Monday, April 7, 2014

လေးတန်ချောင်း ကို ကယ်တင်ကြပါစို့

လေးတန်းချောင်းရေ သဘာဝရေအတိုင်း ပြန်လည် စီးဆင်းစေရန် ဒေသခံများ လိုလားနေ


စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊
လေးတန်းချောင်းရိုးတစ်လျှောက်ရှိ ကျေးရွာသူ/သားများမှ
လေးတန်ချောင်းဖျားရှိ ရွှေတူးဖော်ရေး လုပ်ငန်းများကြောင့်
ချောင်းရေနောက်ကျိနေခြင်းအား သက်ဆိုင်ရာမှ တားဆီးပေးပြီး သဘာဝရေအတိုင်း
ပြန်လည် စီးဆင်းစေရန် လိုလားနေကြကြောင်း၊ လေးတန်ချောင်းသည်
ကချင်ပြည်နယ်မှ ချောင်းဖျားခံစီးဆင်းလာသည့် ချောင်းတစ်ချောင်းဖြစ်ပြီး
ရွှေတူးဖော်ခြင်း လုပ်ငန်းများကြောင့် ချောင်းရေမှာ တစ်နှစ်ပတ်လုံး
နောက်ကျိနေပြီး သုံးမရဖြစ်နေသည်မှာ သုံးနှစ်ကျော်
လေးနှစ်ရှိပြီဖြစ်ကြောင်း သိရသည်။
"ကျွန်တော်တို့ ဒေသခံတွေက ဒီလေးတန်ချောင်းရေကို  သဘာဝရေအတိုင်း
ပြန်လည်စီးဆင်းနိုင်အောင် လွှတ်တော်ကိုယ်စားလှယ်ကနေတစ်ဆင့် လွှတ်တော်မှာ
တင်ပြခဲ့ပေမယ့်  နယ်မြေငြိမ်းချမ်းမှုမရှိတာကို အကြောင်းပြပြီး ဘာမှ
မလုပ်ပေးခဲ့ပါဘူး။ ဒေသခံတွေ လက်မှတ်များရေးထိုးပြီး အထက်ကို တင်ပြတာလည်း
တစ်စုံတစ်ရာ ဆောင်ရွက်ပေးခြင်းမရှိပါဘူး။  ချောင်းရေက  သုံးမရလောက်အောင်
တစ်နှစ်ပတ်လုံးနောက်ကျိနေတော့  ရွာတွေကနေတော်တော်ဝေးလံသောနေရာက ရေကို
ငွေကြေးအမြောက်အများ အကုန်အကျခံပြီး ပိုက်တွေနဲ့ သွယ်ယူသုံးစွဲနေကြရသလို
သွယ်ယူသုံးစွဲဖို့ လုပ်နေတဲ့ ရွာတွေလည်း ရှိနေတာပါ။ ငွေကြေးမတတ်နိုင်တဲ့
တချို့ကျေးရွာများမှာ အဝီစိတွင်းများတူးဖော်ပြီး သောက်သုံးနေကြရတာပါ။
ချောင်းကြီးတစ်ချောင်းလုံး ရွာတွေဘေးက ဖြတ်ပြီး စီးနေပါလျှက် သုံးမရအောင်
ဖြစ်နေတာကြောင့် ကျွန်တော်တို့ ဒေသခံတွေမှာ ဖောင်စီးရင်း ရေငတ်ဆိုသလို
ဖြစ်နေရတာပါ။ ကျွန်တော်တို့ ဒေသခံတောင်သူတွေရဲ့ ကျွဲ၊ နွားတွေကလည်း
နောက်ကျိနေတဲ့ ချောင်းရေကိုသာသောက်သုံးနေရတာမို့ မလိုလားအပ်တဲ့ ရောဂါများ
ဖြစ်ပွားမှာကို  စိုးရိမ်နေကြရပါတယ်"ဟု ဒေသခံတစ်ဦးမှ ပြောပြသည်။





No comments:

Post a Comment