Saturday, July 19, 2014

“ဂဠုန်ဦးစော၏ နောက်ဆုံးသံဝေဂစကား

“ဂဠုန်ဦးစော၏ နောက်ဆုံးသံဝေဂစကား” •••••••••••••••••••••••••••••••••••••••••••••••••• “ကျုပ်ဟာ တစ်သက်လုံးဗုဒ္ဓဘာသာလို့ ပြောခဲ့တာပဲ။ တကယ်တော့မည်ကာမတ္တ “ဗုဒ္ဓဘာသာ”မျှသာ ဖြစ်ခဲ့တာကို ခုလို တရားစာပေလေ့လာမိမှ ပိုပြီးသတိရတယ်။ ကျုပ်ဟာလောကမှာရှိတဲ့ မကောင်းမှုမှန်မျှ မလုပ်ခဲ့ဖူးတာလည်း မရှိဘူး။ ကျုပ်ဟာ လောကရဲ့ ခံစားရမယ့် အကောင်းဆုံးတွေကိုလည်း မခံစားဖူးတာ မရှိဘူး။ ဒါပေမဲ့ ခုတွေ့ရတဲ့ တရားတော်ရဲ့ အဆီအနှစ်တွေကို ကျုပ်တစ်ခါမှ မတွေ့ခဲ့ဖူးဘူး” ဟု ဖွင့်ဟ၀န်ခံလျက် - “ကျုပ်မှာ အာဏာရှိတဲ့အချိန်တုန်းကလည်း ဘာသာရေးကို အလေးအနက်မပြုမိဘူး။ ဘာသာရေးဟာ ကျုပ်အတွက် ဟန်ပြအဆောင်အယောင်တစ်ခုလောက်သာ ရှိခဲ့တယ်။ ကျုပ်ဆန္ဒမှာရှိတာက ကျုပ်အာဏာတည်မြဲရေး၊ ကြီးပွားရေးနဲ့ တိုင်းပြည်ကို ကျုပ်ကြိုက်တဲ့ ပုံစံသွင်းချင်တာပဲ ကျုပ်မှာအဓိကဖြစ်ခဲ့တယ်။ အဲဒီအချိန်ကသာ ခုတွေ့ရတဲ့ တရားတော်တွေကို တွေ့ရလျှင် ခုလိုလည်း ဖြစ်မယ် မထင်မိဘူးဟု ဖွင့်အံခဲ့သည်။ ဤမျှသာမက ဦးစောတွင် ကြီးမားသော အစွဲအလမ်းကြီးတစ်ခုကြောင့် သူ့တွင် စိတ်အထိခိုက်ဆုံး ဖြစ်ခဲ့ရသေးသည်။ “အဲဒီတုန်းက ကျုပ်ဟာ နန်းရင်းဝန်ကြီးဘ၀နဲ့ ရွှေဘိုနယ်ကို ရောက်ခဲ့တယ်။ အဲဒီအချိန်က ရွှေဘိုနယ်မှာ အတော်ထင်ရှား ကျော်ကြားနေတဲ့ အလောင်းဘုရား ဦးအောင်ဇေယျကိုးကွယ်ခဲ့တဲ့ သင်္ကန်းနက်ဘုရား မတ်ရပ်ဆင်းတုတော်ဟာ အတော်တန်ခိုးကြီးတယ်၊ ဆုတောင်းပြည့်တယ်၊ လိုတရတယ်၊ ရန်ကိုအောင်နိုင်တယ်ဆိုတဲ့ သတင်းကြောင့် ဒီဘုရားကို မရအရ၊ ရတဲ့နည်းနဲ့ ကျုပ်ယူခဲ့မိတယ်” (မှတ်ချက်) မသမာသောနည်းဖြင့် ယူခဲ့ခြင်းကို ဆိုလိုဟန်တူသည်။ ဒါပေမဲ့ ကိုးကွယ်လိုလို့ ကြည်ညိုသဒ္ဓါနဲ့ ပင့်ခဲ့တာမဟုတ်ဘူး။ ကျုပ်အကျိုးအတွက် ကြည့်ပြီး ယူခဲ့တာပဲ။ ဒီတော့ သာမန်မျှသာ ကိုးကွယ်မူ အဆင့်တွင်မဟုတ်ဘဲ ကျုပ်ရဲ့ အဆောင်သဘောမျိုးပဲ ထားခဲ့မိတယ်။ ဒါဟာ ကျုပ်ရဲ့မဟာအမှားကြီးပါပဲ။ နောက်မှသိရတာက အဲဒီဆင်းတုတော်ကြီးဟာ တန်ခိုးကြီးသလောက် အလွန်ခိုက်တယ် ဆိုတာသိရတော့ နောက်ကျသွားပြီ။ “ဒီတော့ ကျုပ်ဟာ အင်္ဂလိပ်အကျဉ်းသမားဖြစ်လိုက်၊ သေနတ်ချောင်းပစ်ခံရလိုက်နဲ့ နောက်ဆုံး ခုချိန်ထိ ဖြစ်ခဲ့ရတာပဲ။ နောက်ကျုပ် ဒီရောက်မှ အဲဒီဆင်းတုတော်ကြီးကို ရွှေတိဂုံစေတီတော် စနေထောင့်မှာ ကျောင်းဆောင်တစ်ခုနဲ့ လှူဒါန်းလိုက်ရတယ်” ဟု ၀မ်းနည်းစွာပြောခဲ့သည်။ ၎င်းဘုရားအား ဦးစောကို သရဏဂုံတင်စဉ်မှ ရေစက်ချသွားခဲ့သည်။ “ဘုရားက မခိုက်ပါ၊ မရိုက်ပါ” •••••••••••••••••••••••••••••••••••••••• (မှတ်ချက်) ဤနေရာ၌ ဗုဒ္ဓဘာသာအများစု၏ မှားယွင်းနေသော