကျွန်ုပ်နေပါအံ့။
.
.
၎/ မြတ်စွာဘုရားတို့ မည်သည်မှာ မကောင်းမှု ဟူသမျှကို အပပြုကုန်ပြီဖြစ်၏။ တရားအားလုံးကို
သိမြင်တော်မူကြပြီး ဖြစ်၏။ ထိုဘုရားရှင်တို့အား ကျွန်ုပ် ရှိခိုးပါ၏။ ထိုဘုရားရှင်တို့ကလည်း 
ကျွန်ုပ်ကို စောင့်ရှောက်ကြပါစေသတည်း။ သစ္စာလေးပါးကို သိမြင်ပြီးသော ပုဂ္ဂိုလ်တို့အားလည်း 
ရှိခိုးပါ၏။ အရဟတ္တ မဂ်ဉာဏ်၊ သဗ္ဗညုတ ဉာဏ်တော်အားလည်း ရှိခိုးပါ၏။ ကိလေသာမှ 
ကင်းလွတ်ကုန်ပြီသော ပုဂ္ဂိုလ်တို့အားလည်း ရှိခိုးပါ၏။ ဦးညွှတ်ပါ၏။ ဤသို့လျှင်
ဘုရားအလောင်း ဥဒေါင်းမင်းသည် ဤပရိတ်အရံအတားကို ပြုပြီးမှ အစာရှာထွက်လေ၏။
.
.
၅/ နေမင်းသည် လူတို့၏ မျက်စိနှင့်တူ၏။ မြတ်သောမင်းလည်းဖြစ်၏။ ရွှေ အဆင်းအရောင်လည်း
ရှိ၏။ မြေပြင်၌လည်း ထွန်းလင်းတောက်ပ၏။ ဤနေမင်းသည် ယခုဝင်လေ၏။ ကျွန်ုပ်သည် ရွှေ 
အဆင်းရှိသော မြေပြင်၌ တောက်ပသော အရောင်ရှိသော ရှင်နေမင်းကို ဦးညွှတ်ရှိခိုးပါ၏။ ယခု 
တညဥ့်ပတ်လုံး အရှင်နေမင်း၏ အစောင့်အရှောက်ခံယူ၍ ကျွန်ုပ် နေပါအံ့။
.
.
၆/ မကောင်းမှုဟူသမျှကို ဖယ်ရှားပြီး တရားအလုံးစုံကို သိတော်မူကုန်သော ဘုရားရှင်တို့အား 
ဦးညွှတ်ရှိခိုးပါ၏ ။ ထိုဘုရားရှင်တို့သည် ကျွန်ုပ်ကို စောင့်ရှောက်ပါစေသတည်း။ သစ္စာလေးပါးကို
သိမြင်ပြီးသော အရိယာ ပုဂ္ဂိုလ်တို့အားလည်း အရဟတ္တမဂ်ဉာဏ်၊ သဗ္ဗညုတ 
ဉာဏ်တော်အား၎င်း၊ ကိလေသာအနှောင်အဖွဲ့မှ လွတ်မြောက်ပြီးသော ပုဂ္ဂိုလ်တို့အား၎င်း၊ 
အရဟတ္တဖိုလ် တရားအား၎င်း ကျွန်ုပ် ရှိခိုးပါ၏။ ဦးညွှတ်ပါ၏။ ဤသို့လျှင် ဥဒေါင်းမင်းသည် 
ဤပရိတ်အရံအတားကို ပြု၍ ညဥ့်အခါ၌ နေလေ၏။
.
.
.
.
.×××××××× မောရသုတ် အနက်ပြီး၏။ ။××××××××
.
.
._____ခဂ္ဂါ(ရု ပ္ကဆိုး)_____

‪#‎ခန္ဓသုတ်‬


ခန္ဓသုတ်ရွတ်ဖတ်ရခြင်းအကျိုး
------------------------------------
.
မြွေဘေးကင်းနိုင်သည်။ အခြားအဆိပ်ရှိသော သတ္တဝါတို့ ဘေးမှလည်း
လွတ်နိုင်သည်။ မြွေကိုက် ကင်းကိုက် ခံရသော အခါမျိုး၌လည်း 
အကြိမ်ကြိမ် ရွတ်နိုင်သည်။ ဘေးရန်ကို ကျော်လွန်နိုင်ပေသည်။
.
.
ခန္ဓသုတ်မြန်မာပြန်
------------------------.
.
၁/ ဤခန္ဓသုတ် ပရိတ်တော်သည် နတ်ဆေး နတ်မန္တရားနှင့် 
တူ၏။ မြွေလေးမျိုးတို့၏ ပြင်းထန်သော အဆိပ်ကို ပျောက်ကင်းစေ၏။
.
.
၂/ အာဏာခေတ်ဟုခေါ်သော စကြဝဠာ ကုဋေတသိန်း အတွင်း၌ 
သတ္တဝါအများရှိကြ၏။ မြွေမှတပါး ကျန်သော 
သတ္တဝါတို့၏ ဘေးရန်ကိုလည်း တားမြစ်နိုင်စွမ်းပေ၏။ ထိုပရိတ်တော်ကို 
ယခုအခါ ကျွန်ုပ်တို့ စုပေါင်း ရွတ်ဆိုကြပါကုန်စို့။
.
.
