Monday, December 26, 2016

လောကနီတိ အပိုင်း ၂



အခန်း ( ၅ ) 

(၈၈)။ ဥသြတို့၏ အဆင်းကား အသံလျှင်တည်း။ မိန်းမတို့၏ အဆင်းကား လင်ကို မြတ်နိုးခြင်းတည်း။ မကောင်းသော ရုပ်သဏ္ဌာန်ရှိသောသူ၏ အဆင်ကား အတတ်တည်း။ ရသေ့တို့၏ အဆင်းကား သည်းခံခြင်းတည်း။ 

(၈၉)။ မိန်းမတို့၏ ဥစ္စာကား အဆင်းတည်း။ ယောက်ျားတို့၏ ဥစ္စာသည် အတတ်လျှင်တည်း။ ရဟန်းတို့၏ ဥစ္စာကား သီလတည်း။ မင်းတို့၏ ဥစ္စာသည်ကား ရဲမက်ဗိုလ်ပါတည်း။ 

(၉၀)။ ရသေ့ ရဟန်းတို့သည်ကား ကြုံမှသာလျှင် တင့်တယ်ကုန်၏။ ခြေလေးခုရှိသော သတ္တ၀ါတို့သည်ကား ဆူကုန်မှသာလျှင် တင့်တယ်ကုန်၏။ ယောက်ျားတို့သည်ကား အတတ်ပညာရှိမှသာလျှင် တင့်တယ်ကုန်၏။ မိန်းမတို့သည်ကား လင်သားရှိမှ တင့်တယ်ကုန်၏။ 

(၉၁)။ တတ်လှစွာသော စောင်းသမားသည် ငါးရက်မျှ စောင်းနှင့်ကင်းမူ ပျက်၏။ တတ်လှစွာသော လေးသမားသည် ခုနစ်ရက်မျှ လေးနှင့်ကင်းမူ ပျက်၏။ တော်မှန်လှစွာသော မယားဖြစ်လျှင်မူလည်း လင်နှင့် တစ်လကင်းမူ ပျက်၏။ တပည့်တို့ကား လခွဲကားမူ ပျက်၏။ 



(၉၂)။ ကျွဲကား ညွန်ရှိမှသာလျှင် မွေ့လျော်၏။ ဟင်္သာငှက်သည် ရေကန်ရှိမှသာလျှင် မွေ့လျော်၏။ မိန်းမကား ယောက်ျားရှိမှသာ မွေ့လျော်၏။ ရဟန်းကား တရားရှိမှသာလျှင် မွေ့လျော်၏။ 

(၉၃)။ ထမင်းကိုကား အစာကျေမှ ချီးမွမ်းရာ၏။ မယားကိုလည်း အရွယ်လွန်မှ ချီးမွမ်းရာ၏။ ရဲမက်ကိုကား စစ်အောင်၍ ပြန်မှ ချီးမွမ်းရာ၏။ ကောက်ကို အိမ်သို့ရောက်မှ ချီးမွမ်းရာ၏။ 

(၉၄)။ နှစ်လင် သုံးလင် ကွာပြီးသော မိန်းမသည်လည်းကောင်း၊ နှစ်ကျောင်း သုံးကျောင်း ပြောင်းပြီးသော ရဟန်းသည်လည်းကောင်း၊ ကျော့ကွင်းမှ နှစ်ကြိမ် သုံးကြိမ် လွတ်ပြီးသော ငှက်သည်လည်းကောင်း ပြုအပ်သော မာယာများသည်သာလျှင်တည်း။ 

(၉၅)။ သူယုတ်ကို ပုတ်ခတ်သဖြင့် ယဉ်စေရာ၏။ မကောင်းသော ခင်ပွန်းကို စကားဆိုမြဲ မဆိုသဖြင့် ယဉ်စေရာ၏။ မကောင်းသော မိန်းမတို့ကို စည်းစမ်းကို မအပ်နှင်းသဖြင့် ယဉ်စေရာ၏။ အစာ၌ တပ်မက်သောသူကို အစာကို ယုတ်စေသဖြင့် ယဉ်စေရာ၏။ 

