Thursday, November 27, 2014

မီးရထားဖြင့် ခရီးသွားကြမည့်သူများအတွက် သတင်းကောင်း



မန္တလေး - မြစ်ကြီးနား မီးရထားလမ်းပိုင်းတွင် အိန္ဒိယမှ ဝယ်ယူမည့်
မီးရထားတွဲဆိုင်း စမ်းသပ်ပြေးဆွဲ
မော်လူး၊ နိုဝင်ဘာ ၂၇
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
မြန်မာနိုင်ငံ မြန်မာ့မီးရထားမှ ခရီးသွားပြည်သူများ စီးနင်းလိုက်ပါရာတွင်
အဆင်ပြေချောမွေ့စေရန် အိန္ဒိယနိုင်ငံမှ ဝယ်ယူမည့် မီးရထားတွဲဆိုင်းများအား
မီးရထားလမ်းနှင့် အဆင်ပြေကိုက်ညီမှု ရှိမရှိ သိနိုင်စေရန်အတွက်
အထက်တန်းတွဲနှစ်တွဲအား မန္တလေး - မြစ်ကြီးနား မီးရထားလမ်းပိုင်းတွင်
စမ်းသပ်ပြေးဆွဲခဲ့ကြောင်း သိရသည်။ အဆိုပါ အိန္ဒိယနိုင်ငံမှ ဝယ်ယူမည့်
မီးရထားတွဲဆိုင်းများထဲမှ အထက်တန်းတွဲနှစ်တွဲအား မီးရထားစက်ခေါင်းဖြင့်
ချိတ်ဆက်ကာ နိုဝင်ဘာ ၂၃ ရက်နေ့ နံနက် ၇ နာရီမှ မန္တလေး မီးရထားဘူတာကြီးမှ
စတင်ထွက်ခွာခဲ့ပြီး မိုးညှင်းမီးရထားဘူတာသို့ နိုဝင်ဘာ ၂၅ ရက်နေ့တွင်
ရောက်ရှိပြီး ၂၆ ရက်နေ့တွင် မန္တလေးမီးရထား ဘူတာသို့
ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။  စမ်းသပ်မောင်းနှင်မှုတွင်
ဘုံချောင်းမီးရထားဘူတာနှင့် နမ်းခမ်းမီးရထားဘူတာကြားတွင် အကွေ့အကောက်
အတက်အဆင်းများရှိသဖြင့် မီးရထားတွဲ၏ ဒန်ဘားနှင့် ထရိန်းပိုက်
မလွတ်တလွတ်ဖြစ်နေသည်မှ လွဲ၍ ကျန်နေရာများတွင် အဆင်ပြေမှုရှိကြောင်း၊
အဆိုပါ အထက်တန်း မီးရထားတွဲ၏ အရှည်မှာ ၆၃ ပေ ၉ လက်မရှိပြီး၊
ခရီးသည်စီးထိုင်ခုံ ၄၀ ၊ သန့်စင်ခန်း ၄ ၊ လက်ဆေးကန် ၂ ကန်၊
ရေမီးအပြည့်အစုံနှင့် ပန်ကာ ၈ လုံးပါရှိကြောင်း သိရသည်။
စမ်းသပ်မောင်းနှင့်ခဲ့သည့် မီးရထား ခရီးစဉ်သို့  မြန်မာ့မီးရထားမှ AME
ဦးရဲကျော်ထွေး၊ မီးရထားတွဲ လျှပ်စစ် အရာရှိ ၁ ဦး၊ ဝန်ထမ်းနှစ်ဦး၊
ကောလင်းမီးရထားဘူတာမှ လမ်းဗိုလ်ကြီး၊ စက်ခေါင်းမောင်း၊ တွဲပြင်၊
အင်းတော်မီးရထားဘူတာမှ လမ်းဗိုလ်ကြီး၊ မန္တလေး မီးရထားဘူတာမှ တွဲထိန်း၊
မီးရထားတွဲဆိုင်း ရောင်းချမည့် အိန္ဒိယ ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးတို့
လိုက်ပါခဲ့ကြကြောင်း သတင်းရရှိသည်။ အဆိုပါ မီးရထားတွဲဆိုင်းများ
မြန်မာနိုင်ငံသို့ ရောက်ရှိနေသည်မှာ တစ်နှစ်ခန့် ကြာမြင့်နေပြီ ဖြစ်ပြီး
ဝယ်ယူခြင်း မပြုရသေးကြောင်း ၊ စမ်းသပ်မောင်းနှင်မှု
အဆင်ပြေချောမွေ့မှုရှိပါက ဝယ်ယူမည်ဖြစ်ကြောင်းများကို
စမ်းသပ်မောင်းနှင်မှုတွင် လိုက်ပါလာသည့် တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။







No comments:

Post a Comment