၃/ ဝိရူပက္ခ နဂါးမင်းတို့နှင့် အတူတကွ ကျွန်ုပ်၏ 
ချစ်ခြင်းမေတ္တာသည် ဖြစ်ပါစေ။ ဧရာပထ နဂါးမင်းတို့နှင့် အတူတကွ 
ကျွန်ုပ်၏ ချစ်ခြင်းမေတ္တာသည် ဖြစ်ပါစေ။ ဆဗျာပုတ္တ နဂါးမင်းတို့နှင့် 
အတတကွ ကျွန်ုပ်၏ ချစ်ခြင်းမေတ္တာသည် ဖြစ်ပါစေ။ ကဏှာဂေါတမ 
နဂါးမင်းတို့နှင့် အတူတကွ ကျွန်ုပ်၏ ချစ်ခြင်းမေတ္တာသည် ဖြစ်ပါစေ။
.
.
၎/ အခြေမဲ့သော သတ္တဝါ၊ အခြေနှစ်ချောင်းရှိသော သတ္တဝါ၊ 
အခြေလေးချောင်းရှိသော သတ္တဝါ၊ ခြေထောက်များစွာရှိသော သတ္တဝါ၊
ဤသတ္တဝါအားလုံးနှင့် ကျွန်ုပ်၏ ချစ်ခြင်းမေတ္တာသည် 
အတူတကွ ဖြစ်ပါစေသတည်း။
.
.
၅/ အခြေမဲ့သော သတ္တဝါဟူသမျှသည် ကျွန်ုပ်ကို မညှင်းဆဲစေသတည်း။ 
အခြေနှစ်ချောင်းရှိသော သတ္တဝါဟူသမျှသည် ကျွန်ုပ်ကို 
မညှင်းဆဲစေသတည်း။ ခြေလေးချောင်းရှိသော သတ္တဝါဟူသမျှသည် 
ကျွန်ုပ်ကို မညှင်းဆဲစေသတည်း။ ခြေထောက်များစွာရှိသော 
သတ္တဝါဟူသမျှသည် ကျွန်ုပ်ကို မညှင်းဆဲစေသတည်း။
.
.
၆/ အာရုံငါးပါးကို ခုံမင်တတ်သော သတ္တဝါအားလုံးတို့သည်၎င်း၊ 
အသက်ရှူရှိုက်တတ်သော သတ္တဝါ အားလုံးတို့သည်၎င်း၊ ကိုယ်ကာယ
အထင်အရှားဖြစ်သော သတ္တဝါအားလုံးတို့သည်၎င်း၊ သတ္တဝါတိုင်း 
သတ္တဝါတိုင်းသည် အကောင်း အမြတ်တို့ကိုသာ မြင်ကြပါစေ။
အနည်းငယ်မျှပင် မကောင်းမှုသို့ မရောက်ကြပါစေနှင့်။
.
.
၇/ (ကိလေသာသည် နှိုင်းယှဉ်စရာ 
အကြောင်းပမာဏဖြစ်၏။) မြတ်စွာဘုရားသည် ပမာဏပြုစရာ
ကိလေသာမရှိ။ တရားတော်သည်လည်း ပမာဏပြုစရာ ကိလေသာမရှိ။ 
သံဃာတော်သည်လည်း ပမာဏပြုစရာ ကိလေသာမရှိ။ ကင်း၊ သန်း၊ မြွေ၊ 
ကင်းပုစွန်၊ ကင်းခြေများ၊ ပင့်ကူ (ပင့်ကူနက်)၊ တက်တူ (အိမ်မြှောင်)၊
ကြွက်စသော သတ္တဝါတို့သည် ပမာဏပြုစရာ ကိလေသာ ရှိကြကုန်၏။
.
.
၈/ ကျွန်ုပ်သည် အစောင့်အရှောက်ကို ပြုအပ်ပြီ။ အရံအတားကို ပြုအပ်ပြီ။ 
သတ္တဝါတို့သည် ဖဲရှောင်ကြကုန်လော့၊ ကျွန်ုပ်သည် 
ဘုန်းတော်ကြီးသော မြတ်စွာဘုရားအား ရှိခိုးပါ၏။ ဝိပဿီ စသော ဘုရားခုနှစ်ဆူတို့အားလည်း ဦးညွှတ်ရှိခိုးပါ၏။
.
.
.
.
.
. ခန္ဓသုတ် အနက် ပြီး၏။ ။
.
___________ခဂ္ဂါ(ရု ပ္ကဆိုး)

‪#‎မေတ္တသုတ်‬


#‎မေတ္တသုတ်‬
_/\_/\_/\_/\_/\_
.
.
မေတ္တသုတ် ရွတ်ဖတ်ခြင်းအကျိုး
-------------------------------------
.
ချမ်းချမ်းသာသာ အိပ်ရနိုးရစေသည်။ အိပ်မက်ဆိုးများ မမက်အောင် ကာကွယ်နိုင်သည်။ မျက်နှာ
ကြည်လင်၍ လူချစ်လူခင် များလိမ့်မည်။ အိပ်ခါနီးဆဲဆဲမှာ ရွတ်ပြီးအိပ်လျှင် ညအခါ 
ဘီလူးစီးခြင်း၊ ယောင်ယမ်း၍ ထပြေးခြင်း၊ အိပ်နေရင်း အသံနက်ကြီးဖြင့် အော်ခြင်း၊ 
အိပ်ရာနားရှိ တွေ့ကရာ ပစ္စည်းတို့ဖြင့် ယောင်ယမ်းပြီး ပစ်ပေါက်ခြင်း စသည်တို့ ကင်းသည်။ 
ထိုသို့ဖြစ်တတ်သူများသည် အထူးတလည် မေတ္တသုတ်ကို ရွတ်သင့်ပေသည်။
.