(၉၆)။ လ မှကင်းသော ညသည် မတင့်တယ်။ လှိုင်းတံပိုးမှကင်းသော သမုဒ္ဒရာသည်လည်း မတင့်တယ်။ ဟင်္သာမှကင်းသော ရေကန်သည်လည်း မတင့်တယ်။ လင်မှကင်းသော အမျိုးသမီးသည်လည်း မတင့်တယ်။ 

(၉၇)။ လင်သည်သာလျှင် စည်းစိမ်ဥစ္စာကို ဖြစ်စေအပ်၏။ မိန်းမမူကား လုံစေသည်သာလျှင်တည်း။ ထိုစကားသည် သင့်စွ။ ယောက်ျားသည်သာလျှင် ပဓာနတည်း။

 (၉၈)။ ခပ်သိမ်းသော မြစ်တို့သည် မြစ်ကောက်သာ ရှိကုန်၏။ ခပ်သိမ်းသော တောတို့သည် ထင်းဖြင့်သာ ပြီးကုန်၏။ ခပ်သိမ်းသော မိန်းမတို့သည် ဆိတ်ငြိမ်သော အရပ်ကို ရသည်ရှိသော် မကောင်းမှုကို ပြုမြဲတည်း။ 

(၉၉)။ အကြင်မိန်းမသည် ငြင်းခုံတတ်သော အလေ့ရှိ၏။ ငြူစူစောင်းမြောင်း၍ ပြောလေ့ရှိ၏။ မြင်တိုင်းကိုလည်း တပ်၏။ များစွာသည်လည်း ချက်၍စားတတ်၏။ လင်၏ အဦးစားတတ်သော အလေ့ရှိ၏။ သူ့အိမ်သို့ သွားတတ်နေတတ်သော အလေ့ရှိ၏။ ထိုမိန်းမသည် သားတစ်ရာပင် မြင်ငြားသော်လည်း ယောက်ျားသည် စွန့်အပ်၏။ 

(၁၀၀)။ အကြင်မိန်းမသည် စားသောအခါ၌လည်းကောင်း၊ အ၀တ်တန်ဆာ ပြုပြင်ဆင်ယင်သောအခါ၌ လည်းကောင်း၊ အမိကဲ့သို့ နှစ်သက်ဖွယ် ပြုပြင်တတ်၏။ လျှို့ဝှက်အပ်ကုန်သော မကျစ်မလျစ်သောအရာတို့၌ နှမကဲ့သို့ လွန်စွာ ရှက်တတ်၏။ အမှုလုပ်သောအခါတို့၌ လည်းကောင်း၊ လင်၏ အပါး၌သွားလာသော အခါ၌လည်းကောင်း ကျွန်မကဲ့သို့ ရိုသေစွာ ပြုတတ်၏။ ဘေးရှိသောအခါတို့၌ တိုင်ပင်ဖက်ဖြစ်ရာ၏။ အိပ်သောအခါတို့၌လည်း မွေ့လျော်စေတတ်၏။ အရောင်အဆင်းတို့ကို ပြုပြင်ခြင်းတို့၌ တင့်တယ်စွာ၏။ အမျက်ထွက်သောအခါတို့၌ သည်းခံတတ်၏။ ထိုမိန်းမကို မြတ်၏ဟူ၍ ပညာရှိတို့သည် ဆိုကုန်၏။ ထိုမိန်းမသည် သေသည်၏ အခြားမဲ့၌လည်း နတ်ပြည်၌ ဖြစ်ရာ၏။ 

(၁၀၁)။ အကြင်မိန်းမငယ်သည် ရွှေသော အသားရှိ၏။ သမင်မျက်စိကဲ့သို့ ညိုသောမျက်စိလည်းရှိ၏။ ခါးစည်းတင်ကျယ် ငယ်သောဝမ်းလည်း ရှိ၏။ ဆင်နှာမောင်းကဲ့သို့ အရင်းမှ အဖျားတိုင်အောင် သွယ်သော ပေါင်ရှိ၏။ ဖြေ၍ နောက်သို့လန်သော ရှိသော အဖျားကော့တတ်သော ဆံပင်လည်းရှိ၏။ ကြီးငယ်မထင် ညီညွတ်သော သွားအစဉ်လည်းရှိ၏။ နက်သောချက်လည်းရှိ၏။ ကောင်းသော အလေ့အထသည်လည်း ရှိ၏။ ထိုသို့သော မိန်းမငယ်ကို ယုတ်သော အမျိုးတို့၌ဖြစ်သော်လည်း ထိုမိန်းမပျိုကို ဆက်ဆံ ထိမ်းမြားရာ၏။ 

