Saturday, December 31, 2016

ဗုဒ္ဓဘာသာတွင် လက်ခံထားသော သေခြင်း (၄)မျိုး ရှိ၏။



ဗုဒ္ဓဘာသာတွင် လက်ခံထားသော သေခြင်း (၄)မျိုး ရှိ၏။

(၁) အသက်တမ်းကုန်၍ သေခြင်း။
(၂) ကံစွမ်းကုန်၍ သေခြင်း။
(၃) အသက်တမ်း၊ ကံစွမ်း နှစ်ပါးကုန်၍ သေခြင်း။
(၄) ဥပစ္ဆေဒကကံဖြင့် သေခြင်း။

သတ္တဝါတို့မှာ ဤသေခြင်း ၄-မျိုးအနက် တစ်မျိုးမျိုးဖြင့် သေကြရ၏။

ထိုသို့ သေကြသောအခါ သေခါနီး၌ ‘ကံ’၊ ‘ကမ္မနိမိတ်’၊ ‘ဂတိနိမိတ်’ သုံးမျိုးအနက် တစ်ခုခု ပေါ်၏။

(၁)ကံ = နောက်ဘဝမှာ ပဋိသန္ဓေအကျိုးပေးတော့မည့် ရှေးတုန်းက ပြုခဲ့သော

(မသေမီ ယခုဘဝတွင် ပြုခဲ့သော ကံများလည်း ဖြစ်နိုင်၏) ကုသိုလ်ကံ, အကုသိုလ်ကံ။
ဤကံသည် အတိတ်က ဖြစ်ခဲ့သော အာရုံဖြစ်၍ မနောဒွါရ၌ ထင်၏။

(၂)ကမ္မနိမိတ် = ကံပြုစဉ် တွေ့ကြုံရသော အာရုံခြောက်ပါး။
(ဥပမာ – ကျောင်းဆောက်ရာ၌ သင်္ကန်းအလှူ, ဆွမ်းအလှူ စသည်)တို့

ထင်ပေါ်တတ်၏။
အာရုံခြောက်ပါးလုံး၌ ဖြစ်၍ ထိုက်သည့်အားလျော်စွာ ဒွါရခြောက်ပါး၌ ထင်၏။

(၃)ဂတိနိမိတ် = အနာဂတ်ရောက်ရမယ့်ဘဝ တွေ့ကြံရလတံ့သော အာရုံ။
(ဥပမာ – အမိဝမ်းရေ၊ ငရဲဘုံ), “ထိုရောက်မည့်အရပ်တွင် တွေ့ကြုံခံစားရမည့် အရာများ”

(ဥပမာ – လင်းတ၊ ခွေး၊ ငရဲမီး၊ ငရဲထိန်း၊ နတ်သား၊ နတ်သမီး)ပေါ်တတ်၏။

ပဋိသန္ဓေအကျိုးပေးတော့မည့် ကံ ၊ ကံမ္မနိမိတ် နှင်. ဂတိနမိတ် တို.သည် မသေမီ ဘ၀မှ မဟုတ်ဘဲ
ရှေးရှေးဘ၀များစွာက လည်း ကံ ၊ ကံမ္မနိမိတ် နှင်. ဂတိနမိတ် တို.လည်း ဖြစ်နိုင်ပါသည်။
(အကျယ်ကို ကံမ္မဖလသုတ်တော်တွင် ဖတ်ရှုနိုင်သည်)

ထိုသို.တစ်ဘ၀၏ နောက်ဆုံးစိတ်(စုတိစိတ်)ဖြစ်ပြီးနောက် အခြားမရှိ နောက်ဘ၀တွင် ပဋိသန္ဓေစိတ် ဖြစ်သည်။

အခြားမရှိဆိုသည်မှာ တဆက်တစပ်ထဲဖြစ်သည်ကိုဆိုလိုသည်။

သေခြင်းနှင်.ပတ်သတ်၍ ဗုဒ္ဓ ဘာသာ များ အထူးသိရန် ဒိဋ္ဌိ နှစ်ပါးကို အောက်တွင် ဖော်ပြထားပါသည်။

သဿတဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိ နှစ်ရပ်သည် ရုပ်နာမ်အပေါ်၌ အတ္တစွဲလမ်းမှုကို အရင်းခံ၍ ဖြစ်၏။

“ရှေးဘဝက အတ္တဖြစ်သော ရုပ် သို့မဟုတ် နာမ်သည်ပင် ဘဝသစ်၌ ဆက်လက်ပါလာ၏”

ဟု ယူလျှင် “သတ္တဝါသည် မပြတ်မစဲ မြဲ၏”ဟု ယူသော သဿတအယူဘက်သို့ ပါဝင်၏။

“ရှေးဘဝက အတ္တဖြစ်သော ရုပ်နာမ်ဟူသမျှနှင့် လုံးဝ အဆက်အသွယ် မရှိ ပြတ်၏”ဟု ယူလျှင်

ဥစ္ဆေဒအယူဘက်သို့ သက်ဝင်ပြန်၏။

ထိုဒိဋ္ဌိနှစ်မျိုးမှ ကင်းလွတ်ဖို့ရာ “ရှေးဘဝက အကြောင်းနှင့်လည်း မကင်းတတ်၊

တိုက်ရိုက်ပါလာခြင်းလည်း မရှိ” ဟုသာ ယူရာ၏။

ဘဝသစ်၌ ပဋိသန္ဓေဝိညာဏ်သည် ဘဝဟောင်းက ရုပ်နာမ်များ တိုက်ရိုက် ပြောင်းရွှေ့လာခြင်း
မဟုတ်။ ဘဝဟောင်းက အကြောင်းများနှင့်လည်း မကင်းနိုင်။

တောင်အနီး၌ ဟစ်အော်သော အသံသည် တောင်နံရံကို တိုက်ခိုက်မိသောအခါ ‘ပဲ့တင်သံ’
ပြန်ထွက်လာသကဲ့သို့တည်း။ပဲ့တင်သံသည် မူလအော်သံလည်း မဟုတ်။ မူလအော်သံနှင့်
ကင်းလျက်လည်း မဖြစ်နိုင်။

ထို့အတူ ပဋိသန္ဓေဝိညာဏ်သည် ဘဝဟောင်းက ရုပ်နာမ်အဆက်လည်း မဟုတ်၊

ဘဝဟောင်းက အဝိဇ္ဇာ တဏှာ သင်္ခါရ အကြောင်းများနှင့်လည်း မကင်းနိုင်။

ဆီမီးတစ်ခုမှ ဆီမီးကူးညှိရာ၌ ဒုတိယမီးသည် ပထမဆီမီး၏ အဆက်လည်း မဟုတ်၊

ပထမဆီမီးနှင့်လည်း မကင်းနိုင်ပုံ၊
တံဆိပ်နှိပ်ရာ၌ တံဆိပ်ရာသည် မူလတံဆိပ်၏ အဆက်လည်း မဟုတ်၊

မူလတံဆိပ်နှင့်လည်း မကင်းနိုင်ပုံကို ဥပမာဆောင်၍ ပြကြသည်။

ကိုးကား

(သဂြိုဟ်ဘာသာဋီကာ၊ အရှင်ဇနကာဘိဝံသ)

No comments:

Post a Comment