Sunday, November 6, 2016

မြန်မာ ကာရန်ကဗျာ ရေးဖွဲ့ ရာ၌ မဖြစ်မနေသိထားရမည့် ကာရန်အကြောင်း



မြန်မာ ကာရန်ကဗျာ ရေးဖွဲ့ ရာ၌ မဖြစ်မနေသိထားရမည့် ကာရန်အကြောင်း
=====================
ကာရန် ဟူသည် ကာရန္တ ဟူသောပါဠိမှ ဆင်းသက်လာသော ပါဠိသက်
ဝေါဟာရ ဖြစ်သောကြောင့် ကာရန် ဟုသာရေးသင့်၏ ။
ကာရန္တ= ကာရ+အန္တ '= ကာရ= အက္ခရာ စာလုံး 
အန္တ= အဆုံးအပိုင်းအခြား=အက္ခရာ တို့ ၏ အဆုံး( သို့ မဟုတ်) အဆုံးအက္ခရာ
နောက်ဆုံး ရွတ်ဖတ်အသံထွက်သည့် အက္ခရာ ။ 

ကဗျာ လင်္ကာရေးဖွဲ့ ရာ၌ အက္ခရာ အချင်းချင်း အသတ်တူ( သို့ မဟုတ်)
အသံတူ စပ်ထားသော လုံးထပ်အက္ခရာ တို့ ကို ကာရန်ဟု ခေါ်ဆိုကြသည်။
ယင်းအသံတူ လုံးထပ် ကာရန်ကို အက္ခရာ တစ်လုံးချင်းမှစ၍ နှစ်လုံးချင်း၊ သုံးလုံးချင်း စသည်ဖြင့် အက္ခရာ လုံးရေကို၎င်း၊ တစ်ပိုဒ်ချင်း၊နှစ်ပိုဒ်ချင်း၊စသည်ဖြင့်
အပိုဒ်ရေ ကို၎င်း ကဗျာအဖွဲ့ အားလျှော်စွာ ကဗျာဆရာတို့ အလိုရှိသရွေ့ ရေးစပ်သီကုံးနိုင်သည်။
( ကာရန် သဘောနုသူတို့  အတွက် နမူနာ )

တစ်လုံးချင်း ကာရန် ယူပုံ
-----------------------------
တေး ။ရေး ။ တွေး ။ အေး ။ မွှေး ။

နှစ်လုံးတွဲကာရန်ယူပုံ
----------------------
ကာရန် ၊ ရှာကြံ ၊ လာပြန် ၊ စာဉာဏ် ၊

သုံးလုံးတွဲ ကာရန်
--------------------
သုံးထပ်ညီ ၊လုံးထပ်စီ ၊ ကုံးတတ်ပြီ ။

လေးလုံးတွဲ ကာရန် 
--------------------
စံပြ စရာ ၊ အမှန်ပ ဗျာ ၊ကြံဆမကြာ ၊ မြန်မာ့ကဗျာ ။

လေးလုံးတွဲ အထက် ၅ လုံး ၆ လုံး အစရှိသော ဉာဏ်ရှိသလောက် ကာရန်ထပ်စပ်သွားနိုင်ပါသည်။ 
ထိုသို့ စပ်ဆိုသည်ကို မန်ကျည်း ရွက်သတ် နဘေကာရန်ဟု ခေါ်ဆိုကြောင်း
မှတ်သား ရပါသည်။ ။ 

ကာရန် ( ၆၄ ) ပါးကို အသံနှင့်တကွပြဆိုပါမည်။

တက်သံ(.၁၈ ) ပါး ( ဂရု/ လဟု ခွဲလျှင် ဂရု သံ)

အာ ၊ အီ ၊ အူ ၊ အေ ၊ အဲ ၊ အော် ၊ အင် ၊ အောင် ၊ အိုင် ၊ အည် ၊ 
အဉ် ၊ အန် ။ အမ် ။ အုန် ။အုမ် ။ အိန် ။အိမ် ။ အို ။ 

( အလွယ်တကူ မှတ်ရန် )
ဝစ္စပေါက် ခေါ် ဝသစ္စနီပါ၊ အောက်မြစ်မပါသော အသံ ။
============================================

သက်သံ(.၁၈ ) ပါး ( ဂရု/ လဟု ခွဲလျှင် လဟုသံ )

အ ၊ အိ ၊ ဥ (အု) ၊ အေ့ ၊ အဲ့ ၊ အော့ ၊ အင့် ၊ အဥ့်၊ အောင့် ၊အိုင့်၊ 
အည့်၊ အန့် ၊ အမ့် ၊ အိန့် ၊ အိမ့် ၊ အုန့်  ၊ အုမ့် ၊ အို့ ။ 
( အလွယ်မှတ်ရန် =အောက်မြစ် ပါသောအသံ၊ အောက်မြစ်မပါသေယ်လည်း
အောက်မြစ်ပါသကဲ့ သို့  ရွတ်ဖတ်ရသည့် အသံ အ အိ အု )
==============================================