(၁၀၂)။ အကြင်မိန်းမသည် ဖြစ်တိုင်းဖြစ်တိုင်း အဖန်တလဲလဲ ယောက်ျား၏ အဖြစ်ကို အလိုရှိငြားအံ့၊ ထိုမိန်းမသည် သိကြားမင်း၏ မယားသည် သကြားမင်းကို အရိုအသေ လုပ်ကျွေးသကဲ့သို့ လင်ကိုအရိုအသေ လုပ်ကျွေးရာ၏။

 (၁၀၃)။ အကြင်ယောက်ျားသည် ဖြစ်တိုင်းဖြစ်တိုင်း အဖန်တလဲလဲ ယောက်ျားအဖြစ်ကို အလိုရှိငြားအံ့၊ ထိုယောက်ျားသည် ခြေဆေးပြီးသော ယောက်ျားသည် ညွန်ကို ရှောင်ကြဉ်သကဲ့သို့ သူတစ်ပါး၏ မယားကို ရှောင်ကြဉ်ရာ၏။ 

(၁၀၄)။ အရွယ်လွန်ပြီးသောယောက်ျားသည် တည်သီးမျှငယ်သော သားမြတ်ရှိသော မိန်းမပျိုကို ယူဆောင်သိမ်းဆည်း၏။ မိမိအလိုရှိရာ မပါသည်ဖြစ်၍ စောင်းမြောင်းငြူစူတတ်၏။ လင်အိုတစ်ယောက်၌သာ မွေ့လျော်လတ္တံဟု မယုံကြည်။ ထိုကြောင့် ထိုငယ်သောမယားကို သိမ်းဆည်းခြင်းသည် ပျက်စီးအံ့သည်၏ အကြောင်းတည်း။ 

အခန်း ( ၆ ) 

(၁၀၅)။ မင်းကား တစ်ယာမ်သာ အိပ်ရာ၏။ ပညာရှိကား နှစ်ယာမ်သာအိပ်ရာ၏။ အိမ်ရာထောင်သောလူ အပေါင်းကား သုံးယာမ်သာ အိပ်ရာ၏။ ဖုန်းတောင်းယာစကာကား လေးယာမ်လုံးသာလျှင် အိပ်ရာ၏။

 (၁၀၆)။ အကြင်အရပ်၌ ဥစ္စာရှိသောသူသည်လည်းကောင်း၊ အကြားအမြင်များသော ပညာရှိသည်လည်းကောင်း၊ မင်းသည်လည်းကောင်း၊ မြစ်သည်လည်းကောင်း၊ ဆေးသမားသည်လည်းကောင်း၊ ဤငါးပါးတို့သည် မရှိကုန်။ ထိုအရပ်၌ တစ်နေ့တစ်ရက်မျှ မနေရာ။

 (၁၀၇)။ အကြင်အရပ်၌ မြတ်နိုးခြင်းလည်းမရှိ၊ ချစ်ခြင်းလည်းမရှိ၊ အဆွေခင်ပွန်းလည်းမရှိ၊ တစ်စုံတစ်ယောက်မျှ အတတ်ပညာ သင်စိမ့်သော သူလည်းမရှိ၊ ထိုအရပ်၌ တစ်နေ့တစ်ရက်မျှ မနေရာ။

 (၁၀၈)။ လောက၌ သားမရှိသော အိမ်သည် ဆိတ်ငြိမ်၏။ မင်းမရှိသော တိုင်းပြည်သည် ဆိတ်ငြိမ်၏။ အတတ်မရှိသော သူ၏ခံတွင်း ဆိတ်ငြိမ်၏။ ဆင်းရဲခြင်းကား အလုံးစုံ ဆိတ်ငြိမ်၏။ 

