Saturday, October 31, 2015

“အမျက်ဒေါသ၊ရန်ငြိုး ပယ်ဖျောက်ရန် အရှင်သာရိပုတ္တရာ ပေးတဲ့နည်း”

အမျက်ဒေါသ၊ရန်ငြိုး ပယ်ဖျောက်ရန်
အရှင်သာရိပုတ္တရာ ပေးတဲ့နည်း”
•••••••••••••••••••••••••••••••••••••••••••••••
လောကမှာ လူအမျိုးအစား (၅) မျိုး ရှိပါတယ်။
(၁)။တချို့လူမှာ ကိုယ်အကျင့် မစင်ကြယ်၊
နှုတ်အကျင့်တော့ စင်ကြယ်ကြတယ်။

(၂)။ တချို့လူမှာ နှုတ်အကျင့် မစင်ကြယ်။
ကိုယ်အကျင့်တော့ စင်ကြယ်ကြတယ်။

(၃)။ တချို့လူမှာ ကိုယ်အကျင့်ရော၊
နှုတ်အကျင့်ပါ မစင်ကြယ်၊တစ်ခါတစ်ရံတော့
စိတ်ကောင်းလေး ဝင်တယ်၊ ရှိတယ်။

(၄)။ တချို့လူမှာ ကိုယ်အကျင့်ရော၊ နှုတ်အကျင့်ပါ
မစင်ကြယ်။တစ်ခါတစ်ရံတောင် စိတ်ကောင်းလေး
မဝင်၊ မရှိ။

(၅)။ တချို့လူမှာ ကိုယ်အကျင့်ရော၊ နှုတ်အကျင့်ပါ
စင်ကြယ်တယ်။ မပြတ်မလတ် စိတ်ကောင်းရှိတယ်။

အဲဒီလူ ၅ မျိုးလုံးအပေါ်မှာ ရန်ငြိုးဖြစ်ပေါ်လာရင်
ဘယ်သူ့အပေါ်မှာပဲ ဖြစ်ပေါ်ဖြစ်ပေါ် ပယ်ဖျောက်ပေးဖို့
အရှင်သာရိပုတ္တရာက ရဟန်းတွေအား ဆုံးမတော်မူခဲ့ပါတယ်။
အရှင်သာရိပုတ္တရာက အဲဒီ လူ ၅ မျိုးအတွက်
ဥပမာ ၅ မျိုးကို ဟောတော်မူခဲ့ပါသေးတယ်။

❖၁ နံပါတ် လူအပေါ် ရန်ငြိုးပယ်ဖျောက်ဖို့
ပေးထားတဲ့ ဥပမာလေးက ဒီလိုဖြစ်ပါတယ်။

ပံ့သကူဓုတင်ဆောင် (ပံ့သကူသင်္ကန်းဆောင်) ရဟန်းက
လမ်းအကြားမှာ အဝတ်အဟောင်းအနွမ်း အပိုင်းအစကို
တွေ့တယ်။လက်ဝဲခြေထောက်နဲ့ နင်းပြီး၊
လက်ယာခြေထောက်နဲ့ ဖြန့်တယ်။
အဲဒီအဝတ်အပိုင်းအစထဲက ခိုင်မြဲတဲ့ နေရာကို
ဆုတ်ယူကာ ဖဲသွားတယ်။

❖နံပါတ် ၂ လူအပေါ် ရန်ငြိုးပယ်ဖျောက်ဖို့
ပေးထားတဲ့ ဥပမာလေးက ဒီလိုဖြစ်ပါတယ်။

ရေကန်တစ်ကန် ရှိတယ်။
မှော်၊ အမှိုက်တွေက ရေပေါ်မှာ ဖုံးလွှမ်းနေတယ်။
နွေနေပူ နှိပ်စက်ခံရပြီး ခရီးပန်းကာ ရေဆာလောင်
မွတ်သိပ်လာတဲ့ လူတစ်ယောက် လာတယ်။
အဲဒီလူက အဲဒီရေကန်ထဲ သက်ဆင်းပြီး လက်နှစ်ဖက်နဲ့
ဟိုဟိုဒီဒီ မှော်၊ အမှိုက်တွေကို ဖယ်ရှားကာ လက်အုပ်နဲ့
ခတ်သောက်ပြီး ဖဲသွားတယ်။

