Saturday, September 27, 2014

ရကြီး ရေလျှံမှုကြောင့် ဆိုင်ကယ် အငှားထမ်းသူများ အဆင်ပြေနေသော မော်လူးဒေသသားများ

စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ စော်မော်ချောင်းနှင့် နားရခေါင် ရေကျော်တံတားများတွင် မိုးရွာသွန်းပြီး ရေကြီး ရေလျှံမှုကြောင့် ဆိုင်ကယ် အငှားထမ်းသူများ ဝင်ငွေကောင်းကာ အဆင်ပြေလျှက်ရှိကြောင်း သိရသည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်တွင် စက်တင်ဘာ ၁၈ ၊ ၂၄နှင့် ၂၆ ရက်နေ့များတွင် ရွာသွန်းသည့် မိုးကြောင့် ရွှေဘို - မြစ်ကြီးနား မော်တော်ကားလမ်းမပေါ်ရှိ စော်မော်ချောင်းနှင့် နားရခေါင်ချောင်းများနှင့် အင်းတော်-ကသာ မော်တော်ကားလမ်းမပေါ်ရှိ လမ်းခွချောင်းများတွင် ရေကြီး ရေလျှံမှုများ ဖြစ်ကာ မော်တော်ဆိုင်ကယ်ဖြင့် ခရီးသွားကြသူများ၏ ဆိုင်ကယ်များကို ချောင်းတစ်ဖက်ကမ်းသို့ အငှားထမ်းသူများ ဝင်ငွေကောင်းကာ အဆင်ပြေလျှက်ရှိကြောင်း သိရသည်။ ရွှေဘို - မြစ်ကြီးနား မော်တော်ကားလမ်းမ နဘားကျေးရွာ အနီးရှိ နားရခေါင် ရေကျော်တံတားသည် ပေအရှည် ၄၀၀ ခန့်ရှိပြီး စော်မော်ချောင်း ရေကျော်တံတားမှာ ပေအရှည် ၃၀၀ ခန့်ရှိကြောင်း၊ မိုးတွင်းကာလ ရေကြီး ရေလျှံချိန်များတွင် ၄င်းချောင်းကို ဖြတ်သန်း သွားလာရသည့် မော်တော်ယာဉ်(၅၀)စီးခန့်မှာ ချောင်းအနီးရှိ နားနေစခန်းများတွင် ရေကျချိန်အထိ ရပ်နား စောင့်ဆိုင်းနေကြရကြောင်း၊ နေ့စဉ်ဖြတ်သန်းသွားလာနေသည့် မော်တော်ဆိုင်ကယ် အစီးရေ ၄၀၀ ခန့်မှာ ချောင်းကို ဖြတ်သန်းရန် ဆိုင်ကယ်အငှားထမ်းသူများကို ငှားရမ်းကာ ဖြတ်သန်းသွားလာကြရကြောင်း၊ နဘားကျေးရွာ၊ နားရခေါင်းကျေးရွာများမှာ စေတနာရှင်လူငယ်များအဖွဲ့က ကုသိုလ်လည်းရ ဝမ်းလည်းဝဆိုသည့် ရှေးစကားပုံနှင့် အညီ နားရခေါင်းချောင်းတွင် ဆိုင်ကယ် တစ်စီးလျှင် ၁၀၀၀ ကျပ်၊ စော်မော်ချောင်းတွင် ၂၀၀၀ ကျပ်နှုန်းဖြင့် ချောင်းကို ဖြတ်သန်းပြီး ဆိုင်ကယ်များကို ထမ်းပိုးကာ ပို့ဆောင်ပေးလျှက်ရှိကြောင်း၊ မော်တော်ဆိုင်ကယ် တစ်စီးကို လူလေးယောက်ဖြင့် ထမ်းပိုလျှက် မော်တော်ဆိုင်ကယ်ဖြင့် ခရီးသွားသူများ လိုရာခရီးကို အချိန်မှီရောက်ရှိနိုင်ရန်အတွက် ပို့ဆောင်းပေးလျှက်ရှိကြောင်း ရှိသည်။ " ကျွန်တော်တို့ ဆိုင်ကယ်ထမ်းပိုး သယ်ဆောင်ပေးတဲ့ အဖွဲ့ဟာ ရေစီးသန်တဲ့ နားရခေါင်ချောင်း၊ စော်မော်ချောင်းတွေကို ဖြတ်သန်းသွားလာကြတဲ့ ခရီးသွားတွေ အခက်အခဲမရှိ ဘေးအန္တရာယ် မရှိအောင် တစ်ဘက်ကမ်းကို ပို့ဆောင်ပေးနေတာပါ။ ရေစီးသန်တဲ့ ချောင်းမို့ မော်တော်ကားတွေတောင် ရေစီးနဲ့ မျှောပါသွားတာမျိုးတွေရှိပါတယ်။ ဒါကြောင့်မို့ အခုလို မိုးရာသီအချိန်မှာ ကျွန်တော်တို့ ဒေသခံတွေ အနေနဲ့ ကုသိုလ်လည်းရ ဝမ်းလည်းဝဆိုသလို မဖြစ်မနေ ဖြတ်းသန်းသွားလာနေရတဲ့ မော်တော်ဆိုင်ကယ်စီး ခရီးသွားတွေကို လိုရာခရီးကို ဆက်သွားနိုင်ဖို့အတွက် တစ်စီးကို ၁၀၀၀ ကျပ်၊ ၂၀၀၀ ကျပ်နှုန်းတွေနဲ့  ပေ ၃၀၀၊ ၄၀၀ရှိတဲ့  စော်မော်ချောင်း နဲ့ နားရခေါင်ချောင်း ရေကျော်တံတားတွေမှာ ထမ်းပိုးပြီး ပို့ဆောင်ပေးနေပါတယ်။ တစ်ရက်ကို အလုပ်သမား တစ်ဦးကို ၂၀၀၀၀ ကျပ်မှ ၂၅၀၀၀ ကျပ်အထိ ရပါတယ်" ဟု စော်မော်ချောင်း ရေကျော်တံတားတွင် မော်တော်ဆိုင်ကယ်များကို ထမ်းပိုး ပို့ဆောင်ပေးနေသူများထံမှ ကြားသိရသည်။

No comments:

Post a Comment