.
မေတ္တသုတ် မြန်မာပြန်
--------------------------
.
၁/ မေတ္တသုတ်၏ အာနုဘော်ကြောင့် ဘီလူး၊ ဘုမ္မစိုးတို့သည် ကြောက်မက်ဖွယ်ကောင်းအောင်
ရုပ်အဆင်းကို ဖန်ဆင်း၍ လူတို့အား မပြဝံ့ကြကုန်။ မေတ္တသုတ်တော်ကို 
ညဥ့်အခါ၌၎င်း၊ နေ့အခါ၌၎င်း မပျင်းမရိ ရွတ်ဖတ်လေ့ရှိသောသူသည် -
.
.
၂/ အိပ်သောအခါ ချမ်းသာစွာ အိပ်ရလေ၏။ အိပ်ပျော်နေစဉ်၌လည်း အိပ်မက်ဆိုးကို 
မမြင်မက်နိုင်။ ဤသို့သော ကျေးဇူးဂုဏ်နှင့် ပြည့်စုံသော မေတ္တသုတ် ပရိတ်တော်ကို ကျွန်ုပ်တို့ 
စုပေါင်း ရွတ်ဆိုကြပါကုန်စို့။
.
.
၃/ အကျိုးစီးပွား၌ လိမ္မာသောသူသည် ငြိမ်သက်စွာသော နိဗ္ဗာန်သို့ ဉာဏ်ဖြင့် 
သက်ဝင်ခြင်းကို ပြုရာသည်။ ပြုနိုင်စွမ်း ရှိသူလည်း ဖြစ်ရာ၏။ ကောင်းစွာဖြောင့်မတ်ရာ၏။
ပညာရှိတို့ ဆိုလွယ် ဆုံးမလွယ်သူလည်း ဖြစ်ရာ၏။ နူးညံ့ သိမ်မွေ့ရာ၏။ မာန်မာန မထားရာ။
.
.
၎/ ရောင့်ရဲလွယ်ရာ၏။ သူတပါးတို့က ပြုစုလွယ်၊ မွေးမြူလွယ်သူမျိုး ဖြစ်ရာ၏။ ကိစ္စနည်းစေရာ၏။ 
အသက်မွေးမှု ပေါ့ပါးခြင်း ရှိရာ၏။ မျက်စိ စသော ဣနြေ္ဒ တည်ငြိမ်မှု ရှိရာ၏။ အမူအရာ 
မကြမ်းတမ်းစေရာ။ ဒါယကာများ ဆွေမျိုးများ၌ သံယောဇဉ် ညှိတွယ်လွန်းခြင်း မဖြစ်စေရာ။
.
.
၅/ ပညာရှိတို့ ကဲ့ရဲ့ဖွယ်ဖြစ်သော မကောင်းမှု တစုံတခုကို အနည်းငယ်မျှပင် မပြုမကျင့်ရာ။ 
သတ္တဝါခပ်သိမ်း ချမ်းသာကြပါစေ။ ဘေးမရှိပါစေနှင့်။ ကိုယ်၏ချမ်းသာခြင်း၊ 
စိတ်၏ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေ။
.
.
၆/ အသက်ရှူရှိက်သော သတ္တဝါအားလုံး၊ ထိတ်လန့်လွယ်သော သတ္တဝါအားလုံး၊ 
တည်ကြည်သော သတ္တဝါအားလုံး၊ ကိုယ်ခန္ဓာရှည်သော သတ္တဝါအားလုံး ၊ ကြီးသော 
သတ္တဝါအားလုံး၊ မတိုမရှည် မကြီးမငယ် အလယ်အလတ်ဖြစ်သော သတ္တဝါ၊ ပုသော တိုသော 
သတ္တဝါ၊ ပိန်သော ကြုံသော သတ္တဝါ ၊ ဆူသော ဖြိုးသော သတ္တဝါ။
.
.
၇/ မျက်စိဖြင့်မြင်နိုင်သော သတ္တဝါ၊ မျက်စိဖြင့် မမြင်နိုင်သော သတ္တဝါ၊ အဝေးမှာရှိသော သတ္တဝါ၊ 
မနီးမဝေးမှာရှိသော သတ္တဝါ၊ ဖြစ်ပြီးသော သတ္တဝါ၊ နောင်ဖြစ်လတ္တံသော သတ္တဝါ၊ ဆိုခဲ့ပါ
သတ္တဝါအားလုံးသည် ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေကုန်သတည်း။
.
.
၈/ တယောက်နှင့် တယောက် အမျက်ဒေါသ မထွက်ရာ၊ အလုပ်ကိစ္စ တခုခုနှင့် စပ်လျဉ်း၍ 
တယောက်ယောက်ကို ချုပ်ချယ်သောစကား မပြောရာ၊ မုန်းတီးသောစိတ်ဖြင့် အမှတ်မထားရာ၊ 
အနည်းငယ်မျှ မထီမဲ့မြင် မထင်ကောင်း၊ အချင်းချင်း တယောက်နှင့်တယောက် ဆင်းရဲဒုက္ခကို 
အလို မရှိသင့်ပေ။
.
.