အယူအဆတစ်ခုကို ဖြေရှင်းပေးလိုပေသည်။ ဗုဒ္ဓဘာသာအများစုသည် ဘုရားရုပ်ပွားများ၊ စေတီများက ခိုက်သည်ဟု ယူဆတတ်ကြသည်။ အမှန်က ခိုက်ဟူသည် မကောင်းကျိုးများ ကျရောက်ခြင်းကို ဆိုလိုပေ၏။ ထိုမကောင်းကျိုးများကို သက်ရှိထင်ရှား ဘုရားကလည်း မလုပ်သလို၊ သက်မဲ့ရုပ်ပွားဆင်းတုတောင်များကလည်း မလုပ်ပေ။ သို့ဆိုလျှင် မည်သူက လုပ်သနည်း - ထိုဘုရားရှင်နှင့် ရုပ်ပွားတော်တို့အပေါ် မရိုမသေပြုလုပ်သော “အကုသိုလ်ကံ စေတနာ”က ပြုလုပ်ပေးခြင်းဖြစ်သည်။ အရှင်ဒေ၀ဒတ်ကို မြေမျိုအောင် ဘုရားရှင်က သူ၏ စေတနာဆိုးခေါ် အကုသိုလ်က လုပ်ခြင်းဖြစ်သည်။ ယခုဖြစ်ရပ်တွင်လည်း ဦးစောကို ဒုက္ခရောက်အောင်လုပ်သည်မှာ “သင်္ကန်းနက်ရုပ်ပွား”မဟုတ်။ ထိုရုပ်ပွားတော်ကို လောကီ၊ အာဏာပါဝါကိစ္စတွင် အဆောင်အဖြစ် မရိုမသေအသုံးချခဲ့သော စေတနာဆိုး အကုသိုလ်ကြောင့်သာ ဖြစ်သည်။ လောဘ၊ ဒေါသကင်းစင်ပြီးဖြစ်သော ဘုရားရှင်သည် မည်သည့် သတ္တ၀ါ၏ဆိုးကျိုးကို မျှော်လင့်လေမည်နည်း - တစ်ဆက်တည်း သိသင့်သည်မှာ - •••••••••••••••••••••••••••••••••••••••• “မကောင်းကျိုးကို ဘုရားရှင်နှင့် ရုပ်ပွားများက ပေးသည်မဟုတ်သလို ၊ကောင်းကျိုးကိုလည်း ပေးသည်မဟုတ်ပေ။ မိမိကိုကောင်းကျိုးပေးသည်မှာ ထိုဘုရားရှင်နှင့် ရုပ်ပွားများ၊သံဃာတော်များအပေါ်တွင် ထားသော စေတနာသာဖြစ်သည်။” မဟာမြတ်မုနိကို ရှိခိုးပူဇော်ခြင်းနှင့် မိမိအိမ်မှ သုံးလက်မ ရုပ်ပွားလေးကို ရှိခိုးပူဇော်ခြင်းနှစ်မျိုးတွင် မည်သည့်ပူဇော်မူက ကောင်းကျိုးကိုပေးသနည်းဟု မေးခဲ့ငြားအံ့။ အဖြေကား ရုပ်ပွားကိုကြည့်ပြီး ဆုံးဖြတ်၍မရ။ စေတနာကိုကြည့်ပြီး ဆုံးဖြတ်ရမည်ဟု ဖြစ်၏။ မည်ကဲ့သို့ ဆုံးဖြတ်မည်နည်း - ●ရှိခိုးပူဇော်ချိန်တွင် စေတနာတစ်ကျပ်သားခန့်သာပါလျှင် ကောင်းကျိုးတစ်ကျပ်သားခန့် သာရသည်။ ●စေတနာတစ်ပိဿာခန့်ပါလျှင် ကောင်းကျိုးတစ်ပိဿာခန့်ရသည်။ ဤသုံးသပ်ချက်ကိုကြည့်၍ မည့်သည့်ရုပ်ပွားစေတီကို ရှိခိုးပူဇော်သည်ဖြစ်စေ သဒ္ဓါ၊ စေတနာအပြည့်ဖြင့် ရှိခိုးပူဇော်သင့်၏။ နာမည်ကြီး ရုပ်ပွားတော်တွေနောက်လိုက်ရင်း ၊ အလိမ်အညာခံရသူများကို တွေ့ရသောကြောင့် ယခုလို ရှင်းလင်းရေးသားရခြင်းဖြစ်သည်။ ●ထောင်ကိုကြောက်စရာမလို၊ ဒုစရိုက်မူများကိုသာကြောက်ရမည်။ ●အပါယ်လေးပါးကို ကြောက်စရာမလို၊ အကုသိုလ်ကံများကိုသာကြောက်ရမည်။ ●ရုပ်ပွားစေတီများကို ကြောက်စရာမလို၊ ထိုရုပ်ပွားစေတီများကို မရိုမသေပြုလုပ်သော စေတနာဆိုးကိုသာ ကြောက်ရမည်။ ●ရုပ်ပွားစေတီကခိုက်ခြင်းမဟုတ်၊ စိတ်ဆိုး စေတနာဆိုးကသာ ခိုက်ခြင်းဖြစ်သည်။ -【ဆရာတော် အရှင်ဇဝန - မေတ္တာရှင်(ရွှေပြည်သာ)】


Posted via Blogaway

No comments:

Post a Comment