❖နံပါတ် ၃ လူအပေါ် ရန်ငြိုးပယ်ဖျောက်ဖို့ ပေးထားတဲ့
ဥပမာလေးက ဒီလိုပါ။နွားခြေရာခွက်ထဲမှာ ရေအနည်းငယ်
ရှိတယ်။ နွေနေပူ နှိပ်စက်ခံရပြီး ခရီးပန်းကာ ရေဆာလောင်
မွတ်သိပ်လာတဲ့ လူတစ်ယောက်လာတယ်။
“နွားခြေရာခွက်ထဲက ဒီရေကား နည်းနယ်၊
ငါဟာ လက်ခုပ်နဲ့ဖြစ်ဖြစ်၊
ခွက်နဲ့ ဖြစ်ဖြစ် သောက်လိုက်ရင်၊
အဲဒီရေကို တုန်လှုပ်အောင်လည်း
လုပ်ရာရောက်မယ်။မွှေနှောက်ရာလည်း ရောက်မယ်။
သောက်မဖြစ်အောင်လည်း လုပ်ရာရောက်မယ်။
ငါဟာ လေးဖက်ထောက်ပြီး နွားသောက်သလို
သောက်ကာ ဖဲသွားရရင် ကောင်းလေစွ”
လို့ အဲဒီလူမှာ အကြံဖြစ်ပေါ်လာတယ်။
အဲဒီလူက လေးဖက်ထောက်ပြီး နွားသောက်သလို
သောက်ကာ ဖဲသွားတယ်။

❖နံပါတ် ၄ လူအပေါ် ရန်ငြိုးပယ်ဖျောက်ဖို့
ပေးထားတဲ့ ဥပမာလေးက ဒီလိုပါ။

ခရီးရှည်သွားနေတဲ့ လူတစ်ယောက်မှာ
ပြင်းထန်တဲ့ ရောဂါဖြစ်လာတယ်။
ကိုယ်စိတ်ဆင်းရဲရတယ်။
အပြင်းအထန် မကျန်းမမာဖြစ်တယ်။
သူ့ရှေ့မှာလည်း အဝေးကြီးမှာမှ ရွာရှိတယ်။
နောက်မှာလည်း အဝေးကြီးမှာမှ ရွာက ရှိတာယ်။
သူဟာ သင့်လျော်တဲ့အစာတွေ၊ ဆေးတွေနဲ့
အလုပ်အကျွေးကို မရ။ ရွာအနီးရောက်အောင်
ပို့ပေးမယ့်သူကို မရ။ အခြားခရီးသွားတစ်ယောက်က
အဲဒီလူနာခရီးသွားကို မြင်တယ်။ အဲဒီလူနာခရီးသွားအပေါ်
သနားကြင်နာကရုဏာကိုပဲ ထားနိုင်ပါတယ်။
“ဪ... ဒီလူနာခရီးသွားမှာ သင့်လျော်တဲ့
အစာတွေ၊ ဆေးတွေ၊ အလုပ်အကျွေးနဲ့ ရွာနား
ရောက်အောင် ပို့မယ့်သူကိုရရင် ကောင်းလေစွ။
အကြောင်းကတော့ ဒီခရီးသွားလူနာဟာ ဒီနေရာမှာပဲ
မပျက်စီးစေလိုလို့ ပါပဲ”။ အဲဒီလို သနားကြင်နာ
ကရုဏာကိုပဲ ထားနိုင်ပါတယ်။(ဘာမျှ မတတ်နိုင်ပါ။)

❖နံပါတ် ၅ လူအပေါ် ရန်ငြိုးပယ်ဖျောက်ဖို့
ပေးထားတဲ့ ဥပမာလေးက ဒီလိုပါ။

ရေကန်တစ်ကန် ရှိတယ်။ ရေကြည်လင်တာယ်။ချိုမြတယ်။
အေးမြတယ်။လှိုင်းထရာနေရာတွေမှာ ရေဖြူတယ်။
ညီမျှတဲ့ ဆိပ်ကမ်းရှိတယ်။ပျော်မွေ့ဖွယ်ကောင်းတယ်။
သစ်ပင်အမျိုးမျိုးတွေနဲ့ ဖုံးလွှမ်းထားတယ်။ နွေနေပူ
နှိပ်စက်ခံရပြီး ခရီးပန်းကာ ရေဆာလောင်မွတ်သိပ်လာတဲ့
လူတစ်ယောက် လာတာယ်။ အဲဒီလူက အဲဒီရေကန်ထဲ
သက်ဆင်းပြီး ရေလည်းချိုးတယ်။
သောက်လည်း သောက်တယ်။
ရေထဲက တက်လာပြီး အဲဒီသစ်ပင်ရိပ်အောက်မှာပဲ
ထိုင်လည်းထိုင်တယ်။လဲလျောင်းလည်း လဲလျောင်းတယ်။