၉/ အမိသည် မိမိဝမ်း၌လွယ်၍ မွေးရသော တဦးတည်းသောသားကို အသက်လောက် 
ချစ်မြတ်နိုး၍ အစဉ်မပြတ် စောင့် ရှောက်သည့်နည်းတူ သတ္တဝါအားလုံးတို့အပေါ်၌ အတိုင်းမသိ 
ကြီးမားသော မေတ္တာစိတ်ကို ပွားများရာ၏။
.
.
၁၀/ အထက်အောက် ဘေးဘီ အရပ်မျက်နှာအားလုံး အကျဉ်းအမြောင်းမရှိ၊ အတွင်းရန် 
အပြင်ရန်မရှိ၊ အတိုင်းမသိ မြတ်နိုးတတ်သော မေတ္တာစိတ်ကို ပွားများစေရာ၏။
.
.
၁၁/ အိပ်ငိုက်သောအခါမှတပါး မတ်တပ်ရပ်စဉ်ဖြစ်စေ၊ လမ်းလျှောက်သွားနေစဉ်ဖြစ်စေ၊ 
ထိုင်နေစဉ် ဖြစ်စေ၊ လဲလျောင်းနေစဉ်ဖြစ်စေ အမြဲမပြတ်သတိချပ်လျက် မေတ္တာပို့နေရာ၏။ 
ယင်းသို့ မေတ္တာစိတ်နှင့် အမြဲမပြတ်နေခြင်း၊ ထိုင်ခြင်းကို “မြတ်သောနေခြင်း”ဟူ၍ ဤဂေါတမဘုရား သာသနာတော်၌ ဆိုကြလေပြီ။
.
.
၁၂/ မှားသောအယူဝါဒကို လက်မခံဘဲ ကိုယ်ကျင့်သီလ ရှိစေရာ၏။ 
မဂ်ဉာဏ်အမြင်နှင့် ပြည့်စုံစေရာ၏။ ကိလေသာအာရုံ ကာမဂုဏ်တို့၌ တပ်နှစ်သက်ခြင်းကို 
ပယ်ဖျောက်ရာ၏။ ဤသို့သော လူမျိုးသည် မိခင်ဝမ်း၌ တဖန် ပဋိသန္ဓေ မနေရတော့ပေ။ ဝဋ်ဘဝ 
ချုပ်ငြိမ်း၍ နိဗ္ဗာန်ချမ်းသာသို့ ရောက်ပေလတ္တံ။
.
.
.
. မေတ္တသုတ် အနက်ပြီး၏။ ။
.
._______ခဂ္ဂါ(ရု ပ္ကဆိုး)___

‪#‎ရတနသုတ်‬

‪#‎ရတနသုတ်‬
_/\_/\_/\_/\_/\_
.




ရတနသုတ်ရွတ်ဖတ်ခြင်းအကျိုး
------------------------------------
.
• ကပ်ကြီးသုံးပါးကို ကျော်နင်းစေနိုင်သည်။ 
• စုန်း၊ တစ္ဆေ၊ ကဝေ ပယောဂ ဟူသမျှကို နိုင်သည်။ 
• အကြောင်းအမျိုးမျိုးကြောင့် ဆင်းရဲဒုက္ခ ရောက်ရသောအခါ၊ အချုပ်ထောင်၊ နှောင်အိမ် စသည်တို့၌ ကျရောက်သောအခါ အမြန် လွတ်မြောက်စေနိုင်သည်။ 
• နတ်ကောင်း နတ်မြတ်တို့၏ စောင်မ ကြည့်ရှုခြင်းကို ခံရမည် ဖြစ်ပေသည်။
.
.
ရတနသုတ်မြန်မာပြန်
-------------------------
.
၁/ ဒီပင်္ကရာ ထွတ်ချာသေဌ်နင်း တရားမင်း၏ခြေရင်းတော်၌ ဘုရားဆုကို တောင်းသည့်ကာလမှ အစပြု၍ 
.
• မြတ်စွာဘုရား ဖြည့်ဆည်းဖူးခဲ့သော ပါရမီ(၁ဝ) ပါး၊ ဥပ ပါရမီ(၁ဝ) ပါး၊ ပရမတ္တ ပါရမီ (၁ဝ)ပါး 
အားဖြင့် အမျှ(၃ဝ)သော ပါရမီတို့ကို၎င်း၊ 
• စွန့်ခြင်းကြီး ငါးပါးတို့ကို၎င်း၊ 
• လောက၏ အကျိုးစီးပွားအလို့ငှာ ကျင့်ခြင်း၊ ဆွေတော်မျိုးတော်တို့၏ အကျိုးစီးပွားအလို့ငှာ ကျင့်ခြင်း၊ ဘုရားဖြစ်ခြင်းအကျိုးငှာ ကျင့်ခြင်း ဟူသော စရိယသုံးပါးတို့ကို၎င်း၊ 
• နောက်ဆုံးဘဝ၌ အမိဝမ်းတွင်း၌ ပဋိသန္ဓေ ယူတော်မူခြင်း၊ ဖွားမြင်ခြင်း၊ မြတ်သော တောထွက်ခြင်း၊ ပြင်းစွာသောလုံ့လဖြင့် ကမ္မဌာန်းအကျင့်ကို 
ကျင့်ခြင်း၊ ဗောဓိပလ္လင်၌ မာရ်ငါးပါးကို အောင်မြင်တော်မူခြင်း၊ သဗ္ဗညုတညဏ်ကို ထိုးထွင်းသိမြင်
ရရှိခြင်း၊ ဓမ္မစကြာ တရားတော်မြတ်ကို ဟောကြားခြင်းနှင့် ကိုးပါးသော လောကုတ္တရာ 
တရားတို့ကို၎င်း၊
.