(၁၀၉)။ ကောင်းသော ဥစ္စာကို အလိုရှိငြားအံ့၊ ကုန်သွယ်ရာ၏။ အတတ်လို အလိုရှိမူကား အကြားအမြင်ရှိသော ပုဂ္ဂိုလ်ကို ဆည်းကပ်ရာ၏။ မင်းအမတ်ဖြစ်ခြင်းကို အလိုရှိမူကား မင်း၏ အလိုသို့ လိုက်ရာ၏။ 

(၁၁၀)။ ရဟန်းသည် မရောင့်ရဲမူ ပျက်၏။ ပြည့်ရှင်မင်းသည်လည်း ရောင့်ရဲတတ်မူ ပျက်၏။ ပြည့်တန်ဆာမသည် ရှက်တတ်မူ ပျက်၏။ အမျိုးကောင်းသမီးသည် မရှက်တတ်မူ ပျက်၏။

 (၁၁၁)။ ငှက်တို့၏ အားကား ကောင်းကင်တည်း။ ငါးတို့၏ အားကား ရေတည်း။ အားနည်းသူတို့၏ အားကား မင်းတည်း။ သူငယ်တို့၏ အားကား ငိုခြင်းတည်း။ 

(၁၁၂)။ သည်းခံခြင်း၊ နိုးကြားခြင်း၊ ထကြွလုံ့လရှိခြင်း၊ ဝေဖန်ပေးကမ်းခြင်း၊ သနားခြင်း၊ မျှော်မြင်ခြင်းစသည့် ဤခြောက်ပါးတို့ကား မင်းစသော လူကြီးမိဘတို့၏ အလိုရှိအပ်သော ဂုဏ်ကျေးဇူးတို့တည်း။

 (၁၁၃)။ လောက၌ ပျင်းသော အိမ်ရာထောင်သူသည် မကောင်း။ ကိုယ်နှုတ်နှလုံး မစောင့်သော ရဟန်းသည် မကောင်း၊ မဆင်မခြင်ပြုလေ့ ရှိသော မင်းသည် မကောင်း။ အမျက်ထွက်သော ပညာရှိသည် မကောင်း။ (၁၁၄)။ လောက၌ နေမင်းကို ကျောဖြင့် ကပ်ရာ၏။ မီးကို ၀မ်းဖြင့်သာလျှင် ကပ်ရာ၏။ အရှင်သခင်ကို နည်းမျိုးစုံဖြင့် ကပ်ရာ၏။ တမလွန်ကိုကား မမိုက်သဖြင့် ကပ်ရာ၏။ 

(၁၁၅)။ လောက၌ မီးကိုလည်းကောင်း၊ ရေကိုလည်းကောင်း၊ မိန်မကိုလည်းကောင်း၊ သူမိုက်ကိုလည်းကောင်း၊ မြွေကိုလည်းကောင်း၊ မင်းမျိုးကိုလည်းကောင်း ရှောင်ရှားသဖြင့် သွားအပ်၏။ လတ်လလော အသက်ကို ချတတ်ကုန်၏။ 

(၁၁၆)။ လောက၌ မကောင်းသောမယားနှင့် ပေါင်းဖော်သူသည်လည်းကောင်း၊ ကြမ်းတမ်းလှစွာသော စိတ်ရှိသော ကျွန်ကို စေသောသူသည် လည်းကောင်း၊ မြွေရှိသောအိမ်၌ နေသောသူသည်လည်းကောင်း၊ သေအံ့သည်သာလျှင် အမှန်တည်း။ ယုံမှားမရှိရာ။ 

(၁၁၇)။ လောက၌ မိုက်မဲလှစွာသော တပည့်ကို အတတ်ပညာ သင်ကြားသဖြင့်လည်းကောင်း၊ မိန်းမယုတ်ဖြင့် ပေါင်းဖက်သဖြင့်လည်းကောင်း၊ မသူတော်နှင့် ပေါင်းဖက်သဖြင့်လည်းကောင်း၊ ပညာရှိသောသူပင် ဖြစ်သော်လည်း နစ်တတ်ချေသာလျှင်တည်း။