နိမ့်သံ( ၁၈ ) ပါး ( ဂရု/ လဟု ခွဲလျှင် လဟု သံ)
အား ၊ အီး ၊ အူး (ဦး ) ၊ အေး ၊ 
အဲး အယ်း( ပြည့်စုံအောင်သာထည့်ပြသည်ယခုခေတ်ရေးထုံး မရှိသလောက်ရှား၏ )
အေား သြး ( သူလည်းရှားပါသည်)
အင်း ၊ အဉ်း ၊ အောင်း ၊ အိုင်း ၊ 
အည်း ၊ ( ရှား၏ ) ၊ 
အန်း၊ အမ်း ၊ အိန်း ၊ အိမ်း ၊ အုမ်း အုံး အုန်း ၊ အိုး ။

( ဝစ္စပေါက် ခေါ် ဝိသစ္စနီပါသော အသံဟု မှတ် ပါ )
=============================================
တိုင်သံ( ၁၀ ) ပါး (ဂရု / လဟု ခွဲလျှင် လဟုသံ)
အက် ၊ အောက် ၊ အိုက် ၊ အစ် ၊ အတ် ၊ အိတ် ၊ အုတ် ၊ အပ် ၊အိပ် ၊ အုပ် ။

(.ကအသတ်၊ စအသတ် ၊ တအသတ်၊ ပအသတ် ပါသောအသံ)
သံဖြတ် သံရပ် ခေါ်ပါသည်။
ဤတွင် ကာရန် ( ၆၄ ) ပါးကို အသံ လေးမျိုး ပါ ပေါင်းစပ်၍ ပြပြီးပါပြီ ။
==============================================

သရတို့ ကို တက်သံ ၊ သက်သံ ၊ နိမ့်သံ ၊ တိုင်သံ ဟူသော အသံလေးမျိုး
ဖြစ်ပေါ်လာပုံကို ခွဲ ပြခြင်း။

အ- ဟူသော သရကို ရေးချ ထည့် လိုက်လျှင် ( အာ ) ဟု ဖြစ်ပေါ် လာကာ
အသံသည် အ လို လို အပေါ်သို့ မြင့် တက်သွား သည် ၊ အူ ဦ အီ ဤ
လည်း ထို့ အတူ ပင်။
ယင်းကို အောက်မြစ် ထည့် လိုက်က( အာ့ ) ၄င်း အာ့ သည် ပင်ကိုယ်
အ - ပင် ဖြစ်သည် အောက်သို့  အသံ သက်လာသည် သက်သံ။
အပေါ်သို့  မြင့်တက် နေသော သံရှည် လေလျှော့ သံပျော့ ( အာ ) ကို
ပင် ဝစ္စပေါက် နှစ်လုံး ထည့် လိုက်က ( အား ) ဟူ၍ ဖြစ်ပေါ်လာပြီး
ရွတ်ဆို ရာ၌ အသံမှာ ပြင်း ၍ နိမ့်သည် ။၊
၎င်းကို မူထား၍ အာ အီ အူ အေ အော 
စသော ဝစ္စပေါက် အောက်မြစ်မပါသောဒီဃ အက္ခရာ တို့ ကို လေလျှော့
မြင့်သံ တက်သံဟုမှတ်။
အ အိ အု စသော ရဿ သရအက္ခရာ တို့ ကို လဟု သက်သံ ဟုမှတ်။
အား အီး အူး စသော ဝစ္စပေါက် အသံတို့ ကို သံပြင်း နိမ့်သံဟုမှတ်။

အသံကို အနိမ့် အမြင့် အဖြစ် ပြောင်းလဲ၍ မရသော (ကအသတ် စအသတ်
တအသတ် ပအသတ် -က စ တ ပ အသတ်ပါသော)
အက် အစ် အတ်အပ် စသည် တို့ ကို သံဖြတ် သံရပ် အဖြစ်ထား၍ 

တိုင်သံ ဟုခေါ်သည်။
အကျဉ်းချုပ်
၁။ တက်သံ = ဝစ္စပေါက် အောက်မြစ် မပါသော အသံ ။
၂။ သက်သံ= = အောက်မြစ်ပါသောအသံ/ အောက်မြစ်မပါသော်လည်း
အောက်မြစ်ပါသကဲ့သို့  ရွတ်အပ်သော အ အိ အု
စသော အသံ ။
၃။ နိမ့်သံ== ဝစ္စပေါက် ပါသော အသံ အား အီး စသည်။
၎။ တိုင်သံ= ( က စ တ ပ -အသတ်ပါသောအသံ) သံဖြတ် သံရပ် ။

မေတ္တာဖြင့် 
မောင်သာချမ်း ( ပျဉ်းမနား)

ခဏ ခဏ မေးမေး နေကြလို့  ပြန်တင်ပေးတာပါ ။
 —  at ရှေးမြန်မာကဗျာများ-ရွှေအိမ်စည်

No comments:

Post a Comment