Friday, August 1, 2014

မော်လူး တိုက်နယ်ဆေးရုံအသစ် ဆောက်လုပ်နေမှုအား မြို့နယ် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှူ


မော်လူး တိုက်နယ်ဆေးရုံအသစ် ဆောက်လုပ်နေမှုအား မြို့နယ် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှု
မော်လူး၊ သြဂုတ် ၁
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ တိုက်နယ်ဆေးရုံ အသစ် ဆောက်လုပ်နေမှုအား အင်းတော်မြို့နယ် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများမှ သြဂုတ် ၁ ရက်၊ နေ့လည် ၁၂ နာရီအချိန်က ကွင်းဆင်းကြည့်ရှုခဲ့သည်။

အဆိုပါ ကွင်းဆင်းကြည့်ရှုရာသို့ အင်းတော်မြို့နယ် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးတင်မြင့်၊ ဒုဦးစီးမှူး ဦးကျော်စွာဝင်း၊ မြို့နယ် အမျိုးသားမှတ်ပုံတင်ရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဦးစီးအရာရှိ ဦးအောင်သူ၊ မြို့နယ်ကျန်းမာရေး ဦးစီးဋ္ဌာနမှူး ဒေါက်တာမျိုးဇော်လတ်၊ မြို့နယ်စည်ပင်သာယာ ဆောက်လုပ်ရေး အင်ဂျင်နီယာ ဦးမင်းမင်းစိုး၊ အင်းတော်မြို့နယ် ဆည်မြောင်းဦးစီးဋ္ဌာန ဦးစီးမှူး ဦးတင်မျိုးဆွေလာရောက်ခဲ့ရာ မော်လူး ဒေသ တိုက်နယ်ဆေးရုံ ဆရာဝန် ဒေါက်တာလာမာမီးနှင့် ဝန်ထမ်းများ၊ မော်လူးကျေးရွာ အုပ်စု အုပ်ချုပ်မှူး ဦးဝင်းစိန်နှင့် ဒေသဖွံ့ဖြိုးမှုကော်မတီဝင်များ၊ ရပ်မိရပ်ဖများ၊ ဆေးရုံသစ် ဆောက်လုပ်ရေး ကြီးကြပ်မှု ကော်မတီဝင်များ လိုက်ပါကာ ဆေးရုံဆောက်လုပ်နေမှု အခြေအနေများအား I Green ဆောက်လုပ်ရေး ကုမ္ပဏီမှ ဦးသန့်ဇင်မင်းမှ လိုက်လံရှင်းပြခဲ့သည်။ မော်လူးတိုက်နယ် ဆေးရုံသစ်ဆောက်လုပ်ရန်အတွက် ရန်ကုန်မြို့ I Green ဆောက်လုပ်ရေး ကုမ္ပဏီမှ တင်ဒါအောင်မြင်ခဲ့ရာ တိုက်နယ် ဆေးရုံအသစ်ကို ၇ လနှင့် အပြီးဆောက်လုပ်မည် ဖြစ်ကြောင်း၊ အသစ်ဆောက်လုပ်မည့် ဆေးရုံမှာ အလျား ၁၂၆ ပေ၊ အနံ ၁၁၇ ပေရှိ အာရ်စီအမျိုးအစား တစ်ထပ်အဆောက်အဦးဖြစ်ကြောင်း၊ ဇူလိုင် ၁၉ ရက်တွင် ဆောက်လုပ်ရေး လုပ်ငန်းစတင်ခဲ့ကြောင်း၊ အဆိုပါ ဆေးရုံသစ်ဆောက်လုပ်ရန်အတွက် နိုင်ငံတော်မှ ကျပ်သိန်း ၅၀၀၀ ချမှတ်ပေးမည်ဖြစ်ကြောင်း သိရသည်။ မော်လူးတိုက်နယ်ဆေးရုံတွင် အပတ်စဉ် ကြာသာပတေးနေ့တိုင်း အသက် ၆၀နှစ်နှင့် အထက် သက်ကြီးရွယ်အိုများအား ကျန်းမာရေးစောင့်ရှောက်မှု အခမဲ့ဆောင်ရွက်ပေးနေပြီး အာဟာရဒါန အလှူရှင်များမှလည်း အပတ်စဉ် ကုသိုလ်ဒါနပြုကြကြောင်း သတင်းရရှိသည်

No comments:

Post a Comment