ဤသို့လျှင် မြတ်စွာဘုရား၏ ကျေးဇူးတော် ဂုဏ်တော် အားလုံးတို့ကိုလည်း စိတ်ဖြင့်
ဆင်ခြင်၍ ဝေသာလီပြည်၏ မြို့တံတိုင်း သုံးထပ်တို့၏ အကြားတို့၌ ညဥ့်သုံးယံ ကာလပတ်လုံး 
ပရိတ်ရွတ်ဖတ် အရံအတား ပြုခဲ့သော အရှင် အာနန္ဒာမထေရ်မြတ်ကဲ့သို့ (သတ္တဝါတို့အပေါ်)
သနားကရုဏာ စိတ်ထားလျက် (ရတန သုတ်ပရိတ်တော်ကို ရွတ်ဖတ်ကြပါကုန်စို့။)
.
.
(၂ - ၃ )၊ ရတနသုတ် ပရိတ်တော်၏ အာဏာစက်ကို စကြစဠာ ကုဋေတသိန်း၌ ရှိကြကုန်သော
နတ်အပေါင်းတို့က ခံယူကြကုန်၏။ ဤပရိတ်တော်သည် ဝေသာလီပြည်၌ ကျရောက်သော 
အနာ ရောဂါဘေး၊ ဘီလူးဘေး၊ အစာငတ်မွတ် ခေါင်းပါးခြင်းဘေး ဟူသော ဘေးအန္တရာယ်ကြီး 
သုံးမျိုးကို လျင်မြန်စွာ ကွယ်ပျောက်စေနိုင်ခဲ့၏။ ယခုအခါ၌ ဤရတနသုတ် ပရိတ်တော်ကို
ကျွန်ုပ်တို့ စုပေါင်း ရွတ်ဆိုကြပါကုန်စို့။
.
.
၎/ မြေ၌တည်ကုန်သော ဘုမ္မစိုး၊ ရုက္ခစိုး၊ စတုမဟာရာဇ်၊ တာဝတိံသာ
နတ်တို့သည်၎င်း၊ ကောင်းကင်၌ ဖြစ်ကုန်သော ယာမာ၊ တုသိတာ စသောနတ်တို့သည်၎င်း
ဤပရိတ်ရွတ်ရာ နေရာအရပ်၌ အညီအညွှတ် ရောက်ရှိလာကြကုန်ပြီ။ နတ်ပရိသတ်အားလုံး 
ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြပါကုန်။ မြတ်စွာဘုရား ဟောတော်မူခဲ့သော ပရိတ် 
တရားတော်ကိုလည်း ရိုသေလေးမြတ်စွာ နာယူကြပါကုန်။
.
.
၅/ အို… နတ်အပေါင်းတို့။ ဤနေရာ၌ အညီအညွှတ် စည်းဝေးရောက်ရှိနေကြသော
သင်နတ်အများ နားဆင်ကြပါကုန်။ လူတို့သည် နေ့ညမဟူ ကြည်ဖြူလေးမြတ်စွာ 
အသင်နတ်တို့အား ပူဇော်ပသမှု ပြုကြပါသည်။ သို့ဖြစ်၍ သင်တို့သည် လူတို့အား 
ချစ်ခင်ကြပါကုန်။ မမေ့မလျော့ စောင့်ရှောက် ကြပါကုန်။
.
.
၆/ လူ့ပြည်၌ ဖြစ်စေ၊ နဂါးပြည် ဂဠုန်ပြည်၌ ဖြစ်စေ၊ နတ်ပြည်၌ ဖြစ်စေ အမြင့်အမြတ် သတ်မှတ်
သုံးဆောင်ကြသော ဥစ္စာ ရတနာတို့သည် ရှိကြကုန်၏။ ထိုရတနာတို့အနက်
ဘုရားတည်ဟူသော ရတနာနှင့်တူသော ရတနာဟူ၍ မရှိချေ။ မြတ်စွာဘုရားသည် အရဟံ
စသော ဂုဏ်တော် ကျေးဇူးတော်တို့နှင့်ပြည့်စုံသော ရတနာမြတ် ဖြစ်ပါပေသည်။
ဤသို့မှန်ကန်သော သစ္စာစကားကြောင့် သတ္တဝါအများ ပွားစီးတိုးတက်
ချမ်းသာကြပါစေသတည်း။
.
.
၇/ သာကီဝင်မင်းတို့၏ အထွတ်ဖြစ်တော်မူသော မြတ်စွာဘုရားသည် တည်ကြည်လှသော
သမာဓိစိတ် ရှိသည့် အတွက်ကြောင့် ကိလေသာတို့၏ ကုန်ရာကင်းရာ
မသေရာဖြစ်သော မြတ်နိဗ္ဗာန်ကို သိရှိတော်မူလေသည်။ (လောက၌)
ထိုနိဗ္ဗာန်ဓာတ်မြတ်နှင့် နှိုင်းတုစရာရတနာ တခုမျှမရှိပါချေ။ နိဗ္ဗာန်သည် ကိလောသာကုန်စင်ခြင်း
စသည့်ဂုဏ်ကြောင့် ရတနာမြတ် ဖြစ်ပါပေ၏။ ဤသို့ မှန်ကန်သော သစ္စာစကားကြောင့်
သူတော်တကာ သတ္တဝါအများ ပွားစီးတိုးတက် ချမ်းသာကြပါစေသတည်း။
.
.