✤နံပါတ် ၁ လူရဲ့
မစင်ကြယ်တဲ့ ကိုယ်အကျင့်ကို နှလုံးမသွင်းရ။
စင်ကြယ်တဲ့ နှုတ်အကျင့်ကို နှလုံးသွင်းရပါတယ်။
အဲဒီနည်းနဲ့ အဲဒီလူအပေါ် ရန်ငြိုးပယ်ဖျောက်ရပါတယ်။

✤နံပါတ် ၂ လူရဲ့
မစင်ကြယ်တဲ့ နှုတ်အကျင့်ကို နှလုံးမသွင်းရ။
စင်ကြယ်တဲ့ ကိုယ်အကျင့်ကို နှလုံးသွင်းရပါတယ်။
အဲဒီနည်းနဲ့ အဲဒီလူအပေါ် ရန်ငြိုးပယ်ဖျောက်ရပါတယ်။

✤နံပါတ် ၃ လူရဲ့
မစင်ကြယ်တဲ့ ကိုယ်အကျင့်၊
နှုတ်အကျင့်ကို နှလုံးမသွင်းရ။တစ်ခါတစ်ရံ ဖြစ်ပေါ်လာတဲ့
စိတ်ကောင်းလေးကိုပဲ နှလုံးသွင်းရပါတယ်။
အဲဒီနည်းနဲ့ အဲဒီလူအပေါ် ရန်ငြိုးပယ်ဖျောက်ရပါတယ်။

✤နံပါတ် ၄ လူရဲ့
မစင်ကြယ်တဲ့ ကိုယ်အကျင့်၊ နှုတ်အကျင့်၊
တစ်ခါတစ်ရံတောင် စိတ်ကောင်းမဝင်မှုတွေကို
နှလုံးမသွင်းရ။အဲဒီလူအပေါ်
သနားကြင်နာ ကရုဏာကိုပဲ ထားရပါတယ်။

“ဪ ဒီလူဟာ မကောင်းတဲ့ ကိုယ်ကျင့်၊ နှုတ်ကျင့်၊
စိတ်ကျင့်တွေကို ပယ်ရှားပြီး ကောင်းတဲ့ ကိုယ်ကျင့်၊
နှုတ်ကျင့်၊ စိတ်ကျင့်တွေကို ပွားများရင် ကောင်းလေစွ။
အကြောင်းကတော့ ဒီလူ သေပြီး၊ငရဲမရောက်စေလို လို့ပါပဲ။”
သနားကြင်နာ ကရုဏာကိုပဲ ထားရပါတယ်။
အဲဒီနည်းနဲ့ အဲဒီလူအပေါ် ရန်ငြိုးပယ်ဖျောက်ရပါတယ်။

✤နံပါတ် ၅ လူရဲ့
စင်ကြယ်တဲ့ ကိုယ်အကျင့်၊နှုတ်အကျင့်နဲ့
စိတ်ကောင်းတွေကို နှလုံးသွင်းရပါတယ်။
အဲဒီ နည်းနဲ့ အဲဒီလူအပေါ် ရန်ငြိုးပယ်ဖျောက်ရပါတယ်။
အဖက်ဖက်က စိတ်ကြည်လင်မှုပေးနိုင်တဲ့ အဲဒီလူကို
အကြောင်းပြုပြီး စိတ်ဟာ ကြည်လင်ရပါတယ်။
-【အံ၊ ပါဠိ၊ တ၊ ၁၆၄】

လူတစ်ယောက်မှာ အကောင်းချည်းရှိဖို့ ခဲယဉ်းသလို
အဆိုးချည်းရှိဖို့လည်း ခဲယဉ်းပါတယ်။ လူတစ်ယောက်မှာ
အကောင်းနဲ့ အဆိုးဟာ တွဲနေတတ်ပါတယ်။
ကောင်းကွက် ကိုပဲ ကွက်ပြီးကြည့်တတ်၊ နှလုံးသွင်းတတ်ရင်
ကိုယ့်မှာ ဒေါသမီး ပူလောင်မှုဒဏ်ကို မခံရပါ။
ဆိုးကွက်ကိုပဲ ကွက်ပြီး ကြည့်နေ၊
နှလုံးသွင်းနေရင်တော့ ကိုယ့်မှာ
စိတ်ပူလောင် ပင်ပန်းရပါတော့တယ်။
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist Association】


No comments:

Post a Comment