Tuesday, October 21, 2014

ဖတ်မိ မှတ်မိ ကြိုက်မိသည့်စာ ...

ဖတ်မိမှတ်မိသည့် စာ....... အသောက မင်းကြီးသည် ဗုဒ္ဓဘာသာဝင်ဖြစ်သည်။ အသောကမင်းကြီးဖြန့်ဖြူးသော တရားဓမ္မမှာလည်း ဗုဒ္ဓတရားဓမ္မ၏ အခြေခံသဘောတရားများသာဖြစ်သည်။ ယင်းအချက်မှာ သိသာထင်ရှားသည်။ သို့ရာတွင် အသောကမင်းကြီး ဖြန့်ဖြူးခဲ့သော ဗုဒ္ဓ၏ တရားဓမ္မမှာ အစဉ်အဆက် ဆင်းသက်လာခဲ့သည့် အစဉ်အလာနှင့် မတူပေ။ အသောကမင်းကြီးသည် ဗုဒ္ဓအဘိဓမ္မာနှင့် ပတ်သက်ပြီး အငြင်းအခုံ အရှုပ်အထွေးဖြစ်နေကြသည့် ပြဿနာများကိုလည်း ဖြေရှင်းရန် မကြိုးစားပေ။ အသောကမင်းကြီးသည် တရားဓမ္မနှင့် ပတ်သက်ပြီး ငြင်းခုန်နေကြသည်ကို၊ ရန်ဖြစ်နေကြသည်ကို မလိုလားပေ။ မိမိတရားဓမ္မ၊ သို့မဟုတ် မိမိဘာသာတရားကို သိဒ္ဓိတင်လိုသည်ဖြစ်၍ အခြားတရားဓမ္မ၊ သို့မဟုတ် အခြားဘာသာတရားကို စကားလုံးတွေ ကြီးကြီးကျယ်ကျယ်သုံးပြီး ဝေဖန်ရှုတ်ချသည့် အလုပ်ကိုလည်း မနှစ်မြို့ပေ။ ဘာသာတရားဖြန့်ဖြူးသူများ၊ ဘာသာတရား တစ်ခုနှင့် တစ်ခု ဝေဖန်ရှုတ်ချခြင်း၏ အကျိုးမှာ တရားဓမ္မ၊ သို့မဟုတ် ဘာသာတရားသည် ကြင်နာမှု၊ ကိုယ်ချင်းစာနာမှု၊ စေတနာထားမှု စသော မွန်မြတ်သည့် တရားများကို ပေါက်ဖွားစေရမည့်အစား ဒေါသ၊ ဣဿာ၊ မစ္ဆရိယစသော စွန့်ပယ်ထိုက်သည့် မကောင်းသော တရားများ ပေါက်ဖွားဖြစ်ပေါ်ရာ ဖြစ်သွားတတ်လေသည်။ ယင်းအမှန်တရားကို အသောကမင်းကြီးသည် ကောင်းကောင်း နားလည် သဘောပေါက်လေသည်။ အသောကမင်းကြီးသည် ဘာသာတရားအားလုံး၌ ရှိသော အနှစ်သာရကို ကြီးပွား ထွန်းကား စေလိုသည့် ဆန္ဒရှိသည်။(ကျောက်စာ အမှတ် - ၁၂) ထို့ကြောင့် ဒဿနဗေဒ အတိုင်းအတာဖြင့် ဘာသာတရား၏ ဂုဏ်၊ သို့မဟုတ် အပြစ်ကို ဝေဖန်စောကြောဖို့ မည်သည့်အခါမျှ အားမထုတ်ပေ။ ဘာသာတရားတို့၏ အနှစ်သာရ ထွန်းကားတိုးတက်ရေးအတွက် နှုတ်စောင့်စည်း ချုပ်တည်းခြင်းကို အလေးထားလေသည် (ကျောက်စာ - ၁၂)။ မိမိဘာသာတရားကိုသာ လေးစားပြီး အခြားဘာသာတရားကို ပြစ်တင်ရှုတ်ချသည့် အလုပ်ကို မလုပ်စေလိုပေ (ကျောက်စာ - ၁၂)။ အသောကမင်းကြီးသည် အခြားသော ဘာသာတရားကို ပြစ်တင်ရှုတ်ချသူများကို တရားဓမ္မ၏ ရန်သူဟု သဘောထားသည်။ ယင်းအချက်နှင့် စပ်လျဉ်းပြီး ဤသို့ ပြတ်ပြတ်သားသား ကြေညာထားလေသည်။ " မိမိ၏ ဘာသာတရား၊ သို့မဟုတ် ဂိုဏ်းဂဏ ဂုဏ်သိက္ခာတက်စေရန်အတွက် မိမိဘာသာတရား သို့မဟုတ် မိမိဂိုဏ်းဂဏကို အမွှမ်းတင်ပြီး အခြားဘာသာရေး၊ သို့မဟုတ် အခြားဂိုဏ်းဂဏကို ရှုတ်ချကဲ့ရဲ့သူသည် အမှန်စင်စစ် မိမိဘာသာတရား သို့မဟုတ် မိမိဂိုဏ်းဂဏကို အကျိုးဆုတ်ယုတ်အောင်ပြုသူမည်ပေ၏။" (ကျောက်စာ - ၁၂) ဆရာ ပါရဂူ ဘာသာပြန်သည့် မင်းနှင့် ပြည်သူ စာအုပ် (နှာ - ၁၉ နှင့် ၂၀)မှ စာသားများးးးးးးး

No comments:

Post a Comment