၈/ သောတာပတ္တိမဂ်ဖြင့်သိသော၊ အပိုင်းအခြားကို မလွန်ဘဲ သိတတ်သော၊ 
စင်လည်းစင်ကြယ်လှသော အရဟတ္တမဂ်နှင့် ယှဉ်သည့် သမာဓိကို မြတ်စွာဘုရား
ချီးမွမ်းတော်မူ၏။ မဂ်၏ အခြားမဲ့၌ အကျိုးပေးတတ်၏ ဟူ၍လည်း ဟောတော်မူ၏။ 
ထိုအရဟတ္တမဂ် သမာဓိနှင့် တူသော မည်သည့် သမာဓိမျိုးမှ မရှိချေ။ ထိုသမာဓိသည် 
စင်စစ်မြတ်လှ၏။ ဤသို့ မှန်ကန်သော သစ္စာစကားကြောင့် သတ္တဝါအများ ပွားစီးတိုးတက်
ချမ်းသာကြပါစေသတည်း။
.
.
၉/ အရိယာ ပုဂ္ဂိုလ် (၈)ယောက်တို့ကို ဘုရားအစရှိသော သူတော်ကောင်းအပေါင်းတို့က
ချီးမွမ်းကြကုန်၏။ တနည်းအားဖြင့် ပုဂ္ဂိုလ် (၁ဝ၈) ယောက်တို့သည် မြတ်စွာဘုရား 
ချီးမွမ်းထိုက်သော ပုဂ္ဂိုလ်များ ဖြစ်ကြကုန်၏။ ပုဂ္ဂိုလ်အားဖြင့် ရှစ်ယောက် (လေးစုံ) ဖြစ်ကြကုန်၏ ။
.
မြတ်စွာဘုရား၏ တပည့်သာဝကာ ဖြစ်ကြကုန်သော ထိုပုဂ္ဂိုလ်ရှစ်ယောက် (၁ဝ၈ ယောက်) 
တို့သည် မြတ်သော အလှူကို ခံယူထိုက်ကြကုန်၏။ ထိုပုဂ္ဂိုလ်မြတ် (၈)ဦးတို့အား ပေးလှူသော 
အလှူဝတ္ထုတို့သည် အကျိုးများစွာရှိကုန်၏။ ဘုရားရှင် ချီးမွမ်းတော်မူသော ထိုအရိယာ
သံဃာရတနာတို့သည်လည်း မြတ်လှပေ၏။ ဤသို့မှန်ကန်သော 
သစ္စာစကားကြောင့်
သတ္တဝါတို့အား ပွားစီးတိုးတက် ချမ်းသာပါစေသတည်း။
.
.
၁၀/ ရဟန္တာအရှင်သူမြတ်တို့သည် ဂေါတမ မြတ်စွာဘုရားရှင်၏ သာသနာတော်၌
ခိုင်မြဲပြင်းထန်သော စိတ်ဖြင့် ကောင်းစွာ အားထုတ်ကြ၍ ဝဋ်ဒုက္ခမှ
လွတ်မြောက်ကြရလေသည်။ နိဗ္ဗာန်ကို အာရုံပြုသောအားဖြင့် ဖြစ်၍ ကိလေသာတို့မှ
ကင်းကုန်လျက် နိဗ္ဗာန်ချမ်းသာကို စံစားကြရကုန်သည်။
အရဟတ္တဖိုလ်သို့ ရောက်ကြရကုန်သည်။ ရဟန္တာ အရိယာ သံဃာတောတည်းဟူသော
ရတနာသည်လည်း မြတ်လှပေ၏။ ဤသို့ မှန်ကန်သော သစ္စာစကားကြောင့် သတ္တဝါတို့အား
တိုးတက် ချမ်းသာပါစေသတည်း။
.
.
၁၁/ မြေ၌ မြုပ်စိုက်ထားသော ကျောက်စာတိုင်သည် အရပ်လေးမျက်နှာမှ လေပြင်းမုန်တိုင်း
တိုက်ခတ်မှုဒဏ်ကြောင့် တုန်လှုပ်ခြင်း မရှိချေ။ အရိယာ သစ္စာလေးပါးကို သောတာပတ္တိ
မဂ်ညဏ်ဖြင့် သက်ဝင်၍ သိမြင်ပြီးသော သောတာပန် ပုဂ္ဂိုလ်ကို ထိုကျောက်စာတိုင်နှင့်တူ၏
ဟူ၍ မြတ်စွာဘုရား ဟောကြားတော်မူလေ၏။ ဤသို့လျှင် တုန်လှုပ်ခြင်း
ကင်းသော သောတာပန် အရိယာ သံဃာတော်တည်းဟူသော
ရတနာသည်လည်း မြတ်လှပေ၏။ ဤသစ္စာစကားကြောင့် သတ္တဝါတို့အား
စီးပွားချမ်းသာ ဖြစ်လာပါစေသတည်း။
.
.