 (၁၁၈)။ လောက၌ ပေးကမ်းခြင်းသည် ချစ်စေတတ်သော ဆေးတည်း။ ၀န်တိုခြင်းကား မုန်းစေတတ်သောဆေးတည်း။ ပေးကမ်းခြင်းကား အခြွေအရံများသော ဆေးတည်း။ ၀န်တိုခြင်းကား အထီးကျန်သော ဆေးတည်း။ 

အခန်း( ၇ ) 

(၁၁၉)။ မိန်းမနှင့် နှီးနှောသောရဟန်း၌ အဘယ်မှာ သီလရှိအံ့နည်း။ အသားစားကြူးသောသူ၌ အဘယ်မှာ သနားရှိအံ့နည်း။ သေသောက်ကြူးသည့်သူ၌ အဘယ်မှာ စကားမှန်အံ့နည်း။ အလိုရမ္မက်ကြီးသောသူ၌ အဘယ်မှာ အရှက်ရှိအံ့နည်း။ အပျင်းကြီးသောသူ၌ အဘယ်မှာ အတတ်ရှိအံ့နည်း။ အမျက်ကြီးသောသူ၌ အဘယ်မှာ ဥစ္စာရှိအံ့နည်း။ 

(၁၂၀)။ သေသောက်ကြူးသောသူသည်လည်းကောင်း၊ အခါမဟုတ်သည်၌ သွားလေ့ရှိသောသူသည်လည်းကောင်း၊ သဘင်အသွားများသော သူသည်လည်းကောင်း၊ ကြွေအန် အစရှိသော လောင်းကစားကြူးသောသူသည်လည်းကောင်း၊ မကောင်းသော အဆွေခင်ပွန်းရှိသောသူသည်လည်းကောင်း ပျင်းရိဖင့်နွဲ့သော သူသည်လည်းကောင်း၊ ဤသူတို့ကား စည်းစိမ်းတို့သည် ပျက်ဆီးအံ့သော အကြောင်းတည်း။ 

(၁၂၁)။ အသက်ရှင်လျက်လည်း သေသောသူ ငါးဦးမှာ ဆင်းရဲသောသူ၊ အနာနှိပ်စပ်သောသူ၊ မိုက်မဲသောသူ၊ မြီများသောသူ၊ မင်းဝယ်ကိုယ်ကြပ် ခစားသောသူ .. ဤသူတို့တည်း။ 

(၁၂၂)။ ပညာရှိတို့သဘောကား မရောက်သေးသော ဘေးကို မြင်သည်ရှိသော် အဝေးကလျှင် ကြဉ်ရာ၏။ ရောက်ပြီး ရောက်ဆဲသော ဘေးကို မြင်မူကား ကြောက်ရွံ့တတ်သော သဘောမရှိသည် ဖြစ်၏။

 (၁၂၃)။ လောက၌ အအိပ်ကြူးသောသူ၊ မေ့လျောသောသူ၊ ချမ်းသာစွာနေတတ်သောသူ၊ အနာရှိသောသူ၊ ပျင်းသောသူ၊ အလိုကြီးသောသူ၊ အမှုသစ်၌ မွေ့လျော်သောသူ။ ဤခုနစ်ယောက်သောသူတို့သည် ကျမ်းဂန်မှ ကင်းကုန်၏။ 

(၁၂၄)။ လောက၌ လဲသည် ပေါ့၏။ ထိုထက် လျှပ်ပေါ်သောသူသည် ပေါ့၏။ ထိုထက် ဆရာမိဘတို့၏ အဆုံးအမကို မခံသောသူသည် ပေါ့၏။ ထိုထက် မြတ်ဗုဒ္ဓ၏ သာသနာတော်၌ မေ့လျော့သောသူသည် ပေါ့၏။

 (၁၂၅)။ လောက၌ ကျောက်ထီးသည် လေး၏။ ထိုထက် ဆရာမိဘတို့၏ အဆုံးအမသည် လေး၏။ ထိုထက် ဗုဒ္ဓမြတ်စွာ၏ စကားသည် လေး၏။ 