၁၂/ နက်နဲသော ပညာရှိသော မြတ်စွာဘုရားသည် ကောင်းစွာ ဟောကြားတော်မူထားသော
အရိယာသစ္စာတို့ကို သိမြင်ပြီးဖြစ်သည့် သတ္တက္ခတ္တု ပရမ သောတာပန်
(ခုနှစ်ဘဝကျန် သောတာပန်) တို့သည် တရားကို ပွားများ အားထုတ်ရန်
လွန်စွာ မေ့လျော့နေပါငြားသော်လည်း ရှစ်ဘဝမြောက်အထိ မဖြစ်တော့ချေ။ (ခုနှစ်ဘဝမှာပင်
သတိပြန်ရ တရားအားထုတ် ရဟန္တာဖြစ်၍ ပရိနိဗ္ဗာန် စံဝင်လေသည်။) ဤသို့လျှင်
ရှစ်ကြိမ်မြောက်ဘဝကို ယူခြင်းမရှိသော သတ္တက္ခတ္တု ပရမ သောတာပန် တည်းဟူသော
ရတနာသည်လည်း မြတ်လှပေ၏။ ဤသို့ မှန်သော သစ္စာစကားကြောင့်
သတ္တဝါတို့အား ကောင်းသော အစီးအပွား ဖြစ်ထွန်းပါစေသတည်း။
.
.
၁၃/ အတ္တဟူသော မိမိကိုယ်ရှိ၏ ဟူ၍ခံယူခြင်း၊ ရှစ်ပါးသောဌာနတို့၌ ယုံမှားခြင်း၊ နွားလို၊ ခွေးလို
ကျင့်ခြင်းဖြင့် သံသရာမှ လွတ်မြောက်နိုင်သည်ဟု အထင်မှားခြင်း၊
ဤအမှားသုံးရပ်ကို သောတာပန် ပုဂ္ဂိုလ်သည် သောတာပန် ဖြစ်လျှင်ဖြစ်ခြင်း
ပယ်စွန့်ပြီး ဖြစ်လေ၏။ မည်သည့် မှားသောအယူကိုမဆို ပယ်စွန့်လေ၏။
.
.
၁၄/ ထိုသောတာပန် ပုဂ္ဂိုလ်မြတ်သည် အပါယ်လေးပါးမှ လွတ်လေ၏။
လွန်ကဲသောအကြောင်း ခြောက်ရပ်တို့ကိုလည်း မပြုထိုက်တော့ပေ။ ဤသို့လျှင် ယုံမှား၊ ယူမှား
တရားသုံးပါးကို ပယ်နိုင်သော သောတာပန်အရိယာ သံဃာ ရတနာသည်လည်း မြတ်လှပေ၏။
ဤသစ္စာစကားကြောင့် သတ္တဝါတို့အား ကောင်းကျိုးချမ်းသာ ဖြစ်လာပါစေသတည်း။
.
.
၁၅/ သောတာပန်ပုဂ္ဂိုလ်သည် ကိုယ်ဖြင့်ဖြစ်စေ နှုတ်ဖြင့်ဖြစ်စေ၊ စိတ်ထဲကဖြစ်စေ
မကောင်းမှုတခုခုကို အကယ်၍ ပြုမိငြားအံ့၊ သူသည် ထိုမကောင်းမှုကို ဖုံးကွယ်ဖို့ရာ
မကြိုးစားတော့ချေ။ သောတာပန်သည် နိဗ္ဗာန်ကို မဂ်ညဏ်ဖြင့် မြင်ပြီးသူ ဖြစ်၍ မကောင်းမှုကို
သိုဝှက်ခြင်း မရှိတော့ကြောင်း ဟောကြားတော်မူခဲ့၏။ ဤသို့လျှင် ပြုမိသော မကောင်းမှုကို
ဖုံးကွယ်ခြင်း မရှိသော သောတာပန် သံဃာတည်းဟူသော ရတနာသည်လည်း မြတ်လှပေ၏။
ဤမှန်သော သစ္စာစကားကြောင့် သတ္တဝါတို့အား ချမ်းသာသုခ ဖြစ်ပါစေသတည်း။
.
.
၁၆/ နွေဥတု လေးလတွင် အစဦးဖြစ်သော (တပေါင်းလပြည့်ကျော် တစ်ရက်မှ
တန်ခူးလပြည့်ကျော် အထိ) နွေလအတွင်း၌ ပင်တိုင်းပင်တိုင်း ပင်လုံးကျွတ်
ပွင့်လျက်ရှိသော တောအုပ်သည် အသရေ ရှိလှဘိသကဲ့သို့ ထိုတောအုပ်နည်းတူ
အသရေရှိလှသော နိဗ္ဗာန်သို့လည်း ရောက်စေတတ်သော
ပရိယတ္တိတရားတော်ကို မြတ်သော လောကုတ္တရာ
အကျိုးစီးပွားအတွက် မြတ်စွာဘုရား ဟောကြားတော်မူခဲ့လေပြီ။
ယင်းသို့ ဟောကြားတော်မူသော ဒေသနာတော်ရှင် ဘုရား ရတနာတော်သည်လည်း
မွန်မြတ်လှပေ၏။ ဤမှန်သော သစ္စာစကားကြောင့် သတ္တဝါအပေါင်းအား ကောင်းသော

စီးပွားချမ်းသာ ဖြစ်ပါစေသတည်း။

   .
၁၇/ မိမိကိုယ်တိုင် မြင့်မြတ်တော်မူ၍ မြတ်သောတရားကိုလည်း
သိမြင်တော်မူသော လောကုတ္တရာ တရားမြတ်ကိုလည်း
သတ္တဝါတို့အား ပေးတော်မူတတ်သော၊ မြတ်သောအကျိုးစီးပွားကိုလည်း ဆောင်ကြဉ်းတော်မူတ
တ်သော၊ မိမိထက် သာလွန်သူမရှိသော ဘုရားမြတ်စွာသည် မြတ်သော
တရားကိုပင် ဟောကြားတော်မူလေသည်။ ဤသို့လျှင် သတ္တဝါတို့၏ ဣနြေ္ဒ အနုအရင့်ကို
သိရှိနားလည်လျက် တရားမြတ်ကို ဟောကြားတတ်သော “ဘုရား” တည်းဟူသော
ရတနာသည်လည်း မြတ်လှပေ၏။ ဤသို့မှန်သော သစ္စာစကားကြောင့်
သတ္တဝါတိုင်း ကောင်းသော အကျိုးစီးပွား ဖြစ်ထွန်းပါစေသတည်း။
.
.
၁၈/ ရဟန္တာ အရှင်သူမြတ်တို့သည် တမလွန်ဘဝကိုလှမ်း၍ တပ်မက်ခြင်း စိတ်မရှိကုန်၊
ရဟန္တာတို့အား ရှေးရှေးသော ဘဝများစွာက ပြုလုပ်အားထုတ်ခဲ့ဖူးသည့်
ကံဟောင်းကံကြွင်းဟူသမျှ ကုန်လေပြီး ဘဝသစ်၌ ဖြစ်စရာကံလည်း မရှိချေ။ ကံတည်းဟူသော
မျိုးစေ့ကုန်လေပြီ။ ဘဝသစ် ဖြစ်လိုသည့် ဆန္ဒလည်း မရှိတော့ပေ။ ပညာညဏ်လည်း ရင့်သန်
ကြီးမားကြကုန်၏။ ထိုရဟန္တာ အရှင်သူမြတ်တို့သည် (သေသောအခါ)
ဤဆီမီးသည် ငြိမ်းလေသကဲ့သို့ ငြိမ်းတော်မူကြကုန်၏။ ဤသို့လျှင် ဘဝသစ် ပြန်ဖြစ်ခြင်း
မရှိသော ရဟန္တာ သံဃာတော်မြတ် ရတနာသည်လည်း မြတ်လှပေ၏။ ဤမှန်သော
သစ္စာစကားကြောင့် သတ္တဝါအပေါင်းအား ကောင်းသော အကျိုးစီးပွား ဖြစ်ထွန်းပါစေ သတည်း။
.
.
၁၉/ မြေနှင့်စပ်၍ တည်ကုန်သော ဘုမ္မစိုး၊ ရုက္ခစိုး၊ စာတုမဟာရာဇ်၊ တာဝတိံသာ
နတ်တို့သည်၎င်း၊ ကောင်းကင်၌ ဖြစ်ကုန်သော ယာမာ၊ တုသိတာ စသော နတ်တို့သည်၎င်း၊
ဤအရပ် ဤဒေသ၌ ညီညွှတ် ပေါင်းဆုံမိကြကုန်၏။ ကျွန်ုပ်တို့နတ်အပေါင်းက ရှေးရှေးသော
ဘုရားရှင်များနည်းတူ ပွင့်တော်မူလာသော၊ နတ်လူအပေါင်းတို့က
ပူဇော်ထိုက်သော မြတ်စွာဘုရားကို ရှိခိုးကြပါကုန်၏။ သတ္တဝါအပေါင်းအား ကောင်းသော
အကျိုးစီးပွား ဖြစ်ပါစေသတည်း။
.
.
၂၀/ မြေနှင့်စပ်၍တည်ကုန်သော ဘုမ္မစိုး၊ ရုက္ခစိုး၊ စာတုမဟာရာဇ်၊ တာဝတိံသာ
နတ်တို့သည်၎င်း၊ ကောင်းကင်၌ ဖြစ်ကုန်သော ယာမာ၊ တုသိတာ စသော နတ်တို့သည်၎င်း၊
ဤအရပ် ဤဒေသ၌ ညီညွှတ်ပေါင်းဆုံမိကြကုန်၏။ ကျွန်ုပ်တို့နတ်အပေါင်းက ရှေးရှေးသော
ဘုရားရှင်များ ဟောကြားသည့်နည်းတူ ဟောကြားခဲ့သော တရားတော်မြတ်ကို
ရှိခိုးဦးညွှတ်ကြပါကုန်၏။ သတ္တဝါအပေါင်းလည်း ချမ်းသာသုခ ရှိကြပါစေသတည်း။
.
.
၂၁/ မြေနှင့်စပ်၍တည်ကုန်သော ဘုမ္မစိုး၊ ရုက္ခစိုး၊ စာတုမဟာရာဇ်၊ တာဝတိံသာ
နတ်တို့သည်၎င်း၊ ကောင်းကင်၌ ဖြစ်ကုန်သော ယာမာ၊ တုသိတာ စသော နတ်တို့သည်၎င်း၊
ဤအရပ် ဤဒေသ၌ ညီညွှတ်ပေါင်းဆုံမိကြကုန်၏။ ကျွန်ုပ်တို့နတ်အပေါင်းက ရှေးရှေးသော
ဘုရားရှင်များ ခေတ်မှာကဲ့သို့ ကောင်းစွာပေါ်ပေါက်လာသော၊ နတ်လူတို့က ပူဇော်ထိုက်သော
သံဃာတော်မြတ် ရတနာကိုလည်း ဦးညွှတ်ရှိခိုးကြပါကုန်၏။ သတ္တဝါတို့အား ကောင်းသော
အကျိုးစီးပွား ဖြစ်ထွန်းပါစေသတည်း ။
.
.
.
.
.
. ရတနသုတ် အနက်ပြီး၏။ ။
.
............................ခဂ္ဂါ(ရု ပ္ကဆိုး)...............