(၁၂၆)။ လောက၌ ခြင်္သေ့သည်လည်းကောင်း၊ ဆင်သည်လည်းကောင်း၊ သူတော်ကောင်းသည်လည်းကောင်း၊ ဤသူတို့သည် အကျိုးမရှိသော အရပ်ကို စွန့်၍ သွားကုန်၏။ ကျီးသည်လည်းကောင်း၊ သမင်းသည်လည်းကောင်း၊ ယုတ်မာသောယောက်ျားသည် လည်းကောင်း၊ ဤသတ္တ၀ါတို့သည် မိမိတို့ ကျင်လည်ရာ အရပ်၌သာလျှင် ပျက်စီးခြင်းသို့ ရောက်ကုန်၏။

 (၁၂၇)။ ပညာရှိသော်ကား လှမ်းသော ခြေတစ်ဖက်နှင့်တူသော အရပ်သစ်ကို မျှော်တင်းသောစိတ်ဖြင့် သွား၏။ ရပ်သော ခြေတစ်ဖက်နှင့် တူသော အရပ်ဟောင်းကို မခွာသောစိတ်ဖြင့် ရပ်၏။ အရပ်သစ်ကို မစူးစမ်းဘဲ နေရာဟောင်းကို မစွန့်ရာ။ (၁၂၈)။ လောက၌ ရောင်းဝယ်သောအခါ၌လည်းကောင်း၊ အတတ်သင်သောအခါ၌လည်းကောင်း၊ အစေအပါးခံသောအခါ၌ လည်းကောင်း၊ မေထုန်မှီဝဲသောအခါ၌လည်းကောင်း၊ အရှက်အကြောက်ကို စွန့်သည် ဖြစ်ရာ၏။ 

(၁၂၉)။ မိန်းမတို့၏ အစာစားခြင်းကား ယောက်ျားတို့ထက် နှစ်ဆလွန်သည်ဖြစ်ရာ၏။ ပညာသည်လည်း လေးဆလွန်၏။ လုံလက ခြောက်ဆ လွန်သည်လည်းဖြစ်၏။ ကာမဂုဏ်တပ်မက်ခြင်းက ရှစ်ဆလွန်၏။ လောကနီတိကျမ်း စတုရင်္ဂဗလ အမတ်ကြီးသည် လောကနီတိကျမ်းအား ဓမ္မပဒ ၊ သံယုတ် ၊ ဇာတ် ၊ သုတ္တနိပါတ် စသော ဘုရားဟော ကျမ်းဂန်များမှ လည်းကောင်း ၊ စာဏကျနီတိ ၊ ဟိတောပဒေသ စသော သက္ကတကျမ်းများမှ လည်းကောင်း ရွေးထုတ်၍ 
အပိုင်း (၇) ပိုင်း ခွဲကာ ပြုစုခဲ့ပါသည်။

 လောကနီတိကျမ်း၏ မှီရာ နိသယကို ဘကြီးတော်မင်းတရားကြီးလက်ထက် သက္ကရာဇ် ၁၁၉၆ တွင် စက္ကိဒ္ဓဘီသီရိသဒ္ဓမ္မ ဓဇ မဟာရာဇဓိရာဇ ဂုရု ဘွဲ့တံဆိပ်တော်ရ ဆရာတော် ဦးပုတ်က မြန်မာပြန်ဆိုခဲ့သည်။ လောကနီတိ ကျမ်း၏ ဂုဏ်နှင့် အကျိုး လေ့လာသင်ကြားသူအဖို့ လောကနီတိ ကျမ်းသည် - သာရော = အနှစ်သာရ မည်၏။ မာတာပီတု = မိဖသဖွယ် မည်၏။ အာစရိယော = ဆရာသမားနှင့် တူ၏ ။ မိတ္တော = မိတ်ဆွေနှင့် တူ၏ ဟူသော ဂုဏ်လေးမျိုး ရှိလေသည်။ အကျိုးတရားများမှာ - ဥာဏိ = ဥာဏ်ကြီးရှင် ဖြစ်နိုင်ခြင်း မဟာ = ကြီးကျယ် မြင့်မြတ်သူ ဖြစ်နိုင်ခြင်း ဗဟုသုတော = အကြားအမြင် များနိုင်ခြင်း ဟူသော အကျိုးကျေးဇူးများလည်း ရရှိနိုင်လေသည်။ ကိုးကား ဆရာကြီး တက်တိုး ၏ လောကနီတိ

No comments:

Post a Comment